မြန်မာအစိုးရ၏ ပြန်ကြားရေးဝန်ကြီးဌာနမှ ဦးစီးပြီး မီဒီယာ ဥပဒေ တရပ် ပေါ်ထွက်ရေးကို ကြိုးစားလျှက်ရှိကြောင်း သိရသည်။ ယခုအချိန်တွင် ယခင် နအဖ အစိုးရ လက်ထက်မီဒီယာ တင်းကျပ်မှုများကို ဖြေလျှော့ ပေးနေသည်၊ စိစစ်တင်းကျပ်မှုများ နည်းပါးသွားသည်ဟု ဆိုရမည်။ ထို့ကြောင့် လာမည့် အနာဂတ် မြန်မာ မီဒီယာလောက ဖြစ်နိုင်ခြေ၊ ပြည်ပ အခြေစိုက် မီဒီယာ များအပေါ် လက်ရှိ ပြန်ကြားရေး ဝန်ကြီး ဌာန၏ သဘောထား စသည်တို့နှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အား ဧရာဝတီမဂ္ဂဇင်းမှ တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ တချို့ ပြောနေကြတာက ဒီ မီဒီယာ ဥပဒေ ပြီးသွားရင် စာနယ်ဇင်းသမားရဲ့ ရပိုင်ခွင့်ကို ကာကွယ်ပေးမှု နည်းသွားမယ်၊ ထစ်ခနဲရှိ တရားစွဲတာတွေ ပိုများလာမယ် ဆိုတာမျိုးပေါ့။ အဲဒါ ဟုတ်သလား။
ဖြေ။ ။ စာနယ်ဇင်းသမားရဲ့ ရပိုင်ခွင့် အခွင့်အရေးဆိုတာ တခန်းပါပါတယ်။ ပိုပြီး တရားစွဲဖို့ လွယ်လာမယ် ဆိုတာလည်း မဟုတ်ပါဘူး။ အသရေဖျက်မှု ဆိုတာနဲ့ စွဲမယ် ဆိုပါတော့၊ အသရေဖျက်မှု မမြောက်တဲ့ အချက် ၅ ချက်ရှိတယ်။ ကင်းလွွတ်ခွင့် ၁ ဆိုရင် တစုံ တယောက်ရဲ့ ရေးသားချက်က အများပြည်သူရဲ့ အကျိုးစီးပွားကို ထိခိုက်စေတယ်လို့ ထောက်ပြခြင်းသည် အသရေဖျက်မှု မမြောက်ဘူး။ ဒါ ကျနော်က ဥပဒေစကားတော့ အတိအကျ မမှတ်မိဘူးပေါ့လေ။ ဒါကတော့ အကြောင်းချင်းရာ ပြဿနာပါ။ အရင်တုန်းကလို စာပေစိစစ်ရေးကပဲ မထည့်၊ မထည့် ဆိုတာတော့ လုံးဝ မဖြစ်တော့ဘူး။ တရားစွဲတာမျိုးကတော့ ဗျာ အမေရိကားမှာလည်း ရှိတာပဲ၊ ယိုးဒယားမှာလည်း စွဲတာပဲ။ အသရေဖျက်မှုနဲ့ စွဲတယ်ဆိုတာမျိုးကတော့ ရှိမှာပဲ။ တရားရုံးမှာ ရှင်းကြပေါ့။ သို့သော် ကျနော်တို့က ဘာ အဆင့်တခုကို ထည့်ပေးထားလည်း ဆိုရင် တရားရုံးမသွားခင် ကြိုညှိ ပေးမယ် ဆိုတာမျိုးပေါ့။
မေး။ ။ တိုင်းရင်းသားတွေရဲ့ ဘာသာစကားတွေနဲ့ ထုတ်တာမျိုး ရှိလာခဲ့မယ် ဆိုရင်ကော ဘယ်လိုသွားမလဲ။
ဖြေ။ ။ သူတို့လည်း ထုတ်ကြပေါ့။ ကျနော်တို့ကတော့ အားလုံးကို ထိုင်ကြည့်နေမှာ မဟုတ်ဘူး။ သူတို့တွေက ဥပမာ – ကရင်ဘာသာနဲ့ ထုတ်မယ်၊ ရှမ်းဘာသာနဲ့ ထုတ်မယ်ဆိုရင် သူတို့ရဲ့ စာဖတ်ပရိသတ်ထဲကပဲ ကွန်ပလိန်းလုပ်လာတာတွေ ရှိမယ် ဆိုရင်တော့ ကျနော်တို့က ပြန်ကြည့်မှာပေါ့။ ဒီထောင်ချီတဲ့ ထုတ်ဝေမှုတွေကို ဆင်ဆာလုပ်ဖို့လည်း ကျနော်တို့ အနေနဲ့ မဖြစ်နိုင်ဘူးလေ။ ခုနကပြောသလိုပေါ့ ထောင်ချီရှိလာမယ်၊ သူတို့ ယှဉ်ပြိုင်ကြရမယ်၊ အဲဒီအထဲကမှ ပရိသတ်က အဆင့်အတန်းမရှိဘူး ထင်တာတွေက သူ့ဘာသာသူ ကျန်ခဲ့မယ်။ သူတို့ ဘယ်လောက်လုပ်လာနိုင်မလဲ၊ အချိန်နဲ့ သူ့အရည်အသွေးက စကား ပြောသွားမှာပဲ။
မေး။ ။ ဒါဆို ကြီး ငါးကြီးလောက်၊ ကြီး လေးကြီးလောက်ပဲ ကျန်ခဲ့မယ်ထင်တယ်။
ဖြေ။ ။ ဒါပေါ့၊ ဒါပေမယ့် ကျနော့်အမြင်ပြောရရင်တော့ … ဒါက ဥပဒေနဲ့တော့ မဆိုင်ပါဘူး၊ ကျနော့် တယောက်တည်း အမြင် ပြောရရင်တော့ စာနယ်ဇင်းတွေ သိပ်နည်းသွားတာတော့ မကြိုက်ဘူးဗျ။
မေး။ ။ VOA တို့၊ BBC တို့၊ RFA တို့ အခွဲတွေဖွင့်ဖို့ ကြားနေတယ်။ အဲဒါတွေကော လက်ခံဖို့ရှိလား။
ဖြေ။ ။ ဒါကိုတော့ အခုအချိန်မှာ ကျနော်တို့ မပြောနိုင်သေးဘူး။ လာချင်တယ်၊ စိတ်ဝင်စားတယ်လို့ နှုတ်နဲ့ ပြောနေတာတွေတော့ ရှိတယ်။ ဒါပေမယ့် ဒါတွေကတော့ နောက်မှ လူကြီးတွေ စဉ်းစားလိမ့်မယ် ထင်ပါတယ်။
မေး။ ။ မီဒီယာဥပဒေက ပုံနှိပ်အတွက်ပဲ သီးသန့်ဆိုတော့ အွန်လိုင်းလည်းမပါဘူးလေ။ ဧရာဝတီလို အွန်လိုင်းလုပ်နေတဲ့ မီဒီယာတွေဆိုရင် အီလက်ထရွန်နစ် ဥပဒေ ဆိုတာနဲ့ ငြိစွန်းနေတယ်လို့ ပြောလို့ရတယ်ဆိုတော့ ဒါတွေကို ဒီလူတွေက ဘယ်လို ရှောင်ရမလဲ ဆိုတာသိချင်ပါတယ်။
ဖြေ။ ။ ကျနော်ထင်တယ်လေ၊ ကျနော်တို့ အခုတော့ အသံလွှင့်မီဒီယာကို ပြန်ပြီး သုံးသပ်နေပါတယ်။ ပုံနှိပ်မီဒီယာကို ဘာလို့ စကိုင်လဲဆိုတော့ ဒီပုံနှိပ်မီဒီယာက လူများစုနဲ့ ဆက်စပ်နေတာဖြစ်တဲ့အတွက် ဒါကို အရင်ဆုံး လုပ်လိုက်တာပါ။ ဒါပေမယ့် တဘက်မှာလည်း အသံလွှင့် မီဒီယာက ရှိနေတယ်။ အသံလွှင့်မီဒီယာ ဆိုတဲ့အထဲမှာ New Media ဆိုတာကလည်း အကျုံးဝင်နေပြန်ရော။ အစကတော့ ဒီ မီဒီယာတွေကို ဆက်သွယ်ရေး၊ စာတိုက်နဲ့ ကြေးနန်းက တာဝန်ယူခဲ့တာကိုး။ အဲဒီအထဲကမှ ကျနော်တို့ ဘာတွေ ပြန်ပြီး ယူလို့ရမလဲ ဆိုတာကို ပြန်သုံးသပ်တာပါ။ ဒါကတော့ တော်တော်လေး ဆွေးနွေးရဦးမယ်။ လွှတ်တော်ထဲမှာတောင် ပြန်ပြင်ဖို့ လိုအပ်တာတွေ ၄၀၀ လောက်ရှိသေးတာ ဆိုတော့ ဒါတွေက တော်တော် လုပ်ရဦးမယ်။ တချို့ဟာတွေကလည်း ဥပဒေမပြင်နိုင်သေးခင် ကျနော်တို့ ဝန်ကြီး လုပ်နေသလိုပဲ ပေးထားတဲ့ ဥပဒေထဲကနေပဲ ခွင့်ပြုနေလို့ ရမယ့် ကိစ္စတွေ ရှိမယ်ထင်တယ်။ ကျနော်ထင်တယ် ရှေ့မှာတော့ အီလက်ထရွန်နစ် ဥပဒေအရ အရေး ယူတာတွေ မရှိတော့ဘူးလို့ ထင်တယ်ဗျ။ ဒါကြောင့်လည်း ကျနော်တို့ ဘလော့ဂ်တွေကို ဖွင့်ပေးလိုက်တာပေါ့။ လူတွေ တော်တော်များများလည်း ထိတွေ့လာပြီလေ။
မေး။ ။ ဒါဆိုရင် အဲဒါတွေ မြန်ဖို့တို့၊ လွယ်ကူလာဖို့ ဆိုတာတွေကော ဘယ်လိုလုပ်ပေးမယ်။
ဖြေ။ ။ အဲဒါကတော့ ဆက်သွယ်ရေးလည်း လုပ်နေတာပဲ။ သူ့မှာလည်း အမြဲ အပြောအဆိုခံနေရတာ။ လူတွေကလည်း အရင်ကလိုပဲ အစိုးရကို အမြဲ သံသယနဲ့ ကြည့်နေတော့ သူ့ဘာသာနှေးရင်လည်း ဘယ်လို ရည်ရွယ်ချက်နဲ့ လုပ်တာလဲ ဆိုတာမျိုး ဖြစ်ကြတယ်ဗျ။ ကျနော်တို့ဟာ အရင်လူတွေဖြစ်နေပေမယ့် အခု စနစ်ပြောင်းသွားပြီ၊ ကျနော်တို့ လုပ်နေကြတာ နှေးဖို့ လုပ်နေကြတာ မဟုတ်ဘူး၊ အဆင်ပြေဖို့ပဲ။ ကျနော်ဆို အခု စာကြည့်တိုက်ဥပဒေ လုပ်နေတယ်၊ ဝန်ကြီးက ဘာပြောလဲ ဆိုရင် မင်းတို့လုပ်နေတာဟာ စာကြည့်တိုက်တွေ များများ ထူထောင်ဖို့ပဲဖြစ်ရမယ်၊ ထူထောင်ဖို့ကို ခက်တဲ့ဥပဒေ မဖြစ်ရဘူးလို့ ပြောတာ။ စည်းနဲ့ ဘောင်နဲ့ ဖွံ့ဖြိုးဖို့ လုပ်ရမယ်ပေါ့ဗျာ။ ၁၉၆၂ ဝန်းကျင်ကတော့ လုံခြုံရေးကို ဦးစားပေးတဲ့အခါကျတော့ ထိန်းကျောင်းမှုတွေ ရှိခဲ့တာပေါ့ဗျာ။ ဒါက မရှိသင့်ဘူးလားဆိုတော့ သူ့ခေတ်သူ့အခါကတော့ လိုကောင်း လိုမှာပေါ့ဗျာ။ လမ်းလျှောက်တတ်ခါစ ဆိုတော့ တွဲနေရသေးတဲ့ သဘောပေါ့။ အခုတော့ လွှတ်ပေးရမယ့် အချိန်ရောက်ပြီ ဆိုရင် လွှတ်ပေး ရတော့မှာပေါ့။ ဆက်သွယ်ရေးကလည်း အင်တာနက် ကောင်းတယ် ဆိုပြီး ချီးကျူးတာပဲ ခံချင်မှာပေါ့ဗျာ။ နည်းပညာ ပြဿနာလည်း ရှိမှာပေါ့။ ရတာလေးပဲ ဝယ်လုပ်ရတဲ့ အနေအထား ရှိနေတာကိုး။
မေး။ ။ တကယ်လို့များ ဆက်သွယ်ရေး နည်းပညာတွေ ကောင်းလာခဲ့ရင် မလေးရှားနိုင်ငံက မလေးရှားဂီနီလိုမျိုး တရားဝင် သတင်း ဝက်ဘ်ဆိုက်တွေကို ခွင့်ပြုတာမျိုး မီဒီယာတွေကို လုပ်ခွင့် ပေးလာနိုင်မလား။
ဖြေ။ ။ ဖြစ်လာနိုင်တာပေါ့။ ဒါတွေက တချိန်ကျရင် ဖြစ်လာမှာပါ။ ပိတ်တဲ့ခေတ်မှ မဟုတ်တော့ဘဲဗျာ။ တကယ်ဆိုရင် အနောက်နိုင်ငံတွေက လာပြီး ဖိုင်ဘာလိုင်းတွေဘာတွေ ဆောက်ပေးဖို့ လိုတယ်ဗျ။ ဂိတ်ဝေးတွေ များများ လုပ်ပေးမယ် ဆိုတာမျိုးပေါ့ဗျာ။ ကူညီပေးသင့်တယ်ဗျ။ ကျနော်တို့မှာက ဒီ တံခါး တပေါက်ပဲ ရှိတယ်ဗျာ။ ဒီတံခါး တပေါက်မှာ လူ ၁၀၀၊ ၂၀၀ လောက် လာပြုံတိုးနေတော့ ဘယ်လွယ်မလဲဗျ။ ကျနော်တို့ကို တံခါးဖွင့်ဖို့ပဲ ပြောနေတာ၊ တကယ်ဆို တံခါးပေါက်တွေ အများကြီး လာဖောက်ပေးဖို့ လိုတယ်ဗျ။ ကျနော်တို့ကို ဖွင့်စေချင်ရင် ဖွင့်ဖို့ပဲ မပြောနဲ့ တံခါးတွေလာဖောက်ပေး၊ ဒါမှမဟုတ်ရင်လည်း တံခါးပေါက်တွေ ဖောက်တတ်အောင် လာသင်ပေး အဲဒီလိုပဲ ပြောချင်တယ်။
မေး။ ။ နောက်တခုက Exile မီဒီယာလို့ ခေါ်ကြတယ်၊ Dissident မီဒီယာလို့ ခေါ်ကြတဲ့ ဧရာဝတီ အပါအဝင် မီဒီယာ တွေကို ဘယ်လိုမြင်လဲ။
ဖြေ။ ။ တချိန်ကတော့ ခင်ဗျားတို့လည်း ကျနော်တို့ကို အထင်မှားနေတယ်၊ ကျနော်တို့ဘက်ကလည်း ခင်ဗျားတို့ကို တဘက်သက်ပဲ အထင်လွဲနေတယ်၊ စွတ်စွဲနေတယ်ဆိုပြီး ဒီလိုပဲ မြင်ခဲ့ကြတာကိုးဗျ။ ကျနော်တို့ကိုဆို ပြောင်းလဲဖို့ ဆန္ဒ မရှိဘူး၊ အာဏာကို ဖက်တွယ်ထားချင်တယ် ဆိုပြီး မြင်ခဲ့တာ။ တကယ်ကျတော့ ကျနော်တို့လည်း ပြောင်းဖို့ ဆန္ဒရှိခဲ့ ကြတာပဲ။ အခုတော့ ဒီအခြေအနေမှာ တယောက်နဲ့ တယောက် နားလည်သွားပြီ ယူဆတယ်။ ကျနော်ကတော့ ဘယ်သူ့ကိုမှ ပြည်ပြေးမီဒီယာလို့လည်း မပြောတော့ဘူး၊ Dissident မီဒီယာလို့လည်း မခေါ်တော့ဘူး။ ခင်ဗျားတို့လည်း ဒီမိုကရေစီ ရချင်လို့ လုပ်ခဲ့ကြတယ်၊ ကျနော်တို့လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဒီမိုကရေစီ သွားဖို့ လမ်းကြောင်းပေါ်ကို လျှောက်ခဲ့ကြတယ်။ အရင်ကတော့ ခင်ဗျားတို့ လမ်းကြောင်းကို ကျနော်တို့က အထင်မှားသလို၊ ကျနော်တို့ လမ်းကြောင်းကိုလည်း ခင်ဗျားတို့က အထင်မှားခဲ့ကြတယ်။ အခုတော့ ကျနော်ထင်တယ်လေ ခင်ဗျားတို့နဲ့ ကျနော်တို့နဲ့ အားလုံး ဆုံမှတ်တခုကို ရောက်ခဲ့ကြပြီ။ ဒီတော့ ဘာမှသိပ်ပြီး ပြောဆိုနေစရာ အကြောင်းမရှိတော့ဘူး။ တကယ်လို့ ခင်ဗျားတို့ ရေးတာ မှားတယ်ထင်ရင်လည်း အခုဆို လမ်းကြောင်းပွင့်နေပြီဆိုတော့ ကျနော်တို့က လှမ်းပြောမှာပဲ။ ခင်ဗျားတို့ အနေနဲ့လည်း သိချင်ရင် လှမ်းမေးလိုက်လို့ရတာပဲ။
ကျနော်တို့ လူကြီးတွေက သွန်သင်ခဲ့လို့လည်း အခုလို ဖြစ်တာဗျ။ တကယ်ဆို ဒါကြီးကို သွားချင်နေတာ ၂၀၀၃၊ ၂၀၀၄ လောက် ကတည်းကပဲ။ တိန့်ရှောင်ဖိန် စကားတခုရှိတယ်မဟုတ်လား ချောင်းကိုဖြတ်ချင်ရင် ခြေထောက်နဲ့ အတိမ်အနက်ကို စမ်းစမ်းပြီးမှ လျှောက်ရသလိုပဲ ကျနော်တို့လည်း လျှောက်ခဲ့ကြတာပဲ။ အဲဒီလို လျှောက်တဲ့နေရာမှာ ကျနော်တို့ ဘက်က အစိုးရိမ်လွန်ကဲမှုတွေ၊ ကြောင့်ကျမှုတွေ များခဲ့လို့ မှားခဲ့တာတွေ ရှိကောင်းရှိမယ်ဗျ။ ဒါပေမယ့် ကျနော်တို့သွားခဲ့တာ ဟိုဘက်ကမ်း ရောက်ဖို့ သွားခဲ့တာဗျ၊ ဒီဘက်ကမ်းမှာ ကျန်နေခဲ့ဖို့ မဟုတ်ဘူး။ ခင်ဗျားတို့လည်း သွားခဲ့ကြတာပဲ။ ဒါပေမယ့် ခင်ဗျားတို့က ဟိုဘက်ကမ်းကို အရင်ရောက်တာ ဖြစ်ချင်ဖြစ်မယ်၊ ကျနော်တို့က အခုမှ ရောက်တာ ဖြစ်ချင်ဖြစ်မယ်။ သို့သော် အခုတော့ တနေရာမှာ ကျနော်တို့ ဆုံမိပြီဗျ။
တချို့ဟာတွေက စကားလုံး အသုံးအနှုန်းကြောင့် အခက်အခဲဖြစ်နေတာတွေ ရှိတယ်ဗျ။ ဥပမာဗျာ Opposition ကို ကျနော်တို့ အတိုက်အခံလို့ သုံးကြတယ်၊ ဒါပေမယ့် သူများနိုင်ငံမှာဆိုရင် အတိုက်အခံက အစိုးရ လုပ်သမျှ အတိုက်အခံ လုပ်နေ ကြတာလေ။ ဒါပေမယ့် ကျနော်တို့ နိုင်ငံမှာကျတော့ အတိုက်အခံလို့ သုံးလိုက်ရင် ဆန့်ကျင်တာကြီး ဖြစ်နေတာပေါ့နော်။ ဒါကြောင့် ဒီစကားလုံးကိုတောင် ပြန်စဉ်းစားကြည့်တယ်။ လွှတ်တော်ထဲမှာတောင် လူနည်းစုပါတီတွေကို အတိုက်အခံလို့သုံးတယ်၊ တချို့ကလည်း ဒီမိုကရေစီ လိုလားတဲ့ ပါတီလို့ သုံးကြတာရှိတယ်။ အဲဒီလို ပြောလိုက်တော့ ပြည်ခိုင်ဖြိုးကကော ဒီမိုကရေစီ မလိုလားဘူးလား၊ သူလည်း လိုလားလို့ လွှတ်တော်ထဲ ဝင်တာလေ။ ဒီလို အခေါ်အဝေါ်လေးတွေက သာမန်လို့ ပြောနိုင်ပေမယ့် တကယ့်တကယ်ကျ ရှင်းရခက်တာတွေ ရှိတယ်။
မေး။ ။ ဆုံမှတ်တခုကို ရောက်ပြီလို့ ဦးရဲထွဋ်က ပြောလိုက်တော့ ပြည်တွင်းကော၊ ပြည်ပကော မီဒီယာသမားတွေ အားလုံး သတင်းယူရတာ အခက်အခဲ မရှိတော့ဘူးလို့ ဆိုချင်တာလား။
ဖြေ။ ။ ဟုတ်တယ် မရှိတော့ပါဘူး။ လူတွေက မီဒီယာကိုပဲ အားကိုးပြီး သတင်းအချက်အလက် ယူရတာဆိုတော့ မီဒီယာက အရေးကြီးတယ်။ မီဒီယာဘက်က ဘက်စုံထောင့်စုံ ပေးဖို့လိုတယ်ဗျ။
မေး။ ။ နောက်ပိုင်းမီဒီယာတွေကို ဖွင့်ပေးလိုက်တော့မယ် ဆိုတဲ့အချိန်မှာ ဌာနဆိုင်ရာတွေ ဘက်က သတင်းအချက် အလက် တွေကို ပိတ်ထားတာမျိုး ဖြစ်မယ်ဆိုရင် ဘယ်လိုလုပ်မလဲ။
ဖြေ။ ။ မှန်တယ်၊ ဒါလည်း ကျနော်တို့ ကျော်လွှားဖို့ ခက်နေတဲ့ အချက်တချက်ပဲ။ ဒါပေမယ့် ကျနော်တို့ ဝန်ကြီးရဲ့ တောင်းဆိုမှုကြောင့်ပဲ ဌာနဆိုင်ရာ အားလုံးလိုလိုမှာ ပြောရေးဆိုခွင့် အဖွဲ့တွေ ဖွဲ့နေတာရှိနေပါပြီ။ ဖုန်းနံပါတ်တွေကိုလည်း တောင်းထားပြီ။ စုံလာပြီ ဆိုရင်တော့ ကျနော်တို့ အားလုံးသိအောင် ထုတ်ပြန်မှာပါ။ အခုလည်း တော်တော်များများ သိနေကြပါပြီ။ နိုင်ငံတော်ပြန်တမ်း ထဲမှာတော့ ဒီအဖွဲ့တွေ ဖွဲ့ကြဖို့ကို ထည့်ထားပါတယ်။ ဒါပေမယ့် ဒီလို ဖွဲ့လိုက်ရုံနဲ့ ဒီအခက်အခဲကြီး ကျော်ဖြတ်နိုင်ပြီလားဆိုတော့ မဟုတ်သေးဘူးဗျ။ စိတ်ဓာတ်အခံက လိုနေသေးတယ်။
အရင်တုန်းက မီဒီယာကို ဖြေလိုက်လို့ မှားသွားရင် သူတို့ရဲ့ အသက်မွေးဝမ်းကြောင်း ထိခိုက်မယ်ဆိုတဲ့ စနစ်တခုအောက်မှာ နေခဲ့တဲ့ သူတွေ အနေနဲ့ အခုအချိန်မှာ ချက်ချင်း လိုအပ်တာတွေကို ဘယ်လိုလုပ် အကုန်လုံး ပြောရဲမလဲ။ အချိန်တော့ ယူရမှာပဲ။ ဆိုလိုတာက မပြောနဲ့လို့ ပိတ်ထားလို့ မပြောကြတာ မဟုတ်ဘူး။ ပင်ကိုယ်သဘာဝကိုက အင်မတန်သတိထားခဲ့တဲ့ နေရာမှာ နေခဲ့လို့ကို ပြောဖို့ ဝန်လေးနေတာ ဖြစ်တယ်။ နောက်တခုက ဘယ်ဟာကို ပြောသင့်တယ်၊ ဘယ်ဟာကို ဘယ်လို ပြောရမယ် ဆိုတဲ့ ပြောဖို့ Guideline တွေလည်း လိုတယ်။ အခု ကျနော်တို့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ အတွက် PR (Public Relations) ထရိန်နင် တခုလုပ်ဖို့ ပြင်ဆင်နေတယ်။ ဘယ်လိုမေးရင် ဘယ်လိုဖြေရမလဲ၊ မီဒီယာနဲ့ ဆက်ဆံရင် ဘာတွေကို ဂရုပြုရမလဲ ဆိုတာတွေပေါ့။ ထောင်ချောက်တွေကို ဘယ်လိုရှောင်မလဲ၊ မီဒီယာတွေကို စော်ကားသလို မဖြစ်အောင် ဘယ်လိုရှောင်မလဲ ဆိုတာကအစပေါ့။ ဒါပေမယ့် ဒါတွေက နေ့ချင်းညချင်း ချက်ချင်းကြီး ဖြစ်မလာဘူးဗျ။ ကျော်လွှားရမယ့် စိတ်အခံတွေက ရှိနေသေးတယ်။ လုပ်တော့ လုပ်ရမှာပေါ့ဗျာ။
မေး။ ။ အာဆီယံနဲ့ ဒေသတွင်း မီဒီယာတွေနဲ့ ယှဉ်ပြီးပြောမယ်ဆိုရင် နောက် ၅ နှစ်မှာ မြန်မာမီဒီယာရဲ့ အခန်းကဏ္ဍ ဘယ်လို ဖြစ်မယ်လို့ ယူဆလဲ။
ဖြေ။ ။ ကျနော်ထင်တယ်လေ၊ ကျနော်တို့ မြန်မာမီဒီယာက အာဆီယံ မီဒီယာတွေထဲမှာ စံနမူနာ တခုဖြစ်လာလိမ့်မယ်ဗျ။ အခုဆိုရင်ပဲ ကြည့်လေ။ စင်ကာပူမှာဆိုရင် အတိုက်အခံအကြောင်း မျက်နှာဖုံးတင်လို့ မရဘူး။ မလေးရှားမှာ ဆိုလည်း ဒီလိုပဲ။ အခုပင်လျှင် ကြည့်လိုက်၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ကို ကျနော်မပြောပါဘူး၊ စင်ကာပူ၊ မလေးရှား၊ လာအို တို့ထက် ကျနော်တို့ သာနေပြီ။ နောင်ဆိုရင် ကျနော်တို့က စံနမူနာ ဖြစ်လာမယ်လို့ ကျနော်မျှော်လင့်တယ်။ ဒီတော့ ခင်ဗျားကို ကျနော်က ပြန်မေး ချင်တယ်။ အာဆီယံ နိုင်ငံတွေဟာ လွန်ခဲ့တဲ့ ၁၀ မှာ မီဒီယာလွတ်လပ်ခွင့် ဆိုတာ ဘာဆိုပြီး ပြောနေပေမယ့် လူ့အခွင့် အရေး ပြဿနာတွေနဲ့ ပတ်သက်လို့ မြန်မာ Issue နောက်မှာ ပုန်းနေခဲ့ကြတယ်။ အခုဆိုရင် သွားပြီ၊ မြန်မာ Issue ဆိုတာ အာဆီယံမှာ Issue မဟုတ်တော့ဘူး။ အခု ပြောနေကြတဲ့ နိုင်ငံရေးလွတ်လပ်ခွင့်တို့၊ မီဒီယာလွတ်လပ်ခွင့်တို့ ဆိုတာတွေနဲ့ ပတ်သက်လို့ စင်ကာပူတို့၊ ကမ္ဘောဒီးယားတို့ နောက်ဆုံး ထိုင်းသည်ပင်လျှင် ဘယ်လို စဉ်းစားကြလဲ၊ အရင်ကဆို သူတို့ နိုင်ငံရဲ့ ပရိသတ်ရှေ့မှာ မြန်မာကို လူဆိုးကြီးလုပ်ပြီး သူတို့တွေက လူ့အခွင့်အရေးကို ဂရုစိုက်ပါတယ် ဆိုတာမျိုး ပြောခဲ့ကြတာ မဟုတ်ဘူးလား။ အခုတော့ မြန်မာ Issue ဆိုတာ Issue မဟုတ်တော့ဘူးဗျ။ ကျနော် ဒါပဲ ပြောချင်တယ်။ အနောက်နိုင်ငံက လူတွေက အာဆီယံ တချို့နိုင်ငံတွေကို ဘယ်လိုပြောမလဲ၊ ဘယ်လို ကိုင်တွယ်မလဲ ဆိုတာတော့ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်။
ပြန်ကြားရေး ညွှန်ချုပ် ဦးရဲထွဋ်နှင့် တွေ့ဆုံခြင်း အပိုင်း (၁)