ဆယ်စုနှစ်ပေါင်း များစွာကြာအောင် ကိုလိုနီ လက်အောက်နဲ့ စစ်အစိုးရ အဆက်ဆက်အောက် နေခဲ့ရပြီးနောက် မြန်မာနိုင်ငံသား တိုင်းရင်းသား ပေါင်းစုံရဲ့ ပါရမီ၊ ဝီရိယ၊သံန္နိဋ္ဌာန်တို့ကို အသုံးချနိုင်တော့မယ့် အခွင့်အလမ်းတခု ယခု အချိန်မှာ ရပြီဖြစ်ပါတယ်။ ဒီအခွင့်အရေးကို လက်တွေ့အသုံးချနိုင်ဖို့ဆိုရင် လူထုအားလုံး ပါဝင်လက်ခံနိုင်တဲ့ တိုင်းပြည်ရှေ့ရေး၊ ကျွမ်းကျင်တဲ့ စီမံခန့်ခွဲမှုနဲ့ မျှတတဲ့ အရင်းအမြစ်ခွဲဝေမှု အားကောင်းစေမယ့် လူမှုဖွံ့ဖြိုးရေး အဖွဲ့အစည်းတွေ၊ စီးပွားရေး နိုင်ငံရေး လူမှုရေးအပြင် ဖွံ့ဖြိုးမှုကဏ္ဍများမှာ ပြည်ပနဲ့ ထိထိရောက်ရောက် ညှိနှိုင်းဆောင်ရွက်နိုင်မယ့် ကျွမ်းကျင်မှု၊ ဗဟုသုတ အတွေ့အကြုံတို့ တိုးတက်လာစေသင့်ပါတယ်။
အထီးကျန်ဘဝနဲ့ မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၆၀ ကျော် နေနေချိန်မှာ တိုင်းပြည်အသီးသီးက စစ်ပွဲအလွန် ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ထောက်ပံ့သူအဖြစ်နဲ့ရော အထောက်ပံ့ခံ အဖြစ်နဲ့ပါ အတွေ့အကြုံ အများကြီးရှိသွားခဲ့ပါပြီ။ အဲဒီအတွေ့အကြုံတွေရဲ့ အောင်မြင်မှု၊ ကျဆုံးမှု သင်ခန်းစာတွေကို ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့၊ ချမ်းသာကြွယ်ဝတဲ့၊ နိုင်ငံတကာအသိုင်းအဝန်းနဲ့ အောင်မြင်တဲ့ဆက်ဆံရေး တည်ဆောက်နိုင်တဲ့ လမ်းကြောင်းပေါ် မြန်မာနိုင်ငံကို တွန်းတင်ရာမှာ အသုံးချနိုင်မယ့် အခွင့်အလမ်း ရှိနေပြီဖြစ်ပါတယ်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာ ကျနော် မြန်မာနိုင်ငံ ပြန်လည်ခွင့် ရခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်တုန်းက အော်ခဲ့ကြားခဲ့ရတဲ့ ဒီမိုကရေစီအရေး တောင်းဆိုသံတွေ၊ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပြသူများကို ပစ်ခတ်တဲ့ သေနတ်သံတွေ၊ စစ်တပ်က ရက်ရက်စက်စက် ဖြိုခွင်းမှုကြောင့် ထိခိုက်ဒဏ်ရာရသူများကို နေ့ရောညပါ ခွဲစိတ်ကုသပေးခဲ့ရပုံတွေကို ကျနော် ပြန်ပြောင်း သတိရနေခဲ့သလို လတ်တလော ပြည်တွင်းမှာ ပြောင်းလဲနေတဲ့ အဖြစ်အပျက်တွေပေါ်မှာ လူထုတွေရဲ့ စိတ်လှုပ်ရှားနေမှုတွေကိုလည်း ကျနော် လှိုက်လှိုက်လှဲလှဲ ရင်ထဲမှာ ခံစားနိုင်ခဲ့တယ်။
ဒါပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့ စိတ်လှုပ်ရှားမှုတွေနဲ့ အပြောင်းအလဲတွေက မရေရာမှုများ၊ စိုးရိမ်မှုများနဲ့ ရောပြွန်းနေတယ်။ တရုတ်၊ ရုရှတို့လို အင်အားကြီးနိုင်ငံတွေရဲ့ အားပေးထောက်ခံမှုနဲ့ လက်စောင်းထက်ချင်ကြတဲ့ သဘောထားတင်းမာသူတွေရဲ့ မျက်စိဒေါက်ထောက် ကြည့်နေမှုအောက်မှာ လက်ရှိတိုးတက်မှုတွေ ဘယ်လောက်အထိ ဆက်သွားနိုင်မှာလဲဆိုတဲ့ စိုးရိမ်တာတွေ၊ မရေရာမှုတွေကို ပွင့်ပွင့်လင်းလင်းပြောတာ ကြားခဲ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရှေ့ဆက်သွားဖို့လိုတယ်၊ လာမယ့်ဘေး ပြေးတွေ့ရုံပဲလို့လည်း အတော်များများက ပြောကြပါတယ်။
ကျနော့် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် (ဒေါ်စု) နဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ ဒေါ်စုက အရင်အတိုင်း မြန်မာနိုင်ငံကို ငြိမ်းချမ်းပြီး သာယာဝပြောသော ဒီမိုကရက်တစ်နိုင်ငံအဖြစ် တည်ဆောက်ဖို့ မနားမနေ ကြိုးစားအားထုတ်ဆဲ၊ နိုင်ငံတကာမိသားစုမှာ မြန်မာနိုင်ငံ ပြန်ပါဝင်လာနိုင်ရေး ကိုယ်ထူကိုယ်ထ အားထုတ်နိုင်ဖို့ ဘယ်လိုအကူအညီကိုမဆို ကြိုဆိုမြဲပါ။
နိုင်ငံတကာအနေနဲ့ လတ်တလော စိတ်လှုပ်ရှားဖွယ် စိန်ခေါ်ချက်များအောက်က ဒေါ်စုနဲ့ မြန်မာပြည်သူများကို ဘယ်လိုကူညီပေးကြမလဲ။ အထောက်အပံ့တွေက ဒေါ်စုအပါအဝင် တိုင်းရင်းသားခေါင်းဆောင်များ၊ ပြုပြင်ပြောင်းလဲမှု လိုလားသော စစ်တပ်ခေါင်းဆောင်များ၊ စီးပွားရေးကဏ္ဍနဲ့ လူထုအခြေပြု လူမှုအဖွဲ့အစည်း ခေါင်းဆောင်များ ဦးစီးဦးဆောင်တဲ့ ဘက်စုံပါဝင်မှုရှိပြီး ထိရောက်မယ့် တိုင်းပြည်ထူထောင်ရေး လုပ်ငန်းစဉ်အတွက် ဖြစ်သင့်တယ်လို့ မြင်မိပါတယ်။
ကျန်းမာရေးနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများမှာ တာဝန်ထမ်းဆောင်ဖူးသူ တဦးအနေနဲ့ ကျနော် အကြံပြုချင်တာက နိုင်ငံတကာမိသားစုဝင်များ မြန်မာနိုင်ငံ တိုင်းပြည်ထူထောင်ရေး လုပ်ငန်းစဉ်ကို ကူညီရာမှာ အောက်ဖော်ပြပါ နယ်ပယ်သုံးရပ်ကို ဦးစားပေးသင့်ပါတယ်။
ပထမဦးဆုံးအနေနဲ့ တိုင်းရင်းသားလူမျိုးစုများ၊ ဘာသာရေး၊ နိုင်ငံရေးအဖွဲ့များအကြား တိုင်းပြည်ရှေ့ရေး ဦးတည်ရာနဲ့ ပတ်သက်ပြီး အများသဘောတူ ဘုံအမြင်တခု တည်ဆောက်သင့်ပါတယ်။ တိုင်းရင်းသားလူမျိုးစုအဖွဲ့၊ ဘာသာရေးအဖွဲ့၊ လူငယ်အဖွဲ့များမှ ခေါင်းဆောင်များအပါအဝင် ကျောင်းဆရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်သူ့ဝန်ထမ်းများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တခြားနိုင်ငံရေးပါတီများ၊ တပ်မတော်သားများ၊ အစုအဖွဲ့များ အားလုံး ပူးပေါင်းဆောင်ရွက်ကာ နားလည်မှု၊ ယုံကြည်မှု တည်ဆောက်ရေး လုပ်ငန်းအစီအစဉ်များ မြန်မာနိုင်ငံအဝှမ်း စတင်သင့်ပါတယ်။
အာဏာရှင်စနစ်မှ ဒီမိုကရေစီအစိုးရများအဖြစ်သို့ အသွင်ကူးပြောင်းသွားကြတဲ့ တိုင်းပြည်တွေ (ဥပမာ – တောင်အာဖရိက၊ ချီလီနဲ့ အင်ဒိုနီးရှား) ဆီက သင်ခန်းစာနဲ့ အတွေ့အကြုံများ ဖလှယ်ခြင်းဖြင့် အကူအညီများ ပေးသင့်ပါတယ်။ တိုင်းပြည် ဦးတည်ချက်အတွက် ဘုံသဘောတူညီချက်တခု ပေါ်ထွက်ဖို့ဆိုတာ လွယ်ကူတဲ့လုပ်ငန်းစဉ်တော့ မဟုတ်ပါ။ သို့သော် စိတ်စေတနာကောင်းမှု၊ တည်ငြိမ်တဲ့ပံ့ပိုးမှု၊ ထိရောက်တဲ့ အားပေးကူညီမှုတွေရှိရင် ရေရှည်မှာ အောင်မြင်နိုင်ပါတယ်။
ဒုတိယကတော့ ရပ်ရွာမိသားစု အသိုင်းအဝိုင်းနဲ့ လူမှုဖွံ့ဖြိုးရေး အဖွဲ့အစည်းတွေ ပြန်လည်တည်ဆောက်ရေးမှာ ရင်းနှီးမြှုပ်နှံဖို့ ဖြစ်ပါတယ်။ အသေးစား စီးပွားရေးလုပ်ငန်းတွေ၊ ကူးသန်းရောင်းဝယ်ရေး၊ ဘဏ္ဍာရေးနဲ့ ဘဏ်လုပ်ငန်း၊ တရားရေးစနစ်၊ သတင်းနှင့် ဆက်သွယ်ရေးမီဒီယာ၊ လမ်းပန်းဆက်သွယ်ရေး၊ စွမ်းအင်၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး၊ အရပ်ဘက် စစ်ဘက်ဆက်ဆံရေး၊ နိုင်ငံတကာဆက်ဆံရေး၊ လူမှုရေး ကျန်းမာရေးဝန်ဆောင်မှု စတဲ့ နေရာတွေမှာ အရည်အချင်းမြှင့်တင်မှုများ လုပ်ဆောင်သင့်ပါတယ်။ လိုအပ်ချက်နဲ့ ကွာဟချက်ကို အခြေခံပြီး ကျွမ်းကျင်မှု၊ လုပ်ဆောင်နိုင်မှုအဆင့်ကို မူတည်ကာ အရည်အချင်း မြှင့်တင်ပေးသင့်ပါတယ်။ အရည်အချင်းမြှင့်တင်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများမှာ အမျိုးသမီးခေါင်းဆောင်မှုကို နေရာပေးတာတွေ လုပ်ဆောင်ရပါမယ်။
တိုင်းပြည်ထူထောင်ရေး အစီအစဉ်ရဲ့ အစိတ်အပိုင်းတခုအနေနဲ့ လူမှုအသိုင်းအဝန်းက အကြံပြုချက်တွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေကို မြန်မာလုပ်သားထုရဲ့ ဗဟုသုတ၊ အတွေ့အကြုံ၊ ရည်မှန်းချက်များနဲ့ ပေါင်းစပ်ရပါမယ်။ အခြေခံအဆင့်၊ နိုင်ငံတော်အဆင့် အလုပ်သမားတွေကို အဓိကတာဝန်တွေ၊ ခေါင်းဆောင်မှု အခွင့်အရေးတွေ ပေးနိုင်တဲ့ အလုပ်အကိုင် အခွင့်အလမ်းနဲ့ သင်တန်းတွေ ပေးရပါမယ်။ ဖွံ့ဖြိုးဆဲတိုင်းပြည်များမှာ ဖွံ့ဖြိုးရေး၊ ကျန်းမာရေးနဲ့ လူမှုရေးလုပ်ငန်းတွေ အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ခဲ့တဲ့ နိုင်ငံတကာပညာရှင်များရဲ့ ကျွမ်းကျင်မှုတွေ၊ အတွေ့အကြုံတွေဟာ ဒီလုပ်ငန်းမှာ သိပ်အသုံးဝင်ပါတယ်။
ဒါပေမယ့် အရည်အချင်းမြှင့်တင်ခြင်းနဲ့ အကောင်အထည်ဖော်ခြင်း လုပ်ငန်းအစီအစဉ် အားလုံးမှာ နိုင်ငံတကာဝန်ထမ်းတွေက မြန်မာဝန်ထမ်းတွေဆီ ၃ နှစ်အတွင်း ဦးဆောင်မှု လွှဲပြောင်းပေးဖို့ အစီအစဉ် ပါဝင်စေခြင်းဖြင့် တိုင်းပြည်မူလပိုင်ရှင် ဒေသခံများ ခေါင်းဆောင်မှု အရှည်တည်တံ့စေရေး အားပေးသင့်ပါတယ်။
တတိယအနေနဲ့ မြန်မာပြည်ရဲ့ အနာဂတ်ခေါင်းဆောင်တွေဟာ နိုင်ငံတကာဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးတို့မှာ ကျွမ်းကျွမ်းကျင်ကျင် ထိထိရောက်ရောက် လုပ်ဆောင်နိုင်တဲ့ အတွေ့အကြုံတွေရလာဖို့ လိုအပ်တဲ့ အခြေခံကောင်းတွေကို ကူညီဖန်တီးပေးသင့်ပါတယ်။ နိုင်ငံတကာ လွှတ်တော်အမတ်တွေ၊ ထိပ်တန်းအစိုးရအရာရှိတွေ ဦးဆောင်တဲ့ ယုံကြည်မှု တည်ဆောက်ရေးအဖွဲ့တွေ မြန်မာနိုင်ငံကို စဉ်ဆက်မပြတ် လာနေခြင်းဖြင့်လည်း ထိတွေ့ဆက်ဆံနေသင့်ပါတယ်။ စစ်တပ်ခေါင်းဆောင်မှုအတွင်း သဘောထားတင်းမာသူများ အာဏာသိမ်းနိုင်တဲ့ အခြေအနေ၊ တိုးတက်မှုကို နှေးကွေးသွားစေနိုင်တဲ့ အခြေအနေမျိုး မဖြစ်ရအောင် ဒေါ်စုနဲ့ သမ္မတ ဦးသိန်းစိန်တို့နှစ်ဦး ထိထိရောက်ရောက် ဆက်လက်လက်တွဲ ဆောင်ရွက်သွားနိုင်ဖို့ ကူညီပံ့ပိုးစေလိုပါတယ်။
ထိပ်တန်း အမေရိကန်တာဝန်ရှိသူများနဲ့ နိုင်ငံတကာအသိုင်းအဝန်းရဲ့ ထိတွေ့ဆက်ဆံမှုဟာ မြန်မာပြည် တနံတလျားနဲ့ နယ်စပ်တရိုးမှာ နေထိုင်နေကြတဲ့ ပြည်သူများအတွက် အလုပ်အကိုင်များ ဖန်တီးပေးခြင်းနဲ့ ကျန်းမာရေး ပညာရေးဝန်ဆောင်မှုများ တိုးတက်ဖွံ့ဖြိုးရေးအတွက် ဖြစ်သင့်ပါတယ်။ နိုင်ငံတကာ ထောက်ပံ့ကူညီသူများအနေနဲ့ မြန်မာနိုင်ငံ ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ် အကူအညီပေးရာမှာ လုပ်ငန်းထပ်နေခြင်းများ လျော့နည်းစေရန်နဲ့ ပိုမိုသက်ရောက်မှုရှိစေရေး နိုင်ငံတကာနဲ့ အာရှဒေသတွင်း လုပ်ဖော်ကိုင်ဖက်များ ပူးပေါင်းပြီး စီမံကိန်းတရပ် ရေးဆွဲချမှတ်သင့်ပါတယ်။ သာဓကအားဖြင့် တိုင်းရင်းသားဒေသတွေနဲ့ သဘာ၀ ပတ်ဝန်းကျင်အရ ထိခိုက်မခံနိုင်တဲ့ ဒေသများမှာ အကောင်အထည်ဖော်နေတဲ့ စီမံကိန်းတွေမှာ လိုအပ်နေတဲ့ နိုင်ငံတကာအဆင့်မီ ကျင့်ဝတ်သိက္ခာနဲ့ လူ့အခွင့်အရေး အခြေခံစည်းမျဉ်းတွေကို လေးစားလိုက်နာလာစေဖို့ စီးပွားရေး၊ ဖွံ့ဖြိုးရေး၊ လူမှုရေး အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ အကြံဉာဏ်ရယူမှု ပိုမိုအားကောင်းလာစေမယ့် ဘက်စုံချဉ်းကပ်မှုတခု အမေရိကန်အစိုးရက ဆောင်ရွက်သင့်ပါတယ်။
မြန်မာပြည်သူတွေဟာ အလုပ်ကြိုးစားပြီး ထက်မြက်သော၊ ဂုဏ်ယူတတ်သော၊ လွတ်လပ်မှုကို ချစ်မြတ်နိုးသော လူမျိုးများဖြစ်ကြပါတယ်။ စစ်အစိုးရအဆက်ဆက် အနိုင်ကျင့်နှိပ်စက်မှုများ ရှိခဲ့သော်ငြား လူ့ဂုဏ်သိက္ခာ၊ ဟာသဉာဏ်နဲ့ တိုင်းပြည်ချစ်စိတ် သူတို့ရင်ထဲ အမြဲရှိနေကြတယ်။ အလုပ်အကိုင်၊ ပညာရေး၊ ကျန်းမာရေး၊ (ပြည်တွင်း သို့မဟုတ် နိုင်ငံခြားမှ) ခေါင်းပုံဖြတ် အမြတ်ထုတ်မှု ကာကွယ်ပေးရေး၊ တိုင်းပြည်အနာဂတ် ဦးဆောင်ရာမှာ တက်တက်ကြွကြွ ပါဝင်ခွင့်တို့လိုကြောင်း သူတို့က ထုတ်ဖော်ပြောဆိုကြပါတယ်။
နိုင်ငံတကာက ထောက်ပံ့တဲ့ စီမံကိန်းတွေမှာ နယ်မြေခံတွေက ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ချပိုင်ခွင့်ရှိတယ်လို့ ခံယူတာကို တွေ့ကြုံဖူးပါတယ်။ နိုင်ငံတကာအေဂျင်စီတွေကလည်း အစီအစဉ်များကို အကောင်အထည်ဖော်ရာမှာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုရှိကြောင်း လိုအပ်ချက်ကို အဓိကထားကြတယ်။ သက်ဆိုင်ရာ ဒေသဆိုင်ရာနဲ့ နိုင်ငံတကာ အဖွဲ့အစည်းအားလုံးက တိုင်းပြည်ကို ထိထိရောက်ရောက် ကူညီပေးလိုကြသော်ငြားလည်း တခါတရံ တင်းမာမှုများ ရှိပါတယ်။ အထူးသဖြင့် လုပ်ငန်း အလွန်ကြီးမားခြင်း သို့မဟုတ် ငွေကြေးပမာဏ များပြားတဲ့ အခါများမှာ ပိုဖြစ်တတ်ပါတယ်။
နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ စိတ်ကောင်းစေတနာတွေ၊ ကျွမ်းကျင်မှုတွေ ယူဆောင်လာနိုင်ပါတယ်။ နိုင်ငံတကာအေဂျင်စီတွေ၊ အဖွဲ့အစည်းတွေကလည်း ပိတ်ဆို့မှုတွေ ရုပ်သိမ်းသွားတော့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အနောက်နိုင်ငံအစိုးရများ၊ ဖောင်ဒေးရှင်းများထံမှ ငွေကြေးအကူအညီများယူပြီး မြန်မာနိုင်ငံအတွင်း ဝင်ရောက်ကူညီ ပေးလိုနေကြပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကိုယ့်ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်ကို ကိုယ့်ခြေကိုယ့်လက်နဲ့ အပြည့်အ၀ လုပ်ကိုင်နိုင်ဖို့၊ နောင်မျိုးဆက်တွေ နိုင်ငံခြား အထောက်အပံ့အပေါ် အမှီသဟဲပြုမနေရဖို့ မြန်မာနိုင်ငံခေါင်းဆောင်တွေနဲ့ မြန်မာနိုင်ငံသားတိုင်းက နိုင်ငံတကာ မိတ်ဆွေများနဲ့ ထောက်ပံ့သူများအကြား ဂရုတစိုက်ထိန်းညှိဖို့ လိုအပ်ပါတယ်။ ဆုံးဖြတ်ခွင့် အာဏာရှိသူများက မြန်မာပြည်သူများရဲ့ အမြင်နဲ့အာဘော်တွေကို ထိရောက်စွာ ရှာဖွေနားထောင်သင့်ပါတယ်။
စီးပွားရေး၊ လူမှုရေးနဲ့ ဖွံ့ဖြိုးရေးအစီအစဉ်များ အကောင်အထည်ဖော်ရာမှာ လူထုအခြေပြု အဖွဲ့အစည်းများရဲ့ တက်ကြွတဲ့ ပါဝင်မှုကို ကြိုဆို အသိအမှတ်ပြု ပံ့ပိုးရမယ်။
မြန်မာနိုင်ငံဟာ အမေရိကန် အထက်လွှတ်တော်အမတ် မစ်ချ် မက်ကော်နယ်၊ ဂျွန် ကယ်ရီ၊ မက်ကိန်းတို့အပါအဝင် အမေရိကန် သမ္မတ အိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်အထိ အမေရိကန်ပြည်ထောင်စု အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး ကဏ္ဍနှစ်ခုစလုံးက ထောက်ခံမှုရတဲ့နိုင်ငံ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု စီးပွားရေး၊ နည်းပညာနဲ့ လူမှုရေးခေါင်းဆောင်များရဲ့ အကူအညီကို မြန်မာတို့ လိုအပ်ပါတယ်။ နိုင်ငံတကာ အထောက်အပံ့တွေ ထိထိရောက်ရောက် လက်ခံရရှိနေစေဖို့ နေပြည်တော်အစိုးရကလည်း လက်ရှိ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေကို ဆက်လက် ဖြစ်ထွန်းနေစေသင့်ပါတယ်။
တိုင်းပြည် ပြန်လည်ထူထောင်ရေး အောင်မြင်ဖို့ လူတိုင်းရဲ့ အကူအညီလိုတယ်လို့ ဒေါ်စုက ပြောခဲ့ပြီး ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု အပါအဝင် ကမ္ဘာ့အသိုင်းအဝိုင်းက ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ပြီး တိုင်းပြည်အတွက် မရှိမဖြစ် လိုအပ်တဲ့ အကူအညီတွေ ပေးမယ်ဆိုရင် မြန်မာနိုင်ငံ အောင်မြင်နိုင်ဖို့ အလားအလာ ပိုများလာနိုင်ပါတယ်။
သို့မဟုတ်ပါက မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဟာ အရင်ပုံစံအတိုင်း နောက်ထပ် ဆယ်စုနှစ်များစွာကြာ မြန်မာပြည်သူတို့ရဲ့ မျှော်လင့်ချက်များ၊ အိပ်မက်များကို ဖျက်ဆီးပစ်နေတဲ့ အာဏာရှင်စနစ်ကိုသာ ဆက်လက် မြင်တွေ့နေရဦးမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းပြီး ချမ်းသာကြွယ်ဝတဲ့ ဒီမိုကရက်တစ်တိုင်းပြည်အဖြစ် တည်ဆောက်ရေးနဲ့ ကမ္ဘာ့မိသားစုမှာ တာဝန်ထမ်းဆောင်ရေး ပြန်လည်အဆင်သင့်ဖြစ်လာနိုင်စေဖို့ ဝိုင်းဝန်းတည်ဆောက်ကြပါစို့လို့ ဆန္ဒပြုလိုက်ပါတယ်။
Myat Htoo Razak ၏ Building Country Ownership in Burma ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။
(ဒေါက်တာ မြတ်ထူးရာဇတ်သည် အာရှနှင့် အာဖရိကအတွင်း HIV/AIDS ဆိုင်ရာ သုတေသနလုပ်ငန်း၊ ကုသ အကူအညီပေးခြင်းနှင့် ကျန်းမာရေးလုပ်သားများ အရည်အချင်းမြှင့်တင်ပေးသော နိုင်ငံတကာ ကျန်းမာရေး အဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင်နေသော မြန်မာဆရာဝန်တဦးဖြစ်သည်။ ၂၀၀၉ မှစ၍ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်လျက်ရှိပြီး ကမ္ဘာ့ကျန်းမာရေးနှင့် ကျန်းမာရေးစနစ်များ တိုးတက်ကောင်းမွန်စေရေး လုပ်ကိုင်လျက်ရှိသည်။)