ဧပြီလ ၁ ရက် ကြားဖြတ် ရွေးကောက် ပွဲ ချောမော အောင်မြင်စွာ ပြီးဆုံးပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ကိုယ်စားလှယ်များ သက်ဆိုင်ရာလွှတ်တော်များသို့ ပါဝင်လာစေလိုခြင်းမှာ မြန်မာပြည် အမျိုးသားပြန်လည်ရင်ကြား စေ့ ရေးနှင့် နိုင်ငံပြန်လည်ထူထောင်ရေး ရှေးရှု သော မြန်မာနိုင်ငံသားတိုင်းသာမက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံတ ကာ အစိုးရ များ၏ လိုလားချက်ပါဖြစ်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၏ ထုတ်ပြန်ချက်အရ ဒေသတွင်းနှင့် နိုင်ငံတကာ အစိုးရများမှ စေလွှတ် မည့် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ ကိုယ်စားလှယ် ၁၅၉ ဦးကို နေပြည်တော်အစိုးရက လက်ခံခွင့်ပြုထားကြောင်း သိရ သည်။ ထို့အပြင် သမ္မတဦးသိန်းစိန်ကလည်း မဲဆန္ဒရှင်များ၏ဆုံးဖြတ်ချက်ကို လေးစားကြရန် နှင့် ရွေးကောက်ပွဲ တရားမျှတစေ မည်ဟု ပြောဆိုထားရာ ခြိမ်းခြောက်မှုများ၊ မသမာမှုများ အောက်ခြေပိုင်း၌ ဖြစ်ပွားနေသော်လည်း ပေါ်လစီချမှတ်သူများ အဆင့် တွင်မူ ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုယ်စားလှယ်များ လွှတ်တော်တွင်း ရောက်လာမည်ကို လိုလားပုံ ပြသရာ ရောက်ပါသည်။
အကယ်၍ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲရလဒ်ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီအတိုက်အခံများက အတည်ပြု ပါက ပြည်ဝင်ခွင့်ပိတ်ထားခြင်း၊ ပိုင်ဆိုင်မှုများ ထိန်းချုပ်ထားခြင်း စသည့် အလျှင်အမြန် ဖြုတ်ပေးနိုင်သော ပြစ်ဒဏ်ခတ် ပိတ်ဆို့မှုများကို အမေရိကန်က ပြုလုပ်လာနိုင်ပြီး ဥရောပသမဂ္ဂအနေဖြင့်လည်း ကျွန်းသစ်၊ ကျောက်မျက်နှင့် သယံဇာတ တူးဖော်ရေး တို့တွင် ပြန်လည်ရင်းနှီးမြှုပ်နှံရေး ဖွင့်ပေးနိုင်ကြောင်း သံတမန်သတင်းရပ်ကွက်များ၌ ပြောနေကြသည်။ ကနေဒါနှင့် ဩစတြေးလျ တို့ကလည်း ပိတ်ပင်မှု ရုပ်သိမ်းမည်ဟုလည်း ကြေညာထားသည်။
အကယ်၍ ရွေးကောက်ပွဲရလဒ်မှာ မသန့်ရှင်းကြောင်း အတိုက်အခံများက ကန့်ကွက်ခဲ့ပါမူ မြန်မာ့စီးပွားရေးပြန်လည် ဦးမော့လာစေ ရေးနှင့် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးအတွက် မရှိမဖြစ် လိုအပ်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို လမ်းဖွင့်ပေးရာကျသည့် ပိတ်ဆို့ ဒဏ်ခတ်မှုများ ရုပ်သိမ်းဖယ်ရှားရေး နှောင့်နှေးသွားဖွယ်ရှိသည်။ ဤလမ်းကြောင်းအတိုင်းဖြစ်လာပါက NLD အနေဖြင့် မြန်မာ့စီးပွားဖွံ့ဖြိုးရေးကို မလိုလားဟူ၍ စွပ်စွဲခံလာရဖွယ် ရှိသည်။
အခြားတဖက်တွင်မူ ဦးသိန်းစိန်ဦးဆောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် လတ်တလော မြင်တွေ့လာ နေရသော အလားအလာကောင်းများကို လက်မလွှတ်ဘဲ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု နှင့် အတူ မြန်မာ့လူမှုစီးပွားရေးဘဝ ပြန်ခေါင်းထောင် ထလာနိုင်မည်ဟု မျှော်လင့်နေပုံရပြီး ယင်းရလဒ်များမှတဆင့် မဲဆန္ဒရှင်များကို စည်းရုံးသိမ်းသွင်းနိုင်လိမ့်မည်ဟု ယုံကြည်နေဟန်ရှိပါသည်။ ကြံ့ခိုင်ရေးပါတီအတွက် အမှန်တကယ် ခြိမ်းခြောက်နေသည်မှာ၂၀၁၅ ရွေးကောက်ပွဲသာ ဖြစ်သည်။
မည်သို့ဆိုစေ ကြားဖြတ်ရွေးကောက်ပွဲတွင် လက်ခံနိုင်ဖွယ် ရလဒ်များ ထွက်ပေါ်လာခဲ့လျှင်သော်မျှ ဒဏ်ခတ်ပိတ်ဆို့မှုများ မည်သို့ ရုပ်သိမ်းသွားမည်မှာ မရှင်းလင်းလှသေးချေ။ ဥရောပသမဂ္ဂအနေဖြင့် ပိတ်ဆို့မှု အများစုကို ဖယ်ရှားပေးနိုင်သော်လည်း လက်နက် တင်ပို့ရောင်းချမှု ပိတ်ထားခြင်းကို ဆက်ထားနိုင်ကြောင်း၊ ဒဏ်ခတ်မှုလျှော့ပေါ့ရေး ဥပဒေပြင်ဆင်မှု တနှစ်အနည်းဆုံး ကြာနိုင်ကြောင်း သံတမန်များက ဆိုသည်။
အမေရိကန် ဒဏ်ခတ်မှုမှာ ရှုပ်ထွေးပြီး အကန့်အသတ်များသည့် ပြည်ထောင်စုအဆင့် ဥပဒေ ၅ ခု နှင့် သမ္မတ၏ လုပ်ပိုင်ခွင့် အာဏာ ၄ ရပ် ပါဝင်သည်။ အရေးကြီးသည့် အကန့်အသတ်တခုမှာ နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးရေး ဖြစ်သည့်အတွက် မကြာသေးမီကပင် အမေရိကန်အစိုးရက နေပြည်တော်သို့ ယင်းကိစ္စ ဆက်လက်ကိုင်တွယ်ရန် တောင်းဆိုထားသည်။
ချုပ်လျှင် ကြားဖြတ်ရွေးကောက်ပွဲသည် တနိုင်ငံလုံးအတိုင်းအတာ ကျင်းပသော၊ နိုင်ငံရေးပါတီများအတွက် အခရာကျသည့် ရွေးကောက်ပွဲမဟုတ်သော်ငြား အမျိုးသားရင်ကြားစေ့ရေးနှင့် ယုံကြည်မှုတည်ဆောက်ရေး၊ အမျိုးသားစီးပွားပြန်ဦးမော့လာစေရေး လမ်းကြောင်းအစဖြစ်သောကြောင့် အရေးကြီးသည့် သမိုင်းမှတ်တိုင်ဖြစ်သည်။ မသန့်ရှင်းမှု၊ မသမာမှုများကြောင့် မြန်မာ့နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တခုလုံး ချော်ထွက်သွားနိုင်သော အန္တရာယ်ကို သတိထားရန် လိုကြောင်း တိုက်တွန်းလိုက်ပါသည်။