မြန်မာအစိုးရ၏ ပြန်ကြားရေးဝန်ကြီးဌာနမှ ဦးစီးပြီး မီဒီယာ ဥပဒေ တရပ် ပေါ်ထွက်ရေးကို ကြိုးစားလျှက်ရှိကြောင်း သိရသည်။ ယခုအချိန်တွင် ယခင် နအဖ အစိုးရလက်ထက်ထက် မီဒီယာ တင်းကျပ်မှုများကို ဖြေလျှော့ ပေးနေသည်၊ စိစစ်တင်းကျပ်မှုများ နည်းပါးသွားသည်ဟု ဆိုရမည်။ ထို့ကြောင့် လာမည့် အနာဂတ် မြန်မာ မီဒီယာလောက ဖြစ်နိုင်ခြေ၊ ပြည်ပ အခြေစိုက် မီဒီယာ များအပေါ် လက်ရှိ ပြန်ကြားရေး ဝန်ကြီး ဌာန၏ သဘောထား စသည်တို့နှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အား ဧရာဝတီမဂ္ဂဇင်းမှ တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ အခုဆိုရင် မီဒီယာ ဥပဒေတခု ပေါ်ထွက်လာအောင် ဦးရဲထွဋ်တို့ဘက်က ကြိုးစားနေပြီ ဆိုတော့ ဒီဟာ ပေါ်ပေါက် လာဖို့ ဘယ်အချိန်ကတည်းက စီစဉ်ခဲ့တာလဲ၊ ဘာတွေကို ဘယ်လို ဆက်ထိန်းချုပ်သွားမလဲ။
ဖြေ။ ။ တကယ်တော့ ကျနော်တို့ ဒီ မီဒီယာဥပဒေနဲ့ ပတ်သက်လို့ စတာ ၂၀၀၈ ကတည်းကပဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုလိုက်တဲ့ အချိန်၊ နိုင်ငံသားတိုင်းရဲ့ မူလအခွင့်အရေးနဲ့ တာဝန်များ ဆိုတဲ့အခန်းမှာ ကြည့်လိုက်ရင် စာပေစိစစ်ရေး ဆိုတာ လုံးဝ ရှိလို့ မရတော့ဘူး၊ သူက ဥပဒေနဲ့ အညီ လွတ်လပ်စွာ ရေးသားခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်၊ စည်းရုံးဖွဲ့စည်းခွင့် ရှိရမယ် ဆိုတာပါပြီးသား။ အဲဒီမှာကတည်းက ဥပဒေထွက်လာဖို့အတွက် ဘာတွေလုပ်မလဲ ဆိုတာကို ကျနော်တို့ စဉ်းစားတယ်။ အဲဒီအတွက် ကျနော်တို့ ဘယ်ကနေ အကူအညီယူသလဲ၊ အကူအညီရသလဲ ဆိုတော့ ဂျာမနီက ဖောင်ဒေးရှင်းတခုက အကူအညီပေးတယ်၊ နောက် စင်ကာပူက အဖွဲ့တွေနဲ့ ပေါင်းပြီး ဒီက ဒုတိယ ညွှန်ကြားရေးမှူး ဦးတင့်ဆွေတို့ကို လွှတ်တယ်။ အလုပ်ရုံ ဆွေးနွေးပွဲတွေ လုပ်တယ်။ အဲဒီမှာ အနောက်နိုင်ငံတွေမှာ ဘယ်လိုရှိတယ်၊ အာဆီယံတွေမှာ ဘယ်လိုရှိတယ် ဆိုတာကနေစပြီး မြန်မာပြည်မှာဆို ဘယ်လိုလုပ်သင့်တယ် ဆိုတာနဲ့ ကျနော်တို့ စခဲ့တယ်။
နောက်တခုကတော့ အဲဒီဘက်ကို မသွားနိုင်ခင်မှာ ၁၉၆၂ ဥပဒေထဲကပဲ မီဒီယာလွတ်လပ်ခွင့်ကို လူတွေကို ဖြည်းဖြည်းချင်း သိအောင်၊ အလေ့အကျင့် ဘယ်လို လုပ်ပေးမလဲလို့ စဉ်းစားတယ်။ ကျနော်တို့ လုပ်တာ ၂ ခုပေါ့။ တခုက ကျနော်တို့လူတွေ သွားလေ့လာတယ်၊ နောက်တခု ကတော့ ၆၂ ဥပဒေထဲကနေပဲ လွတ်လပ်ခွင့်ကို ဆွဲထုတ်ပြီး လူတွေကို ကျင့်ပေးတယ်။ ဝန်ကြီးက ဘာပြောလဲ ဆိုတော့ ၆၂ ခုနှစ် ဥပဒေထဲကပဲ ဝန်ကြီးကိုပေးထားတာထဲကနေ ဖြေလျှော့ပေးနိုင်တာတွေ ရှိတယ်။ အဲဒါကို လုပ်မယ်ပေါ့။ ဒါကြောင့် ၂၀၀၈ မှာ စပြီး အပြုသဘောဆန်တဲ့ ဝေဖန်မှုတွေကို ဖြည်းဖြည်းချင်း ခွင့်ပြုပြီ ဆိုတဲ့သဘော ပြောခဲ့တယ်။ အဲဒီတုန်းက ဂျာနယ်တွေ ခင်ဗျားတို့လည်း တွေ့မှာပါ။ ဖြည်းဖြည်းချင်း ပေးလာခဲ့တာ။
တဘက်မှာလည်း ဂျာနယ်ထုတ်ခွင့်တွေလည်း ပိုပြီး ချထားပေးခဲ့တယ်။ သဘောကတော့ တိကျတဲ့ အလေ့အကျင့်တွေ မလုပ်ပေးနိုင်ခင်မှာ ဂျာနယ်တွေကို ဒီအလေ့အကျင့် ရစေချင်တဲ့ သဘောပေါ့။ New Generation တွေက ဒီအလေ့အကျင့် တွေ ရပြီး ဒါတွေကို ဖြည်းဖြည်းချင်း ကျင့်သုံးနိုင်ဖို့ ရည်ရွယ်တာပါ။ နောက်ပိုင်း အစိုးရသစ်ပေါ်လာမယ်၊ မီဒီယာ ဥပဒေ ထွက်ပေါ်လာမယ် ဆိုရင် ဘာပဲပြောပြော ကျနော်တို့ဆီမှာ Formal Training တွေ မရှိခဲ့ရင်တောင်မှ ဟာမိုနီ ဖြစ်ဖြစ်နဲ့ သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပြီး လုပ်တာပါ။
နောက်တခုကတော့ တတ်နိုင်သမျှ ဝန်ကြီး ဌာနတွေကို သတင်းတွေ ထုတ်ပေးကြပါ၊ ဂျာနယ်တွေနဲ့ ရင်းရင်းနှီးနှီးရှိကြပါ ဆိုတာမျိုးတွေပေါ့။ ဒါကတော့ အရင်အစိုးရ လက်ထက်က အတတ်နိုင်ဆုံး ကြိုးစားခဲ့တာတွေပဲ။
ဒီဘက် အစိုးရသစ် လက်ထက်မှာတော့ အခြေခံဥပဒေက အသက်ဝင်ပြီ၊ သမ္မတကြီးကလည်း သူ့ရဲ့ ပထမဆုံး မိန့်ခွန်းမှာပဲ Democratic Society မှာ မီဒီယာ လွတ်လပ်ခွင့် မရှိလို့ မရဘူးဆိုပြီး ပြောခဲ့တယ် ဆိုကတည်းက ကျနော်တို့ ဒီကိစ္စကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ လုပ်ကြတာပါ။
အခု လွှတ်ပေးလိုက်ပြီ ဆိုရင် ရေးကြတော့မှာ။ အရင်က စာပေစိစစ်ရေးက ထိန်းခဲ့တယ်။ တချို့ အနုပညာရှင်တွေဆို မူးယစ်ဆေးကြောင့် ပြဿနာတက်တာတွေ၊ သေဆုံးတာတွေ ရှိတယ်။ အဲဒါတွေကို အရင်က ရေးခွင့်မပေးခဲ့ဘူး။ ဒါက တဘက်လူကို ကာကွယ် ချင်တာကော၊ နောက်တခုက အသရေဖျက်မှုနဲ့ ပတ်သက်ပြီး ကျနော်တို့ဆီမှာ ဂျာနယ်လစ်တွေက နားမလည်တာတွေရှိတယ်။ ဘယ်ဟာက အသရေဖျက်မှုမြောက်တယ် ဆိုတာက အစ ကျနော်တို့ဆီမှာ မသိကြဘူး။ ဒါကြောင့် ကျနော်တို့ရှာနေတာက တရားရုံးမသွား ဘဲနဲ့ ကြားမှာ ဖြေရှင်းပေးနိုင်တဲ့ Mechanism တခုကို ကျနော်တို့ ရှာနေတယ်။ ဥပမာ အနုပညာရှင် တယောက်က သူ့ကို အသရေ ဖျက်တယ်လို့ ယူဆပြီး တရားစွဲချင်တယ်ဆိုရင် ကျနော်တို့က ကြားထဲက ခေါ်ညှိပေးတာမျိုး လုပ်ပေးချင်တယ်။ စာနယ်ဇင်းသမားလည်းလာ ညှိကြ ဆိုတာမျိုး လုပ်ပေးချင်တယ်။
မေး။ ။ အခု စီစဉ်ထားတဲ့ မီဒီယာဥပဒေထဲမှာ အခန်း ၁၀ ခန်းပါတာတွေ့ရတယ်။ အဲဒီထဲမှာ စာနယ်ဇင်းသမားတွေရဲ့ ရပိုင်ခွင့် ဆိုတာလည်းပါတယ်။ အိမ်နီးချင်းနိုင်ငံတွေကိုလည်း လေ့လာထားတယ်ဆိုတော့ ဒီမီဒီယာလောကနေ ကျနော်တို့ ဘာတွေများ မျှော်လင့်လို့ရမလဲ။
ဖြေ။ ။ ဘာမျှော်လင့်သလဲ ဆိုတော့ ပထမဆုံး အားလုံး မျှော်လင့်နေတဲ့ စာပေစိစစ်ရေး ဆိုတာကြီး မရှိတော့ဘူး။ စာပေစိစစ်ရေးသည် စောင့်ကြည့်တဲ့ အဖွဲ့ပဲ ဖြစ်တော့မယ်။ စောင့်ကြည့်မယ်၊ မူပိုင်ခွင့်နဲ့ ပတ်သက်တဲ့ ပြဿနာတွေ ဖြစ်လာရင် ဖြေရင်းပေးမယ်။ ဆိုလိုတာက စာစောင်တစောင်၊ စာအုပ်တအုပ် ထုတ်လိုက်ရင် ကျနော်တို့ဆီကို သတ်မှတ် ထားတဲ့ စောင်ရေ ပို့ပေးရမယ်။ ကျနော်တို့ဆီကနေမှ တဆင့် ဟိုဘက်မှာလုပ်နေတဲ့ National Library Law ဆိုတာရှိတယ်။ အဲဒီထဲမှာက အမျိုးသားစာကြည့်တိုက်တို့၊ တက္ကသိုလ် စာကြည့်တိုက်တို့၊ မှော်ကွန်းတိုက်တို့ကို သွားမယ်၊ တချို့က ကျနော်တို့ ဆီမှာ ကျန်ခဲ့မယ်။ ကျနော်တို့က တနှစ်တာ ထုတ်ခဲ့တဲ့စာအုပ်စာရင်းကို ပြုစုမယ်။ ဒါက အခုလည်း လုပ်နေပါတယ်။ နောက်ကို ပိုပြီး စနစ်တကျ လုပ်မယ်ပေါ့။ စာရင်းလုပ်ပြီး ထုတ်မယ်။ ဘယ်စာမူကို ဘယ်သူကရေးတယ် ဆိုတာ အတိအကျ ပြုစုမယ်။ နောင်တချိန်မှာ ဘယ်သူ့ဟာကို ဘယ်သူက ကူးချပါတယ် ဆိုတာမျိုး ဖြစ်လာရင် ကျနော်တို့က ဒါနဲ့ ရှင်းမယ်။
သူ့ရဲ့ နောက်တာဝန် တခုကတော့ အင်္ဂလန်မှာရှိတဲ့ Press Complaints Commission ဆိုတာကို ကျနော်တို့ အတုယူ ထားတယ်။ အဲဒီမှာက ဒီစာမူသည် တစုံတယောက်ကို ထိခိုက်တယ်၊ တရားစွဲချင်တယ် ဆိုရင် ကျနော်တို့ ပထမဆုံး အဲဒီကော်မတီက ညှိပေးမယ်၊ ဒါကြောင့်မို့လို့ ဒီကော်မတီ နာမည်ကိုတောင် စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် ကျင့်ဝတ်မြှင့်တင်ရေး ကော်မတီ ဆိုပြီး သုံးထားတယ်။ ဆိုလိုတာက စာပေစိစစ်ရေး အဖွဲ့သည် တားဖို့ ပိတ်ဖို့ မဟုတ်တော့ဘူး၊ သူသည် ထိန်းကျောင်းပေးဖို့ အဖွဲ့ ဖြစ်သွားပြီ။ ခုနကလို ကွန်ပလိန်းတွေ လာမယ်ဆိုရင် ဖြေရှင်းပေးမယ်။ အရင်တုန်းကလို ကိုတင့်ဆွေ တယောက်တည်းရဲ့ သဘောနဲ့ လုပ်လို့ရတဲ့ ကော်မတီ မဟုတ်တော့ဘူး။ ဒါကျနော်ပြောတာက မူကြမ်းကိုတင် ပြောတာနော်။ လွှတ်တော်မှာ အတည်ပြုပြီးရင်တော့ ပိုပြီးတော့ ကောင်းသွားမှာပေါ့။ ဒီကော်မတီထဲမှာ စာနယ်ဇင်းကလူတွေပါမယ်၊ လူသိထင်ရှားတဲ့ ဥပဒေ ပညာရှင်တွေပါမယ်၊ ကျနော်တို့ဘက်က ကိုယ်စားပြုသူတွေပါမယ်။
မေး။ ။ စိစစ်ရေး မရှိတော့ဘူးဆိုတော့ သဘောက သတင်းတွေကို စာဖတ်သူတွေက ၁ ပတ်စောင့်စရာ မလိုတော့ဘူး ဆိုတဲ့ သဘောလား။
ဖြေ။ ။ ဘာမှ စောင့်စရာ မလိုတော့ဘူးလေ။ ကိုယ့်တာဝန်ယူကိုယ်ထုတ်ရုံပဲ။
မေး။ ။ ဒါဆို နေ့စဉ်သတင်းစာတွေကော ထွက်လာနိုင်စရာ ရှိမလား။
ဖြေ။ ။ သတင်းစာတွေ ထွက်လာနိုင်တာပေါ့။ ပြောရရင် ထုတ်ဝေစာ မှန်သမျှကို ကျနော်တို့က သတင်းစာလည်း မခွဲဘူး၊ ဂျာနယ်လည်း မခွဲဘူး။ ထုတ်ဝေစာသည် ထုတ်ဝေစာပဲ။ ဒါက ဖြစ်သွားမှာပါ။ ဖြစ်လာတော့မှာပါ။ အခုဟာက ရှေ့နေချုပ်ရုံးကို ပို့တယ်၊ ရှေ့နေချုပ်ရုံးက လိုတာတွေဖြည့်မယ်။ အဲဒါကိုမှ ဒုတိယအကြိမ် မူကြမ်းထပ်ရေးမယ်။ ဒီဘက်က အလုပ်ရုံ ဆွေးနွေးပွဲတွေက အကြံပြုချက်တွေကိုလည်း ထပ်ပေါင်းမယ်။ ပြီးမှ အစိုးရအဖွဲ့ရဲ့ အတည်ပြုချက်ကို ယူရမှာပေါ့။ တချို့ကတော့ ပြောကြတယ်။ ဒီမီဒီယာဥပဒေကြီးကို ရေးတဲ့နေရာမှာ စာနယ်ဇင်းသမားတွေရဲ့ အကြံပြုချက်တွေကို မယူဘူး ဆိုတာမျိုးပေါ့။ တကယ်ကတော့ ကျနော်တို့ ၂၀၀၈ ကစပြီး နိုင်ငံခြားတွေမှာ သွားလေ့လာတာ ရှိသလို ပြည်တွင်းမှာလည်း လွတ်လပ်ခွင့် တချို့ပေးလိုက်တော့ စာအုပ်တွေ အများကြီး ထွက်လာတာတွေ့ရတယ်။ ဆရာမောင်ဝံသတို့၊ ဒေါက်တာ ခင်မောင်ညို၊ ဆရာကြီးဖိုးသောကြာ တို့ရေးခဲ့တဲ့ မီဒီယာနဲ့ ပတ်သက်တဲ့၊ သတင်းစာပညာနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ အကုန်လုံးကို ကျနော်တို့က စုဆောင်းတယ်။ ပြီးမှ ကျနော့်ရဲ့တာဝန်က နောင်မှာ သုံးသင့်တယ် ဆိုတာတွေကို ထုတ်နုတ်ပြီး ဝန်ကြီးကို တင်ပြတယ်။ ဝန်ကြီးက ဒါကို ပြန်သုံးသပ်တယ်။ ပြီးတော့ ဒီဥပဒေကို ပြည်ထောင်စုလွှတ်တော်ကို တင်တဲ့နေရာမှာ ပြည်ထောင်စုလွှတ်တော်ကနေပြီး အတည်ပြုပြီးရင် ဒါကို အပြည့်အစုံ နိုင်ငံတော်ပြန်တမ်းထဲကို ထည့်ပေးရတယ်။ ဒီပြန်တမ်းကို ဘယ်သူမဆို ဝယ်လို့ရတယ်။ မဝယ်နိုင်ရင်လည်း ပြန်ကြားရေးက စာကြည့်တိုက်တွေမှာ ဘယ်သူမဆို ဖတ်လို့ရတယ်။
ဒီတော့ ဒီဥပဒေကြမ်းအဆင့်မှာတင် လူတွေအားလုံး လေ့လာနိုင်တယ်။ ပြီးရင် ကိုယ်ပြင်ချင်ရင် ကိုယ့်ရဲ့ လွှတ်တော် ကိုယ်စားလှယ်ကနေ တဆင့် နိုင်ငံခြားတွေမှာလိုပေါ့ဗျာ … ပြင်ဆင်ဖို့ တင်သွင်းနိုင်တယ်။ ဘာလို့ ဒါတွေကို ပြောသလဲ ဆိုရင် ဒီဥပဒေကြမ်းကို ကျနော်တို့ဟာ ဘယ်သူ့ကိုမှ မတိုင်ပင်ဘဲ လုပ်တာမဟုတ်ဘူး ဆိုတာ သိစေချင်လို့ပဲ။ ဒါပေမယ့် အခု အချိန်မှာ ဒီဥပဒေကြမ်းကို အားလုံးသိအောင်ချပြလို့ မရသေးဘူးဆိုတာက အခု လွှတ်တော်ကို မတင်ခင်မှာ၊ ဒီ Process မှာ ကျနော်တို့ ပြောလို့မရဘူး။ တင်ပြီးသွားတဲ့အချိန်ကျရင် မီဒီယာသမားတွေလည်း ဖတ်ကြည့်ပေါ့ဗျာ။ အဲဒီမှာ ပြင်ချင်ရင် သူတို့နဲ့ တွေ့နေတဲ့ ရေးရာကော်မတီတွေကနေ တဆင့် ပြောလို့ရတာပဲ။ ဥပဒေကြမ်း ကော်မတီတွေကို စာရေးပြီး ပြောလို့ရတယ်။
မေး။ ။ နိုင်ငံပိုင် သတင်းစာတွေနဲ့ ပတ်သက်လို့ကော ဘာတွေ လုပ်ဖို့ ရှိလဲ။
ဖြေ။ ။ အဲဒါတွေလည်း ပြင်နေပါတယ်။ အခုဆိုလည်း တွေ့ပါလိမ့်မယ်။ အခုအချိန်မှာ သူတို့ရဲ့ အယ်ဒီတာ့အာဘော်တွေ ကအစ တဖြည်းဖြည်း ပြောင်းနေပါပြီ။ ဆိုလိုတာက အရင်ကလိုပဲ အစိုးရရဲ့ အာဘော်ကိုပဲ တဖက်သက်ပြောမနေဘဲ ပြည်သူတွေသိချင်တာတွေ၊ လိုလားချက်တွေကိုပါ တင်ပြတဲ့ အမြင်တွေလည်း ဒီပေါ်မှာ ပါလာရမှာပါ။
မေး။ ။ တကယ်လို့သာ နေ့စဉ်သတင်းစာတွေ ချပေးမယ်ဆိုရင် ဘယ်လိုလူတွေကို ချပေးမှာလဲ။ ကြားရတဲ့ သတင်းတွေ အရတော့ ဟိုလူ့တော့ ချပေးလိမ့်မယ်၊ ဒီလူတော့ မချပေးဘူး ဆိုတာမျိုး ရှိမလား။ ဥပမာ – Printer ရှိတဲ့သူပဲ ပေးမယ်၊ ဘယ်လောက် အဆင့်အတန်းရှိတဲ့သူပဲ ပေးမယ်၊ ဘယ်လို Capacity ရှိတဲ့သူ ပေးမယ် ဆိုတာမျိုးပေါ့။
ဖြေ။ ။ အဲဒီလိုတော့ မဟုတ်ပါဘူး။ လွှတ်တော်က အတည်ပြုပေးလိုက်တဲ့ ပုံနှိပ်ဥပဒေထဲမှာ ပါလာမယ့် အချက်အလက် တွေနဲ့ ကိုက်ညီအောင် လုပ်နိုင်မယ် ဆိုရင် ထုတ်ဝေခွင့်ရမှာပါ။ ကျနော်တို့သွားနေတာက ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းကို သွားနေကြတာ ဆိုတော့ ဟိုလူ့ကိုမှ ပေးမယ်၊ ဒီလူ့ပဲ ပေးမယ်ဆိုရင် ကျနော်တို့ ခရိုနီ ဖြစ်သွားမှာပေါ့။ စာအုပ်တအုပ်ကို ထုတ်ချင်တယ် ဆိုရင် ဘယ်လိုအချက်အလက်တွေ လိုက်နာရမယ် ဆိုတာမျိုးပဲ သတ်မှတ်မှာပါ။
မေး။ ။ ဒါဆိုရင် ကျနော်တို့ ဧရာဝတီက လာလျှောက်ချင်တယ်ဆိုရင်လည်း ရတယ်ပေါ့။
ဖြေ။ ။ ရတာပေါ့။ ဒါပေမယ့် လွှတ်တော်မှာ ဘယ်လိုဆုံးဖြတ်မယ်၊ ဥပမာ – ပြည်တွင်းနိုင်ငံသား ဖြစ်ရမယ် ဆိုတာမျိုးတော့ ထွက်မလာသေးဘူးပေါ့လေ။ ဒါပေမယ့် သေချာတာကတော့ လက်သင့်ရာပေးမယ် ဆိုတာမျိုးတော့ မရှိသေးပါဘူး။ ဒါက ကျနော်တို့ သွားမယ့် စနစ်နဲ့လည်း မကိုက်ဘူးလေ။ ဟိုတုန်းကတော့ဗျာ လိုင်စင်ထုတ်ပေးတာကို အရမ်း တင်းကျပ်ထား တာကိုး။ တကယ်ကျတော့ လိုင်စင်ကို ကန့်သတ်ထားတာကကို ဆင်ဆာ တမျိုး ဖြစ်နေတယ်ဗျ။ ဒါကြောင့်လည်း လူတွေက လိုင်စင်ငှားရတာတွေ ဘာတွေ ဖြစ်ခဲ့တယ်။ ၂၀၀၈ နောက်ပိုင်းမှာတော့ လိုင်စင်ငှားတာ သိပ်မရှိတော့ပါဘူး။ ကိုယ့်ဘာသာ လုပ်ကြတာများတယ်။ ဝန်ကြီးရဲ့ ရည်ရွယ်ချက်ကိုက တကယ်လုပ်တဲ့သူပဲ တကယ်ရ ဆိုတဲ့မူကို သွားချင်တာလေ။ ဒါကြောင့် တခြားသူရဲ့ နာမည်နဲ့ဆိုရင်လည်း ခေါ်ပြီး နာမည်ပြောင်းခိုင်းလိုက်တယ်။ ဒါကတော့ ၆၂ ခုနှစ်ဥပဒေအရ ဒီလောက်ပဲ လုပ်လို့ရတယ်လေ။ လွှတ်တော်ထဲမှာ ဒါတွေပြီးသွားပြီ ဆိုရင်တော့ မီဒီယာ Environment ကော၊ မီဒီယာ Landscape ကော လုံးဝ ပြောင်းသွားတော့မှာပါ။ အဲဒီမှာ ကျနော်ထင်တယ် ပြဿနာက ကျနော်တို့ဆီမှာ မရှိတော့ဘူး။ အခု ပြည်တွင်းက စာနယ်ဇင်းသမားတွေ ဆီမှာ ရောက်သွားတော့မယ်။ သူတို့ ပြိုင်ကြရတော့မယ်။ ဒါကို သူတို့ ရင်ဆိုင်ရမယ်။ သူတို့ရေးတာကို သူတို့ တာဝန်ယူကြရ တော့မယ်။
ဆက်လက်ဖော်ပြပါမည်…