ကိုနေဘုန်းလတ်ကို ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် ရန်ကုန်အင်းစိန် ထောင်တွင်းရှိ အနောက်ပိုင်း ခရိုင် တရားရုံးက ဗီဒီယို အက်ဥပဒေ၊ အီလက်ထရွန်နစ် အက်ဥပဒေများဖြင့်စုစုပေါင်း ပြစ်ဒဏ် အနှစ်၂၀ နှင့် ၆ လ ချမှတ်ခဲ့သည်။ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီတွင် ရန်ကုန်တိုင်း တရားရုံးက ပုဒ်မ ၂ ခုအတွက် ထောင်ဒဏ် ၈ နှစ်နှင့် ၆ လ လျှော့ချပေးခဲ့သည်။ ယခု လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသည့် ကိုနေဘုန်းလတ်ကို ဧရာဝတီသတင်းထောက် ရန်ပိုင်က ဆက်သွယ် မေးမြန်းထားပါသည်။
မေး ။ ။ အခုလို အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ လွတ်လာတော့ ဘယ်လိုခံစားရလဲ။
ဖြေ ။ ။ ပျော်တော့ပျော်ပါတယ်။ ဒါပေမယ့် ထောင်အာဏာပိုင်က ပုဒ်မ ၄၀၁ အပိုဒ်ခွဲ ၁ ကိုဖတ်ပြတယ်။ ထောင်ကြွေးကျန် ရှိသေးတယ်ပေါ့ဗျာ။ အဲဒီတချက်ကတော့ စိတ်ကသိကအောက်ဖြစ်စရာပေါ့။
မေး ။ ။ ကိုနေဘုန်းလတ်ကို အီလက်ထရောနစ်ပုဒ်မနဲ့ ဆွဲတယ်လို့ သိရတယ်။ အဲဒီအဖြစ်အပျက်ပြောပြပေးပါလား။
ဖြေ ။ ။ တကယ်တော့ အီလက်ထရောနစ်ပုဒ်မဆိုတာကို အာဏာပိုင်လည်း သေချာမသိဘူး။ ကျနော် အီးမေးလ်ထဲမှာ ပြင်ပကပို့တဲ့ နိုင်ငံတော်အကြီးအကဲတွေရဲ့ ရုပ်ပြောင်ပုံတွေကိုတွေ့တော့ ရမယ်ရှာပြီး အီလက်ထရောနစ်ပုဒ်မ ၃၀၃ ဆိုပြီး တရားစွဲတာ။ ဒီပုံတွေကို ကျနော်ကလည်း ဖျက်မထုတ်မိလိုက်ဘူး။ အဲဒီပုဒ်မက ကျနော်အရင်ဆုံး အဆွဲခံရတာထင်တယ်။ နောက်တော့ ကိုမင်းကိုနိုင်တို့ကိုရော၊ ကိုသူရတို့ကိုရော ဆက်ဆွဲတာ။ တကယ်တော့ ဒီ အီလက်ထရောနစ်ပုဒ်မဆိုတာက ဟက်ကာတွေ၊ အွန်လိုင်းကနေ ငွေခိုးတဲ့လူတွေ၊ နောက် အွန်လိုင်းကနေ ပြစ်မှုကျူးလွန်တဲ့ Cyber Crime တွေကို အပြစ်ပေးဖို့ ဖြစ်သင့်တဲ့ပုဒ်မဗျ။ အားလုံးဝိုင်းဝန်းကန့်ကွက်ရမယ့် ဥပဒေပါပဲ။
မေး ။ ။ ဘလော့ဂါတယောက်အနေနဲ့ ထောင်ထဲမှာ ဖတ်ရတဲ့သတင်းဂျာနယ်တွေ၊ စာတွေကိုကြည့်ပြီး မြန်မာနိုင်ငံမှာ စာပေလွတ်လပ်ခွင့်ရှိပြီလို့ ထင်လား။
ဖြေ ။ ။ စာပေစိစစ်ရေးက ရှိနေတုန်းလေ။ နောက်တခုက ဘလော့ဂါတွေကို ဘယ်လိုသဘောထားမလဲ။ ကျနော်တို့က ကိုယ်ဖာသာကိုယ် လွတ်လွတ်လပ်လပ်ရေးပြီး တင်တာလေ။ အဲဒီတော့ ရေးကြည့်ရမှာပဲ။ ထပ်ဖမ်းလည်းဖမ်းပေါ့။ အဲဒီကျမှပဲ လွတ်လပ်ခွင့်ရှိမရှိသိရမှာပဲ။
မေး ။ ။ အခု ထောင်ကထွက်လာပြီ။ အခုအပြင်မှာဖြစ်နေတဲ့ အခင်းအကျင်းတွေကို ကြည့်ပြီး ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ။
ဖြေ ။ ။ ဘလော့ဂါအနေနဲ့တော့ ဆက်ရပ်တည်မှာပါ။ နိုင်ငံရေးအရတော့ ဘယ်လိုပုံစံနဲ့ ရပ်တည်မလဲဆိုတာတော့ စဉ်းစားရမယ်။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မှုကို အပြည်အ၀ ယုံကြည်တယ်။ လုပ်ကိုင်နေတာတွေကို အပြည့်အ၀ ထောက်ခံတယ်။ တတ်နိုင်တဲ့ဘက်က ထောက်ပံ့သွားဖို့ စဉ်းစားထားတယ်။
မေး ။ ။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး ဘာများပြောချင်သေးလဲ။
ဖြေ ။ ။ ကိုမင်းကိုနိုင်တို့ ကိုကိုကြီးတို့ အားလုံးလွတ်လာတာကို ကျေနပ်တယ်။ ဒါပေမယ့် ဖောက်ခွဲရေးပုဒ်မတွေ ကပ်ထားတဲ့ ကျနော့်မိတ်ဆွေတွေ ကျန်သေးတယ်။ စောစောကပြောတဲ့ ထောင်ကြွေးကျန်ဆိုတဲ့ ပုဒ်မလေးတပ်ပြီး ပြောခံရတာက လွဲလို့ အားလုံးကိုကျေနပ်ပါတယ်။
မေး ။ ။ အစိုးရကလုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးကို ဘယ်လိုမြင်လဲ။
ဖြေ ။ ။ ရွေ့တော့ ရွေ့နေတာကို မြင်နေရတယ်။ ပထမခြေလှမ်းက ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို လွှတ်ပေးတာကို တွေ့ရတယ်။ နောက်ပြန်ဆုတ်မသွားဖို့တော့ ပြည်သူရော နိုင်ငံရေးလုပ်ကို လုပ်နေသူတွေရော အားလုံး ဝိုင်းဝန်းဖို့တော့ လိုမယ်။
မေး ။ ။ ပြင်ပမှာ ကိုနေဘုန်းလတ်ကို စောင့်မျှော်နေတဲ့ ဘလော့ဂါတွေ၊ ဓာတ်ပုံသမားတွေ၊ လူငယ်တွေ၊ စာပေသမားတွေနဲ့ တခြားပြည်သူတွေကို ဘာများပြောချင်လဲ။
ဖြေ ။ ။ ပြန်လာပြီပေါ့ဗျာ။ အစိုးရက ဒီမိုကရေစီလို့ ကြွေးကြော်ထားတော့ Freedom of Expression ပေါ့။ ကျနော့်မှာ Facebook ရှိတယ်။ ဘလော့ဂ်ရှိတယ်။ အဲ့ဒီတော့ လုပ်သင့်လုပ်ထိုက်တာ၊ ပြောသင့်ပြောထိုက်တာတွေ လွတ်လွတ်လပ်လပ် လုပ်ဖို့ ပြန်လာပြီဗျာ။ ကျနော်ထောင်ထဲမှာ စိတ်ဓာတ် ခိုင်ခိုင်မာမာနဲ့ ဖြတ်သန်းနိုင်ဖို့ အားပေးကြတဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ နိုင်ငံတကာမှာရှိတဲ့ ဒီမိုကရေစီကို အထောက်အပံ့ပြုနေတဲ့ အဖွဲ့အစည်းတွေ အားလုံးကို ကျေးဇူးတင်တယ်လို့ ပြောချင်တယ်။ သူတို့တွေရဲ့ အသိအမှတ်ပြုမှုကိုသာ မခံရရင် ကျနော်တို့ဟာ ထောင်ထဲမှာ အထီးကျန်မှုကို ခံစားရမှာပဲလေ။ ဒီလို အသိအမှတ်ပြုမှုတွေဟာ ကျနော့်အတွက် ဘယ်လိုမှ တန်ဘိုးမဖြတ်နိုင်တဲ့ ဆုလာဘ်တွေလို့ ခံယူထားတဲ့အတွက် အလုပ်တွေ အများကြီးလုပ်သွားမှာပါ။