ဧပြီလ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲသည် စစ်အာဏာရှင် စနစ်မှ စစ်မှန်သော ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာတွင် အခရာ ကျသောနေ့ ဖြစ်သည်။
အဓိကအားဖြင့် ပြိုင်ဘက်ပါတီကြီးနှစ်ခုဖြစ်သော အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) တို့ ယှဉ်ပြိုင်ကြရာ၌ အောက်ခြေတွင် မတရားမှုများ၊ မဲသမာမှုများ ပေါ်ပေါက်ခဲ့သည့်တိုင် နေပြည်တော် အစိုးရအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲကို ထိန်းထိန်းသိမ်းသိမ်းနှင့် လွတ်လပ်ပြီး တရားမျှတမှု အရှိဆုံးဖြစ်အောင် ဆောက်ရွက်ပေးခြင်းဖြစ်သည့်အပြင် ၁၉၉၀ ရွေးကောက်ပွဲမှစ၍ မပြောင်းမလဲ ရပ်တည်လာခဲ့သော လူထု၏ ဒီမိုကရေစီမျှော်လင့်ချက်ကို ဖော်ထုတ်ခွင့် ရခဲ့သောကြောင့် ကမ္ပည်းတင်ရမည့် နေ့တနေ့ဖြစ်သည်။
ယခုဆိုလျှင် အနှစ် ၂၀ ကျော်ကြာ နိုင်ငံရေးလုပ်ပိုင်ခွင့်များ ပိတ်ပင်တားမြစ်ခံနေရသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လွှတ်တော်ထဲသို့ ရောက်လာတော့မည် ဖြစ်သည်။
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲအနိုင်ရသည့် အထိမ်းအမှတ်အဖြစ် ယနေ့နံနက်တွင် ပြောကြားသော မိန့်ခွန်း၌ တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး တို့ကို ပြောဆိုသွားရာ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ထဲတွင် အကောင်အထည်ဖော်ရန် ကြိုးပမ်းမည်ဟု ဆိုသည်။
NLD ပါတီကိုယ်စားလှယ်များသည် လွှတ်တော်ထဲတွင် လူနည်းစု ဖြစ်မည်ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်အဝါနှင့် သြဇာကြောင့် စစ်တပ်နှင့် ကြံ့ခိုင်ရေးပါတီဘက်မှ ကိုယ်စားလှယ်များကို ပြုပြင်ပြောင်းလဲမှု အရှိန်မြှင့်တင်ရေး တွန်းအားပေးနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။
ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် အပစ်အခတ်ရပ်စဲပြီး ထာဝရငြိမ်းချမ်းမှု ရရှိရေးနှင့် နိုင်ငံရေး စကားဝိုင်းသို့ ရောက်ရှိလာရေးတို့ကို လွှတ်တော်၌ အလေးပေးဆောင်ရွက်နိုင်မည်ဟု ဧရာဝတီအနေဖြင့် မျှော်လင့်ပါသည်။
ထို့အပြင် အိမ်နီးချင်းနိုင်ငံများသို့ ရောက်ရှိနေသည့် မြန်မာဒုက္ခသည်များနှင့် အဝေးရောက် မြန်မာနိုင်ငံသားများ လုံခြုံစိတ်ချစွာဖြင့် အိမ်ပြန်နိုင်ရေးနှင့် ဘဝသစ် ပြန်လည်ထူထောင်နိုင်ရေး အတွက်လည်း ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါသည်။
NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပူးပေါင်း ပါဝင်လာသည့် လတ်တလော နိုင်ငံရေး အခင်းအကျင်းအရ နိုင်ငံတကာ ဆက်ဆံရေးနှင့် စီးပွားရေး အခွင့်အလမ်းတို့ ပိုမိုရရှိလာမည်ဟု ယုံကြည်ရပြီး အကူအညီများနှင့်အတူ သမ္မတ ဦးသိန်းစိန် ပြောဆိုခဲ့သည့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး အကောင်အထည်ပေါ်လာနိုင်မည်ဖြစ်သည်။
ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်အပေါ် ပြည်တွင်း ပြည်ပမှ မြန်မာ့နိုင်ငံရေးစိတ်ဝင်စားသူများက အပြုသဘောမြင်ပြီး ကြိုဆိုကြပါသည်။
ကြားဖြတ်ရွေးကောက်ပွဲသည် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီ ဂါဝါ ပြောဆိုသကဲ့သို့ပင် စစ်ဗိုလ်ချုပ်ဟောင်းများ အများစု ပါဝင်နေသည့် နေပြည်တော် အစိုးရအနေဖြင့် နောက်ပြန်မလှည့်ဘဲ ဒီမိုကရေစီတည်ဆောက်ရေး ရှေ့ခြေတလှမ်း တိုးခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။
အချုပ်ဆိုရလျှင် ယခု ကြားဖြတ်ရွေးကောက်ပွဲရလဒ်က ဒီမိုကရေစီလိုလားနေသော မဲဆန္ဒရှင်များ၏ ဆန္ဒကို ထုတ်ဖော်ပြသလိုက်သော ဒီမိုကရေစီရေး အောင်ပွဲဖြစ်သကဲ့သို့ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲလိုများ၏ အောင်ပွဲဆိုလျင်လည်း မမှားပေ။ နိုင်ငံရေးစာမျက်နှာသစ် အမှန်တကယ် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း သုံးသပ်တင်ပြအပ်ပေသည်။