၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးသည် ၂၀၀၇ သြဂုတ်လတွင် လောင်စာဆီ ဈေးနှုန်းမြင့်တက်မှုနှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ရာ တခြားသော၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် များနှင့်အတူ အဖမ်းအဆီး ခံခဲ့ရသည်။ မြန်မာပြည်၏ ဝေးလံ ခေါင်ဖျား ဒေသတနေရာဖြစ်သည့် ရှမ်းပြည်နယ် မိုင်းဆတ် အကျဉ်းထောင်၌ ထောင်ဒဏ် ၆၅ နှစ် ခံစားနေရသည့် ကိုကိုကြီးသည် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယနေ့ လွတ်မြောက်လာခဲ့ပြီ ဖြစ်သည်။ ကိုကိုကြီးအား ဧရာဝတီသတင်းထောက် လင်းသန့်က ဆက်သွယ်မေးမြန်းထား သည်ကို ဖော်ပြလိုက်ပါသည်။
မေး။ ။ နိုင်ငံရေးအကျဉ်းသားတွေ အခုလို အများကြီး လွှတ်ပေးလိုက်တာကို ကိုကိုကြီးအနေနဲ့ ဘယ်လို ရှုမြင် သုံးသပ်လဲ။
ဖြေ။ ။ လွတ်လာတာ အပေါင်းလက္ခဏာပဲ၊ ဖမ်းလိုက်တာကတော့ အနုတ်လက္ခဏာပေါ့။ အဲဒီလိုပဲ ပြောရမှာပဲ။ အမှန် ကတော့ အနုတ်လက္ခဏာနဲ့ ဖမ်းထားပြီးတော့ ပြန်လွှတ်လို့ ဇီးရိုးဖြစ်သွားတယ် ဆိုတာတောင်မှ အဲဒီကာလကြီး တခုလုံး ဆုံးရှုံးသွားတယ်လို့ မြင်ပါတယ်။
အရေးကြီးတာကတော့ ဖွံ့ဖြိုးပြီးနိုင်ငံတွေကို ခဏထားလို့ အိမ်နီးချင်းနိုင်ငံတွေကို အမီလိုက်ဖို့ အတွက်ကို သူများ ခြေတလှမ်း လှမ်းရင် ကျနော်တို့က ခြေလှမ်း ၁၄၊ ၁၅ လှမ်းလောက် လှမ်းရမှာဆိုတော့ အချင်းချင်းဖြစ်နေတဲ့ ပဋိပက္ခတွေကို ရပ်သင့်ပြီ၊ တော်သင့်ပြီ။ တကယ်ပြုပြင်ပြောင်းလဲ လိုတဲ့ စိတ်ဓာတ်တွေနဲ့ အကောင်အထည်ဖော်ဖို့ လိုပြီလို့ပဲ ကျနော် ပြောချင်တယ်။
မေး။ ။ တိုင်းရင်းသားဒေသတွေ၊ အထူးသဖြင့် ကချင်ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်နေတယ်၊ တပြိုင်တည်းမှာပဲ မနေ့ကတင် KNU နဲ့ ငြိမ်းချမ်းရေးသဘော တူညီတာတွေ ရှိတယ်။ အဲဒီ အဖြစ်အပျက်တွေကိုကော ဘယ်လို ပြောချင်လဲ။
ဖြေ။ ။ ကျနော်တို့ နိုင်ငံမှာ တိုင်းရင်းသား ပြဿနာဟာ တကယ့် အခြေခံအကျဆုံး ပြဿနာပါ။ အဲဒီတော့ တိုင်းရင်းသား ပြဿနာကို ဖြေရှင်းတဲ့ နေရာမှာလည်း တကွက်စီ ဖြေရှင်းနေလို့ မရပါဘူး။ တိုင်းရင်းသား အဖွဲ့အစည်း အားလုံးနဲ့ တပြိုင်တည်း ပြေလည်အောင် ဖြေရှင်းရမှာဖြစ်ပါတယ်။ လက်ရှိ ကချင်နဲ့ မပြေလည်တဲ့ ကိစ္စဟာ ကချင် ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်တွေ၊ ကချင်ပြည်သူ တွေတင် မကဘဲနဲ့ နိုင်ငံတနိုင်ငံလုံး နစ်နာနေတာလို့ ကျနော်တော့ မြင်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဆိုတာဟာ တနေရာတည်း၊ တဒေသတည်း ကွက်ပြီး လုပ်လို့ ရတဲ့ ကိစ္စ မဟုတ်ဘူး၊ အားလုံး တပြိုင်တည်း တပြေးညီ လုပ်ရမယ့် ကိစ္စလို့ မြင်ပါတယ်။
မေး။ ။ အစိုးရသစ်က ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပြီဆိုတော့ အဲဒီ ကိစ္စတွေကို ခြုံငုံပြီး သုံးသပ်ပါဦး။
ဖြေ။ ။ ပြုပြင် ပြောင်းလဲမှုကို အုပ်ရိုးလေးဘက် ကြားထဲမှာ ကျနော်တို့ အငွေ့အသက်လောက်ပဲ ခံစားခဲ့ရပါတယ်။ တခါတလေ ဝင်လာတဲ့ ဂျာနယ်တွေ၊ သတင်းတွေကတဆင့် အငွေ့အသက် ရခဲ့တယ်။ အခုကတော့ ကိုယ်တွေ့မျက်မြင် လေ့လာဆန်းစစ် ကြည့်ရဦးမှာပါ။
မေး။ ။ နိုင်ငံတကာ ပရိသတ်တွေနဲ့ နိုင်ငံသူနိုင်ငံသားတွေကို ကိုကိုကြီးအနေနဲ့ ဘာ သတင်းစကား ပါးချင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့ နေ့စဉ် ကြုံတွေ့နေရတဲ့ လူမှုရေး၊ စီးပွားရေး ဒုက္ခတွေ၊ အကျပ်အတည်းတွေဟာ နိုင်ငံရေး ကြောင့်ဖြစ်တယ်၊ နိုင်ငံရေးဟာ အခြေခံဖြစ်တယ်၊ကျနော်တို့ နိုင်ငံသား တယောက်ချင်းစီဟာ နိုင်ငံရေးနဲ့ မပတ်သက်လို့ မရဘူး၊ ကိုယ်ကိုယ်တိုင် တပိုင်တနိုင် ပါဝင်ကြမှ ဖြစ်မယ် ဆိုတာကို ကျနော်တို့ နိုင်ငံသူနိုင်ငံသားတွေကို ပြောချင်ပါတယ်။
မေး။ ။ ကြားဖြတ်ရွေးကောက်ပွဲ ဝင်မယ်၊ နိုင်ငံရေးပါတီ တရပ်အနေနဲ့ ထူထောင်မယ် ဆိုတာမျိုးကော ကိုကိုကြီး အနေနဲ့ စဉ်းစား ထားပါသလား။ ဘာတွေ ဆက်လုပ်ဖို့ စဉ်းစားထားလဲ။
ဖြေ။ ။ အဲဒါတွေကတော့ ကျနော်တို့က လက်ရှိဒီမှာဖြစ်နေတဲ့ နိုင်ငံရေးရာသီဥတု၊ အခြေအနေ တွေကို ၈၈ မျိုးဆက် သူငယ်ချင်းတွေ အားလုံး ပြန်ဆုံ၊ တိုင်ပင်ပြီးတော့မှ ဆုံးဖြတ်မှာပါ။