ပြုပြင်ပြောင်းလဲရေးများ လျင်မြန်စွာ ပြုလုပ်နေသည်ဆိုသည့် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် မကြာခင် မီဒီယာ ဥပဒေသစ်တရပ် ပြဌာန်းနိုင်ရန် ပြင်ဆင်လျှက်ရှိသည်။
ဇန်နဝါရီ ၃၀ နှင့် ၃၁ ရက်နေ့တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့က ကြီးမှူးကျင်းပသော မီဒီယာ အလုပ်ရုံဆွေးနွေးပွဲ တရပ်၌ မြန်မာနိုင်ငံစာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးတင့်ဆွေက လွှတ်တော်တွင် တင်သွင်းမည့် မီဒီယာ ဥပဒေနှင့် စပ်ဆိုင်သည့် စာတမ်းအကျဉ်းတစောင် ဖတ်ကြားသွားခဲ့ပြီး ယင်း ဥပဒေ အတည်ပြု နိုင်ပါက မီဒီယာ ဆင်ဆာများ ကင်းလွတ်တော့မည်ဟု ၎င်းက ပြောဆိုသွားသည်။
ပုံနှိပ်မီဒီယာများအတွက် အထူးရည်ရွယ်ထားသည့် ယင်းဥပဒေကြမ်းက ပြည်တွင်း စာနယ်ဇင်း သမားများနှင့် စာနယ်ဇင်း လောကအတွက် မည်မျှ အကာအကွယ် ပေးနိုင်မည်၊ မီဒီယာလွတ်လပ်ခွင့်အပေါ် မည်မျှ အကျိုးသက်ရောက်မှု ရှိနိုင်မည် ဆိုသည်ကို မေးခွန်း ထုတ်စရာ ရှိနေပါသည်။
စာစောင်များ၊ ဂျာနယ်များ၊ စာအုပ်များကို ဥပဒေတရပ်အပေါ် အခြေခံ၍ ဒီမိုကရေစီ နည်းလမ်းကျကျ လွတ်လပ်စွာ ထုတ်ဝေခွင့် ပြုမည်ဟုဆိုလျှင် ယင်းမီဒီယာ ဥပဒေသစ်ကို မကြိုဆိုနိုင်စရာ အကြောင်းမရှိပါ။
သို့သော် ထိုဥပဒေက မီဒီယာ လွတ်လပ်ခွင့်ကို ဦးမတည်ဘဲ တင်းကျပ်မှုများကို ဖြေလျှော့ပေးရုံသက်သက်၊ စာနယ်ဇင်း သမားများအား အကာအကွယ်မပေးဘဲ လိုသလို အရေးယူနိုင်ရန်သက်သက်ဟု ဆိုလျှင် အဓိပ္ပာယ် ရှိသည်ဟု မဆိုနိုင်ပေ။
လွှတ်တော် နှစ်ရပ်သို့ တင်သွင်းပြီး အတည်ပြုနိုင်ရန် ကြိုးစားမည်ဆိုသည့် မီဒီယာ ဥပဒေကြမ်းသည် ပုံနှိပ်မီဒီယာ အတွက်သာ ဖြစ်ပြီး ရုပ်သံနှင့် အွန်လိုင်းမီဒီယာများအတွက် မပါဝင်သည်က စိုးရိမ်စရာဖြစ်သည်။ ယင်းဥပဒေက မီဒီယာလောက တိုးတက်ရန် ရွယ်ရွယ်သည်ဟုဆိုပါက ရုပ်သံနှင့် အွန်လိုင်း မီဒီယာများအတွက်ပါ ထည့်သွင်းရေးသားသင့်သည်၊ မီဒီယာ သမားများအား အချိန်မရွေး ဖမ်းဆီးထောင်ချနိုင်သည့်၊ မရှိသင့်တော့သော အီလက်ထရွန်နစ် ဥပဒေကိုလည်း ဖြုတ်ပယ် သင့်သည်ဟု ဆိုချင်သည်။
မီဒီယာဆိုသည်မှာ တိုင်းပြည်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဆိုသည့် မဏ္ဍိုင် ၃ ရပ်ကို မယိုင်လဲရ လေအောင် ထောက်ပေးထားသည့် စတုတ္ထမြောက် မဏ္ဍိုင်တခု ဖြစ်သင့်သည်။ သို့သော်လည်း မြန်မာ့စာနယ်ဇင်း လောကသည် အာဏာရှင် ခေတ်အဆက်ဆက် အစိုးရများ၏ ဖိနှိပ်၊ စိစစ်မှု၊ မီဒီယာသမားများအား ဖမ်းဆီးထောင်ချမှုတို့ကြောင့် မဏ္ဍိုင် ၃ ရပ်ကို တည့်မတ်ပေးရာ မရောက်ဘဲ အညွန့်တုံး ခဲ့ရသည်။ မီဒီယာ၏ ညွှန်ပြမှု ကင်းဝေးခဲ့သောကြောင့် ကျန် မဏ္ဍိုင်များလည်း ယိုင်နဲ့ခဲ့သည်ဟု ဆိုလျှင် ငြင်းနိုင်မည် မဟုတ်ပေ။
ယခုအခါ အပြောင်းအလဲတချို့ စတင်လုပ်ဆောင် နေပြီဖြစ်သော သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်၌ စတုတ္ထမဏ္ဍိုင် ပြန်လည် ထူမတ်ခွင့်ရရေး၊ စတုတ္ထမဏ္ဍိုင် အားကောင်းလာစေရေး အတွက် စာနယ်ဇင်းသမားများက မျှော်လင့်နေကြသည်။
မီဒီယာ ဥပဒေကို ဆွေးနွေး အတည်ပြုကြမည့် လွှတ်တော် နှစ်ရပ်အတွင်းရှိ ကိုယ်စားလှယ်များ အကြားတွင် စတုတ္ထမဏ္ဍိုင်၏ ကြံ့ခိုင်ရေးကို လိုလားသူများရှိသကဲ့သို့ စတုတ္ထမဏ္ဍိုင် ပြန်လည် ကြံ့ခိုင်လာမည်ကို မလိုလားသူများလည်း ရှိနေနိုင်ပါသည်။
မည်သို့ဆိုစေ စတုတ္ထမဏ္ဍိုင်ကြံ့ခိုင်မှသာ ကျန် မဏ္ဍိုင် ၃ ရပ်လည်း ကြံ့ခိုင်မည်ဖြစ်၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေမည့် ခြစားမှု၊ တရားမမျှတမှု အစရှိသည့် ကိစ္စရပ်များမှ ကင်းဝေးမည်ကို ပြည်သူတရပ်လုံး၏ အရေးကိစ္စများအား တာဝန်ယူ ဆောင်ရွက်ပေးနေသည့် အစိုးရအဖွဲ့အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ အားလုံး သိသင့်သည်ဟု ယူဆသည်။
အပြောင်းအလဲနှင့် ဒီမိုကရေစီအရေး၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးကို အမှန်တကယ် လိုလားသူအားလုံး စတုတ္ထမဏ္ဍိုင် ကြံ့ခိုင်ရေးအတွက် ဝိုင်းဝန်းပံ့ပိုးကြစေလိုကြောင်း ဧရာဝတီအယ်ဒီတာ့အာဘော်မှ တိုက်တွန်းလိုက်ရပါသည်။