ယဉ်ကျေးမှုဝန်ကြီးဌာန နှင့် ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဆန်းကို ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်က ရန်ကုန်မြို့ ပြည်လမ်း အသံလွှင့်ရုံတွင် မတ်လ၁၉ ရက်နေ့က တနာရီခန့်အကြာ တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ယခုနှစ်အတွင်း အပြီးသတ် ထွက်ရှိမည့် မီဒီယာဥပဒေရေးဆွဲထားမှု၊ ဝန်ကြီး ဦးကျော်ဆန်းပြောဆိုခဲ့သည့် လွတ်လပ်မှုနှင့် တာဝန်ယူမှုအကြောင်း၊ စာနယ်ဇင်းကောင်စီဖွဲ့စည်းမည့် ကိစ္စ၊ စာနယ်ဇင်းသမားများကို အကာအကွယ်ပေးရေး၊ နိုင်ငံတကာ မီဒီယာများအပေါ် ဝန်ကြီးဦးကျော်ဆန်း၏ အမြင်တို့ကို မေးမြန်းထားပါသည်။
ဝန်ကြီး ဦးကျော်ဆန်းသည် စစ်တက္ကသိုလ် အပတ်စဉ် (၁၁) ကျောင်းဆင်းဖြစ်ပြီး ၂၀၀၁-၀၂ ခုနှစ်တွင် ကုန်သွယ်ရေး ဒု ဝန်ကြီး၊ ၂၀၀၄ ဝန်းကျင်မှ ယနေ့အထိ ပြန်ကြားရေးဝန်ကြီးတာဝန် အပြင် ယမန်နှစ်မှစ၍ ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီး အဖြစ်လည်း ဆောင်ရွက်လျက်ရှိသည်။
မေး ။ ။ Media Law က ၂၀၁၂ မှာ ပြီးမှာလား။
ဖြေ ။ ။ ပြီးအောင် ကျနော်တို့ ကြိုးစားမှာပါ။ ပြီးဖို့များပါတယ်။
မေး ။ ။ မီဒီယာမှာ Broadcast media အတွက်ရော၊ အွန်လိုင်းကိစ္စတွေမှာကျတော့ အစိုးရက ဘယ်လိုကိုင်တွယ်မလဲ။
ဖြေ ။ ။ ဒီဘက်က အခု Printed media law ကိုတော့ ကျနော်တို့ စပြီးလုပ်နေပြီ။ Broadcast media လည်းပဲ ကျနော်တို့ စပြီးကိုင်နေပြီ။ ဒီဘက်က စာပေစာနယ်ဇင်းနဲ့ ပတ်သက်တဲ့ Media law ကို ဆောင်ရွက်နေသလို တဆက်တည်းပဲ Broadcast media law ကို ဆက်လက် ဆောင်ရွက်မှာ။ ဆောင်ရွက်လည်း ဆောင်ရွက်နေပြီ။
မေး ။ ။ အဲဒီလိုကျတော့ ကျန်တဲ့ Independent ဖြစ်တဲ့လူတွေ၊ ပုဂ္ဂလိက (Private) တွေကိုပေးဖို့ နောက်ပိုင်းမှာရော အစီစဉ်ရှိလား။
ဖြေ ။ ။ ဒီနေ့အခါမှာ ဂျာနယ်တွေအားလုံးက Private ပါပဲ။ ဥပဒေထွက်လာပြီးတဲ့ အခါမှာတော့ ခင်ဗျားတို့ ဒီနေ့ တောင်းဆိုနေကြတဲ့၊ ပြောနေကြတဲ့ သတင်းစာတွေရော၊ စာအုပ်စာစောင်တွေရော Private ဖြစ်သွားမှာ။ အဲတော့ ဒီ Broadcast media နဲ့ ပတ်သက်လို့ကတော့ ကျနော်တို့နိုင်ငံရဲ့ ကနေ့ အနေအထားသည် Private မရှိသေးပါဘူး။ State (အစိုးရပိုင်) ရှိတယ်၊ Joint (ဖက်စပ်) တွေ ရှိနေပါတယ်။ အဲတော့ ဒါနဲ့ပတ်သက်လို့ကတော့ စဉ်းစားပြီးတဲ့အခါမှာ ဥပဒေ ဆက်လက် ရေးဆွဲသွားမှာ ဖြစ်ပါတယ်။
မေး ။ ။ နေ့စဉ်သတင်းစာ (Daily newspaper) တွေပေးဖို့ကိုရော အစီအစဉ် ရှိပါသလား။
ဖြေ ။ ။ အဲဒါ ဥပဒေထွက်လာတဲ့အခါမှာ ဒါတွေအကုန်လုံး ပါသွားမယ်။
မေး ။ ။ Daily newspaper စောင့်နေတဲ့ သူတွေအတွက် ၂၀၁၃ လောက်ဖြစ်လာမယ်လို့ ထင်ပါသလား။
ဖြေ ။ ။ ၂၀၁၂ ထဲမှာ ကျနော်တို့ ဥပဒေက ပြီးသွားမှာပဲလေ။ ၂၀၁၂ ထဲမှာ ဖြစ်သွားမယ်ဆိုတော့ ဥပဒေနဲ့အညီ ဒါကြီးက ပါလာမှာပဲ။
မေး ။ ။ မနေ့က ဆရာမောင်ဝံသက ဝန်းကြီးမိန့်ခွန်း ပြီးသွားတဲ့အခါမှာ ပြောသွားတယ်။ သူကတော့ ဘာနဲ့တိုင်းလဲတော့ မသိဘူး၊ မီဒီယာလွတ်လပ်ခွင့်က မြန်မာပြည်မှာ ၇၅ ရာခိုင်နှုန်း ရှိနေပြီတဲ့။ ဒါပေမယ့် တချို့ကလည်း မဟုတ်ဘူးတဲ့၊ ၅၀ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ပြောတယ်။ ဆိုတော့ ကျနော်မေးချင်တာက ၁၀၀ ရာခိုင်နှုန်းရအောင် ဘယ်တော့လောက် ဖြစ်လာနိုင်မလဲ။
ဖြေ ။ ။ ဥပဒေက ၂၀၁၂ မှာ အတည်ပြု ပြဌာန်းပြီးသွားမှာပဲလေ။ ဥပဒေပြဌာန်းပြီးသွားရင် ဥပဒေနဲ့အညီ အားလုံး ဆောင်ရွက်နိုင်ကြမှာပါ။ ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ကြခြင်းဆိုတာလည်း ၁၀၀ ရာခိုင်နှုန်းလို့ ပြောရမှာပါပဲ။ ဘယ်နိုင်ငံမှာမဆို ဥပဒေကို ကျော်ပြီးတော့ ဘယ်ဟာမှ ဆောင်ရွက်လို့ မရကြပါဘူး။
မေး ။ ။ အခု စာနယ်ဇင်း ကောင်စီ (Press Council) ဖွဲ့မယ့် ကိစ္စရော။
ဖြေ ။ ။ အဲဒါပါ တခါတည်း ပုဒ်မတခုအနေနဲ့ ပါသွားဖို့ ရှိပါတယ်။
မေး ။ ။ ယူနက်စကိုက ပြောသွားတာ Tolerance (သည်းခံနိုင်စွမ်းရှိမှု) ပေါ့၊ culture of dissent (သဘောထားကွဲလွဲတာကို လက်ခံပေးတဲ့ အလေ့အထ) ဆိုတဲ့ ကိစ္စ။ မြန်မာပြည်မှာ အဲဒီလိုမျိုး Tolerance ရှိဖို့ကို မီဒီယာတွေက ဘယ်လိုမျိုးလုပ်ပေးရင် ကောင်းမလဲ။ အစိုးရကရော အဲလို ဝေဖန်ခံရမယ့်ကိစ္စတွေကို သတ္တိတွေရှိဖို့ကိစ္စတွေကို ဟိုဘက်ဒီဘက်ပေါ့၊ အစိုးရက ဘယ်လိုကူညီမယ့် အစီအစဉ်တွေ ရှိမလဲ။ ကျနော်တို့နိုင်ငံမှာ culture of dissent က အရမ်းနည်းတာကို တွေ့ရပါတယ်။ culture of dissent ပိုရှိလေ ဒီမိုကရေစီရှင်သန်ဖို့ ပိုပြီးကောင်းလေလို့ ကျနော်တို့က မြင်မိပါတယ်။ အဲဒါမျိုးကျရင် မီဒီယာတွေ ဝန်ကြီးတို့ ဌာနတွေက ဘယ်လိုမျိုး အစီအစဉ်တွေများ ရှိမလဲ။
ဖြေ ။ ။ ကိုယ့်ရဲ့အမျိုးသား ယဉ်ကျေးမှုကိုတော့ မြတ်နိုးကြတာပဲ။ ထိန်းကြတာပဲ။ ထိန်းနိုင်တဲ့ နိုင်ငံရှိသလို မထိန်းနိုင်တဲ့ နိုင်ငံရှိတယ်။ အဲဒီတော့ ကျနော်တို့ကတော့ ကိုယ့်နိုင်ငံရဲ့ အမျိုးသားယဉ်ကျေးမှုကို ထိန်းသင့်တယ်လို့ ကျနော်တို့က ဒီလိုပဲ ယူဆတယ်။ ကိုယ့်နိုင်ငံရဲ့ အမျိုးသားယဉ်ကျေးမှုပျောက်သွားရင် ရှေ့တုန်းကပြောခဲ့ဆိုခဲ့တာတွေ ရှိနေတာပဲ။ ယဉ်ကျေးမှုပျောက်ရင် အမျိုးပါ ပျောက်မယ်တဲ့။ အဲဒီတော့ အမျိုးသားယဉ်ကျေးမှုက ဘာကို မွေးထုတ်ပေးသလဲဆိုရင် သူရဲ့ အမျိုးသားရေးစိတ်ကို မွေးထုတ်ပေးတယ်။ ကျနော့် အယူအဆပေါ့လေ။ အဲဒီ အမျိုးသားရေးစိတ်ဆိုတာ တိုင်းပြည်နဲ့ လူမျိုး၊ မိမိရဲ့အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုး တန်ဖိုးထားတဲ့ စိတ်ဓာတ်ပဲ။ အဲဒီတော့ ကိုယ့်နိုင်ငံနဲ့ ကိုယ့်လူမျိုးအပေါ်မှာ ချစ်မြတ်နိုးတန်ဖိုးထားတဲ့ စိတ်ဓာတ်က တိုင်းပြည်မှာ တကယ့်အမျိုးသားရေးဆိုင်ရာ အကြောင်းတရားတွေ ပေါ်ပေါက်လာတဲ့အခါမှာ အင်မတန်အရေးကြီးပါတယ်။
မေး ။ ။ ဒီက ဂျာနယ်လစ်တွေနဲ့ စကားပြောကြည့်တဲ့ အခါမှာတော့ ဝန်ကြီးပြောသွားတဲ့ လွတ်လပ်မှု တာဝန်ယူမှုဆိုတာကို လက်ခံပါတယ်။ ဒါပေမယ့် ဒီဂျာနယ်လစ်တွေကို လုံခြုံစိတ်ချမှုရှိအောင် သူတို့ကို ဘယ်လိုကာကွယ် စောင့်ရှောက်ရမယ်ဆိုတဲ့ အပိုင်းမှာကျတော့ရော ဝန်ကြီးဘက်က ဘယ်လိုစီစဉ်ထားတာ ရှိပါသလဲ။
ဖြေ ။ ။ တဘက်က ဂျာနယ်လစ်တွေရဲ့ ယူရမယ့်တာဝန်တွေ ရှိမယ်။ ပြီးရင် သူတို့အတွက် ရပိုင်ခွင့်ရှိတဲ့ အခွင့်အရေးတွေ ရှိမယ်။ ပြီးရင် သူတို့အတွက် အကာအကွယ်ပေးမယ့် ဟာတွေလည်း ပါလာမယ်။ ဥပမာ – အခမ်းအနားတခု။ ဒီအခမ်းအနားတခုကို သူသွားပြီးတော့ သတင်းသွားယူချင်တယ် ဆိုရင် သက်ဆိုင်ရာ အဲဒါကို ကျင်းပနေတဲ့ အဖွဲ့အစည်းက ခွင့်ပြုမှ သူယူလို့ ရတယ်။ သို့သော်လည်း အဲဒါတွေ ကျနော်တို့ ဥပဒေပြဌာန်းပြီးရင်တော့ ဒီဂျာနယ်လစ်အဖွဲ့ဝင် ဒါမှမဟုတ် တရားဝင်ဖြစ်နေတဲ့ သတင်းထောက်ဆိုရင် ကန့်သတ်ထားသော တရားစီရင်မှုမျိုးတွေမှအပ ကျန်တဲ့နေရာတွေမှာ သူသွားယူနိုင်တယ်။ အဲလို သွားယူတာကို ဟိုကနေ ပယ်ထုတ်တာ၊ မလာနဲ့လို့ ပြောတာမရှိအောင် ကျနော်တို့တတွေ သူ့အတွက် အကာအကွယ်ပေးမှုတွေ ရှိမယ်။ သူ့ဘက်က မှန်မှန်ကန်ကန်နဲ့ သတင်းတခုကို ရေးလိုက်တယ်။ ဒီသတင်းတခုကို ရေးလိုက်တဲ့အခါမှာ တကယ့် Source (ရင်းမြစ်) အရ မှန်မှန်ကန်ကန်နဲ့ ရေးပြီးတော့ သူတင်လိုက်တယ်။ ဒီဥပဒေအရ သူ့ကို အရေးယူလို့ မရနိုင်ဘူး။
သို့သော် သူ့ဘက်ကလည်း တာဝန်ယူရမယ်။ သူမမှန်မကန် ရေးမိရင်တော့ စောစောပြောသလိုပဲ တဖက် အဖွဲ့အစည်းကနေပြီးတော့ ဒါကိုပြန်ဖြေပေးပါဆိုရင် သူပြန်ပြီးတော့ ဖြေရှင်းပေးရမယ်။ ဒါမှမဟုတ် သူရေးလိုက်တာဟာ တဖက်သားရဲ့ အသရေဖျက်မှုကို မြောက်တယ်ဆိုရင် သူတရားရုံးမှာ ရင်ဆိုင်ရမယ်။ သူတရားရုံးမှာ ရင်ဆိုင်လို့ တရားရုံးက ဒါ အသရေ ဖျက်မှု မမြောက်ဘူးဆိုရင် သူဘာမှ မဖြစ်ဘူး။ အသရေဖျက်မှု မြောက်တယ်ဆိုရင်တော့ ဥပဒေအတိုင်း ဖြစ်တယ်၊ စသည်ဖြင့် ဒီသတင်းသမားတွေအတွက် သူတို့ရဲ့ တာဝန်တွေလည်း ရှိမယ်၊ သူတို့ရဲ့ အခွင့်အရေးတွေလည်း ရှိမယ်။ သူတို့ကို အကာအကွယ်ပေးတာတွေလည်း ရှိလာမယ်ဖြစ်တယ်လို့ ပြောလိုပါတယ်။
မေး ။ ။ Minister for Information မဟုတ်ဘဲနဲ့ Minister for Press Freedom လုပ်ပါလားဆိုပြီး ကျနော်တို့ ပြောဖူးတယ်။ အဲဒီတော့ သမိုင်းမှာ ဝန်ကြီးအနေနဲ့ ဘာတွေချန်ခဲ့ချင်လဲ။
ဖြေ ။ ။ Minister of Press Freedom ပေါ့၊ Press Freedom ဆိုတဲ့နေရာမှာလည်းပဲ ဥပဒေနဲ့အညီ Press Freedom ပေါ့။ လွတ်လပ်မှုနဲ့ တာဝန်ယူမှု၊ လွတ်လပ်မှုနဲ့ ဆင်ခြင်တုံတရား၊ အဲဒါဖြစ်အောင် ကျနော် အစွမ်းကုန် လုပ်နေတယ်။ ဘာကြောင့် အစွမ်းကုန် လုပ်တာလဲဆိုရင် ဒီမိုကရေစီကို မှန်မှန်ကန်ကန်နဲ့ အနှစ်သာရှိရှိ ကျင့်သုံးဖို့ဆိုရင် Press Freedom လည်းလိုတယ်။ Press Freedom ကလည်း အခုနပြောတဲ့ ဥပဒေနဲ့အညီ ဒီလို Freedom ပဲ၊ ဒီလိုဖြစ်ဖို့တော့ လိုတယ်။
၁၉၄၈ ကနေ ၁၉၆၂ ခုနှစ်ကြားထဲကလို ကိုယ်ရေးချင်သလိုရေး၊ ဟုတ်တာရော မဟုတ်တာရော အဲလိုမျိုးဖြစ်လို့ မရဘူး။ ဒါဟာ ဒီမိုကရေစီကို မအောင်မြင်စေနိုင်ဘူး။ အဲလိုမဟုတ်တဲ့ စည်းနဲ့ကမ်းနဲ့ ဥပဒေနဲ့အညီ Press Freedom ဖြစ်အောင် ကျနော်ကြိုးစားမယ်။ ဒါကြောင့် ကျနော်ယုံကြည်တယ်။ ဒါကြောင့်မို့လည်း သမိုင်းမှာ မှတ်တမ်းတင်တာ မတင်တာထက် ကျနော် အကောင်းဆုံးဖြစ်အောင် လုပ်မယ်။
မေး ။ ။ မြန်မာ့အလင်း သတင်းစာကို ဘယ်လိုမျိုး အပြောင်းအလဲ (Reform) လုပ်ဖို့ ရှိပါသလဲ။ ဘာကြောင့်လဲဆိုတော့ သူတို့က သတင်းထုတ်ပြန်ချက် သက်သက်ဖြစ်နေတယ်။ သတင်းပုံစံဖြစ်လာအောင် မြန်မာပိုင်းရော အင်္ဂလိပ်ပိုင်းမှာရော အဲလိုမျိုးတွေရော ရှိသလား။
ဖြေ ။ ။ ရှိပါတယ်။ ကျနော် ၂၀၀၂ ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ယူရတယ်။ သို့သော် လုပ်ပိုင်ခွင့် ဒီလောက် ကျယ်ကျယ်ပြန့်ပြန့် မရှိဘူး။ ၂၀၀၄ ကျတော့ ကျနော့်မှာ လုပ်ပိုင်ခွင့် အပြည့်ရှိတယ်။ အဲဒီ ၂၀၀၄ ကတည်းက စပြီးတော့ အသွင်သဏ္ဍန်ရော အနှစ်သာရရော မြင့်မားအောင် အဆင့်ရှင်သန်အောင် ကျနော်ကြိုးစားတယ်။ နိုင်ငံတော်မီဒီယာ ဖြစ်တဲ့အတွက် အစိုးရရဲ့ မူဝါဒတွေ၊ လုပ်ကိုင်ဆောင်ရွက်မှုတွေကို ပြည်သူတွေဆီကို ချပြမယ်။ ပြည်သူတွေက ဒီအပေါ်မှာ ဘယ်လို သဘောထားသလဲ၊ ဘယ်လိုမြင်သလဲ၊ ဘယ်လို ယူဆသလဲ၊ ဘယ်လိုဝေဖန်သလဲ ဆိုတာတွေကိုလည်း အာဏပိုင်တွေ သိရှိနိုင်အောင် ပြန်လည် ထင်ဟပ်ပြီးတော့ ကျနော်တို့ ရေးသားမယ်။ State မီဒီယာကိုလည်း လွတ်လပ်မှုနဲ့ တာဝန်ယူမူ၊ လွတ်လပ်မှုနဲ့ ဆင်ခြင်တုံတရားကို ကျင့်သုံးပြီးတော့ အပြုသဘောနဲ့ ဝေဖန်ထောက်ပြ ရေးသားတာတွေ၊ သတင်းကို သတင်းပုံစံနဲ့ ရေးသားတာတွေ ဖြစ်အောင် လုပ်သွားဖို့ ရှိတယ်။ အောက်ကတာဝန်ယူတဲ့ DG (Director General – ဦးဆောင်ညွှန်ကြားရေးမှူး) တွေကိုလည်း စပြီးတော့ ဖွဲ့စည်းပြင်ဆင်လေ့ကျင့်ဖို့ ကျနော်ခိုင်းထားတယ်။
မေး ။ ။ အပြင်က မီဒီယာတွေကို ဘယ်လိုထင်ပါသလဲ။ International media ကို ပြောတာပါ။ ပြည်ပအခြေစိုက် မြန်မာမီဒီယာကို ပြောတာ မဟုတ်ပါဘူး။ အခု Bangkok Post, The Nation, New York Times, Washington Post အကုန်လုံးက မြန်မာပြည်နဲ့ ပတ်သက်ပြီး Cover လုပ်နေတဲ့ကိစ္စတွေ၊ နောက်ပိုင်း သူတို့ကို ဗီဇာတွေပေးနေတဲ့ ကိစ္စတွေ၊ အဲလိုရေးတဲ့ ကိစ္စတွေမှာ အရင်ကထက်စာရင် ဘယ်လိုပြောင်းလဲလာတယ်လို့ ဝန်ကြီးထင်လဲ။
ဖြေ ။ ။ နာမည်လေးတွေတော့ သုံးရမှာပေါ့လေ။ သုံးတာလည်း သူတို့တတွေပေါ်မှာ ကျနော် အာဃာတရှိလို့လည်း မဟုတ်ပါဘူး၊ ဖြစ်စဉ်ကိုပြောတာ။ ၈၈ ကို ပြန်ကြည့်ရအောင်ဗျာ။ ၈ ရက်၊ ၈ လ၊ ၁၉၈၈။ အဲဒီနေ့မှာ တကယ့် Time bomb ကို ဘယ်သူ ဖောက်လိုက်တာလဲမေးရင် BBC ဖောက်လိုက်တာ။ ဘယ်သူတွေနဲ့ ပေါင်းစပ်ပြီးဖောက်လိုက်တာလဲ ဆိုတော့ ခရစ္စတိုဖာ ဂါးနက်၊ အခု ၈၈ မျိုးဆက် ဦးဌေးကြွယ်၊ နောက်မိန်းကလေးက အေးငြိမ်းသူ။ သူတို့ဘာလုပ်လိုက်လဲ။ အေးငြိမ်းသူက သူ့ကို လုံထိန်းတွေအားလုံးက တခါတည်းကို အုပ်စုလိုက် ဒီလိုဒီလိုတွေ လုပ်ပါတယ်၊ ဘာညာ ဆိုပြီးတော့ အဲဒီဟာတွေကို အသံသွင်း၊ ၇ ရက်နေ့ညမှာ အကုန်လုံးထည့် လိုက်တာ။ ၇ ရက်နေ့ညမှာ ထည့်လိုက်တော့ ၈ ရက် ၈ လ ၈၈ အဲဒီအရေးအခင်းကြီးရဲ့ Speed ကို ရောက်သွားတယ်။
ကဲ … အဲဒါဆိုရင် BBC က ဘယ်လိုလဲ။ ကျနော်ဆိုလိုတာ၊ မှန်၏ မမှန်၏၊ ဟုတ်၏ မဟုတ်၏ ဆိုတာကို အသာထားပြီးတော့ ဒီတိုင်းပြည်မှာ ရှိနေတဲ့ Regime change (အစိုးရအပြောင်းအလဲ) ဖြစ်အောင် သူလုပ်ခဲ့တယ်။ ကျနော်တို့က ဒါတွေက အမြဲထိတွေ့နေရတာ ဖြစ်တယ်၊ ကျနော် ဒါတွေသိတယ်။ အကြောင်းအရာလေးတွေ တခုခု ဖြစ်လာပြီ ဆိုတာနဲ့ ဘာတွေလုပ်ကြပြီလဲဆိုရင် ဘယ်တပ်ရင်းမှာတော့ ရဲဘော်တွေက ဆန္ဒပြကုန်ပြီ၊ ဘယ်နေရာမှာတော့ ပြန်လည်ပစ်ခတ်ပြီး ဘာတွေဖြစ်ကုန်ပြီ၊ ဘယ်မှာတော့ ရဲဘော်တွေက တန်းကိုမစီတော့ဘူး၊ အဲဒီတော့ ကျနော် အဲဒါတွေကို ဘယ်လို ယူဆရမလဲ၊ ဘယ်လိုမြင်ရမလဲ။
ဒါတွေနဲ့ပတ်သက်ပြီး ပြောကြတော့ သူတို့က ဘာပြောလဲဆိုတော့ ဒီဘက်က Access တွေမှ မရှိဘဲတဲ့။ Access မရှိတော့ ရတဲ့ Access ကပဲ ရေးရတာပါတဲ့။ ဒါသူ့ဘက်က ပြောတာပါ။ သဘောက ဖြစ်ခဲ့တာတွေ ဖြစ်ခဲ့ကြပြီ။ သို့သော် ကနေ့အခါမှာတော့ သူတို့ဘက်ကလည်း ပြောင်းလာပါတယ်။ ဒါ ကျနော်က အရှိအတိုင်း အသိအမှတ်ပြုတာ။ အဲဒီတော့ Access တွေလည်း ရှိလာပြီ၊ သူတို့ဘက်ကလည်း တကယ့်ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ အပေါ်မှာ ထင်ဟပ်ပြီး ရေးသားလာနေပြီလို့ ကျနော် ဒီလိုမြင်ပါတယ်။ ဆက်ပြီး ပိုပြီးတော့ တကယ့် မှန်မှန်ကန်ကန်တွေ ရေးသားနိုင် ဖို့ကတော့ ကျနော်တို့ဘက်ကလည်း ပွင့်လင်းဖို့လိုတယ်။ သူတို့ ဘက်ကလည်း Ethic (ကျင့်ဝတ်) တွေကို လိုက်နာဖို့လိုတယ်။ သူတို့ဘက်က Bias (ဘက်လိုက်မှု) မရှိဖို့ လိုတယ်။
မေး ။ ။ ပြည်ပအခြေစိုက် မြန်မာမီဒီယာတွေ ဧရာဝတီအပါအဝင် ဝန်ကြီးကို ခေါင်းမာဂိုဏ်းသား (Hard-liner) ဆိုပြီး ပြောကြတာ ဘယ်လိုပြန်ပြီး ချေပချင်လဲ။
ဖြေ ။ ။ အထူးမချေပ ချင်ပါဘူး၊ Hard-liner လား၊ Soft-liner လား။ ကျနော့်ကိုယ် ကျနော် ဘယ်လိုပဲ ယုံကြည်သလဲဆိုရင် ကျနော် Hard-liner လည်း မဟုတ်ဘူး၊ Soft-liner လည်းမဟုတ်ဘူး။ ကျနော်ဘာလဲဆိုလို့ရှိရင် Pragmatist (လက်တွေ့သမား)၊ သို့သော် ကျနော်က ဘာကို အမြဲတမ်း ဦးစားပေးလဲဆိုရင် Rules and regulations ပဲ။ ကျနော့် ဘဝတလျှောက်လုံး မှာ Rules and regulations နဲ့ပဲ နေတယ်။ ကျနော့်အောက်က အဖွဲ့တွေကိုလည်း ဘာလုပ်လုပ် ဒီအတိုင်း လုပ်ခိုင်းတယ်။
မေး ။ ။ အခု နောက်ပြန်မဆုတ်ဘူးလို့ ပြောကြတယ်။ အခုဖြစ်နေတဲ့ နိုင်ငံရေး အကူးအပြောင်းကာလမှာ ဝန်ကြီးအနေနဲ့ ဘယ်လို မြင်ပါသလဲ။ ဘယ်လောက်အထိ အကောင်းမြင်ပါသလဲ။ စိုးရိမ်ပူပန်မှုတွေရော ရှိပါသေးလား။
ဖြေ ။ ။ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင်က နောက်ပြန်ဆုတ်ဖို့ မရှိဘူး၊ အရှေ့ကိုပဲ သွားမယ်ဆိုတာ ပြောပြီးသားပါ။ သမ္မတကြီးရဲ့ ဦးဆောင်မှုနဲ့အတူ ဝန်ကြီးအဖွဲ့တွေမှာ ရှိနေကြတဲ့ ကျနော်တို့အားလုံးကလည်း ဒီအတိုင်းပါပဲ။ ဒီနေ့လည်းပဲ အဲဒါနဲ့အညီ ကျနော်တို့ သွားနေတယ်။ ပြင်သင့်တာတွေ ကျနော်တို့ ပြင်နေတယ်။
ကျနော်တို့ အခုလို ဆောင်ရွက်သွားကြရတဲ့နေရာမှာ စိန်ခေါ်မှုတွေ ရှိတယ်။ ဒီ စိန်ခေါ်မှုတွေကို တည်တည်ငြိမ်ငြိမ် သိမ်သိမ်မွေ့မွေ့နဲ့ ကျနော်တို့က ကျော်လွှားပြီးတော့ သွားနေတာ။ ဒီလို တည်တည်ငြိမ်ငြိမ်နဲ့ နောက်ပြန်မဆုတ်တမ်း သွားနေတဲ့အခါမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာက အဲဒီလို သွားနေမှုတွေမှာ ပွဲပျက်အောင် မလုပ်ကြဖို့လည်း အရေးကြီးတယ်။ ကျနော်တို့ တဆင့်ပြီးတဆင့် သိမ်သိမ်မွေ့မွေ့နဲ့ သွားနေတယ်။ စိန်ခေါ်မှုတွေကို ကျော်လွှားသွားနေတဲ့အခါမှာ ကျနော်တို့မှာ အခက်ခဲတွေအများကြီးပေါ့။ ဒီလိုပြောတော့ တချို့က အဲဒါဆိုရင် ပွဲပျက်အောင်လုပ်ရင် ခင်ဗျားတို့နောက်ပြန်ဆုတ်မှာလားလို့၊ မဟုတ်ဘူးနော်၊ အခက်ခဲရှိတာကို ပြောတာ။
မေး ။ ။ အခု ဂျာနယ်လစ်ဗီဇာတွေ လျှောက်ကြတယ်။ ဒါပေမယ့် ငါးရက်တို့ ခုနှစ်ရက်ဆိုတော့ ပြဿနာအများကြီး ရှိတယ်။ အပြင်မှာရှိတဲ့ နိုင်ငံခြားသားတွေ ဝင်ပြီး ရေးချင်နေကြတာ အများကြီးရှိတယ်။ ငါးရက်မှာ တရက်က သွားရတယ်။ နောက်တရက်က Departure လုပ်ရတယ်။ နှစ်ရက်က ပုပ်သွားပြီ။ သုံးရက်ပဲ ကျန်တယ်။ သုံးရက်နဲ့ မြန်မာပြည်အကြောင်း ဘာမှရေးလို့ မရဘူး။ ဂျာနယ်လစ်ဗီဇာ လျှောက်တဲ့အခါ တလ၊ အနည်းဆုံးနှစ်ပတ်ပေါ့။ အဲဒီလိုမျိုးလုပ်ဖို့ပေါ်လစီ ဝန်ကြီးတို့ ဘယ်လိုစီစဉ်ထားလဲ။
ဖြေ ။ ။ ကျနော် သဘောလည်း ပေါက်ပါတယ်၊ ကိုယ်ချင်လည်း စာပါတယ်။ This is the very beginning ဒီသဘောပါ။ ဆိုလိုချင်တာကတော့ ကနေ့ကျနော်တို့ စနေတာပါ။ နောက်တခါ Confidence ၊ တယောက်ကို တယောက် ယုံကြည်မှု၊ ကျနော်တို့မှာလည်း Confidence ကို ထိန်းတဲ့ သဘောလေးတွေတော့ ရှိတာပေါ့။ ခင်ဗျားတို့မှာ ဒီနေ့ဖြစ်နေတဲ့ အခက်အခဲတွေကို ကျနော် သဘောပေါက်ပါတယ်၊ နားလည်ပါတယ်။ နောင်ကျရင် ပိုပြီးတော့ Confidence ကို တည်ဆောက်ကြရင်၊ တယောက်နဲ့တယောက် ရင်းနှီးမှု နားလည်မှုတွေ တည်ဆောက်ကြရင်းနဲ့ ပိုပြီးပွင့်လင်းလာမှာပါ။
ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် တွေ့ဆုံမေးမြန်းခြင်း (၁)