မြောင်းမြထောင်မှ လွတ်မြောက်လာသော အရှင်ဂမ္ဘီရ၊ ကျောက်ဖြူထောင်မှ လွတ်မြောက်လာသော ရွှေသံစဉ် ဂီတမှူး ကိုဝင်းမော်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ကိုဇော်မင်းတို့ကို ဧရာဝတီသတင်းထောက် လင်းသန့်က သီးခြားစီ ဆက်သွယ် မေးမြန်းထားပါသည်။
အရှင် ဂမ္ဘီရ

အရှင် ဂမ္ဘီရသည် ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် ဖခင်ဖြစ်သူ ဦးမင်းလွင်(ပေါက်မြို့နယ် NLD ၏ တသီးပုဂ္ဂလ အမတ်လောင်း) နှင့်အတူ မန္တလေးတိုင်း၊ စဉ့်ကူမြို့နယ်တွင် ဖမ်းဆီးခံခဲ့ရသည်။ အရှင်ဂမ္ဘီရသည် နယ်စပ်ဖြတ်ကျော်မှု၊ တရားမဝင်အသင်းနှင့် ဆက်သွယ်မှုအပါအဝင် ပုဒ်မ ၁၃ ခုတို့ဖြင့် ထောင်ဒဏ် ၆၈ နှစ်ကျခံနေရာမှ ထောင်ဒဏ် ၅ နှစ်လျှော့ချပေးခြင်းခံခဲ့ရသည်။
မေး ။ ။ ဦးဇင်း အခုလို လွတ်မြောက်လာတဲ့အပေါ်မှာ ဘယ်လိုခံစားရသလဲ။
ဦးဇင်း ။ ။ လွတ်မြောက်လာတဲ့ အတွက်တော့ ဘယ်လိုခံစားရလဲဆိုတော့ အလုပ်တွေဆက်လုပ်ရမယ်။ ဒါပဲရှိတာပေါ့။ တခြားမရှိပါဘူး။ သွားနည်းနည်း နာနေတယ်။ အဲဒီတခုက လွဲပြီးတော့ ကျန်တာ ကျန်းမာရေးကောင်းပါတယ်။
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည် အခုလုပ်ဆောင်နေတဲ့ လမ်းကြောင်းပေါ်မှာရော ဦးဇင်းအနေနဲ့ ဘယ်လို အခန်းကဏ္ဍကနေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ မျှော်လင့်ထားပါသလဲ။
ဦးဇင်း ။ ။ ဦးဇင်းကို ထောင်ဝင်စာလာတွေ့တော့ မှာလိုက်တာပဲ၊ မကန့်ကွက်ဘူးလို့။ ဒါပေမယ့် မထောက်ခံဘူးလို့။ အဲဒါ အပြတ်ပြောထားတယ်။ အဲဒါ ငါနဲ့ မဆိုင်ဘူးလေ။ ပါတီလုပ်ငန်းပဲ။ ပါတီလုပ်ငန်းအတွက် လုပ်တာ။
မေး ။ ။ အကျဉ်းထောင်ထဲမှာ နေခဲ့ရတဲ့အနေအထားကရော ဘယ်လိုအခြေအနေရှိခဲ့လဲ ဘုရား။
ဦးဇင်း ။ ။ အကျဉ်းထောင်ထဲမှာတော့ ငါလည်းကြုံခဲ့ရတာပဲ။ တော်တော်ဆိုးဆိုးဝါးဝါးတွေ။ လွတ်ခါနီး လပိုင်းလေးတွေမှာပဲ နည်းနည်း ဟုတ်သလိုလို ဘာလိုလို၊ ဒါပါပဲ။
မေး ။ ။ ဦးဇင်း အကျဉ်းထောင်တွေထဲမှာတုန်းက အစာငတ်ခံ ဆန္ဒပြတာတွေ ရှိခဲ့တယ်လေ။ နည်းနည်း ပြန်ပြောပြပါလား ဘုရား။
ဦးဇင်း ။ ။ မန္တလေးအကျဉ်းထောင်မှာ အစာငတ်ခံ ဆန္ဒပြတယ်။ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး အတွက်။ နောက် ကုန်ဈေးနှုန်း ကျဆင်းရေးတွေအတွက် အစာငတ်ခံ ဆန္ဒပြခဲ့တာပဲ။ မန္တလေးထောင်မှာ အစာငတ်ခံ ဆန္ဒပြေတော့ ခန္တီထောင်ပို့လိုက်တယ်။ ခန္တီထောင်မှာလည်း အဲလိုပဲ။ မန္တလေးထောင်မှာလိုပဲ တိုက်ပိတ်ခံရတာပဲ။ တောက်လျှောက်ကြီးပါပဲ၊ တိုက်ပိတ်ထားတာတော့။ အေးအေးဆေးဆေး ပြေပြေလည်လည် ပြောလို့ရလျက်သားနဲ့ပေါ့ကွာ။ ပြောမရဘူး။
မေး ။ ။ အခု ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ အပါအဝင် ၈၈ ကျောင်းသားတွေလည်း လွတ်ကြပြီ ဒေါ်အောင်ဆန်းစုကြည် အခု သွားနေတဲ့ နိုင်ငံရေးလမ်းကြောင်းကိုရော ဦးဇင်းအနေနဲ့ ထွက်လာပြီဆိုတော့ ဘယ်လို သဘောထား ပေးချင်လဲ။
ဦးဇင်း။ ။ ဘာမှမသိရသေးဘူး။ ဂျာနယ်ထဲ ဖတ်ရသလောက်တော့ သူလုပ်တာတွေ လုပ်မှာပေါ့ကွာ။ အဲဒါ သူ့ကိစ္စပေါ့။ သူမှန်တယ်၊ ကောင်းတယ်၊ ယုံကြည်တာတွေ သူလုပ်မှာပဲ။
ကိုဝင်းမော် (ရွှေသံစဉ် ဂီတမှူး)
ဂီတမှူး ကိုဝင်းမော်သည် ၂၀၀၇ ရွေဝါရောင်လှုပ်ရှားမှုအပြီး နိုဝင်ဘာလတွင် ဖမ်းဆီးခံခဲ့ရပြီး အီလက်ထရောနစ် ဆက်သွယ်မှုဥပဒေ၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု စသည့် စွဲချက်များဖြင့်ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံရသည်။ ထောင်ဒဏ် ၁၇ နှစ်ကျခံရပြီး ကျောက်ဖြူထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့သည်။
မေး ။ ။ အခုလို လွတ်မြောက်လာတဲ့အပေါ် ခံစားမူက ဘယ်လိုရှိလဲ သိပါရစေ။ ဟိုရက်ပိုင်းက ကိုဝင်းမော် သမီးငယ်ရဲ့ သမ္မတကြီးဆီ အိတ်ဖွင့်ပေးစာက အင်တာနက်မှာ ပြန့်နှံ့နေတယ်လေ။
ကိုဝင်းမော် ။ ။ လွတ်လာတာတော့ ဝမ်းသာတာပေါ့။ သမီးကို ပြောခဲ့ဖူးတယ်။ Timing အရေးကြီးတယ်ပေါ့။ စောစောစီးစီး လွှတ်လိုက်ရင်တော့ ပိုပြီး Timing ကိုက်တာပေါ့နော်။ အခုတော့ Timing လေး နည်းနည်းတော့ out သွားတာပေါ့။ ဘာပြောပြော လွှတ်တာတော့ ကောင်းတာပေါ့နော်။ အားလုံးကို လွှတ်ပေးတယ်ဆိုတော့။
မေး ။ ။ ရှေ့လျှောက် အနာဂတ်မှာ ဘာတွေ ဆက်လုပ်သွားဖို့ အစီအစဉ်ရှိပါလဲ။
ကိုဝင်းမော် ။ ။ ဂီတကတော့ ကိုယ့်ရဲ့ ပရော်ဖက်ရှင်နယ်ဆိုတော့ ဂီတကို ဆက်လုပ်သွားမှာပါ။ နိုင်ငံရေးနဲ့ ပတ်သက်တာကတော့ နိုင်ငံသားတိုင်းနဲ့ ဆိုင်တဲ့ဟာဖြစ်တော့ ဒေါ်အောင်ဆန်းစုကြည်တို့၊ မင်းကိုနိုင်တို့ ဦးဆောင်မှုနောက်မှာ လိုအပ်သလို သူတို့ကို ပံ့ပိုးကူညီသွားမှာပါ။ ကိုယ်ကတော့ ရှေ့တန်းကနေ မနေပါဘူး။ သူတို့လိုအပ်တဲ့ ဂီတနဲ့ပတ်သက်တာ၊ အနုပညာနဲ့ ပတ်သက်တာ၊ သို့မဟုတ် သူတို့ လိုအပ်တာတွေပေါ့နော်။ ကူညီပေးမှာပါ။
ကိုဇော်မင်း (၈၈ မျိုးဆက်ကျောင်းသား)
ကိုဇော်မင်း (ခေါ်) ဘောင်းဘောင်းသည် ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအပြီးတွင် ဒုတိယ အကြိမ်အဖြစ် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံရပြီး ရခိုင်ပြည်နယ် ကျောက်ဖြူထောင်မှ ယနေ့ လွတ်မြောက်လာသည်။ ယခင်ကလည်း အကျဉ်းထောင်ထဲတွင် ၁၅ နှစ်ခန့် နိုင်ငံရေးအကျဉ်းသားအဖြစ် ထောင်ဒဏ်ကျခံခဲ့ရဖူးသည်။
မေး ။ ။ အခုလို လွတ်မြောက်လာတဲ့အပေါ် ခံစားမူက ဘယ်လိုရှိလဲ သိပါရစေ။
ကိုဇော်မင်း ။ ။ လွတ်လာတော့ ကျနော်တို့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ နိုင်ငံထူထောင်ရေး၊ နိုင်ငံ တိုးတက်ဖို့ လုပ်ငန်းစဉ်တွေမှာ ပြုပြင်ပြောင်းလဲရေး လုပ်သူက နည်းနေသေးတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်သူတွေ များဖို့အတွက် ကျနော်တို့ အရင်ကထက် ဆထက်တပိုး လုပ်ရဦးမယ်လို့ ကျနော်အဲဒီလို ခံစားမိတယ်လေ။
မေး ။ ။ ရှေ့လျှောက် အနာဂတ်မှာ ဘာတွေ ဆက်လုပ်သွားဖို့ အစီအစဉ်ရှိပါလဲ။
ကိုဇော်မင်း ။ ။ အနာဂတ်မှာ တိုင်းပြည် လက်တွေ့အကျိုးရှိစေမယ့် အလုပ်တွေကို လုပ်သွားမယ်။ တိုင်းပြည် အကျိုးရှိအောင် ဘယ်သူ ဦးဆောင်နိုင်မလဲ၊ တကယ်ပြုပြင်ပြောင်းလဲရေးကို လုပ်မယ်ဆိုတဲ့သူတွေကို ဗဟိုပြုထားမယ်။ ပြုပြင်ပြောင်းလဲရေးလုပ်တဲ့၊ ဦးဆောင်မှုပေးတဲ့သူ ဘယ်သူဘယ်ဝါရယ် မဟုတ်ပါဘူး၊ ပြည်သူ့လွှတ်တော်လည်း ဖြစ်ရင်ဖြစ်မယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ဖြစ်ရင်ဖြစ်မယ်။ လက်တွေ့မှာ တကယ်လုပ်တဲ့သူကို ပုခုံးထမ်းတင်ပေးမယ်။ ကျနော်တို့မှာ စတေးခံမယ်ဆိုတဲ့စိတ်က အခုထိရှိနေဆဲပါ။
မေး ။ ။ အခုလိုမျိုး နိုင်ငံရေးအကျဉ်းသားတွေကို အစုလိုက် အပြုံလိုက် လွှတ်ပေးလိုက်တဲ့အပေါ် သမ္မတ ဦးသိန်းစိန် အပေါ်ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ရော ဘယ်လို မှတ်ချက်မျိုး ပေးချင်ပါလဲ။
ကိုဇော်မင်း ။ ။ ကျနော်တို့ကို လွှတ်လိုက်တဲ့အတွက် နိုင်ငံတကာအမြင်ရော၊ ပြည်သူတွေရဲ့အမြင်ရောအတွက် ကောင်းတယ်။ တိုင်းပြည် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အလွန်ကောင်းတဲ့ လုပ်ရပ်ပါ။ ထောင်ချခဲ့တယ် ဆိုပေမယ့် အခု သမ္မတ ဦးသိန်းစိန်ကိုလည်း ကျေးဇူးတင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကျေးဇူးတင်တယ်။ ပြည်သူတွေနဲ့ နိုင်ငံတကာမိသားစုကိုလည်း ကျေးဇူးတင်တယ်။ ရှေ့လျှောက် လုပ်ရမှာတွေက အများကြီး ကျန်နေပါသေးတယ်။ တိုင်းပြည်ကောင်းစားဖို့ ခေတ်ဟောင်း နည်းနာတွေစွန့်ပြီး ခေတ်သစ် စနစ်သစ်နဲ့ လျှောက်လှမ်းရင်း အခက်အခဲတွေ ရှိလာရင်လည်း အတူကျော်လွှားသွားကြမယ်လို့ပဲ ပြောချင်ပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသော တခြား နိုင်ငံရေးအကျဉ်းသားများ၏ အင်တာဗျူးများ ဆက်လက် ဖတ်ရှုရန် –
မနီလာသိန်းနှင့် အင်တာဗျူး – ယုံကြည်ရာကို ခွန်အားအဖြစ် ပြောင်းပြီး နေ့ရက်တွေကို ကျော်ဖြတ်ခဲ့သူ
ဦးခွန်ထွန်ဦးနှင့် အင်တာဗျူး – တကယ်ငြိမ်းချမ်းရေးရချင်ရင် အားလုံးနဲ့ စကားပြော
ဘလော်ဂါ နေဘုန်းလတ်နှင့် အင်တာဗျူး – လွတ်လွတ်လပ်လပ် လုပ်ဖို့ ပြန်လာပြီ