ကြားဖြတ်ရွေးကောက်ပွဲတွင် အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ကြံ့ခိုင်ရေး) ပါတီကို အကြီးအကျယ် စိန်ခေါ်နေပြီဖြစ်သည်။ ရွေးကောက်ပွဲရလဒ် မျှော်လင့်ချက်၊ အတိုက်အခံအပေါ် သဘောထား၊ ၂၀၀၈ ဖွဲ့စည်းပုံအပေါ် ရပ်တည်ချက်၊ ပါတီတွင်း သဘောထားကွဲလွဲမှု၊ စွမ်းအားရှင်နှင့် ပါတီအကြောင်းများအား ဧရာဝတီမဂ္ဂဇင်း သတင်းထောက် ကျော်ခ က ကြံ့ခိုင်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့် ဆက်သွယ်မေးမြန်းထားပါသည်။
မေး ။ ။ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ၄၅ နေရာလုံးမှာ အနိုင်ရမယ်လို့ ယူဆထားလားခင်ဗျ။
ဖြေ ။ ။ ယူဆထားတယ်။ ယူဆတဲ့အကြောင်းရင်းကလည်းပဲ တစ်အချက်ကတော့ ဒီနေရာတွေဟာ ကျနော်တို့အနိုင်ရပြီးသား နေရာထဲကနေ လစ်လပ်သွားတဲ့နေရာတွေ ဖြစ်ပါတယ်။ နောက်တခုကတော့ ကျနော်တို့ရဲ့ ပါတီဆိုတာ ပြည်သူအကျိုး အတွက် ဆောင်ရွက်ကြတာပဲလေ။ ပြည်သူအကျိုးအတွက် ဆောင်ရွက်ကြတဲ့ နေရာမှာ ကျနော်တို့ပါတီက နေပြီးတော့မှ ဒီနေရာတင် မဟုတ်ဘူး တနိုင်ငံလုံးမှာ ဆောင်ရွက်နေတဲ့ လက်တွေ့လုပ်ဆောင်နေမှုတွေ အပေါ်မှာလည်း ကျနော်တို့ ယုံပါတယ် ပြည်သူကလည်း အဲဒီ အပေါ်မှာ တန်ဖိုးထားမယ်လို့ ကျနော်တို့ယုံပါတယ်။ သို့သော်လည်းပဲ တခြားအကြောင်းအချက်တွေ ရှိနိုင်တာပေါ့ဗျာ။ မဲရမယ် မရဘူး၊ ကျနော်တို့ကို ထောက်ခံမယ် မထောက်ခံဘူး ဆိုတာ တခြား အကြောင်းပြချက်တွေလည်း ရှိပါတယ်။ ဒါကြောင့် ကျနော်တို့ဘက်က မျှော်မှန်းတာကတော့ ၄၅ နေရာလုံးကို မျှော်မှန်းပါတယ်။ သို့သော်လည်းပဲ မမျှော်မှန်းနိုင်တဲ့ အကြောင်းအရာတွေ ဖြစ်လာရင်လည်းပဲ ဒါ ဝမ်းမြောက်ဝမ်းသာပဲ ကျနော်တို့ ကြိုဆိုပါတယ်။
မေး ။ ။ ဒီကြားဖြတ် ရွေးကောက်ပွဲအပေါ် ပြည်ခိုင်ဖြိုးပါတီရဲ့ အမြင်၊ သဘောထားက ဘယ်လိုရှိလဲ ပြောပါဦးခင်ဗျ။
ဖြေ ။ ။ ဒါတွေဟာ ကျနော်တို့လိုလားတဲ့ လမ်းစဉ်ဖြစ်တယ်။ ဒါကြောင့် ပါဝင်တဲ့လူတွေအားလုံးကို ကျနော်တို့ ကြိုဆိုတယ်။ အဆုံးအဖြတ် ပေးမှာကတော့ ပြည်သူပါပဲ။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တရားမျှတတဲ့ လွတ်လပ်တဲ့ ပွင့်လင်းတဲ့ ရွေးကောက်ပွဲတွေ ဖြစ်အောင် ကျနော်တို့ ကိုယ်တိုင်လည်း လိုလားပါတယ်။ ကျနော်တို့ ကိုယ်တိုင်လည်းပဲ ပါဝင်ပူးပေါင်း ဆောင်ရွက်ပါ့မယ်။ ကျနော်တို့ ကိုယ်တိုင်လည်း လိုက်နာဆောင်ရွက်ပါ့မယ်။
မေး ။ ။ အောက်ခြေပိုင်းတွေမှာ ကြံ့ခိုင်ရေးပါတီက မတရားမဲဆွယ်မှုတွေ လုပ်နေတယ်ဆိုပြီး NLD က တိုင်တန်းတာတွေ၊ သတင်းတွေ ထွက်နေတာတွေလည်း ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘာများ ပြောချင်ပါသလဲခင်ဗျ။
ဖြေ ။ ။ တကယ် တိုင်တန်းစာရှိရင်တော့ ကျနော့်ဆီရောက်မှာပဲ။ ဒါမှမဟုတ်ရင်လည်း ကော်မရှင်ရောက်မှာပေါ့။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ရှိရင်လည်း ကော်မရှင်ရောက်မယ်။ ပါတီနဲ့ ပတ်သက်လို့ရှိရင် ကျနော့်ဆီရောက်မှာပေါ့။ အဲတော့ တိုင်တန်းစာတွေနဲ့ ပတ်သက်လို့ မတရား လုပ်တယ်ဆိုတဲ့ ကိစ္စရပ်နဲ့ ပတ်သက်လို့တော့ ကျနော်တို့ အခုလည်း လက်မခံပါဘူး။ အရင်တုန်းကလည်း လက်မခံပါဘူး။ နောင်လည်း လက်မခံပါဘူး။ တကယ် မတရားတာတွေ လုပ်တယ် လုပ်နေတယ်ဆိုရင်တော့ ဒီဥစ္စာနဲ့ ပတ်သက် လို့ ကျနော်တို့ဘက်ကလည်းပဲ မလုပ်ရ အောင် ကျနော်တို့တားမြစ်ပါ့မယ်နော်။ ထိုက်သင့်တဲ့ တားမြစ်မှုတွေ ကျနော်တို့ လုပ်ရမှာ ပေါ့ဗျာ။ ဒီအတွက်ကတော့ စိတ်မပူပါနဲ့နော။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ လုံးဝလက်မခံတဲ့ ကိစ္စလည်း ဖြစ်တယ်။ အခုလည်းပဲ မတရားတဲ့ ဥစ္စာမျိုးမဖြစ် အောင် လုပ်ကြပါဆိုပြီးတော့မှာ ကျနော်တို့ပါတီရဲ့ တာဝန်ရှိတဲ့ လူတွေအားလုံးကိုယ်တိုင်က ဆင်းပြီးတော့မှ ပြောနေကြပါတယ်။
မေး ။ ။ ဒီကြားဖြတ်ရွေးကောက်ပွဲမှာ NLD နဲ့ ပြည်ခိုင်ဖြိုး တို့က အဓိက ယှဉ်ပြိုင်ဘက်တွေ ပါတီတွေဆိုတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ပါတီအပေါ်မှာ ဦးဌေးဦးတို့က ဘယ်လို သဘောထားရှိလဲဆိုတာ သိပါရစေခင်ဗျ။
ဖြေ ။ ။ ဒါနဲ့ပတ်သက်လို့ ဒီနေ့ဖြစ်ပေါ်လာတဲ့ ပြုပြင်ပြောင်းလဲမှုတွေ အားလုံးဟာ ကျနော်တို့ USDA အသင်းဘဝကတည်းက ဒီလိုပြုပြင် ပြောင်းလဲမှုတွေဖြစ်လာအောင် ကျနော်တို့ကြိုးစားခဲ့တာပဲ။ အခု USDP ပါတီဖြစ်လာတဲ့ အခါမှာလည်း ဒီလိုပြုပြင် ပြောင်းလဲမှုတွေ အပေါ်မှာ ပိုပြီး တိုးတက်အောင် လုပ်ချင်တဲ့ ဆန္ဒရှိပါတယ်။ ဒါကြောင့် ဒီပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေထဲမှာ ပါလာတယ်ဆိုရင် ကျနော်တို့က ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမှာပေါ့။ ကျနော်တို့ ကိုယ်တိုင်လည်း ယုံတယ်။ ကျနော်တို့ကိုယ်တိုင်လည်း လုပ်တယ်။ ကျန်တဲ့လူတွေ လုပ်လာတယ်ဆိုရင်လည်း ကျနော်တို့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမှာပေါ့။ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမှာပါပဲ။ ဒါကြောင့် ဘယ်လို သဘောထားလဲဆိုရင် ကြိုဆိုမှာပေါ့ဗျာ။ ဒီလမ်းစဉ်က ကျနော်တို့ ယုံတဲ့လမ်းစဉ်ပဲ။ ဒါကြောင့် ဒီလမ်းစဉ်ထဲရောက်လာသူ မှန်သမျှ အားလုံးကို ကြိုဆိုမှာ ဖြစ်ပါတယ်ဗျာ။
မေး ။ ။ လက်ရှိအနေအထားမှာ အာဏာရ ပြည်ခိုင်ဖြိုးပါတီဟာ အစိုးရအပေါ်မှာ သြဇာသက်ရောက်မှု မရှိဘူးဆိုတဲ့ သုံးသပ်ဝေဖန်မှုတွေ ထွက်နေတာကိုရော ဘယ်လိုပြောချင်ပါလဲ။
ဖြေ ။ ။ ဒါနဲ့ပတ်သက်လို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေစည်းမျဉ်းမှာ ရွေးကောက်ပွဲမှာ အများစု နေရာများများရတဲ့ ပါတီဟာ အနိုင်ရတဲ့ပါတီလို့ပဲ ပြောလို့ရပါတယ်။ တခြားနိုင်ငံရဲ့ Constitution မှာတော့ အာဏာရပါတီလို့ ပြောနိုင်ပါတယ်။ ကျနော်တို့ဆီမှာတော့ အနိုင်ရတဲ့ ပါတီပဲဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ပါတီရယ်၊ လွှတ်တော်ရယ်၊ အစိုးရအဖွဲ့ရယ်။ ပါတီဆိုတာ ကျနော်တို့ပါတီတင် မဟုတ်ပါဘူး။ ပါတီတွေ အားလုံးပါပဲ။ ပါတီအားလုံးရယ်။ လွှတ်တော်ထဲမှာရှိသော ကိုယ်စားလှယ်များရယ်၊ လွှတ်တော်တွေရယ်၊ နောက်တခါ အစိုးရအဖွဲ့ရယ်က ကိုယ့်ရဲ့ပြည်သူ ကိုယ့်နိုင်ငံကောင်းကျိုးအတွက်ကို အားလုံး ပေါင်းစပ်ညှိနိုင်းပြီးတော့မှ၊ အပြန်အလှန် ထိန်းကျောင်းပြီးတော့မှ ကျနော်တို့ ဆောင်ရွက်ကြတာဖြစ်ပါတယ်။ ဘယ်သူ့ ဘယ်သူမှ သြဇာလွှမ်းမိုးတယ်ဆိုတဲ့ ဥစ္စာမျိုးက ဒါမရှိနိုင်ဘူးလို့ပဲ ကျနော်တို့ယုံပါတယ်။ အဲဒီအတိုင်းပဲ ဆောင်ရွက်နေကြပါတယ်။
မေး ။ ။ ပြည်ခိုင်ဖြိုးပါတီက တပါတီ အာဏာရှင်စနစ်ဖြစ်တဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရှိနေတာကို တွေ့မြင်ရပါတယ်။ ဒါပေမယ့် တခြားနိုင်ငံတွေက ဒီမိုကရေစီပါတီတွေနဲ့ ဆက်ဆံတာကိုတော့ သိပ်မတွေ့ရသေးဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် ပြည်ခိုင်ဖြိုးက ဒီမိုကရေစီလိုလားတဲ့ ပါတီလား ဆိုတာမျိုးမေးရင် ဘယ်လိုသဘောထားရှိလဲဆိုတာ သိပါရစေ။
ဖြေ ။ ။ ကျနော်ထင်ပါတယ်။ ပါတီအားလုံးကတော့ ဒီမိုကရေစီရှိကြတာချည်းပါပဲ။ အနည်းဆုံး ပါတီတွင်း ဒီမိုကရေစီရှိကြတာချည်းပါပဲ။ ဘယ်စနစ်မဆို ဒီမိုကရေစီမရှိဘူးဆိုတဲ့ စနစ်မရှိဘူးလို့လည်း ကျနော်တို့ထင်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီနဲ့လည်း ကျနော်တို့ ဆက်ဆံမှုရှိပါတယ်။ အလားတူပဲ ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံက လက်ရှိအာဏာရ ပါတီဖြစ်တဲ့ DPJ ပါတီနဲ့ရော LDP ပါတီနဲ့ရော ကျနော်တို့ ဆက်စပ်မှုတွေရှိပါတယ်။ ကျန်တဲ့ ပါတီအဖွဲ့အစည်းတွေနဲ့ရော ကျနော်တို့ ဆက်ဆံပါတယ်။ မကြာသေးခင်က အိန္ဒိယနိုင်ငံ အစိုးရကနေပြီးတော့ ကျင်းပတဲ့ အစည်းအဝေးမှာလည်း ပါတီတွေဖိတ်တဲ့ အချိန်မှာ ကျနော်တို့ ပါတီက ကျန်တဲ့ပါတီတွေနဲ့ အလားတူပဲ သွားပြီးတက်တာတွေလည်း ကျနော်တို့ ရှိပါတယ်။ ဒါကြောင့် တပါတီထဲ ဆိုတဲ့ ဥစ္စာမျိုးထက်စာရင်ကို ချမှတ်ထားတဲ့ လမ်းကြောင်းအပေါ်မှာ မူတည်ြ့ပီးတော့မှ ကောင်းတဲ့ ဥစ္စာတွေအားလုံး အတုယူပြီးတော့မှ ဆောင်ရွက်သွားဖို့ အစီအစဉ်ရှိတယ်လို့ပဲ ကျနော်ပြောချင်ပါတယ်ဗျာ။
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ လွှတ်တော်မှာ အခြေခံဥပဒေကို ပြင်မယ်လို့ဆိုတယ်။ ဒါနဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုး ရဲ့ သဘောထားကရော ဘယ်လိုရှိလဲခင်ဗျ။
ဖြေ ။ ။ ကျနော်တို့ကတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်လာတာက ကျနော်တို့ ၂၀၀၃ ခုနှစ်မှာ မပြီးပြတ်သေးတဲ့ အမျိုးသားညီလာခံကို ကျင်းပတဲ့ အချိန်မှာ အဲဒီမှာ ပါတီအသီးသီးက လူတွေလဲပါတယ်။ အလွှာအသီးသီးက လူတွေလည်း ပါတယ်။ လူထု လူတန်းစား ပေါင်းစုံကလည်း ပါတယ်။ တိုင်းရင်းသား ပေါင်းစုံတွေလည်း ပါတယ်။ အဲဒီအထဲမှာ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အချို့လည်း ပါပါတယ်။ အဲဒီမှာ အကြေအလည် ဆွေးနွေးပြီးတော့မှ ဖွ့ဲစည်းပုံ အခြေခံဥပဒေ ဖြစ်လာပါတယ်။ အဲဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ စအသက်ဝင်လာတာကလည်း ၂၀၁၀ လက်ရှိအစိုးရသစ် စတက်တဲ့ အချိန်ကြမှပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကနေပြီးတော့ စအသက်ဝင်ပြီးတော့မှ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ကျင့်သုံးလာတာ ဖြစ်ပါတယ်။ ကာလ ကလည်း တနှစ်ပတ်ဝန်းကျင်ပဲရှိပါသေးတယ်။ တနှစ် ပတ်ဝန်းကျင်ပေါ်မှာ မူတည်ပြီးတော့မှ အကျိုးရှိတယ်။ မရှိဘူးဆိုတဲ့ ဥစ္စာသည် လက်တွေ့လုပ်ဆောင်ပြီးတော့မှ ပြောရမှာဖြစ်ပါတယ်။ များသောအားဖြင့်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေဟာ ပြည်သူ တွေရဲ့ ကိုယ်စားလှယ်တွေ အားလုံးကနေပြီးတော့မှ ဝိုင်းဝန်း ဆွေးနွေးပြီးတော့မှ အတည်ပြုပြီး ဆောင်ရွက်ထားတာ ဖြစ်တဲ့ အတွက် အဲဒီအထဲက တကယ်လို့ မသင့်တော်ဘူး လို့ထင်လို့ရှိရင် ကာလတခုကြလို့ရှိရင် ပြောင်းရင်ပြောင်းမှာပေါ့။ လောလောဆယ်တော့ တနှစ်ပဲ ရှိသေးတယ်ဆိုတော့ ပြောင်းဖို့ စောသေးတယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်ဗျာ။
မေး ။ ။ ပြည်ခိုင်ဖြိုးပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကြားထဲမှာ သဘောထားကွဲလွဲမှုတွေရှိတယ်လို့ သတင်းတွေထွက်နေတာတွေရှိတယ်။ ဒါတွေက တကယ်ပဲရှိနေတာလားခင်ဗျ။
ဖြေ ။ ။ မရှိပါဘူးဗျာ။ ကျနော်တို့ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် အားလုံး ၂၄ ယောက်ရှိပါတယ်။ အလားတူ ပြည်နယ်တိုင်းတွေမှာလည်း သက်ဆိုင်ရာ ဗဟိုကော်မတီဝင်တွေရှိပါတယ်။ အားလုံးက စုစုစည်းစည်းညီညီညွှတ်ညွှတ်နဲ့ပဲ ရှိပါတယ်။ သို့သော်လည်း ပါတီတွင်း ဒီမိုကရေစီအရ ကိုယ့်ရဲ့အယူအဆကို ကိုယ်တင်ပြတဲ့ ဥစ္စာတွေလည်း ရှိတာပေါ့ဗျာ။ အကုန်လုံးကနေပြီးတော့ တပြိုင်တည်း တသဘောတည်းဆိုတဲ့ ဥစ္စာထက်စာရင် ဆွေးနွေးညှိနိုင်းတာတွေလည်း ရှိပါတယ်။ ဒါကြောင့် ဒီအပေါ်မှာ မူတည်ပြီးတော့မှ သဘောထားမညီဘူးလို့ ပြောနေကြသလားလို့ ဒီလိုပဲ ယူဆပါတယ်။ အားလုံးကတော့ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့ပဲ ကျနော်တို့ လုပ်ဆောင်နေကြပါတယ်ဗျာ။
မေး ။ ။ ပြည်ခိုင်ဖြိုးပါတီရဲ့ ဘဏ္ဍာငွေ သုံးစွဲနေမှုတွေကို အစိုးရနဲ့ ပတ်သက်နေတယ်လို့ ပြောဆိုနေတာတွေကိုရော ဘယ်လိုပြောမလဲ ခင်ဗျ။
ဖြေ ။ ။ အဲဒါနဲ့ ပတ်သက်လို့ဗျာ ကျနော်တို့က အသင်းကနေပြီးတော့မှ ပါတီကို ပြောင်းလဲ ဖွဲ့စည်းတာဖြစ်ပါတယ်။ အဲဒီတုန်းကလည်း နိုင်ငံတော်က ချမှတ်ထားတဲ့ ရှေ့ဆက်သွားမယ့် လမ်းစဉ် ၇ ရပ်က အောင်မြင်မယ်လို့ ကျနော်တို့ ယုံပြီးတော့မှ ကျနော်တို့ ကိုယ်တိုင်လည်း ပါဝင်ဆောင်ရွက်တာ ဖြစ်ပါတယ်။ အဲဒီမူဝါဒ လမ်းစဉ် ၇ ရပ်ရဲ့ ၂၀၁၀ ခုနှစ်မှာတော့ အထွေထွေ ရွေးကောက်ပွဲ လုပ်ခဲ့တာပေါ့။ တချိန်ချိန်ကျလို့ရှိရင်တော့ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပလိမ့်မယ်။ အဲဒီအချိန်ကျရင်တော့ ကျနော်တို့ အသင်းသည် ပါတီ ဖြစ်လာလိမ့်မယ်။ ဒါကြောင့် အသင်းဘဝကတည်းက အစိုးရနဲ့ ပတ်သက်တဲ့ ငွေကြေးကိစ္စမှန်သမျှ ကျနော်တို့ ဘာမှမယူပါဘူး။ အဲဒါတွေ အားလုံးကလည်း နှစ်စဉ် စာရင်းစစ်တွေနဲ့ အစစ်ဆေးခံပြီးတော့မှ ကျနော်တို့ ဆောင်ရွက်တာဖြစ်ပါတယ်။ အခုလည်းပဲ အစိုးရဘက်ဂျက်နဲ့ ပတ်သက်လို့ ငွေကြေးနဲ့ ပတ်သက်လို့ တစုံတရာ ကျနော်တို့ ယူတာမရှိပါဘူး။ တကယ်လို့ ပါတီကနေပြီး တော့မှ အစိုးရရဲ့ငွေကြေးကို ရယူသုံးစွဲတယ်ဆိုရင်လည်းပဲ လွှတ်တော်မှာ ဘက်ဂျက်နဲ့ ပတ်သက်လို့ ဆွေးနွေးတဲ့ အချိန်ကြလို့ရှိရင် ကျန်တဲ့ ပါတီတွေ ဝိုင်းဆွေးနွေးကြမှာပါပဲ။ ဒါကြောင့် လွှတ်တော်မှာ ဆွေးနွေးတဲ့ အထဲမှာ ကျနော်တို့ ပြည်ခိုင်ဖြိုးပါတီက အစိုးရဘက်ဂျက်ရဲ့ငွေကြေးကို ယူသုံးစွဲတယ် ဆိုတဲ့ ဥစ္စာနဲ့ပတ်သက်လို့ တစုံတယာက်မှ ဆွေးနွေးတာလည်း မရှိဘူး။ ကျနော်တို့ဘက်ကလည်း လုံးဝ ယူသုံးထားတာ မရှိဘူးလို့ပဲ ကျနော် ဒါလေးပြောချင်ပါတယ်။
မေး ။ ။ ပြည်ခိုင်ဖြိုးပါတီဆိုရင် စွမ်းအားရှင်အဖွဲ့နဲ့ မကွဲတာတွေ ရှိပါတယ်။ ဘယ်လိုပတ်သက်မှုတွေရှိလဲခင်ဗျ။
ဖြေ ။ ။ ဒီဥစ္စာနဲ့ ပတ်သက်လို့ စွမ်းအားရှင်ထဲမှာ ပြည်ခိုင်ဖြိုးတွေ ပါသလားဆိုရင် ပြည်ခိုင်ဖြိုးနဲ့ ဖွဲ့စည်းထားတာ မဟုတ်ဘူးဆိုတာ ကျိန်းသေပါတယ်။ ပြည်ခိုင်ဖြိုးက ဖွဲ့စည်းတာလည်း မဟုတ်ပါဘူး။ ဒါကြောင့် စွမ်းအားရှင်ဆိုတဲ့ နာမည်မျိုးက အလွယ်တကူ တပ်တာဖြစ်ပါတယ်။ ဒါကြောင့် ပြည်ခိုင်ဖြိုးနဲ့ စွမ်းအားရှင်ဟာ ကွဲကွဲပြားပြားဖြစ်ပါတယ်။ တချို့ကိစ္စတွေမှာတော့ တကယ်လို့ လိုအပ်လို့ရှိရင် ပြည်သူ တယောက်အနေနဲ့ ဝိုင်းကူကြတဲ့အချိန်မှာ ပြည်ခိုင်ဖြိုးတွေ ပါကောင်းပါနိုင်ပါတယ်။ သို့သော်လည်းပဲ စွမ်းအားရှင်နဲ့ ပြည်ခိုင်ဖြိုးသည် သီးခြားဖြစ်ပါလိမ့်မယ်။ ကျနော်သိသလောက်ကတော့ စွမ်းအားရှင်လို့ ဖွဲ့ထားတဲ့ အဖွဲ့အစည်းတွေဟာ ကျနော်တို့နဲ့ လုံးဝ ပတ်သက်တာတွေ မရှိပါဘူး။
မေး ။ ။ ပြည်ခိုင်ဖြိုးပါတီရဲ့ ကြွေးကြော်သံက ဘာဖြစ်မလဲဗျ။
ဖြေ ။ ။ ကျနော်တို့ရဲ့ ကြွေးကြော်သံကတော့။ အရင်တုန်းကတော့ ပါတီသည် ပြည်သူ့အတွက်၊ ပြည်သူ့အတွက် ပြည်ခိုင်ဖြိုးဆိုပြီး ကြွေးကြော်ခဲ့ပါတယ်။ အခုကတော့ ပြည်သူ့အသံ၊ ပါတီရဲ့အသံ။ ပြည်သူ့ရဲ့ ဆန္ဒ၊ ပါတီရဲ့ ဆန္ဒ။ ပြည်သူ့ လိုအပ်ချက် ပါတီကနေ ဖော်ဆောင်ရွက်ဆိုတဲ့ ကြွေးကြော်သံဖြစ်ပါတယ်။