သမ္မတ ဦးသိန်းစိန် ၏ ပြည်ထောင်စု လွှတ်တော်၌ ပြောကြားသည့် အစိုးရအဖွဲ့သစ် သက်တမ်း တနှစ်ပြည့် မိန့်ခွန်းသည် တိုင်းပြည် တိုးတက်ဖြစ်ထွန်းရေး ဦးတည်ချက်ဖြင့်ပြောကြားသည်ဟု ယုံကြည်ရသောကြောင့် ကြိုဆိုရပေမည်။
သို့သော် အမှန်တကယ်လုပ်ကိုင် အကောင်အထည် ဖော်ရန်ကိုတော့ စောင့်ကြည့်ရမည့် အခြေအနေများလည်း ရှိနေသည်။
ဦးသိန်းစိန်က ပြည်တွင်း ငြိမ်းချမ်းရေး၊ တိုင်းရင်းသားအရေး၊ တရားဥပဒေ စိုးမိုးရေး အပါအဝင် သတင်းမီဒီယာ ကဏ္ဍ၊ ပုဂ္ဂလိက ကဏ္ဍ၊ ဘဏ္ဍာရေးနှင့် ငွေကြေးကဏ္ဍ၊ နိုင်ငံတကာဆက်ဆံရေးနှင့် ရင်းနှီးမြှပ်နှံမှု၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံ ရေး၊ ခေတ်မီဖွံဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံသစ်နှင့် အနာဂတ် မျှော်မှန်းချက်များ၊ အတိတ်က သင်္ခန်းစာများ စသည်ဖြင့် ကဏ္ဍစုံ ပြောကြားသွားသည်။
မြန်မာ ပြည်သူလူထု အနေဖြင့် ခေတ်အဆက်ဆက် အစိုးရ စနစ်မျိုးစုံကို တွေ့ကြုံခံစားခဲ့ရကြောင်း၊ လက်ရှိအစိုးရ၏ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် အောင်မြင်မှု၊ ရေရှည် ခိုင်မာတည်တံ့မှုအပေါ် မူတည်ပြီး နောင်အစိုးရအဆက်ဆက်၏ ကောင်းမွေ၊ ဆိုးမွေကို ခံစားရမည် ဆိုသည်ကိုလည်း အလေးအနက် ယုံကြည်ကြောင်း ဦးသိန်းစိန်က ထည့်သွင်းပြောကြားသည်။
ထို့အပြင် နှစ်ပေါင်း ၆၀ ကျော် ပဋိပက္ခဖြစ်ပွားနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လက်ရှိ နိုင်ငံရေးဖြစ်စဉ်များ၌ ပါဝင်နိုင် ရန် အရေးကြီးသည်ဟုလည်း ထုတ်ဖော်ပြောဆိုသွားသည်။
“ကျနော်တို့ နိုင်ငံဟာ ပြည်ထောင်စု နိုင်ငံ တနိုင်ငံ ဖြစ်တာနဲ့ အညီ ဒီနိုင်ငံရေး လုပ်ငန်းစဉ်မှာ တိုင်းရင်းသားတွေအားလုံး တန်းတူ ရည်တူ ပါဝင်ခွင့်ရရှိဖို့ မဖြစ်မနေ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်…တဘက်နဲ့ တဘက် ထိတွေ့ဆက်ဆံမှုတွေ ကင်းဝေးပြီး အထင်အ
မြင် လွဲမှားခဲ့တာတွေ ကျနော်တို့ အစိုးရ လက်ထက်မှာ အဆုံးသတ်ပေးနိုင်ဖို့ လိုပါတယ်”ဟု ဦးသိန်းစိန်က ဆိုသည်။
ထို့နောက် သမ္မတ ဦးသိန်းစိန်က ၎င်း၏ မိန့်ခွန်းကို မမျှော်လင့်ဘဲ လက်နက်ကိုင် တိုင်းရင်းသား လူငယ်များ သေနတ်အစား သတင်း နည်းပညာခေတ်၏ အသုံးအဆောင် ပစ္စည်းကို ဆန္ဒရှိပုံဆီသို့ ဦးတည်လိုက်သည်။
“၁၈ နှစ်၊ ၁၉ နှစ် အရွယ်ရှိတဲ့ တိုင်းရင်းသား လူငယ်တွေက ပြောကြတယ်၊ ကျနော်တို့လည်း လက်ပ်တော့တွေ၊ ကွန်ပျူတာတွေ ကိုင်ချင်တယ် ဆိုတဲ့စကား၊ ကျနော် တကယ်ပဲ စိတ်မကောင်း ဖြစ်ရပါတယ်၊ ကျနော် အခိုင်အမာ သန္နိဌာန်ချထားပါတယ်၊ ကျနော် တို့ အစိုးရလက်ထက်မှာ ဒီလို မယုံမရဲ ဖြစ်နေတဲ့ စိုးရွံ့မှုတွေ ပပျောက်အောင် ဖျောက်ပစ်ရပါမယ်”ဟု ဦးသိန်းစိန်က ပြောဆိုသည်။
တိုင်းရင်းသားအရေးနှင့် ပတ်သက်ပြီး ထာဝရငြိမ်းချမ်းရေး အတွက် ချမှတ် ဆောင်ရွက်နေသည့် အဆင့် ၃ ဆင့်သည် ထာဝရ ငြိမ်း ချမ်းရေးဖော်ဆောင်မည့် နိုင်ငံတော်၏လမ်းပြမြေပုံပင် ဖြစ်ကြောင်း ဦးသိန်းစိန်၏ ပြောဆိုချက်မှာ လေးနက်သည့်အသွင် ဆောင် သော်လည်း လက်တွေ့အကောင်အထည်ပေါ်ရန် ခရီးဝေးနေသေးသည့် အခြေအနေများက ရှိနေသေးသည်။
ဦးသိန်းစိန်၏ မတ်လ ၁ ရက်နေ့က ပြောကြားသည့် မိန့်ခွန်းတွင်“ကချင်တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး ပြည်တွင်း ပြည်ပက မေးမြန်းနေကြတာတွေ ရှိပါတယ်။ မိဘပြည်သူတွေလည်း သိချင်နေကြပါလိမ့်မယ်။ ကျနော် ကိုယ်တိုင် တပ်မတော်ကို မိမိကိုယ်ကို ခုခံ ကာကွယ်ရုံကလွဲပြီး ထိုးစစ်ဆင် တိုက်ခိုက်မှုတွေမလုပ်ဖို့ ညွှန်ကြားထားပြီးတဲ့ အနေအထားမှာ ဘာဖြစ်လို့ ပစ် ခတ် တိုက်ခိုက်မှုတွေ မရပ်သေးတာလဲ ဆိုတဲ့ မေးခွန်းပါပဲ”ဟု ယနေ့အထိ ကချင်ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှု မရရှိသေးသည် ကို ထုတ်ဖော်ပြောကြားထားသည်။
ထိုကိစ္စသည် အစိုးရ အပါအဝင် ကချင်တိုင်းရင်းသားခေါင်းဆောင်များ၏ တာဝန်လည်း ဖြစ်သည်ဟု ၎င်းကဆိုသည်။
ကချင်ဒေသတွင် ပြီးခဲ့သည့်နှစ် ဇွန်လမှစတင် ဖြစ်ပွားသော ကချင်ပြည် လွတ်လပ်ရေးတပ်မတော်(KIA)နှင့် အစိုးရတပ်များ၏ တိုက် ပွဲများကြောင့် သောင်းနှင့်ချီသည့် ဒေသခံ အရပ်သားများ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရဆဲ ဖြစ်သည်။ အစိုးရ ငြိမ်းချမ်းရေး ဖော် ဆောင်ရေးအဖွဲ့နှင့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO)တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။
သမ္မတဦးသိန်းစိန်က ဆက်လက်ပြီး မြန်မာပြည်သူများအားလုံး လိုလားတောင့်တနေသော စီးပွားရေးကောင်းမွန်ပြီး ခေတ်မီဖွံ့ဖြိုးသည့် နိုင်ငံ တနိုင်ငံ ဖြစ်လာရန် အပါအဝင် အဓိကဆန္ဒ နှစ်ရပ် ရှိရာ ပထမ ဆန္ဒ၌ တည်ငြိမ်အေးချမ်းစွာ နေထိုင်လိုသည့်အပေါ် အခြေခံ၍ အမျိုးသား ပြန်လည်ပေါင်း စည်း ညီညွတ်ရေး၊ ထာဝရငြိမ်းချမ်းရေး ဆောင်ကြဉ်းရေး စသည့် နိုင်ငံရေး လုပ်ငန်းစဉ်များကို အလေးပေးဆောင်ရွက်ခဲ့သည်ဟု ပြောဆိုသည်။
နိုင်ငံသားအားလုံး နောက်ကြောင်း ပြန်မလှည့်စတမ်း လျှောက်လှမ်းပြီး မတူညီသည်များကို ဘေးဖယ်၍ တူညီသည့် အပိုင်းများ၌ ပူးပေါင်း လုပ်ကိုင်သွားရန်လည်း ဦးသိန်းစိန်က ပြောကြားသည်။
အစိုးရ အဖွဲ့အတွင်း “ခေါင်းမာဂိုဏ်းနှင့် အပျော့ဂိုဏ်း”ကွဲပြားနေသည်ဟူသည့် ဝေဖန်ပြောဆိုနေမှုများကိုတော့ ၎င်းက ငြင်းဆို သွားသည်။
“လူတဦးချင်းစီရဲ့ ဗီဇ၊ စရိုက်၊ အမူအကျင့်တွေပေါ်မှာ မူတည်ပြီး စီမံခန့်ခွဲမှု ကွဲပြားခြားနားတာကလွဲလို့ ကျနော်တို့ အစိုးရအဖွဲ့ရဲ့ မူဝါဒကို ကျနော်တို့အားလုံး မမှိတ်မသုန် ယုံကြည်စွာ ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်”ဟု ဦးသိန်းစိန်က ဆိုသည်။
သို့သော် ထို အမာဂိုဏ်းနှင့် အပျော့ဂိုဏ်းသည် အမှန်တကယ်ရှိနေပြီး အမာ သမားများကို ဦးသိန်းစိန် အနေနှင့် မည်သို့ ကိုင်တွယ် ဆောင်ရွက်မည်ဆိုသည်မှာ အရေးကြီးပါသည်။
အစိုးရနှင့် နီးစပ်သူများနှင့် သတင်းမီဒီယာ အသိုင်းအဝိုင်းကလည်း အစိုးရအဖွဲ့အတွင်း၌ ပြဿနာများစွာ ရှိနေကြောင်း၊ အထူးသ
ဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် သဘောထား ကွဲလွဲမှုများရှိနေသေးကြောင်း ပြောဆိုကြသည်။
အစိုးရအဖွဲ့ စတင်တာဝန်ယူစ၂၀၁၁ ခုနှစ် မတ်-ဧပြီ က ပြောကြားသည့် ဦးသိန်းစိန်၏ မိန့်ခွန်းတွင် ကောင်းမွန်သောအုပ်ချုပ်မှု စနစ်(Good Governance) နှင့် သန့်ရှင်းသော အစိုးရ (Clean Government) ပေါ်ပေါက်ရေး ကြိုးပမ်းဆောင်ရွက်ရန် ပြောဆိုထား ရာ တနှစ်တာ ကာလအတွင်း ထိုအချက်များ မည်သည့်အတိုင်းအတာအထိ ကြိုးပမ်း အကောင်အထည် ပေါ်ခဲ့သည်ကိုမူ ယခုထက် ပို၍ ရှင်းလင်းတိကျစွာ သိရှိရန်လိုအပ်သည်ဟု ယူဆပါသည်။
တနှစ်တာအတွင်း စီးပွားရေးကဏ္ဍ၌ ဖွံ့ဖြိုးအောင်မြင်မှုနှင့်ပတ်သက်ပြီး တယ်လီဖုန်း ဈေးနှုန်း၊ ကားဈေးနှုန်းနှင့် တချို့သောဈေးနှုန်း များ လျှော့ချပေးကြောင်း၊ အခွန်တချို့လျှော့ပေးခဲ့ကြောင်းမှလွဲ၍ အထင်အရှား မသိရှိရပေ။
ထို့အပြင် ဦးသိန်းစိန် အစိုးရသက်တမ်းသည် လာမည့်၂၀၁၅ ခုနှစ်အထိဖြစ်ရာ အများပြည်သူသို့ပေးထားသော ကတိကဝတ်များနှင့် လုပ်ငန်း စီမံကိန်းများ ဆောင်ရွက် အကောင်အထည်ဖော်မှု အတိုင်းအတာကိုလည်း စောင့်ကြည့်ရဦးမည်ဟုပင် ဆိုချင်ပါသည်။