ကချင်ပြည်နယ် လိုင်ဇာ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်တွင် ကချင်လွတ်လပ်ရေး တပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်နှင့် ဧရာဝတီမဂ္ဂဇင်းက သီးသန့်တွေ့ဆုံမေးမြန်းခဲ့သည်။ ဗိုလ်မှူးချုပ် ဂွမ်မော်၏ နောက်ကျောဘက် နံရံတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံကိုချိတ်ဆွဲထားပြီး မလှမ်းမကမ်းတွင်မူ “ဘုရားသခင်သည်သာ ကျွန်ုပ်တို့၏ အောင်ပွဲ” ဟူသော နဖူးစည်းစာတန်း ချိတ်ဆွဲထားသည်ကို တွေ့ရသည်။ ရွှေလီမြို့တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲများ၏ မှတ်တမ်း ဗွီဒီယိုကိုလည်း ပြသသည်။
တရုတ်နိုင်ငံနယ်စပ်မြို့ ရွှေလီတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် မြန်မာအစိုးရအကြား တွေ့ဆုံဆွေးနွေးမှုများ တကျော့ပြန် စတင်လိုက်သည်နှင့် ပတ်သက်ပြီး ထာဝရတည်တံ့မည့် ငြိမ်းချမ်းရေးရယူရန်အတွက် အဓိက အရေးကြီးသည့်အချက်များကို ဗိုလ်မှူးချုပ် ဂွမ်မော်က ရှင်းပြခဲ့သည်။
မေး ။ ။ ရွှေလီမှာ ပြုလုပ်မယ့် ကေအိုင်အိုနဲ့ မြန်မာအစိုးရအကြား ဆွေးနွေးပွဲကို ဗိုလ်မှူးချုပ်အနေနဲ့ ဘယ်လို သတ်မှတ်ချက်တွေ ယူဆောင်သွားမှာပါလဲ။
ဖြေ ။ ။ အဆင့်သုံးဆင့်နဲ့ ကျနော်တို့ သွားချင်တယ်လို့ သူတို့ကို အကြံပြုထားပြီး ဖြစ်ပါတယ်။ ပထမအဆင့်က ပဏာမအဆင့် ဆွေးနွေးပွဲတွေ၊ ဒုတိယအဆင့် တနိုင်ငံလုံးဆောင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ၊ ပြီးမှ တတိယအဆင့် အနေနဲ့ သဘောတူညီထားတဲ့ နိုင်ငံရေးသဘောတူညီချက်ကို အကောင်အထည်ဖော်ခြင်းဆိုတဲ့ အဆင့်တွေ ဖြစ်ပါတယ်။ အဓိကလိုလားတဲ့ အချက်ကတော့ ၁၉၄၇ ခုနှစ် ပင်လုံသဘောတူညီချက်မှာ ပါရှိခဲ့တဲ့အတိုင်း တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ ရရှိရေးပဲ ဖြစ်ပါတယ်။
အခုက စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေးကို ဦးတည်စေမယ့် ပဏာမအဆင့်မှာပဲ ရှိပါသေးတယ်။ အဲဒီဆွေးနွေးပွဲ မစခင်မှာ အချက် ၈ ချက် ကျနော်တို့ တောင်းဆိုပါတယ်။ ပဏာမ ဆွေးနွေးပွဲတွေနဲ့ စရပါမယ်။ အခု ရွှေလီဆွေးနွေးပွဲတွေက ပဏာမ အဆင့်ပါ။ နှစ်ဖက်စလုံးက နိုင်ငံရေးအရ ဆွေးနွေးမှုအတွက် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြသရပါမယ်။
နှစ်ဖက်စလုံးက အရှိကိုအရှိအတိုင်း သတင်းထုတ်ပြန်ဖို့ သဘောတူရမယ်။ မည်သည့်ဘက်ကမှ တခြားတဖက်ကို အပုတ်ချ စွပ်စွဲတာမျိုး မလုပ်ရဘူး။
ပဏာမဆွေးနွေးပွဲတွေအကြောင်း သတင်းကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုရပါမယ်။ နှစ်ဖက်တပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေက ရောပြွမ်းနေတော့ နယ်မြေရှင်းရှင်းလင်းလင်း သတ်မှတ်ဖို့နဲ့ ကျွံနေတဲ့တပ်တွေကို သက်ဆိုင်ရာနယ်မြေတွေထဲ ပြန်လည်ပြောင်းရွှေ့ဖို့ ကျနော်တို့ တောင်းဆိုပါတယ်။ အရပ်သားဖြစ်စေ၊ စစ်သားဖြစ်စေ ထိန်းသိမ်းထားသူတွေကို ချက်ချင်းပြန်လွှတ်ပေးရမယ်။ နှစ်ဖက်အကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး လမ်းကြောင်းတွေရှိဖို့ ဆက်ဆံရေးရုံးတွေ ဖွင့်ဖို့လည်း ကျနော်တို့ တောင်းဆိုပါတယ်။
အဲဒီအချက်တွေ အောင်မြင်ပြီဆိုရင် ကျနော်တို့အနေနဲ့ နိုင်ငံရေးစကားဝိုင်းကို ဝင်ဖို့ဆန္ဒရှိပါတယ်။ ပထမဆင့်အနေနဲ့ ဖြစ်နိုင်ရင် ပင်လုံမှာ အမျိုးသားညီလာခံကြီးတခု ကျင်းပဖို့ တောင်းဆိုပါတယ်။ အဲဒီညီလာခံကတဆင့် အစိုးရနဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသားလူမျိုး အားလုံးအကြား သဘောတူတဲ့ သဘောတူညီချက်တခု ရရှိသင့်ပါတယ်။
နောက်ပိုင်း ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်၊ လမ်း တံတား စတဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရေးစသဖြင့် လုပ်ငန်းတွေမှာ ကျနော်တို့ ပူးပေါင်းဆောင်ရွက်ချင်ပါတယ်။ ကျေးရွာတွေ ပြန်ဆောက်ပေးချင်တယ်။ နစ်နာခဲ့ရသူတွေကို လျော်ကြေးပေးချင်ပါတယ်။
အဲဒီနိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေ ပြီးတဲ့အခါမှာ သဘောတူညီချက်ကို အကောင်အထည်ဖော်ပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်။ ချုပ်ရမယ်ဆိုရင် ပထမအဆင့်အနေနဲ့ ကျနော်တို့ အခု ရွှေလီမှာ စကားပြောနေပြီ။ ပြီးရင် မြန်မာတနိုင်ငံလုံးက တိုင်းရင်းသားတွေအားလုံး အတူတကွလက်တွဲပြီး နိုင်ငံရေးသဘောတူညီချက်တခု ရချင်တယ်။ နောက်ဆုံးအဆင့်ဖြစ်တဲ့ တတိယအဆင့်က အဲဒီသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ပဲ ဖြစ်ပါတယ်။
မေး ။ ။ ဇန်နဝါရီလတုန်းက နောက်ဆုံး ဆောင်ရွက်ခဲ့တဲ့ ပဏာမဆွေးနွေးမှုက ဘာကြောင့် ပျက်သွားရတာပါလဲ။
ဖြေ ။ ။ ပဏမအဆင့်မှာ ဆွေးနွေးပွဲတွေဟာ အောင်မြင်တယ်၊ မအောင်မြင်ဘူးလို့ ကျနော်တို့ ပြောလို့မရပါဘူး။ မီဒီယာမှာ ဖော်ပြသလို မဟုတ်ပါဘူး။ ကျနော်တို့က နိုင်ငံရေးအရ ဆွေးနွေးမှု အရင်လုပ်ဖို့ တောင်းဆိုတယ်၊ အစိုးရဖက်က အပစ်အခတ်ရပ်စဲရေးအကြောင်းပဲ ပြောနေတယ်။ ၁၉၉၄ ခုနှစ်ကတည်းက ကျနော်တို့ဟာ နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်ဖို့ အပစ်ရပ်ထားခဲ့တာပါ။
၁၉၉၄ ခုနှစ်မှာ ကျနော်တို့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ထိုးခဲ့တယ်။ ၂၀၀၄ ခုနှစ်မှာ အမျိုးသားညီလာခံ တက်ခဲ့တယ်။ အခြေခံဥပဒေမူကြမ်း ရေးဆွဲတဲ့ အဆင့်တိုင်းမှာ ကျနော်တို့ပါခဲ့တယ်။ ကေအိုင်အို ထိန်းချုပ်တဲ့ ဒေသအတွင်းမှာတောင် အခြေခံဥပဒေ ဆန္ဒခံယူပွဲလုပ်ဖို့ ကျနော်သဘောတူပေးခဲ့တယ်၊ ကျင်းပပေးခဲ့တယ်။ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ကျနော်တို့ နှောက်ယှက်ဟန့်တားခြင်း မပြုခဲ့ဘူး။ ပြည်သူကိုလည်း သူတို့ဆန္ဒရှိသလို မဲပေးပါလို့ ကျနော်တို့ ပြောခဲ့တယ်။ ၂၀၀၈ ခုနှစ်ကတည်းက ကချင်နိုင်ငံရေးပါတီဖွဲ့ပါလို့ လူထုကို ကျနော်တို့ ပြောလာခဲ့တယ်။ ဒါပေမယ့် ပါတီမှတ်ပုံတင်တာကို ခွင့်မပြုခဲ့ဘူး။
၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်က နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့ ရွေးကောက်ပွဲအပြီး အစိုးရသစ်ပေါ်လာတဲ့အထိ စောင့်ပါလို့ ကျနော်တို့ကို ပြောခဲ့တယ်။ ပြီးတော့ ၂၀၀၉ မှာ နယ်ခြားစောင့်အဖြစ်ပြောင်းဖို့ ကျနော်တို့ကို အတင်းအကျပ် လုပ်လာတယ်။ ရွေးကောက်ပွဲပြီးတော့လည်း နိုင်ငံရေးအရ ဆွေးနွေးဖို့ လက်မခံခဲ့ပြန်ဘူး။ အဲဒီလို မပြေလည်မှုတွေအပေါ် အခြေခံပြီး ၂၀၁၁ ခုနှစ်မှာ တိုက်ပွဲတွေ စခဲ့တာပဲ။
ကေအိုင်အိုက အပစ်အခပ်ရပ်စဲရေး သဘောတူညီချက် မလုပ်ချင်တာကို အခုဆို နိုင်ငံတကာအသိုင်းအဝန်းက နားလည်နေပြီ။ မြန်မာအစိုးရက နိုင်ငံတကာကို ကျနော်တို့က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မလုပ်ချင်ဘူးလို့ ပြောနေတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၁၇ နှစ် လုံးလုံး နိုင်ငံရေးဆွေးနွေးပွဲတခု ဖြစ်လာဖို့ ကျနော်တို့ အားထုတ်ခဲ့တာကြ သူတို့မပြောဘူး။ ကျနော်တို့ အားထုတ်မှုကို ဘယ်သူမှ မမြင်ပေးကြဘူး။
မေး ။ ။ မြန်မာအစိုးရနဲ့ ဗိုလ်မှူးချုပ်တို့ပြောတဲ့ ဆွေးနွေးပွဲတွေကို တရုတ်နိုင်ငံက သူ့မြေပေါ်မှာ လက်ခံပေးနေတယ် ဆိုတော့ တရုတ်အစိုးရနဲ့ ဆက်ဆံရေးကရော ဘယ်လိုပါလဲ။
ဖြေ ။ ။ တရုတ်နိုင်ငံနဲ့ ကျနော်တို့ ဆက်ဆံရမယ်။ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိရမယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က သူတို့နဲ့ နယ်နမိတ်ချင်း ထိစပ်နေလို့။ နယ်စပ်တလျှောက်မှာ တရုတ်အစိုးရက တည်ငြိမ်မှုလိုလားတယ်။ ဆိုတော့ နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ ပတ်သက်ပြီး တချို့ဆက်ဆံမှုတွေတော့ ရှိနေပါတယ်။ ဒါကလွဲပြီးတော့ တခြား ဆက်ဆံမှုတော့ မရှိပါဘူး။
မေး ။ ။ ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲကနေ ဗိုလ်မှူးချုပ်တို့ ဘာမျှော်လင့်ထားပါသလဲ။
ဖြေ ။ ။ အပြောင်းအလဲတွေတော့ ဖြစ်နေတယ်။ ဒါပေမယ့် ပြည့်စုံတဲ့ အပြောင်းအလဲတော့ မဟုတ်သေးဘူး။ ဒီအပြောင်းအလဲတွေမှာ တိုင်းရင်းသားအရေး မပါသေးဘူး။ တိုင်းရင်းသားအရေးနဲ့ ပတ်သက်လို့ ဘာကိစ္စမှ မဖြေရှင်းရသေးဘူးလို့ ကျနော်တို့ ပြောနိုင်တယ်။ စောင့်ကြည့်ရဦးမှာပဲ။
မေး ။ ။ ကြားဖြတ်ရွေးကောက်ပွဲပြီးရင် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးစေချင်ပါသလား။
ဖြေ ။ ။ တချို့ပိတ်ဆို့မှုတွေတော့ ဖယ်ရှားကောင်း ဖယ်ရှားပေးနိုင်တယ်လို့ ကျနော်တို့ထင်တယ်။ ပိတ်ဆို့မှုတွေ ဖယ်ပေးပါ၊ မဖယ်ပေးပါနဲ့လို့ ပြောရမှာက ကျနော်တို့ အလုပ်မဟုတ်ဘူးထင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီပိတ်ဆို့မှုတွေကို ချမှတ်တာ ကျနော်တို့မှ မဟုတ်တာ။ ပိတ်ဆို့မှုတွေ ရုပ်မယ်ဆိုရင် မြန်မာပြည်သူတွေ ဘယ်လောက် အကျိုးရှိမရှိ ဆိုတဲ့အချက်အပေါ်မှာပဲ အခြေခံပြီး စဉ်းစားသင့်တယ်။
မေး ။ ။ ကချင်လူထုအဖွဲ့အစည်းတွေက ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ မြစ်ဆုံရေကာတာ အပါအဝင် အကြီးစား တည်ဆောက်ရေးလုပ်ငန်းတွေကို ဆန့်ကျင်တဲ့ လှုံ့ဆော်မှုတွေ လုပ်နေပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြန်စနေတယ်လို့လည်း လတ်တလောထွက်ရှိတဲ့ အစီရင်ခံစာတွေက ပြောနေကြပါတယ်။ ဆိုတော့ ရေကာတာစီမံကိန်းနဲ့ ပတ်သက်ပြီး ဗိုလ်မှူးချုပ်ရဲ့ သဘောထားကို သိပါရစေ။
ဖြေ ။ ။ မြစ်ဆုံမှာ တည်ဆောက်မယ့် ရေကာတာကို ကျနော်တို့ ကန့်ကွက်ပါတယ်။ မြစ်အထက်ပိုင်းမှာ တည်ဆောက်မယ့် ရေကာာတာ အသေးစား ၆ ခုက လူထုကို ထိခိုက်မှု မရှိစေပါဘူး။ ဒါပေမယ့် မြစ်ဆုံမှာ တည်ဆောက်မယ့် အကြီးဆုံးရေကာတာကြီးကတော့ ပြဿနာအများကြီး ဖြစ်သွားနိုင်ပါတယ်။
မေး ။ ။ မြန်မာစစ်တပ်က ရှေ့တန်းမှာ အင်အားသစ်တွေ ထပ်ချထားတာနဲ့ ပတ်သက်ပြီး ရွှေလီဆွေးနွေးပွဲမှာ တင်ပြဖို့ရှိပါသလား။
ဖြေ ။ ။ ဇန်နဝါရီ ဆွေးနွေးပွဲတုန်းကလည်း ပြဿနာဖြစ်နိုင်တဲ့ တပ်တည်နေရာစာရင်းကို သူတို့ကို ပေးခဲ့ပါတယ်။ အဲဒီတပ်တွေ ဖယ်ပေးဖို့ ကျနော်တို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် အခုအထိ ဘာမှအပြောင်းအလဲ မရှိသေးဘူး။ ကျနော်တို့ တောင်းဆိုနေတာက ကချင်ပြည်သူတွေအတွက် ကိုယ်ပိုင်ပြဌာန်းခွင့်ပါ။ ဒါကြောင့် သမ္မတဦးသိန်းစိန်အနေနဲ့ ဒီကိစ္စကို ဘယ်လောက် အရေးတယူ လုပ်မလဲဆိုတာ ကျနော်တို့ သိချင်ပါတယ်။ အခုအထိတော့ မသိနိုင်သေးပါဘူး။