မြန်မာနိုင်ငံရဲ့ ရုပ်ရှင်နဲ့ ဂီတလောကမှာ နှစ်ပေါင်းအတော်ကြာ ပရိသတ်အကြား ရေပန်းစားအောင်မြင်လာခဲ့တဲ့ သရုပ်ဆောင် အဆိုတော် ထွန်းအိုန္ဒြာဗိုဟာ ဒေါ်အောင်ဆန်းစုကြည်၊ ကိုဇာဂနာတို့ ဦးဆောင်စီစဉ်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိဇာတ်ကား ဖြစ်မြောက်ရေး ကော်မတီဝင်တယောက်အဖြစ် လုပ်ဆောင်ပေးနေတာ တွေ့ရပါတယ်။ ဗိုလ်ချုပ် အတ္ထုပ္ပတ္တိ ဇာတ်ကားကို လာမယ့် ၂၀၁၅ ခုနှစ်မှာ ကျရောက်မယ့် ဗိုလ်ချုပ်အောင်ဆန်း နှစ်တရာပြည့် အထိမ်းအမှတ်အဖြစ် ရိုက်ကူးမှာပါ။
၁၉၉၁ ခုနှစ်ကစတင်ပြီး အနုပညာလောကထဲကို ဝင်ရောက်လာတဲ့ ထွန်းအိန္ဒြာဗိုဟာ အကယ်ဒမီ သုံးထပ်ကွမ်းပိုင်ရှင်ဖြစ်ပြီး ဂီတလောကမှာလည်း City FM (ရန်ကုန်) က ချီးမြှင့်တဲ့ ဂီတ ထူးချွန်ဆုပေါင်း ၆ ဆု ရရှိထားသူလည်း ဖြစ်ပါတယ်။ ထွန်းအိန္ဒြာဗိုရဲ့ အခုတလော လှုပ်ရှားနေတဲ့ အနုပညာနဲ့ နိုင်ငံရေးကိစ္စတွေကို ဧရာဝတီသတင်းထောက် မစပ်စုက မေးမြန်းထားပါတယ်။
မေး ။။ နိုင်ငံတကာရဲ့ အကူအညီတွေ အများကြီးရလာမယ့်၊ အများကြီးလည်းယူဖြစ်မယ့် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ဇာတ်ကားကြီးကို မြန်မာ့ရုပ်ရှင်လောကအတွက် ဘယ်လောက်အထိ မျှော်မှန်းထားပါသလဲ။
ဖြေ ။။ အဓိကကတော့ ကျမက ဗိုလ်ချုပ်ဇာတ်ကား ရိုက်ဖြစ်ဖို့ကိုပဲ ဘယ်နေရာက ကူရကူရဆိုတဲ့သဘောပဲ။ ကျမ အရည်အချင်းရှိလွန်းလို့ ဝင်ပါရတာမျိုးမဟုတ်ဘဲနဲ့ ကျမတို့နိုင်ငံခေါင်းဆောင်ရဲ့ အတ္ထုပ္ပတ္တိကား ထွက်ရှိရေးကို နှလုံးစိတ်ဝမ်းမှာ အဲ့ဒါကို သေသေချာချာ ဖြစ်စေချင်တဲ့အတွက် ဝင်ကူတဲ့သဘောပါပဲ။
မေး ။။ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး တခြားဘယ်ကဏ္ဍတွေမှာ ပါဝင်ဖို့ရှိပါသေးလဲ။
ဖြေ ။။ အခုကတော့ ကနဦးအနေနဲ့ ကော်မတီစဖွဲ့တယ်။ ကော်မတီထဲမှာတော့ ကျမကို ကော်မတီဝင်အဖြစ် ထည့်ထားတာပေါ့နော်။ အဓိကတော့ ကျမက ကော်မတီ ဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ ကျမအပါအဝင် ကျမတို့ အနုပညာလောကသား အားလုံးရော၊ ပြည်သူတရပ်လုံးရော ကိုယ်နိုင်တဲ့ဘက်ကနေ ကိုယ်ကျရာတာဝန်ကို ဖြစ်နိုင်တဲ့ဘက်ကနေ ဝင်ကူပေးလို့ရပါတယ်။ အဲဒီအနေအထားနဲ့ ကျမသွားနေတာပါ။ ကော်မတီဝင် ဖြစ်တာမဖြစ်တာ ကျမစိတ်ထဲမှာ သိပ်မရှိပါဘူး။
မေး ။။ အခုနောက်ပိုင်းမှာ အာဇာနည်နေ့ဆိုရင်တောင် တဖြည်းဖြည်း မှေးမှိန်စပြုလာတဲ့ အချိန်မှာ အခုလို ဗိုလ်ချုပ်ရဲ့ အတ္ထုပ္ပတ္တိအကြောင်းကို အဆင့့်မြင့်မြင့် ရိုက်ကူးတော့မယ်ဆိုတော့ အစ်မရဲ့ သဘောထားအမြင်က ဘယ်လိုရှိမလဲ။
ဖြေ ။။ သိပ်ကို ကြိုဆိုပါတယ်ရှင်။ ဒါ ဖြစ်ကိုဖြစ်ရမယ့် ကိစ္စပါပဲ။ အာဇာနည်နေ့ဆိုတာတောင်မှ နောက်လာနောက်သား ကလေးတွေက သိပ်မသိကြတော့ဘူးပေါ့နော်။ နောက် အာဇာနည်နေ့ရဲ့ ကျင်းပမှု အနေအထားကလည်း တဖြည်းဖြည်းနဲ့ သိပ်ကြီးကျယ်ခမ်းနားမှုတွေ လျော့လာတဲ့အတွက်ကြောင့် ဒါလေးတွေက ပြန်ဖော်ထုတ်သင့်တဲ့အတွက် ကျမတို့ဝိုင်းကူတာပါ။
ဒီကားကြီးထွက်လာပြီးရင်တော့ ဗိုလ်ချုပ်ရဲ့ စိတ်ရင်းစိတ်ထားကောင်းတဲ့ အနေအထားတွေ၊ ဗိုလ်ချုပ်ရဲ့ ရဲစွမ်းသတ္တိတွေ၊ သူရသတ္တိတွေ၊ ဗိုလ်ချုပ်ရဲ့ တိုင်းပြည်အတွက် အသက်ပါပေးသွားတဲ့ အနေအထားအားလုံးကို နောက် လူငယ်တွေအကုန်လုံး လေ့လာလို့လည်းရမယ်၊ အားလုံးလည်း အတုယူလို့ရမယ်၊ အဲ့လိုမျိုး ဗိုလ်ချုပ်ရဲ့အားသာချက်၊ အားနည်းချက်တွေကို ဗိုလ်ချုပ်ရဲ့ အားနည်းချက်ဆိုတာကလည်း လူတိုင်းမှာ အားနည်းချက်ဆိုတာတော့ ရှိတာပေါ့နော်။ ကျမတို့ နောင်လာနောက်သားထဲမှာလည်း အားနည်းချက်ရှိတဲ့သူက ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်မနေဘဲနဲ့ ဒီလို လုပ်လို့ရပါလားဆိုတဲ့ ရည်ရွယ်ချက် မျှော်မှန်းချက်လေးတွေ တိုးပွားလာစေဖို့အတွက် ဒီကားကြီးက ထွက်ကိုထွက်သင့်တယ်။
နောက် ကျမတို့ရဲ့ နိုင်ငံခေါင်းဆောင်၊ ကျမတို့ အခုလိုလွတ်လပ်စွာ နေခွင့်ရတဲ့ အနေအထားမျိုးဖြစ်အောင် အသက်ပေးသွားတဲ့ သူတွေရဲ့သမိုင်းကို နောက်လူငယ်တွေ သိပ်ပြီးတော့ မသိကြတော့ဘူး။ အဲဒီတော့ ဒီကားက ထွက်ကိုထွက်ရမှာ။ အဲဒီစိတ်နဲ့ပဲ ကျမတို့လည်းဝိုင်းကူနေကြတာပါ။ ကျမကတော့ ခိုင်းတဲ့နေရာမှာ ကျမ လုပ်နိုင်ရင် ကြိုးစားလုပ်မယ်။ မလုပ်နိုင်တဲ့ဟာမျိုး ဆိုရင်လည်း ကျမကတော့ ပွင့်ပွင့်လင်းလင်းပဲ ငြင်းဆိုမယ် ဆိုတဲ့ဟာမျိုးနဲ့ သွားနေတာပါ။ ကျမ အရည်အချင်းရှိလွန်းလို့ ဒီထဲပါတာ မဟုတ်ဘူး။ ကျမ သရုပ်ဆောင်အဖြစ်လည်း ပါချင်မှပါမှာ။ ဒါပေမယ့် ဘယ်နေရာခိုင်းခိုင်း ကျမ ကျရာတာဝန်ကို ကျေပွန်စွာ လုပ်ချင်တဲ့စိတ်ဆန္ဒနဲ့ ကျမဝင်တာပါ။
မေး ။။ မေတ္တာသင်္ဂဟဆိုပြီး အစ်မအပါအဝင် အနုပညာရှင်တွေတော်တော်များများနဲ့ ဖွဲ့စည်းထားတဲ့ လူမှုရေးအဖွဲ့ အကြောင်းလည်း ပြောပြပေးပါဦး။
ဖြေ ။။ ကျမတို့လုပ်လာတာ ၈ လ လောက်တော့ ရှိလာပါပြီ။ အဲဒါက လစဉ်တသက်တာ လှူသွားမယ် ပေါ့နော်။ ဒီလမှာ ဘယ်နေရာ လှူမယ်ဆိုတာကတော့ အားလုံးရဲ့ ရွေးချယ်မှုပေါ့နော်။ တသက်တာဆိုတဲ့ သဘောက ကျမတို့ အသက်ကြီးသည်အထိ နောင်အရှည်ဖြစ်တဲ့အတွက်ကြောင့် ကျမတို့က ပမာဏ နည်းနည်းနဲ့ စုပြီး လစဉ်မပြတ် သွားမယ်ဆိုတဲ့ဟာနဲ့ သွားနေကြတာပါ။ ဆိုလိုတာ ကျမတို့ အားလုံးစုလိုက်မှ ၁၅ သိန်းလည်း ဖြစ်ချင်ဖြစ်မယ်လေ။ တလမှာ ၁၅ သိန်းလည်း ဖြစ်ချင်ဖြစ်မယ်၊ သိန်း ၂၀ လည်း ဖြစ်ချင်ဖြစ်မယ်။ သိန်းရာချီပြီး လှူတာမဟုတ်ဘူး။ ဒါပေမယ့် လစဉ်မှန်အောင်တော့ သွားမယ်ဆိုတဲ့ဟာနဲ့ ဖြစ်နေတဲ့အတွက်ကြောင့် လူတိုင်းလည်း အပန်းမကြီးဘဲ ဝင်နိုင်အောင်လို့ဆိုပြီး အစကတည်းက သတ်မှတ်ထားတဲ့ ပမာဏက မများပါဘူးရှင့်။
မေး ။။ အနုပညာရှင်တယောက်အဖြစ်နဲ့ ကိုယ်လူမျိုးတွေအတွက် အခုလို လူမှုရေးလုပ်ငန်းတွေ လုပ်ရတဲ့အပေါ် အစ်မရဲ့သဘောထားကရော။
ဖြေ ။။ လုပ်သင့်ပါတယ်ရှင်။ ကျမတို့က ငယ်ငယ်ကကျတော့လည်း အကြောင်းအမျိုးမျိုး တွေပေါ့နော်။ အကြောင်းအမျိုးမျိုး ဆိုတာကလည်း ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာတွေလည်း ပါတယ်။ ကိုယ်ကြိုးစားနေရတဲ့ ကာလတွေမှာကျတော့လည်း စိတ်ရှိပေမဲ့ မလုပ်ဖြစ်တာတွေလည်း အများကြီးပေါ့နော်။ အခု ဒီဘက်ပိုင်းမှာ ကျတော့ အသက်အရွယ်လည်း ရလာတာလည်း တပိုင်း၊ အတွေ့အကြုံတွေ များလာတာလည်းတပိုင်း၊ ကျမ လုပ်သက်လေးတွေလည်း နည်းနည်းရှိလာတာတပိုင်းဆိုတော့ ကျမတို့က ဒီ လူမှုရေးကိစ္စလေးတွေကို ဇောင်းပေးပြီး အချိန်ပေးရတော့မယ်ဆိုတာကို ကျမတို့ နားလည်ပါတယ်။
မေး ။။ အခုနောက်ပိုင်းမှာ အနုပညာရှင်တွေတော်တော်များများ လူမှုရေးလုပ်ငန်းတွေကို စိတ်ဝင်တစားနဲ့ လုပ်လာကြတဲ့အပေါ် အစ်မရဲ့အမြင်က ဘယ်လိုရှိမလဲ။
ဖြေ ။။ အားလုံးကို ဝမ်းသာပါတယ်ရှင်။ ကျေးဇူးလည်းတင်ပါတယ်။ နောက်ပြီးတော့ အားလုံးကလည်း အနီး ကပ်မြင်တွေ့နေရတာတွေ ဖြစ်နေတော့ မြင်တွေ့တယ်ဆိုတာက လှူချင်စရာ နေရာတွေချည်းပဲဆိုတော့ အဲဒီ အခါကျတော့ မနေနိုင်ကြတဲ့သဘောတွေလည်း ပါပါတယ်။ ဒီထက် ဆထက်ထမ်းပိုး လှူနိုင်ကြဖို့ ကျမ ဆန္ဒပြုပါတယ်။
မေး ။။ အနုပညာသမားတယောက်က သာမာန်လူထက်ကို လူမှုရေးလုပ်ငန်းတွေ ပိုလုပ်သင့်တယ်လို့ မြင်ပါသလား။
ဖြေ ။။ တတ်နိုင်သလောက် လုပ်သင့်ပါတယ်ရှင်။ ဘယ်လောက် အတိုင်းအတာအထိ လုပ်သင့်တယ်ဆိုတဲ့ အတိုင်းအတာမျိုးတော့ ကျမ မပြောတတ်ဘူးပေါ့နော်။ ဒါပေမယ့် ကိုယ်စွမ်းသလောက်တော့ လုပ်သင့်ပါတယ်ရှင်။
မေး ။။ ရုပ်ရှင် ဂီတ အနုပညာရှင်တော်တော်များများ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို သွားရောက်တွေ့ဆုံခဲ့ကြတာကို ပြည်တွင်းပြည်ပမှာရှိတဲ့ ပရိသတ်တွေက ဖေ့စ်ဘုတ်တွေမှာ အမျိုးမျိုး ဝေဖန်ကြတဲ့အပေါ် ဘာပြောချင်ပါသေးလဲ။
ဖြေ ။။ ကြိုဆိုပေးကြဖို့သင့်တယ်လို့ ထင်တယ်။ ဆိုလိုတာလေ ကိုယ်အရည်အချင်းရှိလွန်းလို့ ဒီနေရာကို ဝင်ကြတာမျိုး မဟုတ်ဘူးရှင့်။ ကိုယ်တတ်နိုင်သလောက် အမေစုဘေးမှာ ဝိုင်းရံပေးခြင်းအားဖြင့် ကျမတို့ နိုင်ငံကောင်းကျိုးအတွက် အုတ်တချပ် သဲတပွင့် ဘာလေးများလုပ်နိုင်မလဲ ဆိုတဲ့ဟာနဲ့ပဲ သွားကြတာပါ။ ဘယ်သူမှလည်း နေရာယူချင်လို့လည်း မပါဘူးရှင့်။ နေရာပေးရင်တောင် လုပ်နိုင်ဖို့လည်း တော်တော်ခဲယဉ်းကြတဲ့ လူတန်းစားတွေပါ။ အဲဒီတော့ ကိုယ့်ဆန္ဒနဲ့ ကိုယ့်စိတ်ရင်းစေတနာနဲ့ ဝိုင်းရံကြတဲ့ သဘောပါပဲ။ လူဆိုတာလည်း အမျိုးမျိုးဆိုတော့ အမြင်လည်း အမျိုးမျိုးရှိနိုင်ပါတယ်။
မေး ။။ ဒေါ်အောင်ဆန်းစုကြည်အပေါ် အစ်မရဲ့ သဘောထားအမြင်က ဘယ်လိုရှိပါသလဲ။
ဖြေ ။။ ကျမ အန်တီစုကို စပြီးသိခွင့်ရကတည်းက၊ ဒေါ်အောင်ဆန်းစုကြည်ရယ်လို့ ကျမ မမြင်ဖူးခင် မြန်မာပြည်စရောက်လို့ အန်တီစုရဲ့ အနေအထားအားလုံးကို သိခွင့်ရကတည်းက တကယ်လေးစားချစ်ခင် မြတ်နိုးပါတယ်ရှင်။
မေး ။။ နိုင်ငံရေးနဲ့ အနုပညာနဲ့ စပ်ဆက်တယ်လို့မြင်မိပါသလား။ အစ်မရဲ့ တကိုယ်ရည်သဘောထားကို သိချင်ပါတယ်။
ဖြေ ။။ မြင်ပါတယ်ရှင့်။ အနုပညာအရေးကလည်း တကယ့် အမျိုးသားရေးပါပဲ။