ဒေါက်တာ အန်ဒရီရာ ဗယ်လန်တင် သည် Tourism Transparency ဟုခေါ်သော လွတ်လပ်ပွင့်လင်း၍ တာဝန်သိ ခရီးသွားလုပ် ငန်းများဖြစ်ရေးအတွက် စည်းရုံးလှုံ့ဆော်သည့်အဖွဲ့အစည်းကို စတင်တည်ထောင်သူဖြစ်သည်။ အန်ဒရီရာသည် မကြာသေးမီက နေပြည်တော်တွင် ကျင်းပခဲ့သော တာဝန်သိ ခရီးသွားလုပ်ငန်းညီလာခံ Responsible Tourism Conference ကို တက်ရောက်ပြီး စာတမ်းဖတ်ခဲ့သည်။ တာဝန်သိခရီးသွားလုပ်ငန်းနှင့် မြန်မာပြည်၏ အလားအလာအကြောင်း ဧရာဝတီ အယ်ဒီတာ ရဲနည်က ဆက် သွယ်မေးမြန်းထားသည်။
မေး။ ။ ဖေဖော်ဝါရီလတုန်းက ခင်ဗျား နေပြည်တော်မှာ ကျင်းပခဲ့တဲ့ “တာဝန်သိ ခရီးသွားလုပ်ငန်း ညီလာခံ” ကို စာတမ်းဖတ်ကြား ဖို့ သွားခဲ့တယ်။ တာဝန်သိ ခရီးသွားလုပ်ငန်း ဆိုတာ ဘာလဲဗျ။ ပုံမှန် ခရီးသွားလုပ်ငန်းနဲ့ တာဝန်သိ ခရီးသွားလုပ်ငန်းအကြား ဘာ ကွာသလဲ။ တာဝန်သိ ခရီးသွားလုပ်ငန်းက မြန်မာနိုင်ငံကို ဘယ်လိုအကျိုးကျေးဇူးတွေ သယ်ဆောင်လာမှာလဲ။
ဖြေ။ ။ အစုလိုက်အပြုံလိုက် ရောက်လာကြတဲ့ ခရီးသွားလုပ်ငန်းကြောင့်ဖြစ်လာတဲ့ ပြဿနာတွေအတွက် တာဝန်သိ ခရီးသွားလုပ်ငန်းက ကူညီဖြေရှင်းပေးနိုင်ပါတယ်။ ဆိုလိုတာက နယ်ခံလူထုရဲ့ လူမှုရေး၊ စီးပွားရေးအပေါ် ခရီးသွားတွေရဲ့ လုပ်ရပ်က တာဝန်ရှိရှိနဲ့ အကျိုးသက်ရောက်စေတာ။ နယ်ခံလူထုရဲ့ လူမှုရေး၊ ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင်အပေါ် ဘယ်လိုအကျိုးရှိစေ မလဲဆိုပြီး တာဝန်ယူပေးတာကို တာဝန်သိ ခရီးသွားလုပ်ငန်းလို့ ခေါ်တာပါ။
ဒီလုပ်ငန်းက ဆိုးကျိုးတွေကို နည်းနိုင်သမျှ နည်းအောင် လုပ်ပေးတယ်။ ဒီလုပ်ငန်းက လုပ်ငန်းခွင်အခြေအနေတွေ တိုးတက် လာအောင်၊ သဘာဝနှင့် ယဉ်ကျေးမှုအမွေအနှစ်တွေ ထိန်းသိမ်းဖို့ ပံ့ပိုးပေးရာမှာ ဒေသခံပြည်သူလူထုရဲ့ အဆုံးအဖြတ်ကို ရယူ တယ်။ တာဝန်သိ ခရီးသွားလုပ်ငန်းဆိုတာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို အသိအမှတ်ပြုတယ်။ အိမ်ရှင်နဲ့ ဧည့်သည်အကြား လေးစားမှုကို ဖေါ်ထုတ်ပေးတယ်။ ဒေသခံပြည်သူတွေနဲ့ အဓိပ္ဗာယ်ပြည့်ဝတဲ့ ဆက်ဆံရေးကတဆင့် ခရီးသွားတွေအတွက် ပိုမိုပျော်ရွှင်ဖွယ် အတွေ့အကြုံတွေ ရရှိစေမှာဖြစ်ပါတယ်။ ဒီလုပ်ငန်းကနေ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးအပေါ် လက်မခံနိုင်လောက်တဲ့ ထိခိုက်မှုတွေ မဖြစ်စေဘဲ ခရီးသွားတွေအတွက်၊ အိမ်ရှင်ဒေသခံလူထုအတွက် နှင့် ခရီးသွားလုပ်ငန်းအတွက်ပါ အကျိုးကျေးဇူးများစွာ ဆောင်ကျဉ်းပေးနိုင်ပါတယ်။
တာဝန်သိ ခရီးသွားလုပ်ငန်းက ကမ္ဘာ့တဝန်း မြင့်တက်လာနေပါပြီ။ ဒီလုပ်ငန်း စံသတ်မှတ်ချက်တွေကို လိုက်နာတဲ့ စီးပွားရေး လုပ်ငန်းတွေကိုကြည့်ရင်လည်း အကျိုးအမြတ် ပိုရလာတာတွေ့ရပါတယ်။ ကျမတဦးတည်းရဲ့အမြင်အရ ဒီဟာ Trend ခေတ် စားလာရုံ သက်သက်ထက် ပိုတယ်။ တာဝန်သိ ခရီးသွားလုပ်ငန်းဆိုတာ စည်းမဲ့ကမ်းမဲ့ ဝရုန်းသုန်းကား ခရီးသွားလုပ်ငန်းကို ကာကွယ်ဟန့်တားနိုင်တဲ့ စားသုံးသူအခြေပြု Consumer-based စီးပွားရေးလုပ်ငန်းတခုပါ။
တာဝန်သိ ခရီးသွားလုပ်ငန်းဆိုပေမယ့် ပြဿနာတွေ ရှိပါတယ်။ သိပ်မကြာသေးတဲ့အချိန်အထိ ခရီးသွားလုပ်ငန်းဟာ Ethic ကျင့် ဝတ်သိက္ခာပိုင်းအရ အလွန်အားနည်းတဲ့ လုပ်ငန်းတခုပါ။ ဒီကနေ့မှာတော့ ကာဗွန်ဒိုင်အောက်ဆိုဒ် လျှော့ချရေး၊ ရေရှည်တည်တန့်ခိုင်မြဲရေး၊ သဘာဝထွက်၊ ဂေဟစနစ်တည်မြဲရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဒါမှမဟုတ် တာဝန်ရှိရေး စသဖြင့် ကိစ္စတွေကို ပိုပိုပြောလာတာ တွေ့ရပါတယ်။ ဒါပေမယ့် သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး အယောင်ပြ လုပ်ပေးတာတွေ ရှိနေပါတယ်။ ကုမ္ဗဏီတခု သို့မဟုတ် အဖွဲ့အစည်းတခုက သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို လျှော့ချနိုင်ဖို့အတွက် တကယ် မလုပ်ဘဲ အချိန်အား၊ ငွေအား ပိုသုံးပြနေတဲ့ ပုံစံမျိုးကို Green-washing ဟန်ပြ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လို့ ခေါ်ပါတယ်။ ဒီကိစ္စက ရေရှည်တည်မြဲရေးအတွက် သိပ်ကြီးမားတဲ့ ပြဿနာဖြစ်ပါတယ်။
နေပြည်တော်မှာ ကျင်းပခဲ့တဲ့ တာဝန်သိ ခရီးသွားလုပ်ငန်းညီလာခံမှာ ကျမ တင်သွင်းခဲ့တဲ့ ဆင်းရဲသားအရေး ရှေးရှုသော ခရီးသွားလုပ်ငန်း Pro-poor tourism စာတမ်းမှာ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ရေရှည်ခံ အောင်မြင်ရေးဟာ လူထုအခြေပြုအဖွဲ့အစည်း အထူးသဖြင့် ဆင်းရဲသူတွေနဲ့ အဆင်းရဲဆုံးလူတန်းစားတွေ အကျိုး ရှေးရှုလုပ်ဆောင်နေတဲ့ အဖွဲ့တွေရဲ့ တိုးတက်ဖွံ့ဖြိုးနိုင်စွမ်း ဘယ်လောက်ရှိသလဲ ဆိုတဲ့ အချက်ပေါ် မူတည်နေတယ်လို့ အလေးအနက်ထား ပြောခဲ့ပါတယ်။ အစိုးရအနေနဲ့လည်း ဆင်းရဲသား အကျိုးရှေးရှုတဲ့ ခရီးသွားလုပ်ငန်းကို အားကောင်းစေဖို့ လုပ်ဆောင်သင့်တဲ့အချက်တွေကို ကျမအကြံပြုခဲ့ပါတယ်။ စီးပွားရေး လုပ် ငန်းတွေအနေနဲ့လည်း သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆင်းရဲသားအကျိုး ရှေးရှုလာရအောင်ပြင်ဆင်ဖို့၊ ဆင်းရဲသားတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ လက်တွဲဆောင်ရွက်ဖို့ ကျမ ပြောဆိုခဲ့ပါတယ်။
ခရီးသွားလုပ်ငန်းကနေ အကျိုးအမြတ်ရဖို့ ဒေသခံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု ပုံစံများစွာရှိပါတယ်။ မျှတတဲ့ မြေယာနဲ့အရင်းအမြစ် ပိုင်ဆိုင်ခွင့် ရှိဖို့ ကျမတို့ လိုအပ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေကနေ အသေးစားလုပ်ငန်းတွေကို အားကောင်းစေဖို့ အသေးစားငွေကြေးထောက်ပံ့မှုတွေ လုပ်ပေးနိုင်သလို ကျေးလက်သမဝါယမ အဖွဲ့အစည်းတွေ ရှိလာအောင်လည်း ကူညီပေးနိုင်ပါတယ်။ အဲဒီလို မျိုး အားထုတ်မှုတွေကနေ ကျေးလက်ဒေသ ထုတ်ကုန်လုပ်ငန်း နဲ့ စက်ရုံတွေ အကြား ပေါင်းကူးပေးနိုင်ပါတယ်။ အစိုးရအနေနဲ့ လည်း စီးပွားရေးကုမ္ဗဏီတွေကို ဆင်းရဲသားအကျိုးရှေးရှုတဲ့နည်းလမ်းတွေမှာ ရင်းနှီးမြုပ်နှံဖို့ မက်လုံးတွေလည်း ဖန်တီးပေးနိုင်ပါတယ်။
မေး။ ။ မကြာသေးခင်က DVB (ဒီမိုကရက်တစ် မြန်မာ့အသံ) မှာ ခင်ဗျားရေးခဲ့တာက ၁၉၉၀ ခရီးသွားလုပ်ငန်း ဥပဒေအောက်မှာ မြန်မာ့ခရီးသွားလုပ်ငန်းကနေ အကျိုးဖြစ်ထွန်းနေသူ အများစုဟာ အစိုးရနဲ့ နီးစပ်သူတွေ၊ ချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေသာ ဖြစ်တယ်။ ဒေသခံပြည်သူတွေမဟုတ်ဘူးလို့ ဆိုတော့ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းမူဝါဒဟာ မဝေးတော့တဲ့ကာလမှာ ဆင်းရဲမှုပပျောက်ရေး ရည်မှန်းချက်ကို ထည့်သွင်းချိတ်ဆက်လာမယ်လို့ ခင်ဗျားထင်ပါသလား။
ဖြေ။ ။ ကျမ သတိထားမိတဲ့အချက်ကတော့ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန (MoHT) နဲ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့(MTB) နှစ်ခုစလုံးက မထင်မှတ်လောက်အောင် ကြိုးစား ဆောင်ရွက်နေတာ တွေ့ရတယ်။ ကွန်ဖရင့် ပထမရက်မှာ ဝန်ကြီးဌာန ၂၂ ခုမက အလုပ်ရုံဆွေးနွေးပွဲတွေ တက်ရောက်ခဲ့ကြတယ်။ ပထမဦးဆုံးအကြိမ်အဖြစ် ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာန တခုနဲ့ တခုအကြား အပြန်အလှန် ပြောဆိုခဲ့ကြတယ်။ ဒုတိယနေ့မှာတော့ ခရီးသွားလုပ်ငန်း စီးပွားရေးအစုအဖွဲ့တွေက တာဝန်သိ ခရီးသွားလုပ်ငန်းကို ဘယ်လိုမျိုးထည့်သွင်းမလဲဆိုတာ ဆွေးနွေးခဲ့ကြတယ်။ တတိယနေ့ကြတော့ နိုင်ငံတကာက လာရောက်ဟောပြောသူတွေက ခရီးသွားလုပ်ငန်းမှာ တာဝန်ရှိမှုကို ဘယ်လို ဖော်ဆောင်ရမလဲဆိုတာနဲ့ပတ်သက်ပြီး ပြောဆိုခဲ့ကြ တယ်။
ဒီကွန်ဖရင့်မှာ တာဝန်သိ ခရီးသွားလုပ်ငန်းကို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုမှာ ဘယ်လို အဓိကကျကျ ထည့်သွင်းမလဲဆိုတာ ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းကို တာဝန်ရှိရှိ အကောင်အထည်ဖော်ရာမှာ အစိုးရတခုလုံး ညှိညှိနှိုင်းနှိုင်းလုပ်ဖို့ လို အပ်တယ်လို့ ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနက အသိအမှတ်ပြုပါတယ်။ အများပြည်သူနဲ့ ပုဂ္ဂလိက ကဏ္ဍတွေက ထိရောက် တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရလာဖို့ မူဝါဒအပြောင်းအလဲတွေလုပ်ရမယ်ဆိုတာကိုလည်း သူတို့ သဘောပေါက်ပါတယ်။ ဒု ဝန်ကြီး ဦးဌေးအောင်ရဲ့ ကွန်ဖရင့်နိဂုံးချုပ်မိန့်ခွန်းမှာ ကောင်းမွန်သော အုပ်ချုပ်မှုရဲ့အရေးပါပုံကို ထည့်သွင်းပြောခဲ့ပါတယ်။ “ခင်ဗျားတို့ မပြောင်းလဲနိုင်ဘူးဆိုရင် မအောင်မြင်နိုင်ဘူး”လို့ ဝန်ကြီးကပြောခဲ့ပြီး အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍတွေကိုလည်း တာဝန်သိ ခရီးသွားလုပ် ငန်း ရဲ့ အခြေခံအယူအဆတွေကို လက်ခံဆောင်ရွက်ဖို့ပါ တိုက်တွန်းခဲ့ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းမူဝါဒအသစ်မှာ ဆင်းရဲမွဲတေမှု ပပျောက်ရေး ရည်မှန်းချက်တွေကို ထည့်သွင်းမယ်လို့ ကျမ အများကြီး မျှော်လင့်ထားပါတယ်။ သမ္မတဦးသိန်းစိန်ကလည်း သူရဲ့ သမ္မတရာထူးလက်ခံတဲ့ မိန့်ခွန်းမှာ ဆင်းရဲမွဲတေမှုပပျောက် ရေးကိစ္စဟာ သူ့အစိုးရရဲ့ အဓိကဦးစားပေးပါလို့ တရားဝင်ပြောဆိုထားပါတယ်။
မေး။ ။ (Community-based Ecotourism) ရပ်ရွာအခြေပြု သဘာဝပတ်ဝန်းကျင် ခရီးသွားလုပ်ငန်းတို့၊ ဒေသခံလူထုနဲ့ မိသားစုလိုအတူနေတဲ့ Homestay ခရီးသွားလုပ်ငန်းမျိုးတွေက ထိုင်းနိုင်ငံ၊ ဗီယက်နိုမ် နိုင်ငံ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံ စတဲ့ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေမှာ အခုဆို တော်တော်ကို ရေပန်းစားနေကြပါတယ်။ မြန်မာနိုင်ငံကရော သူ့ အိမ်နီးချင်းတိုင်းပြည်တွေလိုမျိုး အောင်မြင်မှုတွေရနေတဲ့ ဆွဲဆောင်ပုံနည်းလမ်းတွေအတိုင်း လိုက်လုပ်သင့်တယ်လို့ ခင်ဗျားထင်ပါသလား။
ဖြေ။ ။ မြန်မာနိုင်ငံကတော့ တခြားနိုင်ငံတွေနောက် မလိုက်ဘဲ သူ့လမ်းသူရွေးချယ်နိုင်မယ်လို့ ကျမ မျှော်လင့်ပါတယ်။ ထိုင်းနိုင်ငံ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား အပြင် တခြားနိုင်ငံတွေက ခရီးသွားလုပ်ငန်းလုပ်ဆောင်ရင်း ကြုံတွေ့ခဲ့တဲ့ အမှားတွေကို လေ့လာသင့်ပါတယ်။ မြန်မာနိုင်ငံလည်း မလွဲမသွေ အမှားတွေ ကြုံလာဦးမှာပါ။ အဲဒီအမှားတွေကနေ သင်ခန်းစာယူကြရဦးမယ်လို့ ထင်ပါတယ်။ ဆိုတော့ သဘောတရားတွေကို လက်တွေ့အလုပ်ထဲ ဘယ်လိုမျိုး ပြောင်းလဲယူမလဲ။
အစိုးရအနေနဲ့ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းပုံစံတွေထဲကနေ မြန်မာနိုင်ငံနဲ့ အကိုက်ညီဆုံး ပုံစံရှိမရှိ လေ့လာနိုင်ပါတယ်။ ဒေသ တွင်းမှာလည်း ဥပမာကောင်းတွေ ရှိပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံနဲ့ လာအိုနိုင်ငံမှာပါ။ ချင်းမိုင်အခြေစိုက် ထိုင်းနိုင်ငံ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း အင်စတီကျု Thailand Community Based Tourism Institute (CBT-I) ဆို လုပ်ငန်းလုပ်သက် နှစ်ပေါင်း ၂၀ကျော်ရှိနေပြီ။ မနှစ်တုန်းကပဲ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနအပြင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတွေပါတဲ့ အလုပ်ရုံဆွေးနွေးပွဲများစွာကို အဲဒီအင်စတီကျုက ကမကထ လုပ်ပေးခဲ့တယ်။ အဓိကဆွေးနွေးခဲ့တဲ့အကြောင်းကတော့ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းကနေ လူမှုအသိုင်းအဝန်းတွေအတွက် ဘယ်လိုမျိုး အကျိုးကျေးဇူးတွေရမလဲ ဆိုတာပါ။ ဆိုတော့ ခရီးသွားလာရေး ဝန်ကြီးဌာနအနေနဲ့ လုပ်ငန်း အကောင်အထည်ဖော်မယ့် နည်းလမ်းတွေနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင် သိနေပြီဆိုတာကတော့ ရှင့်အမြင်ပါပဲ။
မေး။ ။ ခင်ဗျားဆောင်းပါးမှာ ရေးထားသလိုမျိုး မြန်မာနိုင်ငံမှာ လိင်ခရီးသွားလုပ်ငန်း Sex Tourism ဟာ အခုဆိုရင် ကျယ်ပြန့်နေပြီဆိုတော့ ဘယ်လောက်စိုးရိမ်နေရပြီလဲ။ မြန်မာနိုင်ငံအနေနဲ့ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတွေဆီကနေ ဘယ်လိုသင်ခန်းစာတွေ လေ့လာနိုင်သလဲ။
ဖြေ။ ။ ရှင် ဒီမေးခွန်းမေးတဲ့တွက် ကျမ ဝမ်းသာတယ်။ လိင်ခရီးသွားလုပ်ငန်း ပျံ့နှံ့နေတာဟာာ အနာဂတ်အတွက် ကျမရဲ့အကြီး မားဆုံး စိုးရိမ်ချက်တခုပါ။ လိင်ခရီးသွားလုပ်ငန်းဆိုတာ ဒေါ်လာ ဘီလီယံ ထောင်ပေါင်း များစွာ အကျိုးအမြတ်ရှိနေတဲ့ လုပ်ငန်း တခုပါ။ ဒီလုပ်ငန်းမှာ အရွယ်ရောက်သူတွေချည်း ပါတာမဟုတ်ပါဘူး။ ကျမစိုးရိမ်တာက ကလေးသူငယ် လိင်ခရီးသွားလုပ်ငန်းနဲ့ နာဂစ်မုန်တိုင်းကြောင့် မိဘမဲ့ဖြစ်ခဲ့သူတွေ အတွက်ပါ။ ဆင်းရဲမွဲတေလွန်းတဲ့ မိန်းကလေးငယ်တွေနဲ့ ယောကျာ်လေးတွေဟာ ငွေကြေးနဲ့ ဖြားယောင်းတဲ့ ဒဏ်ကို မခံနိုင်ကြမှာကို ကျမစိုးရိမ်တယ်။
ဆိုတော့ ယူရမယ့် သင်ခန်းစာက အရှင်းကြီးပဲ။ တိုင်းပြည်ထဲမှာ ဘုန်းကြီးဦးရေထက် လိင်လုပ်ငန်းလုပ်ကိုင်သူ ပိုလိုချင်တယ်ဆိုရင် ထိုင်း ခရီးသွားလုပ်ငန်း ပုံစံကိုလိုက်။ ကမ္ဘောဒီးယားကလေးငယ် သုံးသောင်းလောက် အမြတ်ထုတ်ခံခဲ့ရတဲ့ ကလေးသူငယ် လိင် ခရီးသွား လုပ်ငန်းပုံစံမျိုးတော့ မြန်မာနိုင်ငံက လိုချင်မှာမဟုတ်ပါဘူး။ ကမ္ဘောဒီးယားက တချို့ကလေးတွေဆို အသက် ၅ နှစ် အရွယ် ပဲ ရှိသေးတယ်။ အာရှတလွှားမှာ ကလေး ၇ သောင်း ကျော်ထက်မနည်း လိင်ခရီးသွားလုပ်ငန်းမှာ ပါဝင်နေကြောင်း၊ အထူးသဖြင့် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံတို့မှာ ရှိနေတယ်လို့ Terre des Hommes က ၂၀၀၉ ခုနှစ်မှာ ခန့်မှန်းပြော ဆိုတယ်။ ကမ္ဘောဒီးယားမှာဆိုရင် လိင်ခရီးသွားတယောက်က အသက် ၈ နှစ်အရွယ် ကလေးနှစ်ယောက်ကို သုံးရက်ခေါ်မယ် ဆို ရင် ဒေါ်လာ ၃၀ တောင် မပေးရဘူး။
Orchid ဟိုတယ်ဝန်ထမ်းတဦးကို ဂျပန်အမျိုးသားတယောက်က ပါးရိုက်ခဲ့တဲ့ ဖြစ်ရပ်က မြန်မာနိုင်ငံမှာ အရေးပါတဲ့ ဖြစ်ရပ်တခုပါ။ ပါးရိုက်တာက ဗီဒီယိုမှတ်တမ်းထဲ ပါသွားတော့ အကြီးအကျယ်ဝေဖန်ခဲ့ကြ၊ ဒေါသထွက်ခဲ့ကြပါတယ်။ ဒါပေမယ့် အံ့အားသင့်စရာ က လူအနည်းအကျဉ်းလောက်ကပဲ အဲဒီဂျပန်အမျိုးသားဟာ လိင်ခရီးသွားဧည့်သည်ဆိုတဲ့အချက်ကို ထည့်သွင်းစဉ်းစားခဲ့ကြတယ်။ အများစုက အဲဒီပါးရိုက်ခံခဲ့ရတယ်ဆိုတဲ့အချက်အပါ်မှာပဲ ဒေါသ ထွက်ခဲ့ကြတယ်။ အဲဒီထက်မက ပိုကျယ်ပြန့်တဲ့ လိင်ခရီးသွားလုပ်ငန်းရှိနေတယ်ဆိုတဲ့ အချက်ကိုတော့ ပြောဖို့ မေ့နေကြဟန်တူတယ်။
လိင်နဲ့ပတ်သက်တဲ့ ကိစ္စတွေကို အလွန် သိုသို သိပ်သိပ် ထားလေ့ရှိတဲ့ ရှေးရိုးဆန်တဲ့ မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာလည်း အားကောင်း တဲ့ လိင်ခရီးသွားလုပ်ငန်းမျိုး ဖြစ်ထွန်းဖို့ မခက်ခဲဘူးဆိုတဲ့ အချက်က စိတ်မကောင်းဖွယ်ရာ အမှန်တရားပဲ။ လိင်ခရီးသွားလုပ်ငန်း ကနေ နိုင်ငံခြားငွေရနိုင်တယ်၊ ဝင်ငွေရနိုင်တယ်။ အဲဒီအလေ့အထကိုလည်း ဒေသခံလူထုက ဝင်ရောက်ဟန့်တားဖို့ ဒါမှမဟုတ် အရေးတယူ ပြောဆိုဆောင်ရွက်ဖို့ လက်တွန့်နေမယ်ဆိုရင် အမျိုးသမီးနဲ ကလေးတွေဟာ လိင်အမြတ်ထုတ်ခံရခြင်းကနေ ပိုပြီး အကာအကွယ်မဲ့ ဖြစ်သွားတတ်ကြတယ်။
မေး။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့တောင်းဆိုမှုတွေဖြစ်တဲ့ တာဝန်သိ ခရီးသွားလုပ်ငန်းကို ကျင့်သုံးဖို့၊ ခရီးသွားကုမ္ပဏီတွေက စီစဉ်တဲ့ Package Tours နဲ့ ဇိမ်ခံသဘောၤနဲ့ ခရီးသွားလုပ်ငန်းတွေကို သပိတ်မှောက်ဖို့ စတဲ့ တောင်းဆိုမှုတွေအပေါ်မှာ Tourism Transparency အနေနဲ့ အဖွဲ့ချုပ်ရဲ့တောင်းဆိုမှုကို ဘယ်လောက်အထိ ထောက်ခံပေးနိုင်မလဲ၊ သူတို့နဲ့ရော ဘယ်လောက် အထိ ပူးပေါင်းဆောင်ရွက်နိုင်မှာလဲ။
ဖြေ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဘယ်တော့အခါမှ Package Tours တို့၊ ဇိမ်ခံသင်္ဘော သပိတ်မှောက်ဖို့တောင်းဆိုခဲ့တာ မရှိပါဘူး။ ကျမအထင် ရှင်ပြောချင်တာက အဖွဲ့ချုပ်ရဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ ထုတ်ပြန်ကြေညာချက်မထွက်ခင် အင်တာဗျူးတခုမှာ ဦးဝင်းတင်ပြောခဲ့တဲ့ မှတ်ချက်တခုကလို့ ထင်တယ်။ အဲဒီမှတ်ချက်ကိုလည်း မီဒီယာတွေမှာ အခုအထိကို တလွဲဖော်ပြ နေ တုန်းပဲ။ ရှင်သိတဲ့အတိုင်းပဲ မြန်မာနိုင်ငံမှာက စာနဲ့ရေးတာ ပိုတရားဝင်တယ်လို့ မှတ်ယူကြတယ်။ ဆိုတော့ ကျမအထင်တော့ အဖွဲ့ချုပ်က ရေးထားတဲ့ ခရီးသွားလုပ်ငန်းစာတမ်းကို ရည်ညွှန်းတာ ပိုအံဝင်မယ်လို့ မြင်တယ်။ အဲဒီစာတမ်းမှာ သပိတ်မှောက်ဖို့အတွက် တောင်းဆိုထားတာ မပါ ပါဘူး။ ခရီးသွားလုပ်ငန်းရဲ့ သက်ရောက်မှုတွေကို လူထုက ပိုသိလာအောင် အဖွဲ့ချုပ်က လုပ်နေတဲ့အပြင် ခရီးသွားဧည့်သည်တွေ အနေနဲ့ လူထုနဲ့ ထိစပ်တဲ့ အစီအစဉ်တွေရှိတဲ့ စီးပွားရေးလုပ်ငန်းကို အားပေးကြဖို့ပါ အကြံပြုထားပါတယ်။
Tourism Transparency က မည်သည့် အဖွဲ့အစည်းရဲ့ အကျိုးအတွက်ကိုမှ ရှေးရှုလုပ်ဆောင်တဲ့ အဖွဲ့အစည်းမဟုတ်တော့ တခါတလေ ကျမတို့ သိပ်တော့ မလွယ်လှပါဘူး။ သို့သော် ကျမတို့လုပ်ငန်းတွေ ထိထိရောက်ရောက်ဖြစ်ဖို့ ကျမတို့အနေနဲ့က လုံးဝဥဿုံ ဘက်မလိုက်ဘဲ နေရပါမယ်။ အမြင်ပေါင်းစုံကို တင်ပြနိုင်ဖို့အတွက် ခရီးသွားလုပ်ငန်းမှာ ပါဝင်ပတ်သက်သူများစွာနဲ့ ကျမတို့ ချိတ်ဆက်ပါတယ်။ မနှစ်က အဖွဲ့ချုပ် ဌာနချုပ်ရုံးမှာ တာဝန်သိ ခရီးသွားလုပ်ငန်း အလုပ်ရုံဆွေးနွေးပွဲတခု ကျမတို့ ကျင်းပခဲ့တယ်။ အဲဒီနောက်ပိုင်းကစပြီး ကျမတို့ အဖွဲ့ချုပ်နဲ့ ပုံမှန် အဆက်အသွယ်ရှိတယ်။ အခြေခံအားဖြင့် ဘာတွေဖြစ်နေတယ်ဆိုတဲ့အပေါ် ကျမ တို့ အမြင်တွေ သူတို့ကို ပြောပြတယ်။ သူတို့အမြင်တွေလဲ မေးတယ်။ ပြီးတော့ နောက်တဆင့်အတွက် ကျမတို့ သဘောတူကြ တယ်။ တခြားသူတွေနဲ့လည်း ကျမတို့ ဒီလိုပုံစံနဲ့ပဲ ဆက်ဆံတယ်။
မေး။ ။ မြန်မာနိုင်ငံအနေနဲ့ ကမ်းခြေတွေ ကမ်းရိုးတန်းဒေသတွေကို မပျက်စီးစေရဖို့၊ သမိုင်းဝင်နေရာတွေ ထိန်းသိမ်းဖို့၊ ကိုလိုနီ ခေတ် ဗိသုကာလက်ရာတွေ ထိန်းသိမ်းဖို့တွေအတွက် ဘယ်လိုလုပ်ဆောင်သင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး အကြံပြုချင်တဲ့ အသေး စိတ်၊ လက်တွေ့လုပ်ဆောင်သင့်တဲ့ အချက်တွေရှိရင် ပြောပြပေးပါလား။
ဖြေ။ ။ ကမ်းရိုးတန်းဒေသတွေဆိုတာ ကမ္ဘာမြေပေါ်မှာ ပျက်စီးလွယ်တဲ့ ဂေဟစနစ်ရှိတဲ့နေရာ ဖြစ်တဲ့အပြင် တချို့နေရာတွေဆို ဂေဟစနစ် အလွန်ပေါကြွယ်ဝတဲ့ သန္တာကျောက်တန်းတွေ၊ လမုတောတွေ စသဖြင့် ပေါက်ရောက်တဲ့ ဒေသတွေပါ။ မတို့မထိရ သေး တဲ့ ကမ်းခြေတွေဆို ခရီးသွားတွေက အရမ်းစိတ်ဝင်စားပါတယ်။ ဒေသခံပြည်သူတွေအနေနဲ့လည်း စီးပွားရေးတိုးတက်လာမှုနဲ့ အလုပ်အကိုင်တွေ ရလာနိုင်တာကြောင့် ခရီးသွားလုပ်ငန်းကနေ အကျိုးအမြတ်ရပါတယ်။ မြန်မာနိုင်ငံ ကမ်းခြေတွေရဲ့သဘာ၀ ပတ်ဝန်းကျင်နဲ့ ဂေဟစနစ်တွေ မပျက်မစီး ရှိနေမှသာ ခရီးသွားလုပ်ငန်းဟာ အောင်မြင်မှာ ဖြစ်ပါတယ်။ ကျွန်းငယ်လေးတွေမှာ ရှိတဲ့ ဂေဟစနစ်တွေက အထူးသဖြင့် ပိုပျက်စီးလွယ်ပါတယ်။ မျက်တောင်တဆုံးသာကြည့်တဲ့ ခရီးသွားလုပ်ငန်းတွေကြောင့် ပျက်စီး စေနိုင်ပါတယ်။ ခရီးသွားတွေ လာရောက်လည်ပတ်မှု လျော့ကျသွားနိုင်ပါတယ်။ တံငါသည်ကနေ ခရီးသွားလမ်းညွှန်အထိ ခရီးသွားလုပ်ငန်းအပေါ် မှီခိုနေရတဲ့ လူထုအတွက် ဘဝရပ်တည်ရာ ပျောက်ဆုံးသွားနိုင်ပါတယ်။
Tourism Transparency အနေနဲ့ ခရီးသွားလုပ်ငန်းကို ဖော်ဆောင်မယ့် ရေရှည်ခံမူဝါဒတွေ၊ ဥပဒေလုပ်ငန်းဘောင်တွေ ရှိဖို့ အကြံ ပြုပါတယ်။ အောင်မြင်ပြီးသား ရေရှည်တည်တံ့စေတဲ့ အသိပညာတွေကို လက်ခံဆောင်ရွက်ဖို့နဲ့ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူများအတွက် အရည်အသွေး ပိုမြှင့်တင်ပေးဖို့ကိုပါ ကျမတို့ ထောက်ခံအကြံပြုထားပါတယ်။ ဒါမှသာ ဂေဟစနစ်ကို ထိန်းသိမ်းဖို့ ခရီး သွားလုပ်ငန်း ဖွံ့ဖြိုးမှု မူဝါဒတွေထဲ ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ အဲဒီလို မူဝါဒတွေကပဲ လူမှုရေး၊ စီးပွားရေး နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးဖြစ်ထွန်းမှုတွေကို ဆောင်ကျဉ်းပေးနိုင်မှာ ဖြစ်ပါတယ်။
သမိုင်းဝင်နေရာ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုတာနဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိဒ်မြို့ရဲ့ လုပ်ဟန်ကို လေ့လာနိုင်ပါတယ်။ နိုင်ငံတကာ အန်ကော ပူးပေါင်းဆောင်ရွက်ရေးကော်မတီက ခရီးသွားတွေအပေါ် စီမံခန့်ခွဲမှုပုံစံတခုကို ရေးဆွဲခဲ့ပါတယ်။ အဲဒီကော်မတီကို UNESCO က ဥက္ကဌအဖြစ် ဦးစီးပြီး ဘယ်လိုပြင်ဆင်မှုမျိုးတွေကို ခွင့်ပြုသင့်တယ်၊ အလည်အပတ်ခရီးတွေကို ဘယ်လိုမျိုး စီစဉ်ပေးသင့်တယ် စသဖြင့် ဆုံးဖြတ်ပေးပါတယ်။ ဆီယမ်ရိဒ်မြို့ဟာ အရင်တုန်းက အလွန်တိတ်ဆိတ်တဲ့ တံငါရွာလေးတွေ၊ လယ်လုပ်စားတဲ့ ရွာကလေးတွေ ပေါင်းထားတဲ့ မြို့လေးတမြို့ပါ။ အခုဆို ၁၀ နှစ်အတွင်းမှာ အောင်မြင်တဲ့ နိုင်ငံခြား ခရီးသွားမြို့တမြို့အဖြစ် ပြောင်းလဲသွားပါပြီ။