ယမန်နေ့က ကြေညာခဲ့သော သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် ကိုမင်းကိုနိုင်အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ လွတ်မြောက်ခဲ့သည်။ထိုအထဲတွင် လသားအရွယ်သမီးငယ်ကို မိသားစုနှင့် ချန်ထားရစ်ခဲ့ရသော မနီလာသိန်းလည်း တဦးအပါအဝင်ဖြစ်သည်။ ၎င်း၏ ခင်ပွန်းဖြစ်သူ ကိုကျော်မင်းယု (ခေါ်) ကိုဂျင်မီသည်လည်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးအဖြစ် အကျဉ်းကျနေခဲ့ရသည်။ မနီလာသိန်းသည် သာယာဝတီအကျဉ်းထောင်မှ နေ၍ ယနေ့ နံနက် ၁၀ နာရီခန့်တွင် လွတ်မြောက်လာခဲ့ရာ အကျဉ်းထောင်မှ လွတ်လွတ်ချင်း ဧရာဝတီ သတင်းထောက် ရန်ပိုင်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ မနီလာသိန်း ဘယ်သူတွေနဲ့ တွေ့ပြီးပြီလဲ။ မနီလာသိန်းနဲ့အတူ ဘယ်သူတွေ လွတ်လာသေးလဲ။
ဖြေ။ ။ ကျမနဲ့ အတူ မကြည်ကြည်ဝါ အတူပါတယ်။ ကျန်တဲ့သူတွေနဲ့တော့ မတွေ့ရသေးဘူး။ မိသားစုနဲ့လည်း မတွေ့ရသေးဘူး။ ကျမကို ရဲဘော်တွေလာကြိုပါတယ်။ အခုလို လွတ်မြောက်လာတာပျော်ပေမယ့် ဘာပဲပြောပြော အပြည့်အဝ မပျော်နိုင်ဘူး။ အထဲမှာကျန်နေသေးတဲ့ ကျမတို့ရဲဘော်တွေကိုလည်း အမြန်ဆုံးပြန်လွတ်စေချင်တယ်။
မေး။ ။ မနီလာသိန်း ဘာတွေ ဆက်လုပ်မယ် စိတ်ကူးထားလဲ။
ဖြေ။ ။ ပထမဆုံး မိသားစုနဲ့ပြန်ဆုံရင် ဝမ်းသာမှာပေါ့။ ဒါပေမယ့် ရှေ့လျှောက် အများကြီးလုပ်ရဦးမှာ။ အခုလက်ရှိ ပြုပြင်ပြောင်းလဲ နေတဲ့ ကိစ္စတွေမှာ၊ အန်တီ ဒေါ်အောင်ဆန်းစုကြည် လုပ်နေတဲ့ အလုပ်တွေကို တနိုင်တပိုင် အားဖြည့်ရမှာ၊ အဲဒီလို လုပ်စရာတွေက အများကြီး ရှိပါသေးတယ်။
မေး။ ။ လက်ရှိ နိုင်ငံရေးအခြေအနေကို ဘယ်လိုသုံးသပ်ချင်လဲ။
ဖြေ။ ။ အခုလက်ရှိ သမ္မတကြီးရယ်၊ အန်တီ ဒေါ်အောင်ဆန်းစုကြည်ရယ် ပူးပေါင်းလုပ်ဆောင်နေတဲ့ အရာတွေက ကျမတို့ အားလုံး နှစ်ပေါင်းများစွာ မျှော်လင့်တောင့်တခဲ့တဲ့ အရာတွေပဲလေ။ ကျမတို့ အများကြီးပီတိ ဖြစ်ရပါတယ်။ ဒီထက်ပိုပြီး အနှစ်ပြည့်ပြည့် လုပ်စေချင်ပါသေးတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အထဲမှာက နိုင်ငံရေးအကျဉ်းသားတွေ အများကြီး ကျန်ခဲ့ပါသေးတယ်။ ဒီလူတွေအားလုံး ပြန်လည်လွတ်မြောက် လာမယ်ဆိုရင် ပိုပြီး လှပသွားမှာပါ။
မေး။ ။ အမျိုးသမီးတယောက်အနေနဲ့ ထောင်ထဲမှာ အကြာကြီး ဘယ်လို ဖြတ်သန်းခဲ့လဲ။
ဖြေ။ ။ ကျမတို့ကတော့ ဘယ်လို အခက်အခဲအကျပ်အတည်းပဲ တွေ့ကြုံတွေ့ကြုံ ကိုယ့်ရဲ့ ယုံကြည်ရာဟာ ခွန်အားပဲ။ ယုံကြည်ရာကို ခွန်အားအဖြစ် ပြောင်းပြီး ကျမတို့ ထောင်ထဲက နေ့ရက်တွေကို ဖြတ်သန်းခဲ့ပါတယ်ရှင်။
မေး။ ။ အခုလို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေကို လွှတ်ပေးလိုက်တဲ့အတွက် အစိုးရကို ဘာပြောချင်ပါသလဲ။
ဖြေ။ ။ ကျမ အများကြီး ကျေးဇူးတင်ပါတယ် ရှင်။