မြန်မာပြည် ပြောင်းလဲတိုးတက်နေပြီ၊ အစိုးရလည်း ပြောင်းသွားပြီ၊ မူဝါဒများလည်း ပြောင်းကုန်ပြီ အစရှိသည်ဖြင့် ပြည်တွင်း ပြည်ပတွင် ပြောဆိုနေသံများ ဆက်တိုက်ဆိုသလိုကြားနေရသည်။
မြန်မာပြည် အမှန်တကယ် ပြောင်းလဲတိုးတက်နေပြီလော။
မြန်မာပြည်တွင် ရုပ်ဝတ္ထုအားဖြင့် ပြောင်းလဲတိုးတက်မှု တချို့ကိုမူ မြင်တွေ့ရပါသည်။ ဥပမာအားဖြင့် ရှော့ပင်းမောကြီးများမှာ ယခင်ထက် ပိုမိုကြီးမား၍ ပိုမိုများပြားလာသည်။ သို့သော် ဝယ်ယူနိုင်သူ အရေအတွက်အားဖြင့် အလွန်နည်းပါး နေသေး သည်။ ရန်ကုန်ဆင်ခြေဖုံးဒေသ လူနေရပ်ကွက်များမှာမူ ယခင်အတိုင်း မပြောင်းမလဲ နေအိမ်များ ကျပ်ညပ်ထူပြော နေဆဲ ဖြစ်သည်။
ရန်ကုန်မြို့တွင် ဟိုတယ်ကြီးများ၊ ရှော့ပင်းမောကြီးများနှင့် အလှဆင်ထားသော်လည်း မြို့လယ်ခေါင်တွင် မိုးတပြိုက်ရွာချချိန် ခြေသလုံး တဝက်ကျော်သည်အထိ လမ်းများ ရေလျှံဆဲဖြစ်သည်။
စစ်ကျန် ဘတ်စ်ကားကြီးများ ကဲ့သို့သော ကာလကြာမြင့်သည့် ဘတ်စ်ကားများနှင့် ဟောင်းအိုနေသော ကားများကို ရန်ကုန်မြို့တွင်း မတွေ့ရတော့သော်လည်း ခေတ်မီ ဘတ်စ်ကားကြီးများမှာ ယခင်အတိုင်း ကျပ်နေဆဲဖြစ်သည်။
လက်ရှိတွင် နိုင်ငံခြားသား ဧည့်သည်များ ယခင်ထက် အဝင်များနေသည်။ သို့သော် ပုဂံကဲ့သို့သော ပြည်တွင်းပြည်ပ ဧည့်သည် အလာများသည့် ဒေသ၌ပင် လိုအပ်သည့် တည်းခိုရိပ်သာ၊ ဟိုတယ်များ မလောက်ငသေး၊ အိမ်သာ အစရှိသော မရှိမဖြစ် လူထုအသုံးပြုရန် နေရာများ မရှိသေးပေ။ ရုတ်တရက် တိုးတက်များပြားလာသည့် ခရီးသွားများအတွက် အဆင်သင့်မဖြစ်သေးဟု ဆိုချင်သည်။
အဝေးပြေးလမ်းမကြီးများ ကောင်းမွန်၍ ခရီးတိုသွားသည်၊ အဝေးပြေးယာဉ်များ ခေတ်မီလာသည်။ သို့သော် လမ်းတွင် ရပ်နားရာ အများသုံးအိမ်သာများ မရှိသေးပေ။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း လေအေးစက် မနိုင်သောကြောင့် ပူလောင်အိုက်စက်နေဆဲ၊ လေဆိပ်အဝင်တွင် မိမိနိုင်ငံတွင်း ပြန်လည်ဝင်ရောက်လာသူများကို လူဝင်မှုကြီးကြပ်ရေးက လက်သိပ်ထိုးငွေ တောင်းခံနေသည်ကို တွေ့ရဆဲ ဖြစ်သည်။
လျှပ်စစ်မီးပြတ်တောက်မှု နည်းပါးသွားသော်လည်း လျှပ်စစ်မီးကြောင့် ဝါယာရှော့ဖြစ်ကာ မီးလောင်မှုများ မကြာခဏ ကြားနေရသည်။ တိုးမြင့်လာသည့် မီတာခအတွက် လူအများ ညည်းတွားနေသည်။ အလုပ်လက်မဲ့ ထူပြောလျှက် ဝင်ငွေ ထွက်ငွေ မမျှတမှုကို အများစုကြုံတွေ့ နေရဆဲဖြစ်၏။ လောင်းကစားကို အစိုးရက နှိမ်နင်းနေသည်ဟု ဆိုသော်လည်း မြို့ကြီးများတွင် ကြီးပွားချမ်းသာနေသူ အများစုမှာ လောင်းကစား ဒိုင်များ ဖြစ်နေကြောင်း ကြားသိရသည်။
မိုဘိုင်းလ်ဖုန်း ကိုင်သူ အရေအတွက် များပြားလာသည်၊ အင်တာနက် အသုံးပြုသူ များလာသည်။ သို့သော် တိုက်ခန်းများ အတွင်း ဖုန်းလိုင်းမမိသေး၊ အင်တာနက် ကွန်နက်ရှင် နှေးနေသေးသည်။ မကြာခဏ လိုင်းကျသည်ကို အင်တာနက် အသုံးပြုသူတို့ နားလည် စိတ်ရှည်နေရဆဲဖြစ်သည်။
ရန်ကုန်မြို့တွင် ခေတ်မီ အများသုံး အိမ်သာများကို တွေ့လာရသော်လည်း မကြာသေးခင်ကပင် မြို့လယ်ခေါင် အများသုံး အိမ်သာ၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားကာ လူသေဆုံးခဲ့သည်ကို အများအသိပင်။ ရန်ကုန်မြို့တွင်း လုံခြုံရေးမှာ စိတ်ချရသည့် အနေအထားတွင် မရှိသေးပေ။ ရှော့ပင်းမော အဝင်ဝတွင် အိတ်များ မွှေနှောက် ရှာဖွေ ခံရသည်၊ တံတားအဆင်း၊ မြို့အဝင် ဂိတ်များတွင် တင်းကျပ်စွာ စစ်ဆေးခံနေရသည်။ ပြည်သူလူထုမှာ အကြောက် တရားနှင့် အသားကျနေဆဲပင် ဖြစ်သည်။
မီဒီယာဥပဒေများ လျှော့ပေါ့ပေးသော်လည်း ပုဂ္ဂလိက သတင်းစာ ထုတ်ခွင့်မပေးသေးရုံမက အပတ်စဉ်ထုတ် ပုဂ္ဂလိက ဂျာနယ်များတွင် အကန့်အသတ်နှင့် ရေးနေရဆဲဖြစ်သည်။
နယ်စပ်တိုင်းရင်းသား ဒေသများတွင်လည်း တိုက်ပွဲများဖြစ်နေဆဲ၊ ဒုက္ခသည်များ ပြေးလွှားနေရဆဲဖြစ်သည်။ အပစ်ရပ်ရန် သမ္မတက အမိန့်ပေးထားသော်လည်း တိုင်းရင်းသားဒေသများတွင် တိုက်ခိုက်နေဆဲဖြစ်သည့် စစ်တပ်အပေါ်တွင် သမ္မတ၏ အမိန့်အာဏာ တည်ပုံမရပေ။ နယ်စပ်တိုင်းရင်းသားဒေသ တိုက်ပွဲများအကြောင်း ပုဂ္ဂလိက မီဒီယာ များတွင် ရေးသား ဖော်ပြခွင့်လည်း မရပေ။
မြန်မာအစိုးရ အဖွဲ့ဝင်များအတွင်း ပြောင်းလဲ တိုးတက်လိုစိတ် ရှိသူတို့ အနည်းနှင့် အများ ပါဝင်နေသည်ကို မငြင်းလိုပါ။ ထိုသို့ ယူဆသဖြင့်လည်း နိုင်ငံတကာ သံတမန်များက မြန်မာအစိုးရနှင့် သွားရောက်တွေ့ဆုံကြခြင်း ဖြစ်သည်။ သို့ရာတွင် မြန်မာပြည် ပြောင်းလဲ တိုးတက်မှုလမ်းစပေါ် ရောက်မရောက် ကိုမူ ပြောရန် စောသေးသည်ဟု ဆိုချင်သည်။
မြန်မာပြည်သို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကိုယ်တိုင် လာသွားပြီး မြန်မာအစိုးရအဖွဲ့က နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးမည်ဟု ကတိပေးခဲ့သည့်အတိုင်း လူအများက ၂၀၁၂ လွတ်လပ်ရေးနေ့ကို မျှော်လင့်ခဲ့ကြသည်။ သို့သော် လွတ်လပ်ရေးနေ့ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာစဉ် ကတည်းက မျှော်လင့်နေသူများ စိတ်ဓာတ် ကျဆင်းခဲ့ကြရသည်။ ထိုနေ့တွင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ ကျိန်းသေပြန်လွတ်မည်ဟု တွက်ဆ၍ လွတ်လပ်ခြင်း ရုပ်ရှင်ပွဲတော် ဆုပေးပွဲကို ကျင်းပရန် စီစဉ်ခဲ့သော လူရွှင်တော် ကိုဇာဂနာလည်း မကျေမချမ်း ဖြစ်ခဲ့သည်ကို တွေ့ရသည်။ ထိုနေ့ညက သူကိုယ်တိုင်ပါဝင် ဖျော်ဖြေတင်ဆက်ခဲ့သော သီးလေးသီး ဆေးရောင်စုံ အငြိမ့်ခွင်တွင် သမ္မတကို သရော်သည့် ပြက်လုံးများ ထုတ်ခဲ့သည်။
အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာက မြန်မာပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများ လာရောက် လုပ်ကိုင်လိုသည်ကို မြင်တွေ့ ရပါသည်။ သို့သော် အပြောနှင့်အလုပ် ညီလေ့မရှိသော အစိုးရ၏ မူဝါဒများ၊ မတည်ငြိမ်သော ငွေကြေး အခြေအနေ၊ စိတ်မချရသော ဘဏ်စနစ် စသည်တို့ကြောင့် အင်နှင့်အားနှင့် ရင်းနှီးမြှုပ်နှံလိုသူများမှာ ဝင်မလာရဲသေးပေ။ မြန်မာပြည်၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ စိတ်ချလက်ချ ဝင်ရောက်လာစေရန် အစိုးရ၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲ မှုများကို အမှန်တကယ် အရှိန်အဟုန်ဖြင့် လုပ်ပြရပေလိမ့်မည်။
အပေါ်ယံ ရွှေမှုံကြဲထားသည့် ပြုပြင်ပြောင်းလဲ မှုများဖြင့် နိုင်ငံတကာကို မျက်လှည့်ပြရန် ကြိုးစားသည်ထက် အောက်ခြေ ပြည်သူလူထု၏ စားဝတ်နေမှု ဒုက္ခ အဝဝကို ဖြေရှင်းပေးနိုင်သော စီးပွားရေးပြုပြင်ပြောင်းလဲမှု နည်းလမ်းများကို အမှန်တကယ် စတင် ရပါမည်။ သို့မှသာ အနှစ်သာရ ပြည့်ဝသည့် ပြုပြင်ပြောင်းလဲမှုဟု ယူဆနိုင်မည်ဖြစ်သည်။ အလားတူ ပြည်တွင်းပြည်ပ နေ မြန်မာနိုင်ငံသားများနှင့် နိုင်ငံတကာက စိတ်ချယုံကြည်ရသော နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု ခြေလှမ်းကို အစိုးရအနေဖြင့် ထိရောက်စွာ လှမ်းပြရမည်ဖြစ်သည်။ ထိုခြေလှမ်းမှာ နိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မရှိ လွှတ်ပေးခြင်းဆိုသည့် ခြေလှမ်းပင် ဖြစ်သည်။ ထိုခြေလှမ်း မလှမ်းသ၍ မြန်မာပြည် မပြောင်းလဲသေးဟုသာ ဆိုချင်ပါသည်။
မြန်မာပြည်အမှန်တကယ် အနှစ်သာရရှိရှိ ပြောင်းလဲပြီဟု နိုင်ငံတကာနှင့် ပြည်သူလူထုကို ယုံကြည်လက်ခံစေချင်လျှင် နိုင်ငံရေး အကျဉ်းသား များအား ခြွှင်းချက်မရှိ လွှတ်ပေးပါဟု ထပ်မံ တိုက်တွန်း လိုက်ရပါသည်။