ဒီမိုကရေစီလမ်းကြောင်းလျှောက်လှမ်းရေး ပြည်တွင်းပြည်ပမှ ဝိုင်းဝန်းဖိအားပေးတိုက်တွန်းမှုများ အားကောင်းခြင်း၊ မြန်မာ့ စစ်ခေါင်းဆောင်ဟောင်းများ ကိုယ်တိုင် မအောင်မြင်သော မူဝါဒများကို သဘောပေါက် ဝန်ခံလာခြင်းနှင့် သမ္မတ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေး လမ်းကြောင်း သို့နောက်မဆုတ်တမ်း စတင် ခြေလှမ်းလှမ်းနေခြင်းတို့ကို အငြင်းပွားစရာရှိမည် မထင်ပါ။
သို့သော် နှစ်ပေါင်း ၅၀ တိုင်နိုင်ငံ၏ အလုံးစုံအာဏာကို ထိန်းချုပ်ခဲ့သော မြန်မာ့ တပ်မတော်ကို ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းသို့ လက်တွဲခေါ်ယူသွားနိုင်ရေး၊ဒီမိုကရေစီစနစ်နှင့်အညီမြန်မာ့တပ်မတော်ဖြစ်ရေးတို့ကိုမူပြည်သူလူထုအနေဖြင့်မိသားစုစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းစဉ်းစားပေးရန် လိုမည်ဖြစ်ပါသည်။
မြန်မာ့ တပ်မတော်၏ ဆောင်ပုဒ်တွင် “ရဲဘော် မကောင်းတာ မရှိခေါင်းဆောင် မကောင်းတာသာရှိ ပါသည်” ဟု ရှိသည်။ ဆိုလိုသည်မှာ တပ်မတော်တွင်ခေတ် အဆက်ဆက် စစ်အာဏာရှင် စစ်ဦးစီးချုပ် တဦးမှလွဲ၍ လက်အောက် ကျန်ရှိသူ အားလုံးသည် ရဲဘော်များသာ ဖြစ်ကြပါသည်။ တနည်းအားဖြင့် စစ်အာဏာရှင် စနစ်၏ အောက်တွင် “ပေးတာယူ ၊ ကျွေးတာစား ပြန်မပြောနဲ့ ထောင်ထဲရောက်သွားမည်” ဆိုသည့် ဆောင်ပုဒ်အောက်တွင် စစ်ကျွန်ဘဝဖြင့် အားလုံးနေခဲ့ကြသူများ ဖြစ်ကြသည်။ စစ်အာဏာရှင်ကြီးက သူ့အာဏာကိုသာ မထိပါးစေနှင့်၊ ကျန်တာလုပ်ဟု လုပ်ပိုင်ခွင့် ပေးခဲ့ခြင်းကြောင့် လည်း တပ်မတော်သည် သံဃာနှင့် ပြည်သူများ၏ မုန်းတီးနာကျည်းမှုကို ခံနေရသည်။ ထို့ကြောင့် တပ်မတော်သားတို့ အနေဖြင့်လည်း ပြည်သူနှင့် အတူပြုပြင်ပြောင်းလဲရေး လမ်းကြောင်းတွင် လက်တွဲလျှောက်လှမ်းနိုင်ရေး လမ်းဖွင့်ပေးရမည် ဖြစ်သည်။
ဒီမိုကရေစီစနစ်နှင့်အညီမြန်မာ့တပ်မတော်ဖြစ်ရေးအတွက်အဓိကအားဖြင့်တပ်မတော်အရာရှိအရာခံ အကြပ်တပ်သားများ၏အတွေးအခေါ် ပြုပြင်ပြောင်းလဲရေးသည် အရေးအကြီးဆုံးအချက်ဖြစ်ပါသည်။အခြေခံတပ်သားအဆင့်၊ ဗိုလ်လောင်းအဆင့်တို့ တပ်မတော်ထဲ စတင်ဝင်ရောက်လာသည့် အချိန်မှစ၍ ဝါရင့်ဗိုလ်လောင်း၊ ဝါရင့်စစ်သည်များ၏ အပြစ်ပေးနှိပ်စက်ခြင်း၊ အနုနည်းဖြင့်ဆုံးမခြင်းတို့ ခံခဲ့ရသည်။ ဤသို့အားဖြင့် “မြန်မာနိုင်ငံတွင် တပ်မတော်သည်သာ ပြည်သူလူထု၏ အားကိုးရာဖြစ်သည်”၊ “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် တိုင်းတပါးကို အားကိုးပြီး မြန်မာနိုင်ငံမှခွဲထွက်၍ သီးခြားလွတ်လပ်သော နိုင်ငံထူထောင်လိုသူများဖြစ်ကြသည်”၊ “ပြည်တွင်းအတိုက်အခံ အဖွဲ့စည်းများသည်လည်း တပ်မတော်ကိုဖြိုခွဲပြီး နိုင်ငံရေးအာဏာကိုရယူကာ နိုင်ငံကိုရောင်းစားမည့်သူများဖြစ်သည်” အစရှိသည်ဖြင့်ဝါဒဖြန့်ချိရေးစကားလုံး ပေါင်းစုံဖြင့် ဦးနှောက်ဆေးကြောခြင်း (BrainWash) ကို စစ်ဗိုလ် စစ်သားတိုင်း ခံခဲ့ရသည်။
ထို့ကြောင့် လက်ရှိခေတ်နှင့်အညီ ပြောင်းလဲရမည့် ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းတွင် တပ်မတော်သည် ပြည်သူလူထုနှင့်အတူ လက်တွဲနိုင်ရေးအတွက် အထက်ပါ အတွေးအခေါ်များကို တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးက ပြန်လည်၍ ဦးနှောက်ဆေးကြောပေးခြင်းပြုလုပ်ရပေမည်။
တပ်မတော်သည်အမိန့်အာဏာဖြင့် ဖွဲ့စည်းထားသောကြောင့်တပ်ကို တာဝန်ယူသော အရာရှိတပ်စုမှူးမှသည်စစ်ဦးစီးချုပ် အဆင့်ဆင့်သည်တပ်မတော် အတွေးအခေါ်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင်ပါဝင်ရန် ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်သည်။တပြိုင်တည်းမှာပင်တခြားအဆင့် စစ်သည်အားလုံးကိုလည်း“ပြည်သူသည်သာအမိ၊ ပြည်သူသည်သာအဖ”ဆိုသည့်ဆောင်ပုဒ်ကိုနားလည် သဘောပေါက်ရေးတန်ပြန်လုပ်ဆောင်သွားရမည်ဖြစ်သည်။
ယနေ့ မြန်မာ့တပ်မတော် အရာရှိကြီးငယ် အများစုသည်၁၉၈၈ခုနှစ်နောက်ပိုင်းတွင်တရုတ်၊ရုရှား၊ အိန္ဒိယနိုင်ငံများတွင်သာ စစ်ပညာ လေ့လာဆည်းပူးခွင့်ရရှိခဲ့သည်။စစ်လက်နက်ပစ္စည်းများကိုလည်း အဆိုပါနိုင်ငံများနှင့်မြောက်ကိုးရီးယားနိုင်ငံမှ ရောင်းချပေးခဲ့သည့် လက်နက်နှင့်နည်းပညာများကိုသာကိုင်တွယ်သုံးစွဲနေကြသည်။ထို့ကြောင့်အနောက်နိုင်ငံ တပ်မတော်များနှင့် ကင်းကွာခဲ့ပြီးအတွေးအခေါ်ပိုင်းဆိုင်ရာတွင်အာဏာရှင်တပ်မတော် အတွေးအခေါ်ကို မသိမသာသွတ်သွင်းခံထားရသူများ ဖြစ်သည့်အတွက် ဒီမိုကရေစီတပ်မတော်တခု၏ သိက္ခာ၊ ပြည်သူလူထုအပေါ် ကျင့်ကြံဆက်ဆံရမည့် စည်းကမ်းများကို မေ့လျော့နေသည့်သဘော မြင်တွေ့နေရသည်။
အမှန်တကယ်တွင်မြန်မာ့တပ်မတော်သည်လွတ်လပ်ရေးနှင့်အတူပေါက်ဖွားလာသောတပ်မတော်၊ဗိုလ်ချုပ်အောင်ဆန်းစတင်ထူထောင်သော တပ်မတော်ဖြစ်သကဲ့သို့တပ်မတော်၏ နည်းဥပဒေများသည်လည်းစည်းကမ်းစနစ် ကောင်းမွန်သော ဗြိတိသျှတပ်မတော်နှင့် တိုက်ရည်ခိုက်ရည် ရဲစွမ်းသတ္တိရှိသော ဂျပန်တပ်မတော်တို့ကို အခြေခံပြီး ရေးဆွဲပြဋ္ဌာန်းထားခြင်းဖြစ်သည်။ယနေ့တိုင်လည်း အဆိုပါစည်းမျဉ်းစည်းကမ်းများ တည်ရှိနေဆဲဖြစ်သည်။
ဥပဒေကို စာအုပ်အထဲတွင်သာထားပြီးစစ်အာဏာရှင်၏ နှုတ်ကထွက်လာသောအမိန့်ဖြင့်တပ်မတော်ကို စေခိုင်းနေခြင်းကြောင့်သာတပ်မတော်သည်သံဃာကို သံဃာမှန်းမသိ၊ပြည်သူကို ပြည်သူမှန်းမသိ၊တိုင်းရင်းသားအချင်းချင်းကို ရန်သူဟု သတ်မှတ်နေကြသည်။အကယ်၍ နှုတ်မိန့်ကို အာခံခဲ့ပြန်လျှင်လည်းကျူပင်ခုတ်ကျူငုတ်မကျန်အောင် အဖိုးအဖွား အဖေအမေမကျန်သားစဉ်မြေးဆက် ဒုက္ခရောက်အောင် လုပ်ပြခဲ့သည့်အတွက်ကြောင့်လည်း မည်သူမျှ မလှန်ရဲ။ဒုတိယ စစ်ဦးစီးချုပ်မှသည် တပ်သားအထိ တပ်မတော်သည်အာဏာရှင်စနစ်၏ အောက်စစ်ကျွန်သဖွယ် နေခဲ့ရသည်။ထို့ကြောင့်တပ်မတော်ကိုလည်း စစ်ကျွန်ဘဝမှ လွတ်မြောက်ရေးပြည်သူများအနေဖြင့်လည်း ကယ်တင်ရမည်ဆိုသည်ကိုသတိမမေ့ဖို့ လိုပါသည်။
တပ်မတော်အား ဒီမိုကရေစီလမ်းကြောင်းသို့ ပြောင်းလဲနိုင်ရေး လက်ရှိအခြေအနေတွင် သမ္မတ ဦးသိန်းစိန်၊ ပြည်သူလူထုနှင့် နိုင်ငံတကာ၏ ထောက်ခံမှုကို ရရှိနေသောဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦး စဉ်းစားချင့်ချိန်ပြီးပြေပြေလည်လည် ပူးပေါင်းဆောင်ရွက်နိုင်မှသာလမ်းမှန်ပေါ်သို့ ရောက်နိုင်မည်ဖြစ်သည်။
စစ်သားများ၏စိတ်ထဲတွင် အရိုးစွဲနေသော ယူဆချက်တခု ရှိသည်။ “ငါတို့ အသက်တောင် အသေခံရဲသေးတာပဲ၊ငါတို့ကို လာမစော်ကားနဲ့၊ဘယ်သူမှ ဂရုမစိုက်ဘူး” ဆိုသည့်အချက်ဖြစ်သည်။စစ်သားကိုညင်ညင်သာသာပြောတတ်ဆိုတတ် စည်းရုံးတတ်ရန် လိုသည်။အတိုက်အခံရော အစိုးရပါ စစ်သားများ၏ ခံစားချက်ကို နားထောင်ပေးရန် လိုသည်။
မြို့နေစစ်ဗိုလ်ချုပ်တစုနှင့် မိသားစုကိုသာကြည့်ပြီးအများထင်သကဲ့သို့ စစ်တပ်ကြီးတခုလုံးကောင်းစားနေသည် မဟုတ်ပါ။တချို့နယ်စွန်နယ်ဖျားများတွင် မြို့နေပြည်သူလူထုထက် ဒုက္ခရောက်နေသူစစ်သည်နှင့် မိသားစုအများအပြား ရှိပါသည်။စစ်အာဏာရှင်စနစ်၏ ဒဏ်ကို ပြည်သူလူထုနှင့်အတူ စစ်သားများလည်း ခံကြရသည်။ ထို့ကြောင့် ပြည်သူလူထုကလည်း မိဘသဖွယ်သဘောထားပြီး စစ်ကျွန်ဘဝရောက်နေသော တပ်မတော်သားများကိုအပြောမဟုတ်လက်တွေ့ကျကျ နွေးထွေးစွာ လက်ကမ်းကြိုသင့်ပါသည်။တပ်မတော်သားများဘက်မှလည်းပြည်သူဘက်မှ ကြိုဆိုလာသောလက်များကို ယုံယုံကြည်ကြည်ဖြင့်လက်ခံပြီး မိဘရင်ခွင်ကို ပြန်ဝင်ရန် အချိန်တန်ပြီဟုတိုက်တွန်းချင်ပါသည်။
အစိုးရအနေဖြင့် တပ်ကို နိုင်ငံတကာအဆင့်မီ တပ်မတော်မျိုးဖြစ်ရန် ရည်ရွယ်သကဲ့သို့ စစ်မှုထမ်းအားလုံးကိုလည်း စိတ်ဓာတ် စည်းကမ်းနှင့် ရပိုင်ခွင့်များ ပြည့်ပြည့်ဝဝရရှိရေးလည်း ဆောင်ရွက်ပေးရန် လိုမည်ဖြစ်သည်။ထို့အပြင်လျော့လျဲပြန့်ကျဲစွာ မြန်မာနိုင်ငံ နေရာအနှံ့ ဖွဲ့စည်းထားသော တပ်များကိုကျစ်လစ်သိပ်သည်းစွာ ပြန်လည်စုဖွဲ့သင့်သည်။
စစ်တပ်အင်အား အဆမတန်ချဲ့သည့်အတွက် တပ်သားသစ် စုဆောင်းမရသောအခါ အရွယ်မရောက်သေးသော ကလေးပါမကျန် စစ်သားစုရသည့် အဖြစ်မျိုး နောင်မဖြစ်ပေါ်လာစေရန် ဖြစ်သည်။ စစ်သည်နှင့်မိသားစုတို့၏ အတွေးအခေါ်အသစ်များ ဒီမိုကရေစီစနစ်နှင့်အညီ ပြုပြင်ပြောင်းလဲလာရေး တပ်တွင်းသင်တန်း၊ ဟောပြောပွဲများနှင့် ဆွေးနွေးပွဲများတွင် ယခင်အတွေးအခေါ်ဟောင်းများကို ပစ်ပယ်ပြီး ဒီမိုကရေစီအတွေးအခေါ် အကြောင်းများကို စတင်ပို့ချသင့်ပြီဖြစ်သည်။
ယခင် စစ်အာရှင်စနစ်၏အမွေးဆိုးများကြောင့်ပြည်သူလူထုအပေါ် အနိုင်ကျင့်သည့်လုပ်ရပ်များကို ရပ်တန်းကရပ်သင့်ပြီး စစ်တပ်ထဲမှ ပြစ်မှုကျူးလွန်သူမှန်သမျှကိုကျောသားရင်သား မခွဲခြားဘဲစစ်ဥပဒေအရ အရေးယူပြရန် လိုသည်။လက်ရှိကချင်တိုင်းရင်းသားများနှင့် ဖြစ်ပွားနေသော စစ်ပွဲများနှင့်ပတ်သက်၍လည်းသာသည်နာသည် သဘောမထားဘဲတပ်မတော်ဘက်မှစတင်၍ အပစ်ရပ်စဲရေးကို ထိရောက်စွာ လုပ်ဆောင်ရန် လိုအပ်သည်။တပ်မတော်အနေဖြင့် ပြည်တွင်းစစ်ကိုရပ်စဲပြီးပြည်ပရန်ကို ကာကွယ်သည့် တခုတည်းသော တပ်မတော်ဖြစ်ရေးဦးတည်ဆောင်ရွက်သွားသင့်သည်။
အတိုက်အခံနှင့် ပြည်သူလူထုအနေဖြင့်တပ်မတော်အပေါ် နားလည်လက်ခံပေးရန်လိုသည်။ သို့မှလည်း ဒီမိုကရေစီစနစ်နှင့် လျှောက်လှမ်းရမည့် တပ်မတော်၏ ခြေလှမ်းများသည် ရဲရဲဝံ့ဝံ့ ဖြောင့်ဖြောင့်မတ်မတ်ဖြစ်နိုင်ပါသည်။၁၉၉၀ခုနှစ် ရွေးကောက်ပွဲအပြီးအနိုင်ရပါတီကြီး၏ အမတ်တစ်ဦးက အမှတ်မထင် ပြောလိုက်သော “ငါတို့ အာဏာရလျှင် စစ်တပ်ဗိုလ်မှူးကြီးနှင့်အထက်အားလုံးကို အရေးယူရမည်” ဆိုသောစကားလုံးသည် ပြောသူအနေဖြင့်မေ့ကောင်းမေ့နိုင်ပေသော်လည်းခံရသူအနေဖြင့်မမေ့နိုင်ဘဲ “အာဏာလွှဲမပေးတော့လည်း ဘာဖြစ်လဲ၊ နောင်အနှစ် ၂၀ ဆက်အုပ်ချုပ်မယ်” ဆိုသည့်အတွေးအခေါ်မျိုး ဝင်ရန် အချက်တချက်ဖြစ်ခဲ့သည်။
ယနေ့အချိန်အခါမျိုးသည်လည်းအထိမခံနိုင်သေးသည့် အခြေအနေမျိုး ရှိနေသေးသည့်အတွက်သမ္မတက နောက်ကြောင်းပြန်မလှည့်ဟု ဆိုသော်ငြားလည်းစစ်တပ်ကိုမူ အပြတ်ပြောရန် မသင့်ဆိုသည်ကို ထောက်ပြလိုပါသည်။ ထို့ကြောင့် အတိုက်အခံအဖွဲ့များအနေဖြင့် စစ်တပ်၏ အခန်းကဏ္ဍကို လျှော့မတွက်ဘဲအရေးပါမှုကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အသိအမှတ်ပြုသကဲ့သို့ ပြည်သူများမှလည်း လက်ခံရန်လိုပါသည်။
ဒီမိုကရေစီနိုင်ငံများမှ တပ်မတော်များအနေဖြင့်လည်း မြန်မာ့တပ်မတော်ကို ပစ်ပယ်မထားဘဲအာဏာရှင် အုပ်ချုပ်ခဲ့သော တပ်မတော်ကို ပြန်လည်ဆွဲထုတ်သင့်ပါသည်။ ထို့အပြင် ဒီမိုကရေစီတပ်မတော်များ နေထိုင်ကျင့်ကြံ လုပ်ဆောင်ရမည့် နည်းနာများကို မြန်မာ့တပ်မတော်သို့ မျှဝေပေးသင့်သည်။
ဒီမိုကရေစီ နိုင်ငံကြီးများအနေဖြင့်လည်းလက်ရှိမြန်မာ့တပ်မတော်မှ အရာရှိကြီးငယ်များကို ခွဲခြားဆက်ဆံခြင်းမပြုတော့ဘဲ တခြားဒီမိုကရေစီနိုင်ငံငယ်များ၏တပ်မတော်များနည်းတူအရာရှိကြီးများကို ဖိတ်ခေါ်ခြင်း၊အရာရှိငယ်များကို ကာလတို၊ ကာလရှည် သင်တန်းများ ပေးခြင်းဖြင့်မြန်မာ့တပ်မတော်ကိုဒီမိုကရေစီနားမျက်စိများကို ဖွင့်ပေးရန် လိုမည်ဖြစ်သည်။ ထို့အပြင် စစ်ပစ္စည်းများ ဝယ်ယူခွင့် ပိတ်ပင်ထားမှုများကိုလည်းအဆင်ပြေသလို ဖြေလျှော့သွားစေလိုပါသည်။သို့မှသာအာဏာရှင်နိုင်ငံကြီးများ၏ လောင်းရိပ်မှ အကြွင်းမဲ့ လွတ်မြောက်သွားမည်ဖြစ်သည်။
ယနေ့ မြန်မာနိုင်ငံသူနိုင်ငံသားများ၏ အလိုလား အတောင့်တဆုံးဖြစ်သည့်ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးရရှိရေးကို ဖြည့်စွမ်းပေးနိုင်သည့်အထဲတွင်တပ်မတော်သည်အရေးပါသည့် အခန်းကဏ္ဍမှ ရှိနေပါသည်။ထို့ကြောင့်တပ်မတော်သားများအနေဖြင့်လည်းမိမိတို့၏ အကျိုးစီးပွားထက်တိုင်းပြည်၏ အကျိုးစီးပွားကို ကြည့်ရန်လိုပါမည်။
အတိတ်ကာလမှအမှားများကို နောင်ဖြစ်မလာစေရန်လည်း ဆင်ခြင်သွားရမည်ဖြစ်သည်။တမြေတည်းနေ တရေတည်းသောက်ကြသော သွေးရင်းသားရင်း ညီအစ်ကိုမောင်နှမချင်းမပစ်မခတ် မသတ်မဖြတ်ကြတော့ဘဲချစ်ချစ်ခင်ခင် နေသွားသင့်ပါပြီ။ ဒီမိုကရေစီစနစ်နှင့်အညီ လျှောက်လှမ်းနိုင်သောမြန်မာ့တပ်မတော်အမြန်ဖြစ်လာစေချင်ပါသည်။
(ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်သည်တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိမြန်မာသံရုံး၌ သံမှူးကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင်အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။)