ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်က ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကို Minister of Information အစား Minister of Press Freedom လုပ်လိုက်ပါလားလို့ပြောတယ် ကြားရတော့ တကယ်သာ အဲဒီလို စာနယ်ဇင်း လွတ်လပ်ခွင့် ဝန်ကြီးတယောက် ရှိနေပြီး မြန်မာပြည် စာနယ်ဇင်းနဲ့ မီဒီယာ လွတ်လပ်ခွင့်အတွက် မားမားမတ်မတ် ရပ်တည်ပေးရင် သိပ်ကောင်းမှာပဲလို့ တွေးမိပါတယ်။
စင်ကာပူနိုင်ငံရဲ့ နန်ယန်း တက္ကသိုလ်မှာ Asia Journalism Fellowship (AJF) အစီအစဉ် တက်နေတဲ့ ၃ ပတ်အတွင်းမှာပဲ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ဆရာ၊ ဆရာမတွေနဲ့ရော၊ ကျမတို့ အာရှ သတင်းသမားတွေ အချင်းချင်းကြားမှာပါ တော်တော်လေး ဆွေးနွေးဖြစ်ကြတယ်။
AJF ဖွင့်ပွဲ မိတ်ဆက်ပွဲမှာတင် ကျမတို့ရဲ့ ဒါရိုက်တာ ပါမောက္ခ မစ္စတာ ချယ်ရီယန် ဂျော့ချ်က ကမ္ဘာပေါ်မှာ စာနယ်ဇင်း လွတ်လပ်ခွင့် ဘယ်နိုင်ငံက ဘယ်အဆင့်မှာ ရှိတယ်ဆိုတဲ့ နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) ရဲ့ ပြုစုထားတဲ့ စာရင်းကို ချပြတော့ ထိပ်ဆုံးက ဥရောပနိုင်ငံတွေပြီးရင် အာရှနိုင်ငံတွေထဲမှာ ဘူတန်နိုင်ငံကို သွားတွေ့လို့ ကျမတို့အားလုံး ဘူတန်ကနေ AJF လာတက်တဲ့ မစ္စတာ ဒမ်ဘာကို အားကျ ချီးမြှောက်ခဲ့ကြပါတယ်။ ဘူတန်နိုင်ငံက ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့် အဆင့်ထဲမှာ အဆင့် ၇၀ ရှိပါတယ်။ ဘူတန်နိုင်ငံပြီးနောက် တော်တော်လေးကြာမှ ကျန်တဲ့ ကျမတို့ အာရှနိုင်ငံတွေ ရောက်လာတာပါ။ အဲဒီထဲမှာ မြန်မာက နောက်ဆုံးနား ကပ်နေပါတယ်။
စင်ကာပူနိုင်ငံကလည်း စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ အာရှနိုင်ငံတွေထဲမှာ အောက်ပိုင်းကို ရောက်နေတာ တွေ့ရတယ်။ ကျမ အနေနဲ့တော့ စာနယ်ဇင်းလွတ်လပ်ခွင့်လို့ သီးသန့်မပြောဘဲ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရေးသားခွင့်၊ ဆန္ဒထုတ်ဖော်ခွင့် ဆိုတာတွေကို တတွဲတည်း ပြောလိုပါတယ်။ အဲဒီ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားခွင့်နဲ့ ဆန္ဒထုတ်ဖော်ခွင့် ဆိုတဲ့ထဲမှာမှ မီဒီယာနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် ဆိုတာလည်း တွဲလျက်ပါလာမယ်လို့ ထင်ပါတယ်။
AJF အစီအစဉ် စပြီး တပတ်မပြည့်ခင်မှာပဲ စင်ကာပူနိုင်ငံရဲ့ Sota ကဇာတ်ရုံမှာ စင်ကာပူက အကယ်ဒမီဆန်ခါတင် စာရင်းဝင် ဒါရိုက်တာတဦးတင်ဆက်တဲ့ ပြဇာတ်တပုဒ် သွားကြည့်ခွင့်ရပါတယ်။ အဲဒီပြဇာတ်က ၂၀၁၁ က စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပြီးမှာ လူတန်းစား အစုံအလင် အများအပြားကို အင်တာဗျူးထားပြီး ပြန်လည်တင်ဆက်ထားတဲ့ ပြဇာတ်ပါ။ အဲဒီပြဇာတ်က ရွေးကောက်ပွဲနဲ့ အာဏာရအစိုးရကို သရော်ထားတာ ဖြစ်ပါတယ်။
အဲဒီပြဇာတ်ကြည့်ပြီး ပြန်လာချိန်မှာ ကျမ အခန်းဖော်တဦးဖြစ်တဲ့ ပါကစ္စတန်နိုင်ငံသူ မစ္စ ဂိုနီလာက စင်ကာပူနိုင်ငံက ပြဇာတ်ရုံထဲမှာ ဒီလို အစိုးရကို သရော်တဲ့ ပြက်လုံးမျိုး ထုတ်ခွင့်ရတယ်ဆိုတာကို တော်တော် အံ့သြနေပါတယ်။ သူတို့ ပါကစ္စတန်နိုင်ငံမှာဆို ဒါမျိုး ဘယ်လိုမှမရဘူးလို့လည်း သူက ဆိုပါတယ်။ ဒါပေမယ့် ကျမက ပြဇာတ်ကြည့်ဖို့ ပိုက်ဆံတတ်နိုင်သူ လူတန်းစားနဲ့ ပြဇာတ်ဆိုတာကို ဖက်ရှင်လို သဘောထားပြီး သွားကြည့်တဲ့ လူနည်းစုလောက်ပဲ ဒီလို အစိုးရကို သရော်တယ်ဆိုတာ သိနိုင်တယ်ဆိုတဲ့အကြောင်း ပြန်ထောက်ပြမိပါတယ်။ လူများစုအနေနဲ့ သူတို့ရဲ့ ဆန္ဒတွေကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုရေးသားခွင့်တော့ မရနိုင်ဘူးလို့ ကျမ ပြောလိုက်ပါတယ်။
မစ္စ ဂိုနီလာက စင်ကာပူနိုင်ငံလို အစစအရာရာ ပြည့်စုံကုံလုံတဲ့ နိုင်ငံ၊ အစိုးရက လူတွေကို အစစအရာရာ အဆင်ပြေအောင် လုပ်ပေးထားတဲ့ နိုင်ငံမျိုးမှာ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ပြောဆို ရေးသားခွင့်ဆိုတာ လိုလို့လားလို့ ကျမကို ပြန်မေးပါတယ်။ ကျမက အစစ ပြည့်စုံတယ် ဆိုတာတောင် လူတန်းစား ကွာခြားမှု၊ လူမျိုးရေး ခွဲခြားမှုဆိုတာတွေ ရှိနေနိုင်တယ်၊ လူတယောက်ကို ထမင်း ဝအောင်ကျွေးထားပြီး ဘာစကားမှ မပြောနဲ့ ဆိုတာကတော့ မဖြစ်နိုင်ဘူးထင်တယ်လို့ ပြန်ချေပ ပါတယ်။ မစ္စ ဂိုနီလာကိုယ်တိုင် အစ္စလာမ် လူများစု ကြီးစိုးတဲ့တိုင်းပြည်မှာ ခရစ္စယာန်ဘာသာဝင် လူနည်းစုဝင်တဦး ဖြစ်နေတဲ့အတွက် ကျမပြောတာကို မငြင်းပါဘူး။
ဖြစ်ချင်တော့ ပြဇာတ်သွားကြည့်ပြီး တရက် နှစ်ရက်မှာ စင်ကာပူနိုင်ငံရဲ့ မလေး အစ္စလာမ် လူနည်းစု ပြဿနာနဲ့ ပတ်သက်လို့ စာတမ်းဖတ်ပွဲနဲ့ ဆွေးနွေးပွဲတရပ် သွားတက်ရပါတယ်။ ကျမတို့ AJF ဒါရိုက်တာ မစ္စတာ ချယ်ရီယန်လည်း စာတမ်းတစောင် တင်သွင်းပါတယ်။ သူကလည်း မလေးအစ္စလာမ် လူနည်းစုဝင်တဦးပါ။ စင်ကာပူနိုင်ငံမှာ တရုတ်က လူများစု ဖြစ်ပါတယ်၊ တရုတ်ပြီးရင် အိန္ဒယသားတွေလို့ သိရပါတယ်။ အဲဒီဆွေးနွေးပွဲနဲ့ စာတမ်းဖတ်ပွဲမှာ စင်ကာပူနိုင်ငံရဲ့ Association of Muslim Professionals (AMP) က အွန်လိုင်းမဲစနစ်နဲ့ “စင်ကာပူနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့် ပေးသင့်လား” ဆိုတဲ့ စစ်တမ်းကောက်ခဲ့သမျှကို ပြသခဲ့ပါတယ်။
အဲဒီမှာ စုစုပေါင်းရတဲ့ မဲအရေအတွက်ရဲ့ ၄၃.၄ ရာခိုင်နှုန်းက ပေးသင့်တယ်လို့ ပြောထားပြီး ဝ. ၉ ရာခိုင်နှုန်းကတော့ မပေးသင့်သေးဘူးလို့ ဆိုပါတယ်။ ၄၈.၁ ရာခိုင်နှုန်းကတော့ လွတ်လပ်ခွင့်နဲ့ တာဝန်သိမှုကို ခွဲခြားသိဖို့ အများကြီး လိုအပ်သေးတယ်၊ အလေ့အကျင့် လုပ်ရဦးမယ်လို့ ဆိုပါတယ်။ ကျန်တဲ့ ၇. ၆ ရာခိုင်နှုန်းကသာ လွတ်လပ်ခွင့် ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ဂရုမစိုက်ဘူးလို့ ပြောထားတာ တွေ့ရပါတယ်။
ဒီစစ်တမ်းကို ကြည့်ရင် လိုချင်တာတွေ အဆင်တပြေ ရနေတဲ့ နိုင်ငံတခုမှာတောင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားခွင့် ဆိုတာကို လိုချင်နေကြတယ်၊ ထမင်းဝဝ စားနေရရင်တောင် လူတွေမှာ ပြောစရာ ရှိနေနိုင်သေးတယ်ဆိုတာ တွေ့နိုင်ပါတယ်။ လွတ်လပ်ခွင့် ဆိုတဲ့နောက်က တာဝန်ယူမှုဆိုတာ တွဲလျက်ပါနေမယ်၊ တာဝန်ယူရမယ် ဆိုတာကတော့ လွတ်လပ်ခွင့်နဲ့အတူ လေ့ကျင့်ယူရမှာပါ။ လွတ်လပ်ခွင့် မရဘဲ တာဝန်ယူမှုချည်း သီးသန့် လေ့ကျင့်ဖို့ မဖြစ်နိုင်ဘူးလို့ ယူဆပါတယ်။
အာရှနိုင်ငံတွေထဲမှာ စာနယ်ဇင်းလွတ်လပ်ခွင့် အမြင့်ဆုံးဆိုတဲ့ ဘူတန်နိုင်ငံက မစ္စတာ ဒမ်ဘာနဲ့ ဆွေးနွေးဖြစ်တော့ သူတို့ နိုင်ငံမှာ လွန်ခဲ့တဲ့ ၅ နှစ်ကျော်ကာလက စာနယ်ဇင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ မရှိခဲ့ဘူးလို့ ပြောပြပါတယ်။ ဒီမိုကရေစီကို လိုလားတဲ့ ဘုရင်သစ် နန်းတက်လာတဲ့အချိန်ကျမှ သူတို့ဆီမှာ စာနယ်ဇင်းလွတ်လပ်ခွင့် အပါအဝင် လွတ်လပ်စွာ ပြောဆိုခွင့်၊ ထုတ်ဖော်ခွင့်ဆိုတဲ့ ဒီမိုကရေစီရဲ့ နောက်ဆက်တွဲ အခွင့်အရေးတွေ ရခဲ့တာလို့ ဆိုပါတယ်။ သူတို့ဆီမှာ စိစစ်ရေးဌာနလည်း မရှိဘူး၊ တိုင်းပြည်ကို အုပ်ချုပ်တဲ့ အစိုးရဟာ လူထုက လိုလိုလားလား ရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရဖြစ်တာကြောင့်လည်း သူတို့ တိုင်းပြည်ဟာ အေးချမ်းတယ်လို့ မစ္စတာ ဒမ်ဘာက ပြောပြပါတယ်။ သူတို့နိုင်ငံက လူမျိုးစု အရေအတွက်လည်း နည်းပါးပြီး မကျယ်ဝန်းတဲ့အတွက် အစိုးရအနေနဲ့ နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်တာ၊ ပြည်သူတွေ အနေနဲ့ လွတ်လပ်ခွင့်ရဖို့ လွယ်ကူတာလည်း ဖြစ်နိုင်ပါတယ်။
ဘူတန်နိုင်ငံလောက် လူဦးရေမနည်းဘဲ လူမျိုးစု အရေအတွက် များပြားပြီး ကျယ်ဝန်းပေမယ့် မြန်မာနိုင်ငံရဲ့ ပြောင်းလဲ တိုးတက်နှုန်းက မြန်ဆန်တယ်လို့ ပြောနိုင်မယ်ထင်ပါတယ်။ နအဖ စစ်အစိုးရအုပ်ချုပ်ရာကနေ သမ္မတ ဦးသိန်းစိန်ရဲ့ အရပ်သားတပိုင်းအစိုးရ ပြောင်းလဲအုပ်ချုပ်ချိန်ကစပြီး ၁ နှစ်ကျော် ကာလအတွင်း ထင်သာမြင်သာတဲ့ ပြောင်းလဲတိုးတက်မှုတွေ ရှိနေတာ ငြင်းနိုင်မယ် မထင်ပါဘူး။
ဒီ တိုးတက်မှုတွေထဲကမှ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်ကို လိုလားတဲ့ ပြည်သူလူထုအပါအဝင် ပြည်တွင်းပြည်ပက မြန်မာစာနယ်ဇင်းသမားတွေနဲ့ အစိုးရ တာဝန်ရှိသူတွေရဲ့ အားတက်သရော ကြိုးစားမှုတွေကြောင့် အချိန်တိုအတွင်းမှာ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ တိုးတက်မှု မြန်ဆန် ထိရောက်တယ်လို့ ယူဆနိုင်ပါတယ်။ ဒီအရှိန်အတိုင်း၊ နှုန်းအတိုင်း ဆက်လက်သွားမယ်ဆိုရင် မကြာတော့မယ့် အချိန်မှာ စိစစ်ရေးဆိုတာ ပျောက်သွားတော့မယ်လို့လည်း မျှော်လင့်မိပါတယ်။ ပြည်သူလူထုရဲ့ ဆန္ဒကို ထင်ဟပ်တဲ့ နေ့စဉ်သတင်းစာတွေလည်း ပေါ်ပေါက်လာနိုင်ပါတယ်။ တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင်ကို လွတ်လပ်ခွင့်ပေးခြင်းအားဖြင့် တိုးတက်ပြောင်းလဲရေးကို အဟန့်အတား ဖြစ်စေမယ့် ခြစားမှုတွေကို ကြိုတင်ဟန့်တားနိုင်မှာ ဖြစ်ပါတယ်။ အစိုးရ တာဝန်ရှိသူတွေ ဘက်ကလည်း လွတ်လပ်ခွင့်ကို ရဲရဲဝံ့ဝံ့ ပေးကြည့်ဖို့ တိုက်တွန်းလိုပါတယ်။
အခုအချိန်မှာ မြန်မာပြည်ရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် ရောင်နီဦးကို အနည်းငယ် မြင်နေရပါပြီ။ ဆက်လက်ပြီးတော့ ဒီထက် မကတဲ့ အလင်းရောင်တွေ ပေါ်ထွက်လာမယ့် အချိန် မဝေးတော့ဘူးလို့ ယုံကြည်ပါတယ်။ အဲဒီအချိန် ရောက်လာရင် RSF ရဲ့ စာရင်းမှာ မြန်မာက ကမ္ဘာမှာ၊ အာရှမှာ ထိပ်ဆုံးမရောက်နိုင်တောင် အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ မီဒီယာနဲ့ စာနယ်ဇင်း လွတ်လပ်ခွင့် အရှိဆုံး နိုင်ငံတနိုင်ငံအဖြစ် ဂုဏ်တင့်နိုင်လိမ့်မယ်လို့ မျှော်လင့်နေမိပါတယ်။