မင်္ဂလာဆောင်သောနေ့၊ ရှင်လိင်ပြန်သောနေ့နှင့် ထောင်ကလွတ်သောနေ့ ဟူ၍ အပျော်ဆုံး ၃ နေ့ရှိသော်လည်း အများစု ကြုံတွေ့ဖူးသည်မှာ မင်္ဂလာဆောင်သောနေ့ ဖြစ်လိမ့်မည်။ရှင်လိင်ပြန်သောနေ့ကို ကြုံတွေ့ဖူးသူများမှာ ဗုဒ္ဓဘာသာဝင် အမျိုးသားများသာ ဖြစ်မည်။ ထောင်က လွတ်သောနေ့ကို ကြုံဖူးသူ အလွန်နည်းပါးပါလိမ့်မည်။
ယနေ့တွင်မူ ကိုယ်တိုင် ထောင်မကျဘူးပါဘဲနှင့် မြန်မာနိုင်ငံသားအားလုံး ထောင်ကလွတ်လာသူများနှင့် ထပ်တူထပ်မျှ ခံစား ပျော်ရွှင်နေလိမ့်မည်ဟု ယူဆမိပါသည်။
နိုင်ငံရေးအကျဉ်းသားများ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများ ဟူ၍ မည်သို့ပင် အမည်တပ်စေကာမူ သူတို့ လွတ်မြောက် လာကြပြီ။ သူတို့ လွတ်မြောက်ခြင်းသည် မြန်မာနိုင်ငံသားများအားလုံး လွတ်မြောက်ခြင်းဟု ဆိုချင်သည်။
ယမန်နေ့ညနေက ကြေညာခဲ့သည့် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အရ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ရေး အတွက်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားသော အားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ပြီး နိုင်ငံတော် တည်ဆောက်ရေး တဘက်တလမ်းမှ အထောက်အပံံ့ ဖြစ်စေမည့် အကျဉ်းသား၊ အကျဉ်းသူ ၆၅၁ ဦး ကို ဇန်နဝါရီလ ၁၃ ရက်နေ့မှ စတင် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သည်ဟု ပါရှိသည်။
သမ္မတ ဦးသိန်းစိန် အစိုးရသက်တမ်း တနှစ်နီးပါး ကာလအတွင်း အပြောင်းအလဲများထဲတွင် ယခုအကြိမ်က အနှစ်သာရ အရှိဆုံး အပြောင်းအလဲ တခုဟု ဧရာဝတီက ရှုမြင်ပါသည်။ သမ္မတ ဦးသိန်းစိန်နှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပူးပေါင်းဆောင်ရွက်မှု ရလဒ်အဖြစ် မြန်မာနိုင်ငံသားများ အတိုင်းမသိ ပျော်ရွှင်ရခြင်းဖြစ်သည်။ သတ္တိရှိရှိ ဆုံးဖြတ်ရဲသည့် သမ္မတ၏ လုပ်ရပ်ကိုလည်း ချီးကျူးပါသည်။
နိုင်ငံတော် တည်ဆောက်ရေး အတွက် တဘက်တလမ်းမှ အထောက်အပံ့ဖြစ်စေမည့် အကျဉ်းသား၊ အကျဉ်းသူများဟု လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်တွင် ပါရှိသည့်နည်းတူ ယခု လွတ်မြောက် လာသည့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများ၏ နိုင်ငံတော်တည်ဆောက်ရေး အတွက် ပါဝင်လိုမှု၊ စေတနာထားမှုများကို အစိုးရက အသိအမှတ် ပြုသည်ဟု ယူဆသည်။
အစိုးရက အသိအမှတ်ပြုသည့်နည်းတူ လွတ်မြောက်လာသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အပါအဝင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခဲ့၍ လွတ်မြောက်လာခဲ့သူ အားလုံး၏ စိတ်ထဲတွင်လည်း နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းများ၌ တတပ်တအား ပါဝင်ကြမည်ဟူသည့် မျှော်လင့်ချက်များ အသီးသီး ရှိနေလိမ့်မည်ဟု ထင်မြင်မိပါသည်။ ထိုသူများမှာ အကြမ်းမဖက်ဘဲ တိုင်းပြည်တိုးတက်ကောင်းစားရေး အတွက် ဝိုင်းဝန်းကြိုးပန်းမည့် သူများ၊ အမျိုးသား ရင်ကြားစေ့ရေးအတွက် လုပ်ဆောင်ရာတွင် အရေးကြီးသည့်ကဏ္ဍမှ ပါဝင်မည့် သူများဆိုသည်ကို အားလုံးအသိပင်။
မည်သို့ဆိုစေ ဤနေ့ကို မြန်မာပြည်သူပြည်သားများ အားလုံး မျှော်လင့်နေခဲ့ကြခြင်းဖြစ်သည်။ မြန်မာပြည်သားများ၏ မျှော်လင့်ချက်များ ယနေ့ ပြည့်ပြီဟု ဆိုချင်ပါသည်။ တနိုင်ငံလုံး၏ ပျော်ရွှင်မှုအတွက် ဖြည့်ဆည်းပေးလိုက်သော သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင်များအားလည်း ဧရာဝတီက ကျေးဇူးတင်ရှိကြောင်း ပြောလိုပါသည်။
သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပူးပေါင်းဆောင်ရွက်မှုကြောင့် မင်္ဂလာရှိသော ယနေ့ကို မြန်မာပြည်သားများ ကြုံတွေ့ကြရပြီ။ နောက်ဆက်တွဲအဖြစ် အမေရိကန်နှင့် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့ အရေးယူမှုများလည်း တဖြည်းဖြည်း လျော့ပါးလာလိမ့်မည်ဟု ယုံကြည်ပါသည်။ အမေရိကန်အစိုးရအားလည်း မြန်မာပြည်တွင် သံအမတ်အဆင့် ထားရှိ၍ အလုပ်လုပ်ရန် တိုက်တွန်းလိုသည်။
ဆက်လက်၍ ငြိမ်းချမ်းရေးလမ်းစပေါ်သို့ ရောက်ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ထာဝရ ငြိမ်းချမ်းရေးကို အပြည့်အဝ ဖော်ဆောင်ရေးအတွက် သမ္မတဦးသိန်းစိန် အစိုးရက စိတ်ရင်းစေတနာ အမှန်ဖြင့် ရှေ့ဆက် လုပ်ဆောင် ပါဟု ပြောလိုပါသည်။ တည်ငြိမ်မှု မရှိသည့် တိုင်းရင်းသား ဒေသများတွင် ထိုးစစ်ဆင်နေမှုများကိုလည်း မကြာမိ ရပ်နားတော့မည်ဟု မျှော်လင့်ပါသည်။
ယနေ့ မြန်မာပြည်သူ ပြည်သားအားလုံး ပျော်ကြရသည်၊ ထိုအပျော်များ ဆက်လက် တည်မြဲကာ ပို၍ ပို၍ ပျော်ရွှင်ရသော မင်္ဂလာ နေ့များကို မြင်တွေ့ ရတော့မည်၊ အားလုံးပါဝင်သည့် မြန်မာ့ ဒီမိုကရေစီခရီးကို ဆက်နိုင်ကြတော့မည်ဟု ယုံကြည်မိပါသည်။