ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ ဒါဟာ ပြည်သူတွေရဲ့ အောင်ပွဲတခုပါပဲလို့ ပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ဒါကို ငြင်းစရာ မရှိပါဘူး။ ဒါပေမယ့် ဒီရွေးကောက်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နိုင်ငံတကာက လေ့လာသူတွေရော မီဒီယာတွေပါ တက်ရောက်ခွင့်ရအောင် ဖွင့်ပေး၊ အတတ်နိုင်ဆုံး သမာသမတ်ကျအောင် ကျင်းပပေးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရကိုလည်း ဒီရွေးကောက်ပွဲ နိုင်တဲ့သူတွေစာရင်းထဲ ပါတယ်လို့ပဲ ကျနော် တွက်ဆမိပါတယ်။
ဘာကြောင့်လဲဆိုတော့ NLD ပါတီဟာ ပါလီမန်ထဲကို အတိုက်အခံ ပါတီတခုအနေနဲ့ ဝင်ခွင့်ရသွားခဲ့ပါပြီ။ ဒါကြောင့် ပါလီမန်ရဲ့ အခင်းအကျင်းဟာ ပြောင်းလဲသွားနိုင်တယ်လို့ မျှော်လင့်မိပါတယ်။ ပြည်သူကို ကိုယ်စားပြုပြီးသွားတဲ့ ကိုယ်စားလှယ်တွေက ပြည်သူတွေရဲ့ အသံတွေကို လွှတ်တော်ထဲမှာ ထင်ဟပ်ဖို့က အရေးကြီးတာကိုး။
“ပြည်သူ့အသံ လွှတ်တော်အသံ” ဆိုတာ လွှတ်တော်ရဲ့ ကြွေးကြော်သံ ဖြစ်တဲ့အတွက်ကြောင့်ပါ။ ဒီစကားကိုလည်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်နဲ့ ပြီးခဲ့တဲ့လက နေပြည်တော်မှာ အင်တာဗျူးလုပ်ခဲ့တုန်းက အကြိမ်ကြိမ်အခါအခါ ပြောခဲ့တာကို ကြားခဲ့ရပါတယ်။ ဒါကြောင့် လက်ညှိုးထောင် ခေါင်းညိတ်လွှွတ်တော် မဖြစ်ဖို့ကတော့ သေချာသလောက်ရှိမယ်လို့ ပြောနိုင်ပါတယ်။ ကဲ … တပွဲတလမ်း အကဲစမ်းရမယ့် အချိန်တော့ နီးလာပြီလို့ပဲ ဆိုလိုက်ချင်ပါတယ်။
NLD ပါတီရဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ပြုခဲ့တဲ့ ကတိကဝတ်တွေကလည်း ရည်မှန်းချက် အတော်ကြီးမားတာကို တွေ့ရပါတယ်။ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ ဒါ့အပြင် အခြေခံဥပဒေ ပြင်ဆင်ရေးလည်း ပါပါတယ်။ ဒါတွေကို NLD ပါတီဘက်က ကတိကဝတ်ပြုတဲ့အတိုင်း မလုပ်နိုင်၊ မဖော်ဆောင်နိုင်ရင် သူ့ရဲ့ ၂၀၁၅ ရည်မှန်းချက်ဟာ မှန်းချက်နဲ့နှမ်းထွက် မကိုက်နိုင်ပါဘူး။
ဒါကြောင့် ဒါတွေကို ပြင်ဆင်ဖို့အတွက် လွှတ်တော်ထဲမှာ အတိုက်အခံပါတီတွေ အားကောင်းဖို့ ကျန်းမာသန်စွမ်းဖို့ လိုပါတယ်။ ဒါကြောင့် လွှတ်တော် ပြန်ပြီးစတဲ့အချိန်မှာ တိုင်းရင်းသား အဖွဲ့တွေ၊ ပါတီငယ်လေးတွေကို ကိုယ်စားပြုတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဟာ NLD ပါတီနဲ့ ပေါင်းစပ်မှုတွေ၊ မဟာမိတ် ပြုမှုတွေ ရှိလာနိုင်တာပဲ ဖြစ်ပါတယ်။ အားနည်းတဲ့ လွှတ်တော်မဟုတ်ဘဲ ပြည်သူ့အသံကို တကယ်ထင်ဟပ်တဲ့ ပြည်သူ့လွှတ်တော်ဖြစ်လာဖို့ လိုပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရကလည်း ပြည်တွင်းမှာရော ပြည်ပမှာပါ သူ့ရဲ့အစိုးရ ဂုဏ်သိက္ခာ တက်ဖို့အတွက် အတိုက်အခံ NLD ရဲ့အားကို ယူရတာကို တွေ့ရပါတယ်။ ဒါဟာလည်း ပြုပြင်ပြောင်းလဲမှုကို လိုလားတယ်ဆိုတဲ့ သမ္မတနဲ့ သူ့ရဲ့အဖွဲ့ရဲ့ သေနင်္ဂမဟာဗျူဟာတခုပဲလို့ သုံးသပ်မိပါတယ်။
ပြုပြင်ပြောင်းလဲမှုဆိုတဲ့ စကားဟာ အရမ်းကို တာသွားပါတယ်။ ဒါကို ဖော်ဆောင်ဖို့အတွက် နိုင်ငံရေး အာသီသ (Political will) ရှိဖို့လိုတဲ့အပြင် သတ္တိနဲ့ (တခါတရံမှာ) အဖော်ကောင်းလည်း လိုပါတယ်။ ဒါ့အပြင် အခြေအနေနဲ့ အချိန်အခါကို တွက်ဆဖို့လည်း လိုပါတယ်။ ဒါကို သမ္မတ ဦးသိန်းစိန်နဲ့ ပြုပြင်ပြောင်းလဲမှုကို လိုလားသူတွေက တွက်ချက်စဉ်းစားနေခဲ့ပုံ ရပါတယ်။
အစိုးရမှာဆိုရင်လည်း အရင် စစ်အစိုးရ လက်ထက်ကတည်းက တာဝန်ထမ်းဆောင်ပြီး အာဏာစည်းစိမ် ယစ်မူးခဲ့သူတွေ နိုင်ငံတော်ဘဏ္ဍာကို ကိုယ့်ရဲ့ဘဏ္ဍာငွေလို သဘောထားပြီး သုံးစွဲခဲ့သူတွေ၊ အဂတိ အကြီးအကျယ် လိုက်စားခဲ့သူတွေ၊ အလွဲသုံးစား လုပ်ခဲ့သူတွေ၊ လူမှန် နေရာမှန် မဟုတ်တဲ့သူတွေ၊ ရှေ့မတိုး နောက်မဆုတ်ချင်သူတွေ၊ ခြံစည်းရိုး ခွထိုင်နေသူတွေ အများအပြား ရှိနေဆဲ ဖြစ်ပါတယ်။
ဒါတွေကို သမ္မတ ဦးသိန်းစိန်က ဘယ်လို ကိုင်တွယ်မလဲဆိုတာကို အားလုံးက စိတ်ဝင်တစားနဲ့ ဆွေးနွေးနေကြတယ် ဆိုတာကို မြန်မာပြည်ကို ပြီးခဲ့တဲ့ မတ်လအတွင်း ကျနော် ဒုတိယအကြိမ် ပြန်ခဲ့တုန်းက မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ကြားခဲ့ ဆွေးနွေးခဲ့ရပါတယ်။ ရှေ့ဆက်သွားဖို့အတွက် အဟန့်အတား ဖြစ်နေသူတွေကို အစိုးရက ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ဖို့ကို ပြည်သူတွေက လိုလားနေပါပြီ။
ဒါကြောင့် သမ္မတရဲ့ ရှိနေပြီးသားနဲ့ တရိပ်ရိပ်တက်လာနေတဲ့ သူ့ရဲ့ပုံရိပ်ဟာ နောက်ကြောင်း ပြန်လှည့်ချင်သူတွေကြောင့် အနုတ်လက္ခဏ ဆောင်လာနိုင်တယ်လို့ပဲ ပြောလိုက်ချင်ပါတယ်။
ဦးသိန်းစိန်ဟာ မြန်မာပြည်မှာ ရာဇဝင်မကောင်းခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီး စောမောင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့လိုမျိုး မဟုတ်ဘူးလို့ ယူဆရပါတယ်။
သူဟာ အေးဆေးတည်ငြိမ်စွာနဲ့ တဖက်သားရဲ့စကားကို နားထောင်တယ်၊ ဆုံးဖြတ်ချက်တခုကို ချဖို့အတွက် ဘက်ပေါင်းစုံက စဉ်းစားပြီးတော့ ဆုံးဖြတ်တယ်လို့ သိရပါတယ်။ ဒါကြောင့် တချို့ သူ့ရဲ့ဆုံးဖြတ်ချက်တွေဟာ အားလုံးအတွက် အံ့အားသင့်စရာတွေ (ဝမ်းမြောက်စရာတွေ) လည်း ပါခဲ့သလို အားမလိုအားမရ ဖြစ်စရာတွေလည်း ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် သူ့နောက်မှာ အစိုးရအဖွဲ့က တတပ်တအားနဲ့ ဘယ်လောက် ရှိနေသလဲ၊ တပ်မတော်ရော ဘယ်လောက် အတိုင်းအတာထိ ပါနေသလဲ။ သူ့ရဲ့ မိခင်ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီကရော သူ့နဲ့ တစည်းတလုံးတည်းပဲ ရှိနေသလား ဆိုတာကတော့ မေးခွန်းထုတ်စရာပါပဲ။ သူ့မှာ စိန်ခေါ်မှုတွေ အများကြီး ရှိနေတာတော့ အမှန်ပါပဲ။
ဒါ့အပြင် လွှတ်တော်ထဲမှာ ဆိုရင်လည်း သြဇာအာဏာ တည်ဆောက်နေသူတွေ၊ ၂၀၁၅ အတွက် ခြေလှမ်းပြင်နေသူတွေကလည်း သမ္မတ ဦးသိန်းစိန်ရဲ့ ဟာကွက်နဲ့ မှားကွက်ကို မျက်လုံးဒေါက်ထောက် ကြည့်နေတာ ဖြစ်ပါတယ်။
ဒီအချိန်မှာ ဒီကြားဖြတ်ရွေးကောက်ပွဲဟာ ဦးသိန်းစိန် ရလိုက်တဲ့ အပေါင်းလက္ခဏာတွေပါပဲ။ (ကြံ့ခိုင်ရေးပါတီက တဝက်နိုင်၊ NLD ပါတီက တဝက်နိုင် ဆိုရင်တောင် ဒီပွဲကို အားပါးတရ လက်ခုပ်တီး ကြိုဆိုမယ့်သူ နည်းမှာ အမှန်ပါပဲ။) အခုဆိုရင် အမေရိကန်က စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုကို လျှော့ပေါ့ဖို့ ဆုံးဖြတ်ခဲ့ပါပြီ။ သူလည်း နောက်ပြန် မဆုတ်တော့ပါဘူး။ ရှေ့ကို တဆင့်ချင်း တိုးနေတာပါ။ ဥရောပသမဂ္ဂက ဒီလထဲ ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ ကျင်းပမယ့် မြန်မာ့အပေါ်ထားတဲ့ မူဝါဒ ပြန်လည်သုံးသပ်တဲ့ ဆွေးနွေးပွဲမှာတော့ မြန်မာနိုင်ငံကို လက်နက်တင်ပို့ ရောင်းချတဲ့ မူဝါဒကလွဲပြီး ကျန်တဲ့ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့များပါတယ်။ ဒါဟာ သတင်းကောင်းလို့ပဲ ဆိုချင်ပါတယ်။
အခု ကမ္ဘောဒီယားနိုင်ငံ ဖနွမ်ပင်မှာကျင်းပတဲ့ အာဆီယံအသင်းကြီးရဲ့ အစည်းအဝေးမှာ မြန်မာဟာ အတော်ကို မျက်နှာရခဲ့တာ တွေ့ရပါတယ်။ ပိတ်ဆို့မှု ရပ်တန့်ဖို့ကို တညီတညွတ်တည်း မြန်မာဘက်ကရပ်ပြီး ပြောခဲ့ပါပြီ။ အရင်ကဆိုရင်တော့ မြန်မာတက်တဲ့ ပွဲတိုင်းဟာ လူကြမ်းမင်းသား လမ်းမတော် ဖိုးတုတ် ဘုရားစောင်းတန်း တက်သလိုမျိုး ဝိုင်းပြီး ဝေဖန်ကဲ့ရဲ့တာတွေပဲ ကြုံခဲ့ရတာ ဖြစ်ပါတယ်။ ဖနွမ်ပင်မှာ မြန်မာက မျက်နှာပန်းလှပါတယ်။ ဦးသိန်းစိန်ရဲ့ သပိတ်ဝင် အိတ်ဝင်ပွဲပါပဲ။
မြန်မာဟာ ပြုပြင်ပြောင်းလဲမှုတွေကို ဖော်ဆောင်ရင်းနဲ့ နိုင်ငံတကာကို တဖြည်းဖြည်းနဲ့ ပြန်ပြီးဝင်ဆံ့လာမယ့် ခြေလှမ်းတွေကို တွေ့ရပါတယ်။ ဒီခြေလှမ်းတွေဟာ ရှေ့ကိုတက်ရမယ့် ခြေလှမ်းတွေပါ။ နောက်ကို မဆုတ်ပါနဲ့၊ ရှိနေတဲ့နေရာမှာပဲ ရပ်မနေပါနဲ့လို့ ပြောပါရစေ။ ပြည်သူတွေရဲ့ ရင်ထဲမှာလည်း ဒီနေ့တော့ ကျည်ဆံရထား စီးနေရသလို ခံစားရပြီး နောက်နေ့တွေကျတော့ နွားလှည်းနဲ့ပဲ ဒီခရီးကို ဆက်သွားနေရတယ်လို့ ခံစားနေရင်တော့ အသွင်သစ် ကူးပြောင်းရေးကာလမှာ ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှုဟာ ရေရှည်တည်တံ့ဖို့ ခက်တယ်လို့ပဲ မြင်ပါတယ်။ ဒါဟာ အတုကြီးလို့ မြင်သွားရင် သမ္မတ ဦးသိန်းစိန် ချောက်ကျမယ့် ကိန်းပါပဲ။
သမ္မတ ဦးသိန်းစိန် အစိုးရဟာ ပြုပြင်ပြောင်းလဲမှုတွေကို ဖော်ဆောင်တဲ့အခါမှာ စီးပွားရေးဟာ အခရာကျတယ်ဆိုတာ သဘောပေါက်ခဲ့ပုံရပါတယ်။ ဒါကို မဖော်ဆောင်နိုင်ရင် စီးပွားရေးနဲ့ လူမှုရေးပြဿနာတွေနဲ့ ကုန်ဈေးနှုန်းတွေက သူ့အစိုးရကို ဆွဲချသွားမှာကို သိနေတာကိုး။
မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေအရ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု နှစ်ခုစလုံးဟာ ဟန်ချက်ညီညီနဲ့ ထိန်းကျောင်းသွားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပပြီးတာနဲ့ အချိန်ကိုက်ပဲ မြန်မာကျပ်ငွေ လှဲလှယ်ရေးနှုန်းထားကို တရားဝင် ပြင်ဆင်ဖို့ ဦးသိန်းစိန်အစိုးရက ကြိုးပမ်းခဲ့ပါတယ်။ နိုင်ငံတကာ စီးပွားရေးသမားတွေကိုလည်း ဖိတ်ခေါ်နေပြီ ဖြစ်ပါတယ်။ စိတ်ချလက်ချ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံ လာနိုင်ဖို့အတွက် ဥပဒေတွေ ရေးဆွဲဖို့လည်း လွှတ်တော်မှာ ပြင်ဆင်နေကြပါတယ်။
ပိတ်ဆို့မှုတွေကို ဖြေလျှော့နေချိန်မှာ အထဲက စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အင်တိုက်အားတိုက် (အာဏာစက်ကိုပါသုံးပြီး) လုပ်နိုင်မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမှာဖြစ်သလို ပြည်တွင်းမှာလည်း ပြည်သူပြည်သားတွေရဲ့ ဓနအင်အား တိုးတက်လာမှာ ဖြစ်ပါတယ်။ ပိတ်ဆို့မှုတွေ ရုပ်ပြီးကာမှ စီးပွားရေး ဦးမော့အောင် မလုပ်နိုင်ရင် ဘယ်သူ့ကို အပြစ်တင်ကြမှာလဲ။ ပိတ်ဆို့အရေးယူတွေနဲ့ အနောက်နိုင်ငံတွေကို လက်ညှိုးထိုးလို့ မရတော့တာကတော့ အသေအချာပါပဲ။ (လောလောဆယ်မှာတော့ မြန်မာပြည်မှာ အရမ်းချမ်းသာနေသူတွေနဲ့ မွဲတေနေသူ လူတန်းစားနှစ်ရပ် ကြီးစိုးနေပြီး ချမ်းသာဆင်းရဲ ကွာဟမှုက အရမ်းကြီးတာ တွေ့ရပါတယ်။)
သမ္မတ ဦးသိန်းစိန်က ဒီလို ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်နေချိန်မှာ သူဟာ ပြည်တွင်းက အားရော ပြည်ပက အားကိုပါယူပြီး သူ့ရဲ့စိန်ခေါ်မှုတွေကို သူကပြန်ပြီး အသံတိတ် စိန်ခေါ်ရင်း ဖော်ဆောင်နေတာလို့ သုံးသပ်မိပါတယ်။ ဒါကြောင့် မနှစ်ကနဲ့တောင်မတူဘဲ သမ္မတရဲ့အပေါ် ပြည်တွင်းပြည်ပက ယုံကြည်မှုနဲ့ ကိုးစားမှုက မြင့်တက်နေတာ သိသာပါတယ်။
ဒါကြောင့် ဒီကြားဖြတ်ရွေးကောက်ပွဲဟာ အတိုင်းအတာအရ သေးငယ်တယ်ဆိုပေမယ့် မြန်မာပြည်အတွက် ရှေ့ဆက်တိုးဖို့အတွက် ထပ်ဖွင့်လိုက်တဲ့ တံခါးချပ်တခုပဲလို့ မြင်မိပါတယ်။ ဆက်ဖွင့်ဖို့ လိုပါဦးမယ်။ ယုံကြည်မှုတွေ အခိုင်အမာ တည်ဆောက်ဖို့ လိုပါဦးမယ်။ အကြွင်းအကျန် သံသယတွေ ထပ်ရှင်းသွားဖို့ လိုပါဦးမယ်။ နိုင်ငံရေး အကျဉ်းသားတွေ ထပ်လွှတ်ဖို့၊ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့တွေ ကျန်ပါသေးတယ်။ ပြည်သူပြည်သားတွေရဲ့ ဘဝတွေ တိုးတက် ကောင်းမွန်လာဖို့ လိုပါတယ်။
ကိုယ့်တိုင်းသူပြည်သား အချင်းချင်း ဂုတ်သွေးစုပ်ထားတဲ့သူတွေ၊ ကိုယ့်အိပ်ကပ်ထဲ အကုန်ထည့်ထားတဲ့သူတွေ၊ ရှေ့မတိုးဘဲ ကိုယ့်ရဲ့တွင်းလေးထဲမှာပဲ ပျော်ပိုက်နေသူတွေ၊ လူမှန် နေရာမှန်တော့ ရောက်ဖို့လိုပါတယ်။ ဧပြီ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲဟာ အတိုက်အခံ NLD ပါတီရဲ့ အောင်ပွဲ၊ အပြောင်းအလဲကို လိုလားတဲ့ ပြည်သူတွေရဲ့ အောင်ပွဲသာမက ပြုပြင်ပြောင်းလဲရေးတွေမှာ NLD က အားကောင်းကောင်းနဲ့ ပါဝင်လာနိုင်ဖို့ လမ်းဖွင့်ပေးလိုက်နိုင်တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ အောင်ပွဲလည်း ဖြစ်တယ်လို့ မြင်မိပါတယ်။