သမ္မတ ဦးသိန်းစိန်အစိုးရ၏ လာမည့် ၂၀၁၂-၂၀၁၃ အတွက် ဘတ်ဂျက်ကို ယခုအခါ နေပြည်တော် လွှတ်တော်တွင် စတင်ဆွေးနွေးနေပြီ ဖြစ်သည်။ လွှတ်တော်ဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဗဟိုအစိုးရအဖွဲ့တို့၏ အခြေအတင်ဆွေးနွေးမှုများကိုလည်း စတင်ကြားနေရပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် ဘတ်ဂျက် ငွေစာရင်း အသိပေး ကြေညာချက် ထုတ်ပြန်ခြင်းမပြုသည်မှာ ၂၄ နှစ်ကျော် ကြာခဲ့သည်။ ယခုလွှတ်တော်တွင် အစိုးရဝန်ကြီးများက ပထမဆုံးအကြိမ် အစိုးရအသုံးစရိတ်ဆိုင်ရာ ကိန်ဂဏန်းတချို့ကို လွှတ်တော်မှတဆင့် လူထုသို့ ထုတ်ဖော်ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံသည် အကြွေး ၁၁ ဘီလီယံဒေါ်လာ (ဒေါ်လာ သန်းပေါင်း ၁၁၀၂၃ ဒဿမ ၂၉၈) တင်ရှိနေသည့် အချက်ကိုလည်း မကြာသေးမီက လွှတ်တော်တွင် ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းက ထုတ်ဖော်ပြောဆိုခဲ့သည်။ ဤသို့ အကြွေးတင်နေမှုကို အနှစ် ၄၀ အတွင်း လူထုသို့ ပထမဆုံးအကြိမ် တရားဝင် ထုတ်ဖော်အသိပေးခြင်းဖြစ်သည်။
ယခုတွင်မူ အစိုးရက ရငွေ၊ သုံးငွေများနှင့် ပတ်သက်၍ ပြည်ထောင်စု ဥပဒေကြမ်း၌ အသေးစိတ် ဖော်ပြရတော့မည်ဖြစ်ပြီး လွှတ်တော်က အတည်ပြုချက်ကို ရယူဖို့လိုသည်။ ယခင်စစ်အစိုးရတို့သည် နိုင်ငံတော် ဘဏ္ဍာရေးနှင့် ပတ်သက်သည့် အကြောင်းအရာ ကိစ္စအားလုံးကို လျှို့ဝှက်မှတ်တမ်း အနေဖြင့်သာ သဘောထားပြီး ပြည်သူလူထုသို့ အသိပေးခြင်း မရှိခဲ့ချေ။
ဒီမိုကရေစီ ထွန်းကားသောနိုင်ငံများတွင် အာဏာရပါတီ အစိုးရသည် အသုံးစရိတ်များကို ရေးဆွဲတင်ပြရပြီး လွှတ်တော်သာမက လွှတ်တော်ပြင်ပမှ အဖွဲ့အစည်းများလည်း တက်ရောက်ဆွေးနွေးကြသည်။ လျာထားသည့် ဘတ်ဂျက်အတွက် အကောင်အထည်ဖော်မည့် စီမံကိန်းများနှင့် စပ်လျဉ်း၍ လွှတ်တော်နှင့် ပြည်သူသို့ ရှင်းလင်းတင်ပြရသည်။ လွှတ်တော်တွင်း မေးမြန်းမှုများကို ဖြေဆိုရသည်။ အစိုးရစီမံကိန်းများအနက် အမြတ်ထွက်သည့် စီမံကိန်းနှင့် အရှုံးပေါ်သည့် စီမံကိန်းများကို သိသာအောင် တင်ပြရသည်။ ထို့အပြင် ဝင်ငွေအတွက် အခွန်မည်သို့ ကောက်မည်၊ အသုံးစရိတ်ကိုလည်း မည်သို့မျှတအောင် သုံးစွဲမည်ကို ဖော်ပြကြရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းက လွှတ်တော် အစည်းအဝေးတခုတွင် ဝန်ကြီးဌာန တခုချင်းစီ၏ ဝင်ငွေနှင့်အသုံး စရိတ်များကို တင်ပြခဲ့ပြီး ကာကွယ်ရေး ဝန်ကြီးဌာနက ကျပ် သန်း ၁ သန်း ၁ သိန်းကျော်၊ စွမ်းအင် ဝန်ကြီးဌာနက ကျပ် သန်း ၁ သန်း ၁ သောင်းကျော်နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ကျပ် သန်း ၁ သန်းကျော် ဟူ၍ ဘဏ္ဍာငွေ အများဆုံးသုံးစွဲသည့် ဝန်ကြီးဌာန ၃ ခုကို ကြေညာသွားသည်။
လာမည့် ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော် ဘတ်ဂျက်၏ ၁၄ ဒသမ ၃၉ ရာခိုင်နှှုန်းကို စစ်တပ်အတွက် သုံးမည်ဖြစ်ပြီး ကျန်းမာရေးအတွက် ၂ ဒသမ ၈၂၂ ရာခိုင်နှှုန်းနှင့် ပညာရေးအတွက် ၄ ဒသမ ၇၃၃ ရာခိုင်နှှုန်း အသုံးပြုသွားမည်ဟု သိရသည်။ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်ခွဲဝေ သုံးစွဲမှုတွင် စစ်တပ်၏ အသုံးစရိတ်ကို ယခင်နှစ်များထက် လျှော့ချထားကြောင်း တွေ့ရသည်။ သို့သော် ကျန်းမာရေးနှင့် ပညာရေး အသုံးစရိတ်မှာ ဒေသတွင်း အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်လျှင် နည်းနေဆဲ ဖြစ်သည်။
ကာကွယ်ရေး အသုံးစရိတ်သည် ယခင်နှစ်များက ၂၀ ရာခိုင်နှုန်းကျော် ရှိခဲ့ပြီး ကျန်းမာရေးနှင့်ပညာရေး အသုံးစရိတ်သည် ၅ ရာခိုင်နှှုန်းကျော်သာ ရှိခဲ့သည်။
ယခု လွှတ်တော်အတွင်းတွင် ဝန်ကြီးဌာန ၃၄ ခု၏ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် ဘတ်ဂျက် လျာထားချက်များအား တင်ပြနေသော်လည်း အသေးစိတ်ကိုမူ သိရှိရခြင်း မရှိပေ။
ယခင်က ထိုသို့ ပွင့်လင်းမှု မရှိခြင်းကြောင့် နဝတ၊ နအဖ စစ်အစိုးရ လက်ထက်တွင် အမေရိကန်ဒေါ်လာ ၂၀ ဒဿမ ၆၄ သန်း အကုန် အကျခံတည်ဆောက်ထားသော မြစ်ရေတင်စီမံကိန်း ၆၇ ခုအနက် ၁၆ ရာခိုင်နှှုန်းသာ အကောင်အထည် ဖော်နိုင်သေးသည့် ကိစ္စမျိုးကို ပြည်သူလူထုက မသိရှိခဲ့ကြပေ။
ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မျက်ရတနာ အပါအဝင် ပြည်တွင်းသယံဇာတများ၊ ဆန်၊ ပဲကဲ့သို့သော စိုက်ပျိုးရေး ထွက်ကုန်များ ရောင်းချရငွေများအပေါ် စီမံခန့်ခွဲမှုများနှင့် ပတ်သက်၍လည်း ပြည်သူလူထုက သိရှိလိုနေကြသည်။
ယခု လွှတ်တော်တွင် ဗဟိုအစိုးရက တင်ပြလာသည့် စီမံကိန်းများအနက် ကျပ် ဘီလီယံ ရာချီ ကုန်ကျမည့် စက်မှုဖွံ့ဖြိုးရေးနှင့် နေပြည်တော်ဖွံ့ဖြိုးရေး စီမံကိန်းများသည် ပြည်သူလူအတွက် များစွာ အကျိုးမရှိနိုင်ဟု ယူဆပြီး ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များက ရပ်ဆိုင်းထားစေလိုကြသည်။
ဦးသိန်းစိန် သမ္မတဖြစ်လာပြီး မကြာခင်ကလည်း နေပြည်တော်ရှိ အကုန်အကျများပြီး အရေးမကြီးသော စီမံကိန်းတချို့ကို ရပ်ထားရန် ညွှန်ကြားခဲ့သေးသည်။
အစိုးရဘတ်ဂျက်များနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာရန် အထူးလိုအပ်သည်။ အာဏာရပါတီ အစိုးရအနေဖြင့် သမ္မတ ဦးသိန်းစိန်အဖွဲ့၏ အစိုးရဘတ်ဂျက်နှင့် ပတ်သက်၍ လည်းကောင်း၊ မူဝါဒနှင့် လုပ်ဆောင်မှုများ မည်သို့ ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်မည်ကိုလည်းကောင်း ပြည်သူလူထုက ပါဝင်ဆွေးနွေးခွင့် ရှိရမည်။
လူထုနေ့စဉ်ဘဝနှင့် ဆိုင်သော အခွန်၊ လစာ၊ ပညာရေး၊ လူထုဝန်ဆောင်မှုများကို အစိုးရက အရေးတကြီး ဖော်ဆောင်ပေးရန် တာဝန်ရှိရာ အစိုးရက လွှတ်တော်တွင် တင်ပြလာသော ဘတ်ဂျတ်ရေးရာ အသေးစိတ်များကို လွှတ်တော်ထဲတွင်သာမက လွှတ်တော်ပြင်ပမှ ပြည်သူများကလည်း လက်ဖက်ရည်ကြမ်းဝိုင်းများ၊ ထမင်းစားဝိုင်းများအထိ ဆွေးနွေးဝေဖန်ကြမှသာ တာဝန်သိသော ဒီမိုကရက်တစ်နိုင်ငံကြီးသားများ ပီသနိုင်ကြမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။