နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဇေယျာသော်ဟာ မြန်မာနိုင်ငံမှာ ဟစ်ဟော့ပ်တေးဂီတကို လူငယ်တွေနဲ့ စတင်မိတ်ဆက်ပေးခဲ့တဲ့ အက်ဆစ် (ACID) အဖွဲ့ဝင်တဦးလည်းဖြစ်၊ Generation Wave (GW) ဆိုတဲ့ လူငယ် နိုင်ငံရေး Underground အဖွဲ့ကိုပါ စတင်တည်ထောင်ခဲ့သူတဦးပါ။ ကိုဇေယျာသော်ဟာ လာမယ့် ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားလှယ်အနေနဲ့ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ကနေ ဝင်ရောက် ယှဉ်ပြိုင်မှာပါ။ ကိုဇေယျာသော်ရဲ့ နိုင်ငံရေးသမားတယောက်အနေနဲ့ ခံယူချက်၊ သူလုပ်ဆောင်ချင်တဲ့ အနာဂတ်တွေကို ဧရာဝတီသတင်းထောက် မစပ်စုက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘယ်လိုတွန်းအားတွေကြောင့် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီရဲ့ ကိုယ်စားလှယ်တဦးအနေနဲ့ ဝင်ရောက်ဖြစ်တာပါလဲ။
ဖြေ ။ ။ ကျနော့်အနေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူဆိုတဲ့ ပုံစံကနေ နိုင်ငံရေးသမားအဖြစ် ကူးပြောင်းဖို့ဆိုတာ အစောကြီးကတည်းက အစီအစဉ်ရှိပါတယ်။ ဒါပေမယ့် ကျနော် အကျဉ်းထောင်ထဲက ပြန်လွတ်လွတ်လာချင်းမှာ ပါတီမဝင်ဖြစ်သေးတာကတော့ ပါတီဝင်တွေသာ ပါတီကို ဝန်းရံကြတယ်၊ ပါတီဝင် မဟုတ်သူတွေကလည်း ပါတီကို ဝန်းရံလို့ရတယ်ဆိုတဲ့အသိကို အားလုံးရဲ့ ကြားထဲမှာ ပျံ့ပျံ့နှံ့နှံ့ရှိအောင် ကျနော် အဲဒီအသွင် သဏ္ဍန်လေးကို ဆောင်ဖြစ်တဲ့အတွက်ကြောင့် ပါတီမဝင်ဖြစ်သေးတာပါ။ NLD ပါတီပြန်ပြီး မှတ်ပုံတင်တဲ့ အချိန်ကနေ စပြီးတော့ မှတ်ပုံတင်ဖို့ ဆုံးဖြတ်ကတည်းကိုက ကျနော်တို့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ကျနော့ကို ပါတီဝင်ဖို့အတွက် ဖိတ်ခေါ်ခဲ့ပါတယ်။ ကျနော်ကိုယ်တိုင်ကလည်း အစောကြီးကတည်းကိုက နိုင်ငံရေးသမား တယောက်အဖြစ် ရပ်တည်ဖို့ အစီအစဉ်ရှိပြီးသားဖြစ်လို့ ပါတီဝင်ဖြစ်ခဲ့တာပါ။ ရွေးကောက်ပွဲဝင်ဖြစ်တယ်ဆိုတဲ့ အကြောင်းကတော့ နိုင်ငံရေးသမားတယောက်အဖြစ်နဲ့ ရပ်တည်မယ်ဆိုရင် ရွေးကောက်ပွဲ ဆိုတာကလည်း ဖြတ်ကို ဖြတ်သန်းရမယ့် အရာတခုပါပဲ။ အဲဒါကြောင့်မို့ ကျနော့်အနေနဲ့ ဒီတိုင်းပြည်မှာရှိတဲ့ ပြည်သူပြည်သားတွေရဲ့ ကောင်းကျိုးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ဆောင်ရွက်ချင်တဲ့အတွက်ကြောင့် ဗဟိုကော်မတီကနေ ဆုံးဖြတ်လိုက်တဲ့၊ ကမ်းလှမ်းလိုက်တဲ့ ရွေးကောက်ပွဲဝင်ဖို့အတွက်ကို လက်ခံခဲ့တာပါဗျ။
မေး ။ ။ နေပြည်တော်လိုနေရာမျိုး၊ ကြံ့ခိုင်ရေးပါတီဝင်တွေအများဆုံး ကြီးစိုးတဲ့နေရာမျိုးကနေ ဝင်ပြိုင်မှာဆိုတော့ ကိုဇေယျာသော်အနေနဲ့ ဘယ်လိုခွန်အားတွေနဲ့ ပြင်ဆင်မှုတွေ အဓိကထားလုပ်ဆောင်ထားပါသလဲ။
ဖြေ ။ ။ ရွေးကောက်ပွဲတခုကို ဝင်ရောက်ယှဉ်ပြိုင်မယ် ဆိုကတည်းကိုက ဘယ်လိုနေရာမျိုးမှာပဲ ဖြစ်နေပါစေ ဝင်ရောက်ယှဉ်ပြိုင်ရမှာပဲလေ။ မိမိဝင်ရောက်ယှဉ်ပြိုင်မယ့်ပါတီ အားကြီးတဲ့နေရာလည်း ဖြစ်နိုင်တယ်။ အားနည်းတဲ့ နေရာလည်း ဖြစ်နိုင်တယ်။ ဘယ်လိုနေရာမျိုးပဲ ဖြစ်နေပါစေ၊ မိမိကိုယ်ကိုယ်မိမိ ယုံကြည်မှု ရှိတယ်ဆိုရင်တော့ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက်ကတော့ ခွန်အားတွေက ရှိပြီးသားပါပဲ။ နောက်တချက်အနေနဲ့ ကျနော် ပြောချင်တာကတော့ ဒီ ပုဗ္ဗသီရိမြို့နယ်မှာ နေထိုင်တယ်ဆိုတဲ့ ပြည်သူတွေအနေနဲ့က ပြည်သူ့ဝန်ထမ်းတွေလည်း ပါနိုင်ပါတယ်။ တပ်မတော်သားတွေလည်း ပါနိုင်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေလည်း ပါနိုင်ပါတယ်။ ဒါပေမယ့် သူတို့တွေ အားလုံးကလည်း ဒီနယ်မြေမှာ နေထိုင်တဲ့ ပြည်သူပြည်သားတွေဖြစ်လို့ ကျနော်တို့တွေ အားလုံးမှာ တူညီတဲ့ မျှော်လင့်ချက်တွေ၊ တူညီတဲ့ဆန္ဒတွေ တူညီတဲ့သဘောထားနဲ့ အိပ်မက်တွေရှိမယ်လို့ ကျနော်ယုံကြည်ပါတယ်ဗျ။
မေး ။ ။ ကိုဇေယျာသော် အနေနဲ့ရော အခု ကြားဖြတ်ရွေးကောက်ပွဲကို ဘယ်လောက်အထိ ယုံကြည်ထားပါသလဲ။
ဖြေ ။ ။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌဖြစ်တဲ့ ဦးတင်အေးကလည်း ပြောခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာ၊ သူ့ရဲ့ ဂုဏ်သိက္ခာ အရာအားလုံးအရ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကြိုးစားမယ်လို့ သူကိုယ်တိုင်လည်း ကတိကဝတ်ပြုခဲ့တယ်ဗျ။ အဲဒီလိုမျိုးပဲ ကမ္ဘာအရပ်ရပ်ကလည်း ဒီရွေးကောက်ပွဲဟာ စစ်မှန်ပြီး လွတ်လပ်မျှတဖို့ ဝိုင်းဝန်းတောင်းဆိုနေကြသလို လေ့လာစောင့်ကြည့်နေကြတယ်။ ဝင်ရောက်ယှဉ်ပြိုင်မယ့် NLD ပါတီ အပါအဝင် တခြားသော ပါတီတွေအားလုံးကလည်း လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတခုဖြစ်ဖို့ ဝိုင်းဝန်းတောင်း ဆိုနေကြတယ်။ အဲ့ဒီတော့ ဘက်ပေါင်းစုံ ထောင့်ပေါင်းစုံကနေပြီး မျှတတဲ့ ရွေးကောက်ပွဲတခုဖြစ်အောင် ဝိုင်းဝန်းကြိုးစားနေကြတယ်လို့ပဲ ပြောပါရစေခင်ဗျ။
မေး ။ ။ ကိုဇေယျာသော်က အနုပညာသမားလည်း ဖြစ်တယ်ဆိုတော့ နိုင်ငံရေးနဲ့ အနုပညာ ဆက်စပ်ပတ်သက်မှုကို ဘယ်လို မြင်ပါသလဲ။ ကိုဇေယျာသော် သဘောထားကို သိချင်ပါတယ်။
ဖြေ ။ ။ ကျနော့်အနေနဲ့ အနုပညာသမားတယောက် ဖြစ်တဲ့အတွက်ကြောင့်မို့လို့ပဲ နိုင်ငံရေးနဲ့ ပါဝင်ပတ်သက် ဖြစ်သွားတာပါ။ ကျနော်ဟာ အနုပညာသမားဖြစ်တဲ့အတွက်ကြောင့် မြန်မာပြည်အနှံ့အပြားမှာ သွားရောက်ပြီး သီချင်းသွားဆိုရတာမျိုးတွေ၊ ဖျော်ဖြေရေးသွားရတာမျိုးတွေ ဒါမျိုးတွေ သွားဖြစ်ပါတယ်။ အဲဒီလို သွားဖြစ်တဲ့ အချိန်တွေမှာ ကျနော်သွားဖြစ်တဲ့ နေရာတွေမှာ ရှိနေတဲ့ ပရိသတ်တဖြစ်လဲ ပြည်သူလူထုရဲ့ခံစားချက်တွေ သူတို့ရဲ့ မျှော်လင့် တောင့်တချက်တွေ၊ ဒီဟာတွေဟာ ကျနော့ရင်ထဲကို ကူးစက်လာရာကနေမှတဆင့် နိုင်ငံရေးထဲကို ထဲထဲဝင်ဝင် စိတ်ပါဝင်စားလာတယ်လို့ ပြောလို့ရပါတယ်ခင်ဗျ။
မေး ။ ။ အနုပညာသမားတယောက်ရဲ့ နောက်မှာ သူရဲ့အနုပညာကို နှစ်ခြိုက်မယ့် အားပေးမယ့် အမာခံ ပရိသတ်တွေရှိမယ်ပေါ့။ အဲဒီတော့ အနုပညာသမားတယောက်ဟာ နိုင်ငံရေးလုပ်မယ်ဆိုရင် ပိုကောင်းမယ်လို့ မြင်မိပါလား။
ဖြေ ။ ။ အနုပညာသမားပဲဖြစ်ဖြစ်၊ အနုပညာသမားလို့ ပြောလိုက်ရင်တော့ အားလုံးပါသွားတာပေါ့ဗျာ။ ရုပ်ရှင်၊ သဘင်၊ ဂီတ၊ စာနယ်ဇင်း အားလုံးပေါ့ဗျာ။ အနုပညာသမားပဲဖြစ်ဖြစ်၊ ဘယ်လိုလူစားပဲ ဖြစ်ဖြစ်ပေါ့ဗျာ၊ နိုင်ငံရေး သမားတယောက်အနေနဲ့ လုပ်မယ်ဆိုရင်တော့ ပြည်သူအပေါ်ကို ဘယ်လောက်အကျိုးရှိအောင် လုပ်ပေးနိုင်မလဲဆိုတဲ့ စံပေတံနဲ့ပဲ တိုင်းတာရမှာပဲဗျ။ ယေဘုယျအနေနဲ့ကတော့ လူသိများထင်ရှားရင် ထင်ရှား နိုင်တယ်။ ဒါပေမယ့် ပြည်သူတွေအပေါ်ကို အမှန်တကယ် အကျိုးရှိအောင် မလုပ်နိုင်ဘူးဆိုရင်တော့ ဘယ်လို လူမျိုးပဲဖြစ်နေပါစေ ရေရှည်မှာရပ်တည်ဖို့ လွယ်ကူမယ် မထင်ပါဘူးခင်ဗျ။
မေး ။ ။ အခု ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ကိုယ်စားလှယ်တဦးအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့်အပေါ် အမျိုးမျိုး ဝေဖန်ပြောဆိုနေကြတာတွေနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသေးလဲ။
ဖြေ ။ ။ ဒီမိုကရေစီရဲ့ အနှစ်သာရလို့ပဲပြောပါရစေဗျ။ ဘာလို့လဲဆိုတော့ လူတွေအားလုံးဟာ အတွေးအခေါ် အယူအဆကအစ အရာအားလုံးတူညီရမယ်ဆိုတာက ဟိုးအရင် ခေတ်တခေတ်တုန်းကသာ ရှိခဲ့တာပါ။ အခုလိုမျိုး မတူညီတဲ့ အယူအဆတွေကို ဖော်ထုတ်လာတယ် ဆိုကတည်းကိုက ကျနော်တို့ ဝမ်းသာကြိုဆိုရမယ့် အချက်လို့ပဲ ပြောပါရစေ။
မေး ။ ။ ကိုဇေယျာသော်အနေနဲ့ လွှတ်တော်ထဲကို ရောက်ခဲ့ပြီဆိုရင် အနုပညာသမားတယောက် အနေနဲ့ရော၊ လူငယ် တယောက်အနေနဲ့ပါ အနုပညာသမားတွေ၊ လူငယ်တွေ၊ ပြည်သူတွေအတွက် ဘာတွေလုပ်ပေးဖို့ မျှော်မှန်းထားပါသလဲ။
ဖြေ ။ ။ ကျနော်ဟာ လူငယ်တယောက်ဖြစ်တဲ့ အတွက်ကြောင့်မို့ ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ် အစရှိသဖြင့် မတည်နိုင်တဲ့ ကတိစကားတွေကိုတော့ အခုချိန်မှာ မပေးနိုင်ပါဘူး။ ကျနော့်အနေနဲ့ ပြည်သူပြည်သားတွေ အပေါ်မှာ အကျိုးရှိမယ့်အရာတွေကို NLD ပါတီနဲ့ လက်တွဲပြီး ဆောင်ရွက်သွားမယ်လို့ပဲ ပြောပါရစေ။ အဲဒီနေရာမှာ ကျနော်နောက်တခု ထပ်ဖြည့်ပြီး ပြောချင်ပါတယ်။ အနုပညာသမားဆိုပြီးတော့ သီးသန့်ဖယ်ထုတ်လိုက်တယ်ဆိုရင် ဒီဟာက ပြည်သူပြည်သားတွေထဲကမှ အခြားအခြားသော လူတန်းစားတရပ်လိုပဲ ဖြစ်သွားပါလိမ့်မယ်။ အနုပညာသမားပဲဖြစ်ဖြစ်၊ ပြည်သူ့ဝန်ထမ်းပဲဖြစ်ဖြစ်၊ တပ်မတော်သားပဲဖြစ်ဖြစ် အားလုံးဟာ ပြည်သူထဲကပဲ ပေါက်ဖွားလာတာပါ။ ကျနော့်အနေနဲ့ လူတန်းစားတရပ်ကို ဦးတည်ပြီး ထားတာထက်စာရင် ပြည်သူ တရပ်လုံးရဲ့ အကျိုးကိုပိုပြီးတော့ ဖြည့်ဆည်းပေးချင်ပါတယ်ခင်ဗျ။