မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အကြား အငြင်းပွားခဲ့တဲ့ ပင်လယ်ပြင် နယ်နိမိတ် ပိုင်ဆိုင်မှု ပြဿနာအပေါ် ပင်လယ်ပြင် ဥပဒေဆိုင်ရာ နိုင်ငံတကာခုံရုံး (ITLOS) က ဆုံးဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး သာမန်လူတွေ အထိုက်အလျောက် နားလည်နိုင်ဖို့က အသုံးအနှုန်း၊ အခေါ်အဝေါ်တွေရဲ့ အနက်အဓိပ္ပာယ်ကို အရင်သိမှ ဖြစ်ပါမယ်။
Internal Water (ကုန်းတွင်း ရေပိုင်နက်/ကမ်းရိုးတန်းအတွင်း)
ကုန်းတွင်း ရေပိုင်နက် သတ်မှတ်ရာမှာ ရေမိုင် အတိအကျ မရှိလို့ ယူဆရပါတယ်။ အခြေခံမျဉ်း (Baseline) မှ ကုန်းတွင်းဘက်ခြမ်း ဧရိယာအားလုံးပါဝင်ပါတယ်။ အခြေခံမျဉ်းရဲ့ အကွာအဝေးကို သတ်မှတ်ရာမှာ ရေတိမ်မျဉ်း (Low-Water Line) အပေါ်မူတည်ပါတယ်။ ဒါကြောင့် ရေတိမ်မျဉ်းမှစပြီး ကုန်းတွင်း ကမ်းဦးရေတိမ်ပိုင်း ဧရိယာအားလုံးကို ကုန်းတွင်း ရေပိုင်နက်လို့ ခေါ်ပါတယ်။ ကုန်းတွင်း ရေပိုင်နက်အတွင်းမှာ သက်ဆိုင်ရာ ကမ်းရိုးတန်းနိုင်ငံက ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ ပြဌာန်းလို့ရပါတယ်။ ရှာလို့ရသမျှ၊ ထွက်ရှိသမျှ သယံဇာတကို ပိုင်ဆိုင်ပါတယ်။ နိုင်ငံခြား သင်္ဘော (စစ်ဘက်/အရပ်ဘက်/ကုန်တင်စီးပွား) ဖြတ်သွားခွင့်မရှိပါ။
Territorial Waters (နိုင်ငံတနိုင်ငံရဲ့ အပြည့်အဝပိုင်တဲ့ ရေပိုင်နက်)
အခြေခံမျဉ်းမှ ပင်လယ်ဘက် ရေမိုင် ၁၂ မိုင် (၂၂ ကီလိုမီတာ/၁၄ မိုင်) ကို သတ်မှတ်ပါတယ်။ ဥပဒေနဲ့ သယံဇာတ လုပ်ပိုင်ခွင့်မှာ ကုန်းတွင်း ရေပိုင်နက်နဲ့ အတူတူပါပဲ။ သက်ဆိုင်ရာ ကမ်းရိုးတန်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို မထိပါးစေတဲ့၊ အန္တရာယ်မရှိတဲ့ သင်္ဘော (Innocent Passage) တွေ သွားလာခွင့်ရှိတယ်။ အန္တရာယ်မရှိဆိုတာက ငါးဖမ်းခြင်း၊ ပင်လယ်ပြင် (သဘာဝ ပတ်ဝန်းကျင်) ညစ်ညမ်းစေခြင်း၊ လက်နက် စမ်းသပ် ပစ်ခတ်ခြင်၊ လေ့ကျင့်ခြင်း၊ ထောက်လှမ်းခြင်းတွေ မပါဘူးလို့ ဆိုလိုတာပါ။ နိုင်ငံခြားစစ်သင်္ဘောအနေနဲ့ ခရီးလမ်းကြောင်းပေါ် ရှိနေလို့ ဖြတ်တဲ့သဘောနဲ့ ဆက်သွားမယ်ဆိုရင် ဖြတ်သွားလို့ ရပါတယ်။
Contiguous Zone (အချုပ်အခြာအာဏာ ဆက်လက်တည်မြဲတဲ့ နယ်နိမိတ်)
Territorial Waters ဧရိယာကနေ နောက်ထပ် ရေမိုင် ၁၂ မိုင် (၂၂ ကီလိုမီတာ/၁၄ မိုင်)၊ တနည်းအားဖြင့် အခြေခံမျဉ်းမှ ရေမိုင် ၂၄ မိုင် အကွားအဝေးကို သတ်မှတ်ပါတယ်။ သက်ဆိုင်ရာ ကမ်းရိုးတန်းနိုင်ငံကနေ လူဝင်မှု၊ အခွန်၊ ရေထုညစ်ညမ်းမှုနဲ့ ပတ်သက်လို့ ဥပဒေ ပြဌာန်းနိုင်ပါတယ်။ ဥပမာ – အခွန်ရှောင်/မှောင်ခို၊ လူကုန်ကူး စတဲ့ သင်္ဘောတွေကို သက်ဆိုင်ရာ နိုင်ငံရေတပ်က မိမိရဲ့ ကမ်းလွန်ရေပိုင်နက်ကို ကျော်ပြီး Contiguous Zone အထိ လိုက်ဖမ်းနိုင်ပါတယ်။
Exclusive Economic Zones – EEZs (တနိုင်ငံတည်း မူပိုင် စီးပွားလုပ်ကိုင်နိုင်တဲ့ ရေပိုင်နက်)
အခြေခံမျဉ်းမှ ပင်လယ်ဘက်ရေမိုင် မိုင် ၂၀၀ (၃၇၀ ကီလိုမီတာ/၂၃၀ မိုင်) ကို သတ်မှတ်ပါတယ်။ သက်ဆိုင်ရာ ကမ်းရိုးတန်း နိုင်ငံမှ EEZs အတွင်း ထွက်သမျှ သဘာဝသယံဇာတကို ပိုင်ပါတယ်။ ငါးဖမ်းခြင်း၊ သတ္တုတူးဖော်ခြင်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေခြင်းတွေ အကုန်ပါပါတယ်။
အခု အထက်မှာ ဖော်ပြထားတဲ့ ရေပိုင်နက်တွေကို အကြမ်းအားဖြင့် သီးခြားဖြစ်တဲ့ လုပ်ပိုင်ခွင့်၊ အာဏာ ကွာပေမယ့် (နိုင်ငံတနိုင်ငံ ပိုင်ဆိုင်တဲ့) မိမိရေပိုင်နက်လို့ ခေါ်ဆိုနိုင်ပါတယ်။ ဆိုတော့ မိမိရေပိုင်နက်အပြင် (အခြေခံမျဉ်း ရေမိုင် မိုင်၂၀၀ အလွန်) ကို နိုင်ငံတကာ ရေပိုင်နက် (International waters) လို့ ခေါ်ပါတယ်။
အဲဒီလို အတိအကျ သတ်မှတ်ထားပေမယ့် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်လို အိမ်နီးချင်းနိုင်ငံတွေမှာ အခြေခံမျဉ်း၊ တနည်းအားဖြင့် ကမ်းဦး ရေတိမ်မျဉ်း သတ်မှတ်ရာမှာ လုံလောက်တဲ့ အကျယ်အဝန်း မရှိတဲ့အတွက် အငြင်းပွားမှု ဖြစ်ရတာပါ။
အခု ဒီပြဿနာ စဖြစ်ရတာကလည်း မြန်မာနိုင်ငံက ၂၀၀၈ ခုနှစ်မှာ တစ်နိုင်ငံတည်း (မူပိုင်) စီးပွားလုပ်ကိုင်နိုင်တဲ့ ပိုင်နက် (EEZs) မှာ သဘာဝဓာတ်ငွေ့ရှာတော့ ဘင်္ဂလားဒေ့ရှ်က နှစ်နိုင်ငံ အခြေခံမျဉ်းသတ်မှတ်မှု မတူညီဖြစ်နေတဲ့အပေါ် မူတည်ပြီး ကုလသမဂ္ဂမှာ ကန့်ကွက်ရာမှ စဖြစ်တာပါ။
ရေနယ်နိမိတ်တွေရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို ယေဘုယျ နားလည်သွားပြီဆိုရင် အခု နိုင်ငံတကာ ခုံရုံးက ဆုံးဖြတ်ချက် မှတ်တမ်းမှာပါတဲ့ ဓာတ်ပုံတွေကို ကြည့်လို့ရပါပြီ။
ပုံ (၅) နဲ့ ပုံ (၇) ကို နှိုင်းယှဉ်ကြည့်ရင် စီးပွားရေးလုပ်ပိုင်ခွင့်အတွက် သတ်မှတ်ပေးချက်ဟာ နှစ်ဖက်စလုံးကို မနစ်နာစေဘူးလို့ ဆိုနိုင်ပါတယ်။
ပုံ (၇) အတိုင်း စီးပွားရေးလုပ်ပိုင်ခွင့်အတွက် နောက်ဆုံး သတ်မှတ်ပေးလိုက်တဲ့နေရာမှာ နှစ်နိုင်ငံရလိုက်တဲ့ ရေပိုင်နက်နှစ်ခု ထပ်တူကျ (Overlap) ဖြစ်တဲ့ နေရာရှိတယ်။ မီးခိုးရောင် ဧရိယာ (Grey Area) လို့ သတ်မှတ်ပါတယ်။ ပုံ (၈) မှာ ဖော်ပြထားပါတယ်။ အဲဒါဟာ နိုင်ငံတကာမှာ ရေပိုင်နက် နယ်နိမိတ်တွေ ထိစပ်တဲ့ နိုင်ငံတိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ မီးခိုးရောင် ဧရိယာအတွင်း လုပ်ပိုင်ခွင့်ဟာ နိုင်ငံတကာနဲ့ မဆိုင်ဘဲ သက်ဆိုင်ရာ နှစ်နိုင်ငံရဲ့ လေးစားမှုကိုအခြေပြုပြီး နှစ်ဘက်သဘောတူ ပူးပေါင်းဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်ပါတယ်။
ပုံ (၁၀) အတိုင်း နောက်ဆုံး သတ်မှတ်ထားတဲ့ နယ်နိမတ်မျဉ်းမှာ ခြွင်းချက် ကင်းလွတ်သွားတာက စိန့်မာတင်ကျွန်း (St. Martin’s Island) ပါ။ ပုံ (၁၀) ရဲ့ နယ်နိမတ်မျဉ်းအတိုင်းပြောရင် စိန့်မာတင်ကျွန်းကို မြန်မာပိုင်တယ်။ ဒါပေမယ့် ကျွန်းပိုင်ဆိုင်မှုကို သတ်မှတ်ရာမှာ ပုံ (၁၀) ရဲ့ နယ်နိမိတ်မျဉ်းက သက်ရောက်မှု မရှိတဲ့အတွက် (Territorial Waters ပိုင်ဆိုင်မှု နယ်နိမိတ်သတ်မှတ်မျဉ်း ပုံ (၃) အရ) စိန့်မာတင်ကျွန်းကို ဘင်္ဂလားဒေ့ရှ်ပိုင်လို့ သတ်မှတ်လိုက်ပါတယ်။
စာရေးသူ ကိုယ်တိုင် ပင်လယ်ရေကြောင်း ဝေါဟာရတွေနဲ့ အလှမ်းဝေးတဲ့ သာမန်လူဖြစ်တဲ့အတွက် ဝေါဟာရများရဲ့ မြန်မာဘာသာပြန်မှာ တကယ့် ဝေါဟာရအမှန် ပြန်ထားတာနဲ့ ကွာနိုင်ပါတယ်။ ဒါပေမယ့် အနက်အဓိပ္ပာယ် ဖွင့်ဆိုရှင်းလင်းရာမှာ အနီးစပ်ဆုံး မှန်ကန်အောင် ကြိုးစားထားပါတယ်။
ဒီဆောင်းပါးဟာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကိုသာ ရှင်းလင်းထားခြင်းဖြစ်ပါတယ်။ ဘာကြောင့် ဒီလို ဆုံးဖြတ်နိုင်တယ်ဆိုတဲ့ အကြောင်းကိုရှာပြီး ရှင်းလင်းဖို့က ရှုပ်ထွေးတဲ့ ဥပဒေ၊ နည်းပညာ သဘောတရားတွေကို နားလည်တဲ့ ပညာရှင်များကသာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်မေးခွန်းထုတ်ပြီး တရားမျှတမှုကို ဆန်းစစ်နိုင်မှာ ဖြစ်ပါတယ်။
အထက်မှာ တင်ပြခဲ့တဲ့ အချက်အလက်တွေကို အခြေခံပြီး ကျနော့်အမြင်ကို တင်ပြရမယ်ဆိုရင်တော့ တရားရုံးဆုံးဖြတ်ချက်ဟာ တရားမျှတမှုနဲ့ အနီးစပ်ဆုံးရှိပြီးတော့ အငြင်းပွားတဲ့ နှစ်နိုင်ငံစလုံး မနစ်နာစေဘူးလို့ ကောက်ချက်ချပါတယ်။
ရေပိုင်နက် အငြင်းပွားမှု ဆုံးဖြတ်ချက်ဟာ နှစ်ဖက်မနစ်နာပါဘူးလို့ ကျနော်က ကောက်ချက်ချရင် ဘာကြောင့် နိုင်ငံတကာ သတင်းတချို့မှာ “ဘင်္ဂလားဒေ့ရှ် နိုင်တယ်” လို့ ရေးကြသလဲဆိုတာ မေးကြပါတယ်။ အဲဒါကို ရှင်းရရင် ကိုယ့်တိုင်းပြည်ကို ခေါင်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေ အသုံးမကျလို့လို့ ပြောရမယ်။ ဒီဘူတာပဲ ပြန်ဆိုက်တာ မဟုတ်ပါ။ ဒီလိုဆိုရတာ အကြောင်းရှိပါတယ်။
ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့မှာ ပြုလုပ်တဲ့ နောက်ဆုံး ခုံရုံးဆုံးဖြတ်ချက် ကြားနားပွဲကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ကိုယ်တိုင် တက်ရောက်ပါတယ်။ ဆုံးဖြတ်ချက်ပြီးတော့လည်း သတင်းစာတွေနဲ့တွေ့ပြီး သူ့အမြင်၊ တရားရုံး ဆုံးဖြတ်ချက်အကြောင်း လည်လည်ပတ်ပတ် ရဲရဲဝံ့ဝံ့နဲ့ ပြောတယ်၊ ပြောလည်း ပြောနိုင်ပါတယ်။ အဲဒီလို ပြောတဲ့နေရာမှာ အမှန်ကိုအခြေခံပြီး ပြောရပေမယ့် ကိုယ့်ပြည်တွင်း နိုင်ငံရေးလိုအပ်ချက်အရ လက်ရှိအာဏာရပါတီ ဂုဏ်တက်အောင် ပြောရတယ်။ အဲဒီလို ပြောရတာကြောင့် အခုဖြစ်နေတဲ့ “ဘင်္ဂလားဒေ့ရှ် နိုင်တယ်” ဆိုတဲ့ သတင်းတွေ တက်ရခြင်းဖြစ်ပါတယ်။
ကိုယ့်မြန်မာနိုင်ငံကတော့ နိုင်ငံခြားရေးဝန်ကြီး တက်တယ်လို့ သတင်းမှာ မတွေ့ရ။ တက်ရောက်ခြင်းလည်း မရှိပါ။ ဥရောပသမဂ္ဂက မြန်မာအစိုးရအဖွဲ့နဲ့ ကက်ဘိနက်အဖွဲ့ဝင်တွေကို ခရီးသွားလာခွင့်လည်း ပေးထားပြီး ဖြစ်ပါတယ်။ မြန်မာအစိုးရဝန်ကြီးတွေဟာ နိုင်ငံတကာပွဲလမ်း အခမ်းအနားတွေ တက်ပြီးတဲ့နောက် စာနယ်ဇင်းသမားတွေနဲ့ တွေ့ဆုံ ပြောလေ့မရှိတာ တွေ့ရပါတယ်။ ပြောနိုင်တဲ့ အရည်အချင်း ရှိမရှိကိုလည်း သံသယရှိမိပါတယ်။ တို့နိုင်ငံ ဂုဏ်တက်အောင် လုပ်ရင် ရပါလားလို့ စဉ်းစားမျှော်မြင်နိုင်မှု မြန်မာ အစိုးရအဖွဲ့မှာ ရှိမရှိလည်း မသေချာပါ။
တကယ် အရည်အချင်းရှိလို့ ဒီကိစ္စကို အစ အဆုံး တာဝန်ခံလုပ်ပေးခဲ့တဲ့ ဥပဒေ ပညာရှင်တွေ၊ တတ်သိ ပညာရှင်တွေကလည်း သူတို့အမြင် အဘောထားကို ချက်ချင်း ပွင့်ပွင့်လင်းလင်း မထုတ်ပြန်နိုင်၊ လုပ်ပိုင်ခွင့်မရှိ၊ လုပ်ရဲတဲ့ သတ္တိလည်း ရှိပုံမရပါ။
ယနေ့ထုတ် အစိုးရသတင်းစာများမှာလည်း မြန်မာ၊ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ဖော်ပြခြင်း မရှိသေးပါ။ မကြာမီမှာတော့ ပြည်တွင်းမှာ သတင်းစာရှင်းလင်းပွဲ လုပ်ပါလိမ့်မယ်။ အဲဒီအချိန်မှာ ဘာကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်တယ်ဆိုတဲ့ သတင်းဖြစ်ရကြောင်း ရှင်းလင်းကြမယ် ထင်ပါတယ်။
ကိုးကား – ITLOS Final Judgment Report, itlos.org
(ငြိမ်းချမ်းအေးထံမှ ခွင့်ပြုချက်တောင်းယူပြီး ပြန်လည်ဖော်ပြပါသည်။)