တိုင်းပြည်ရဲ့ နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်တွေကို အရေးတကြီး စောင့်ကြည့်၊ ဝေဖန်၊ ဆွေးနွေး၊ ငြင်းခုံနေချိန်မှာ ဒီပန်းချီ ဆရာကလည်း တမှောင့်လို့ ပြောလာရင်လည်းခံရမှာပါ။ ဒါပေမယ့် မပြောလို့ကလည်း မဖြစ်တော့ ပြောစရာရှိတာလေး ပြောပါရစေ။ ပြောချိန်လည်း တန်နေလို့ပါ။ တခြားတော့ မဟုတ်ပါဘူး။ NLD အလံဒီဇိုင်းကိစ္စပါ။
အများသိကြတဲ့အတိုင်း ရှစ်လေးလုံးအရေးတော်ပုံ ဖြိုခွင်းခံရပြီးတဲ့နောက် နဝတက အာဏာသိမ်း၊ ပါတီစုံ ဒီမိုကရေစီစနစ် ဖော်ဆောင်မယ်လို့ ကြေညာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီတွေ ပေါ်ပေါက်လာကြတယ်။ ကျနော်တို့က အရေးတော်ပုံကာလအတွင်း “စာပေနဲ့အနုပညာရှင်များ” ဆိုင်းဘုတ်အောက်မှာ လက်တွဲခဲ့တဲ့ ဦးဝင်းတင်၊ ဦးမိုးသူ၊ ဦးသော်က၊ ဦးအောင်လွင်တို့နဲ့အတူတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး ဦးဆောင်တဲ့ NLD ကို ဝန်းရံခဲ့ကြတယ်။
အဲဒီကာလမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးကိုပဲ အာရုံစူးစိုက်နေကြချိန်ဆိုတော့ အဓိကအတိုက်အခံ အင်အားကြီးဖြစ်တဲ့ NLD မှာပဲ အနုပညာသမား တော်တော်များများ စုရုံးခဲ့ကြတယ်။ လိုအပ်နေတဲ့ ကွက်လပ်တွေမှာ ကိုယ်လုပ်နိုင်တာမှန်သမျှနဲ့ ဖြည့်ဆည်းပေးခဲ့ကြတယ်။ ကျနော်တို့လို ထဲထဲဝင်ဝင် လုပ်နေသူတွေရှိသလို မလှမ်းမကမ်းကနေ လိုအပ်တာကို ပံ့ပိုးပေးကြတဲ့ အနုပညာသမားတွေလည်း ရှိခဲ့ကြတယ်။
မိတ်ဆွေကြီး ကဗျာဆရာ ကိုအောင်ဝေးက “အရေးတော်ပုံ ရင်ခုန်သူများ” ဆိုတဲ့ခေါင်းစဉ်နဲ့ ၈၈ နောက်ကြောင်းပြန် မှတ်တမ်းသဘောမျိုးလေး မိုးမခမှာ အခန်းဆက်ရေးတော့ ကျနော့်အကြောင်း တစွန်းတစ ထည့်ရေးပါတယ်။ အဲဒီအတွက် ကိုအောင်ဝေးကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ပြဿနာက NLD အလံကို ကျနော် (ပန်းချီမျိုးမြင့်) ရေးဆွဲခဲ့တာပါလို့ မှတ်တမ်းပြုထားတာပါပဲ။ ကျနော် ကိုအောင်ဝေးဆီ ချက်ချင်းစာရေးပါတယ်။ NLD အလံကို ရေးဆွဲခဲ့သူဟာ ကျနော် မဟုတ်ကြောင်း၊ ပန်းချီကိုမောင်မောင်သိုက်ဖြစ်ကြာင်း၊ နောက်ပိုင်းလူငယ်တွေ အမှတ်မမှားအောင်နဲ့ သမိုင်းအမှန်ဖြစ်အောင် ပြန်ပြင်သင့်ကြောင်း ကျနော်ပြောပါတယ်။
ဒါပေမယ့် ခက်နေတာက အဲဒီအချိန် ပြည်တွင်းမှာကလည်း အဖမ်းအဆီးတွေ ခပ်ကြမ်းကြမ်း ဖြစ်နေချိန်ဆိုတော့ ဒီကိစ္စကို ပေါ်ပေါ်ထင်ထင် ဖွင့်ပြောဖို့ သူရောကျနော်ရော လက်တွန့်နေခဲ့ကြတယ်။ ကျနော်တို့ရဲ့ မဆင်ခြင်မှုကြောင့် ကိုမောင်မောင်သိုက် ဒုက္ခမရောက်စေချင်ဘူးလေ။ အနိမ့်ဆုံးအဆင့် သူ့ရဲ့အနုပညာလုပ်ကိုင်ခွင့်လေး ပိတ်ပင်သွားရင်တောင် ကျနော်တို့ တသက်လုံး စိတ်မကောင်းဖြစ်ကြရမှာ။ အခုတော့ ကိုမောင်မောင်သိုက်ခမျာလည်း ဆုံးပါးရှာပါပြီ။
အမှန်တော့ ကိုအောင်ဝေးကလည်း သေသေချာချာမသိဘဲ ရမ်းတုပ်လိုက်တာတော့ မဟုတ်ပါဘူး။ သူရောထွေးပြီး အမှတ်မှားသွားတာ ဖြစ်နိုင်ပါတယ်။ မှားချင်စရာကလည်း ဖြစ်ခဲ့တာကိုး။ ဖြစ်ပုံက ၂၀၀၇ ဝန်းကျင်မှာ NLD အလံကို ကျနော်ပြန်လည်ကူးယူ ရေးဆွဲခဲ့ပါတယ်။
ပန်းချီကိုမောင်မောင်သိုက်ဟာ ကျနော့်ရဲ့ အစ်ကိုဆရာပါ။ အစ်ကိုလိုရင်းနှီးသလို ဆရာလိုလည်း ကျေးဇူးရှိသူပါ။ ဒီလိုပဲ NLD ဟာလည်း အခုထက်ထိ ကျနော်သံယောဇဉ်ရှိနေဆဲ ပါတီပါ။ စပြီး တည်ထောင်စဉ်ကတည်းက တထောင့်တနေရာကနေ မထင်မရှား ပါဝင်ခဲ့ရလို့ပါ။ အဲဒီအတွက်ကြောင့် ကိုမောင်မောင်သိုက် ရေးဆွဲပေးခဲ့တဲ့ NLD အလံကို ကျနော် သိပ်ကိုတန်ဖိုးထားခဲ့ပါတယ်။
ကျနော်တို့က ဘယ်လိုပဲ တန်ဖိုးထားထား နှစ်တွေကြာလာတော့ NLD အလံဟာ တဖြည်းဖြည်း ပုံပျက်လာပါတယ်။ အဆင့်ဆင့် ပြန်ကူးပြန်ဆွဲ လုပ်ကြရတော့ မူရင်းနဲ့ မတူတော့ဘဲ အချိုးအစားမကျ ဖြစ်လာပါတယ်။ နောက်ခံအနီရောင်မှာ ကြယ်ဖြူရယ် အဝါရောင်ခွပ်ဒေါင်းရယ် ပါတာမှန်ပေမယ့် ကြယ်ဖြုက အရွယ်ကြီးနေတာ၊ ဒါမှမဟုတ် သေးနေတာမျိုး၊ ခွပ်ဒေါင်းက အချိုးအဆက် မမှန်တာမျိုး၊ ခွပ်ဒေါင်းနဲ့ ကြယ်ဖြူ နီးတဲ့အခါနီး၊ ဝေးတဲ့အခါဝေး အမျိုးစုံ တွေ့လာရတယ်။
ရင်ထဲမကောင်းပေမယ့် ကိုယ်သိသလောက် ကိုယ်တတ်သလောက်လေးနဲ့ ကူးယူရေးဆွဲခဲ့တဲ့လူတွေကိုလည်း အပြစ်မတင်ရက်ဘူး။ အဲဒီမှာ ကျနော် မူရင်းအချိုးအစားအတိုင်း ပြန်ရေးဆွဲဖို့ စိတ်ပိုင်းဖြတ်လိုက်တာပါပဲ။ မူရင်းလည်း ပျောက်ပျက်မသွားအောင်၊ အလံကို အသုံးပြုဖော်ပြတဲ့အခါတိုင်းမှာလည်း စံတမျိုးတည်း (Standardise) ဖြစ်အောင်လုပ်မယ်လို့ ရည်ရွယ်တာပါ။ ကိုမောင်မောင်သိုက် ရေးဆွဲစဉ် ၁၉၈၈-၈၉ အချိန်က ကွန်ပျူတာ မရှိသေးပါဘူး။ စက္ကူပေါ်မှာ လက်နဲ့ပဲရေးဆွဲခဲ့တာပါ။ ကျနော့်ကျတော့ ကွန်ပျူတာခေတ် အိုင်တီခေတ်နဲ့လည်း လျော်ညီအောင်၊ အလွယ်တကူလည်း ဖြန့်ဝေပေးလို့ရအောင်၊ အကြီးချဲ့ အသေးချုံ့ လုပ်ချင်သလို လုပ်လို့ရအောင်၊ ဒစ်ဂျစ်တယ်ပုံရိပ် (Digitize) အဖြစ် လုပ်ရမှာပါ။
ကိုထွန်းမြတ်ဦး (ပန်းသီး) အကူအညီနဲ့ ဦးမိုးသူ(ဘကြီးမိုး) ကို ဆက်သွယ်ပြီး ပုံနှိပ်ထားတဲ့ ကိုမောင်မောင်သိုက်ရဲ့ မူရင်းအလံဒီဇိုင်းကို ပြည်တွင်းကနေ ရအောင်မှာယူခဲ့ပါတယ်။ ရလာတော့ Scan လုပ်၊ Computer ထဲမှာ Vector image ရအောင် Adobe Illustrator Software ကိုအသုံးပြုပြီး အတိအကျ Trace လုပ်ယူပါတယ်။ အဲဒီလိုလုပ်လိုက်တော့ ပုံကြီးပဲချဲ့ချဲ့ ပုံသေးပဲချုံ့ချုံ့ ကိုမောင်မောင်သိုက်ရဲ့ မူရင်းဒီဇိုင်း အချိုးအစားအတိုင်း အတိအကျ ထွက်ပါတယ်။ မမှားနိုင်တော့ပါဘူး။ တကယ်တော့ ဘယ်သူလုပ်လုပ် မလုပ်လုပ်၊ လိုအပ်မယ်ထင်လို့ ကျနော့်ဖာသာ လုပ်လိုက်တာပါ။ ကျနော့်လုပ်ရပ်ဟာ နငယ်ကို အမြီးတပ်တဲ့၊ အရေးမပါတဲ့အလုပ်လို့ ပြောမယ်ဆိုရင်လည်း ပြောနိုင်ပါတယ်။ ဒါပေမယ့် ကျနော်တန်ဖိုးထားတဲ့ NLD အလံကို အခုလို Standardise လုပ်လိုက်နိုင်တဲ့အတွက် ကိုယ့်ဖာသာကိုယ်တော့ ကျေနပ်ပါတယ်။
ပြောစရာတခုရှိလာတာက ကျနော့်ဆီမှာ မူရင်းအတိုင်း ဒစ်ဂျစ်တယ်ပုံရိပ်အဖြစ် ပြန်ဆွဲထားတာ ရှိနေတဲ့အကြောင်း ကျယ်ကျယ်ပြန့်ပြန့် မသိကြတာပါပဲ။ သိတဲ့လူတချို့ရှိပေမယ့် သိပ်နည်းပါတယ်။ မဏ္ဍပ်တိုင်တက်ရမှာကို အလကားနေရင်း စိုးရွံ့နေတတ်တဲ့ ကျနော့်အကျင့် အားနည်းချက်ကြောင့်လည်း ပါပါတယ်။ တဖက်ကလည်း ဒီလိုနဲ့ကြာလာရင် သမိုင်းဝင် မူရင်းအလံ ပျောက်ပျက်သွားမှာကိုလည်း စိုးမိပါတယ်။ ဒါကြောင့် အခုလို အများပြည်သူကို မီဒီယာကနေ အသိပေးရခြင်းပါ။
ပြည်တွင်းပြည်ပ မီဒီယာတွေအနေနဲ့ ခါတိုင်းဖော်ပြနေကျ မူရင်းမဟုတ်တဲ့ NLD အလံကို မူရင်းအတိုင်း ကူးယူရေးဆွဲထားတဲ့အလံနဲ့ အစားထိုးအသုံးပြုပေးကြဖို့ ကျနော် မေတ္တာရပ်ခံပါတယ်။
NLD ရုံးချုပ်နဲ့ ရုံးခွဲများအနေနဲ့လည်း စာရွက်စာတမ်း၊ စာအိတ်၊ ရင်ထိုးမှအစ ဆိုင်းဘုတ်အလယ် အခမ်းအနား နောက်ခံတွေမှာသုံးတဲ့ အလံအဆုံး တညီတညွတ်တည်း တပုံစံတည်း အသုံးပြုပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ အခုအချိန်က ရံပုံငွေအတွက် ပြက္ခဒိန်၊ ပိုစတာ၊ ပို့စကတ်၊ တီရှပ်၊ ဦးထုပ်တွေ မှိုလိုပေါက်အောင် ထုတ်လုပ် ရောင်းချနေချိန်ဆိုတော့ NLD က တာဝန်ရှိပုဂ္ဂိုလ်များကလည်း အလံအမှန်ဖြစ်အောင် ထိန်းကွပ်ပေးကြစေချင်ပါတယ်။
jpeg, tiff, png, ai, psd စသဖြင့် အလိုရှိရာ Format ကို ကျနော့်ဆီ ([email protected]) စာရေးမှာကြား တောင်းဆိုနိုင်ပါတယ်။ မဖြစ်ဖြစ်တဲ့နည်းနဲ့ ပို့ပေးပါမယ်။ ရလာရင်လည်း တခြားလိုအပ်တဲ့သူတွေဆီကို လက်ဆင့်ကမ်းပြီး ဖြန့်ပေးကြပါ။ အလံပိုင်ရှင် NLD ကို လေးစားတဲ့အနေနဲ့၊ ဖန်တီးရေးဆွဲပေးခဲ့တဲ့ (ကွယ်လွန်သူ) ပန်းချီကိုမောင်မောင်သိုက်ကို တန်ဖိုးထားတဲ့အနေနဲ့၊ မူရင်းအလံဒီဇိုင်းကိုပဲ မူရင်းမပျက် အသုံးပြုပေးကြပါခင်ဗျား။
သမိုင်းကို ရေးသူတွေက ရေးသွားကြပါပြီ။ တချို့လည်း ရေးနေကြဆဲပါ။ အဲဒီသမိုင်းတွေ မမှားမယွင်း မပျောက်မပျက်အောင် ကျနော်တို့အားလုံး ဝိုင်းဝန်းထိန်းသိမ်းကြရပါမယ်။ ဒါကိုလဲ “သမိုင်း” လို့ဆိုရင် ရကောင်းလေမလား။