တနင်္သာရီတိုင်း ထားဝယ်ဒေသ စည်းရုံးရေးခရီးစဉ်သွားရောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ကို ထောင်နဲ့ချီတဲ့ကြိုဆိုထောက်ခံသူ ဒေသခံတွေကြားမှာ တွေ့ရ တဲ့မြင်ကွင်းတွေဟာ လုံခြုံရေး စိုးရိမ် စရာပါ။
တချို့နေရာတွေမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ လူပင်လယ်ကြီးအတွင်း နစ်မြုပ်နေသလား ထင်မှတ်ရလောက်အောင် ဒေသခံတွေက သောင်းသောင်းဖြဖြ ဝိုင်းဝန်း နှုတ်ဆက်နေကြတာကို တွေ့မြင်ရပါတယ်။
ဇန်နဝါရီ၂၉ ရက်က ဒေါ်အောင်ဆန်းစုကြည်ဟာ ထားဝယ်မြို့ အပါအဝင် မောင်းမကန်၊ လောင်းလုံ၊ ရေဖြူ အစရှိတဲ့ ဒေသတွေကို ဧပြီ ၁ ရက်ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် ပထမဆုံး နိုင်ငံရေးစည်းရုံးလှုပ်ရှားမှုခရီးစဉ်အဖြစ် သွားရောက်ခဲ့ရာမှာ ဒေ သခံ လူထုက လမ်းမတွေပေါ် ထွက်ပြီး ဆိုင်းဘုတ်တွေကိုင် ကြွေးကြော် ဆုတောင်းရင်း ကြိုဆိုကြတာပါ။
လူထုနဲ့ အခုလိုထိတွေ့ရတာကို ဒေါ်အောင်ဆန်းစုကြည်ကလည်း ပျော်ရွှင်နေပုံ ရပါတယ်။ သူ့မျက်နှာဟာ ကြည်လင်လန်းဆန်း နေ တာကို တွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေး ခရီးစဉ်တွေ ဆက်ထွက်ဖို့ ရှိနေပါသေးတယ်။ မန္တလေးနဲ့ ဧရာဝတီ တိုင်းတွေကို သွားမယ့် အစီအစဉ်တွေလည်း ကြားရပါတယ်။
ဇန်နဝါရီ ၃၁ ရက်ကလည်း မကွေးတိုင်း ပခုက္ကူမြို့မှာ ဗြိတိန်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးမှု အကူအညီပေးရေး ဆိုင်ရာဌာန(DFID)ရဲ့ အကူအညီနဲ့ လုပ်ကိုင်နေတဲ့ လူမှုရေးလုပ်ငန်းတွေကို သွားရောက်လေ့လာတဲ့ ခရီးစဉ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံ တွေက တခဲနက်ကြိုဆိုခဲ့ကြတာကို တွေ့ရှိရတယ်။ အဲဒီ ခရီးစဉ်ဟာ နိုင်ငံရေး ခရီးစဉ် မဟုတ်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးနောက် ၂၀၁၁ ဇူလိုင် လဆန်းက မိသားစု ခရီးစဉ်အဖြစ် သားဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ်အဲရစ္စ နဲ့ ၄ ရက်ကြာ ပုဂံ ဒေသ ခရီးစဉ်၊ သြဂုတ်လလယ် က ပဲခူးမြို့ အောင်ဆန်းဂျာမွန်း စာ
ကြည့်တိုက်ဖွင့်ပွဲ ခရီးစဉ်တွေကို သွားရောက်ရာမှာလည်း ဒေသခံအများအပြားက တရင်းတနှီးကြိုဆိုနှုတ်ဆက် ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်တွေမှာ NLD အဖွဲ့ဝင်တွေအပါအဝင် ရဲတပ်ဖွဲ့နဲ့ ယာဉ်ထိန်းတပ်ဖွဲ့ဝင် တချို့က လုံခြုံရေး ယူပေး တာကိုတော့ တွေ့ရပါတယ်။
ဒါပေမယ့် လူအများကြား ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်တဲ့ လုံခြုံရေး အခြေအနေကို မတွေ့ရှိရပါဘူး။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေး အန္တရာယ်ကို စိုးရိမ်မိပါတယ်။
၂၀၁၀ နိုဝင်ဘာ နေအိမ်အကျယ်ချုပ်က မလွတ်မြောက်မီ ရှေ့ပိုင်း ကာလတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို အသက်အန္တရာယ်ပေးဖို့ အထိ အဆိုးဆုံး နှောင့်ယှက် တိုက်ခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။
အထူးသဖြင့် ၁၉၉၀ ရွေးကောက်ပွဲအတွက် ၁၉၈၉ ခုနှစ် ဧပြီလက သွားရောက်တဲ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွေအတွင်း ဧရာဝတီ တိုင်း ခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာတဲ့အထိ အစိုးရ စစ်တပ်ရဲ့ဟန့်တား နှောင့်ယှက် မှုနဲ့ ကြုံခဲ့ရပါတယ်။
၁၉၈၉ ခုနှစ် ဧပြီ ၅ ရက်နေ့က အဖျောက်၊ ဆကာကြီးနဲ့ လက်ပန်ပင် ကျေးရွာတွေဘက်က အပြန် ဓနုဖြူ ဆိပ်ကမ်းကို ညနေ ၆ နာရီလောက် ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ကို ဗိုလ်ကြီးမြင့်ဦး ဆိုသူနဲ့ ရဲဘော် ၆ ဦးက သေနတ်နဲ့ ပစ်ခတ် ဖို့ အသင့် အနေအထားနဲ့ အမိန့်ပေး ဟန့်တားခဲ့တယ်။ အဲဒီလို ဖြစ်နေစဉ် ဗိုလ်မှူး နှစ်ဦး ရောက်လာပြီး တားမြစ် ခဲ့လို့ ပစ်ခတ်မှု အဆင့် အထိ မရောက်ခဲ့ပါဘူး။
ဒီ ဖြစ်ရပ်ဟာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့(နဝတ) စစ်အစိုးရလက်ထက် ဧရာဝတီတိုင်းမှာ ဗိုလ်မှူးချုပ် မြင့်အောင် တိုင်မှူး တာဝန်ယူစဉ် ကာလက ဖြစ်ပွားတာ ဆိုတဲ့ မှတ်တမ်းတွေလည်း ရှိခဲ့ပါတယ်။ ဗိုလ်မှူးချုပ် မြင့်အောင် ဟာ နောင်မှာ ဒု ဗိုလ်ချုပ်ကြီး အဆင့်နဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီး ဖြစ်လာသူပါ။
အဲဒီနောက် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက် စစ်ကိုင်းတိုင်း ဒီပဲယင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည် နဲ့ အဖွဲ့ အင်အား ၁၀၀ ကျော်ကို လူအင်အား ၅၀၀၀ လောက်က တုတ်၊ ဓား လက်နက်တွေနဲ့ ဝိုင်းဝန်းရိုက်နှက် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့လို့ ဒဏ်ရာရ သေ ဆုံးသူတွေ ရှိခဲ့ပါသေးတယ်။
ဒီပဲယင်း တိုက်ခိုက်မှုကို အာဏာပိုင်တွေအပါအဝင် ဒေသဆိုင်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး(ကြံ့ဖွံ့)အဖွဲ့ဝင်တွေနဲ့ အခကြေးငွေပေး ငှားထားသူတွွေ က ပူးပေါင်းလုပ်ကြံတာလို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေရဲ့ ထွက်ဆိုချက်တွေ၊ ဓာတ်ပုံနဲ့ မှတ် တမ်းတွေ ထွက်ရှိခဲ့ပေမယ့်လည်း တိုက်ခိုက်ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး အပါအဝင် NLD အဖွဲ့ဝင် ၆၀ ကျော်ကိုသာ အာဏာပိုင်တွေက ဖမ်းဆီး အရေးယူခဲ့တယ်။
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(နအဖ) စစ်အစိုးရ လက်ထက် ဒီပဲယင်းတိုက်ခိုက်မှုကို အစိုးရထိပ်ပိုင်းခေါင်း ဆောင်တွေဖြစ်တဲ့ အရင် ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး စိုးဝင်း(ကွယ်လွန်)နဲ့ အခုအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ခေါင်း ဆောင် တဦးဖြစ်ပြီး ကြံ့ဖွံ့ပါတီရဲ့အတွင်းရေးမှူး တဦးဖြစ်သူ ဦးအောင်သောင်းတို့က ဦးဆောင်စီစဉ်ခဲ့တာလို့ သတင်းတွေလည်း ထွက်ပေါ်ခဲ့တယ်။
“အစိုးရ အာဏာပိုင်တွေက ပူးပေါင်း ကြံစည်ဆောင်ရွက်တာမျိုး မဟုတ်ရင် ဒီပဲယင်း ဖြစ်ရပ် ဖြစ်ပွားနိုင်စရာ မရှိဘူး ဆိုတဲ့ အချက် ကို သုံးသပ်နိုင်ဖို့ ခိုင်လုံတဲ့အကြောင်း အထောက်အထား သက်သေခံချက် ရှိနေပြီလို့ ကျနော် ပြောနိုင်တယ်”လို့ အရင် မြန်မာနိုင်ငံ ဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ပေါ်လိုဆာဂျီယို ပီညဲရိုး ကလည်း ပြောဆိုထားပါတယ်။
အဲဒီလို တိုက်ခိုက် နှောင့်ယှက်မှုတွေနဲ့ ပတ်သက်ပြီး နဝတ ၊ နအဖ စစ်အစိုးရ က ထိရောက်တဲ့ စုံစမ်းစစ်ဆေး အရေးအယူမှု လုပ် တာကို မတွေ့ရှိရပါဘူး။
လက်ရှိ ဦးသိန်းစိန် အစိုးရ အဖွဲ့မှာလည်း နဝတ ၊ နအဖ စစ်အစိုးရ လက်ထက်က ထိပ်ပိုင်းခေါင်းဆောင်တွေ ဆက်လက်ပါဝင်နေ ဆဲဖြစ်ပြီး ကြံ့ဖွံ့အဖွဲ့ကို နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲထားတဲ့ ကြံ့ဖွံ့ပါတီကလည်း အနိုင်ရအစိုးရအဖွဲ့ပါတီ အနေနဲ့ ရပ်တည်နေပါ တယ်။ အဲဒီအပြင် အာဏာပိုင်တွေရဲ့ကျောထောက်နောက်ခံနဲ့ ဖွဲ့စည်းလှုပ်ရှားနေတဲ့ စွမ်းအားရှင် ဆိုသူတွေကလည်း ရှိနေပါသေး တယ်။
ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD အနေနဲ့ လစ်လပ်နေရာ ၄၈ နေရာစလုံး ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ကြေညာထားပါတယ်။ ဒါကြောင့် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟာ စည်းရုံးရေး ခရီးစဉ်တွေ ဆက်လက် ထွက်ရဦးမှာဖြစ်လို့ ဒီမိုး ဒီလေ ဒီလို လူမျိုး တွေနဲ့ ကြုံရဖွယ် ရှိနိုင်သေးတဲ့အတွက် လုံခြုံရေး အထူးဂရုစိုက်ဖို့ သတိပေး ပြောဆိုလိုက်ရပါတယ်။ ။