မြန်မာ့ နိုင်ငံရေးတွင် ၁၉၆၂ ခုနှစ် စစ်တပ် အာဏာသိမ်းယူခဲ့ပြီး နောက်ပိုင်းမှစ၍ လက်ရှိ စစ်ဝတ်ချွတ်ထားသော တချို့အာဏာရ ခေါင်းဆောင်များ အထိ ပြည်သူများအရေးထက် မိမိတို့၏ လုပ်ပိုင်ခွင့်အာဏာ ဆက်လက်မြဲမြံရေး နည်းမျိုးစုံဖြင့် ဆောင်ရွက်နေသည်ကို မြင်တွေ့ရသည်။ စာရေးသူ မမီလိုက်သော်လည်း ကြားသိရသလောက်မှာ ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး တော်လှန်ရေးကောင်စီ အဖွဲ့ဝင်များအတွင်း သဘောထားကွဲပြားသူများ၊ အမိန့်မနာခံသူများကို အဖွဲ့အတွင်း အန္တရာယ်ရှိသူများဟု သတ်မှတ် ကာဖယ်ရှားခဲ့သည့် ဖြစ်စဉ်များရှိခဲ့ဖူးသည်။
အလားတူ ၁၉၇၀ ခုနှစ်ဝန်းကျင် မြန်မာ့ဆိုရှယ်လစ် ပါတီညီလာခံတွင် ဥက္ကဋ္ဌကြီး ဦးနေဝင်းကိုယ်တိုင် မဲမရသောကြောင့် ပါတီအတွင်း ဖြုတ်ထုတ်ရှင်းခဲ့မှုများ ရှိခဲ့သည်။ နောက်ဆုံး ၁၉၈၈ ခုနှစ် အရေးအခင်း မတိုင်ခင် ဦးနေဝင်းက အစိုးရ နောက်ကွယ်သို့ ပြောင်းရွှေ့နေရာယူခဲ့သည်။ ၁၉၈၈ ခုနှစ် အရေးအခင်းတွင် မအောင်မြင်သော လက်ရင်းတပည့် ဗိုလ်ချုပ်ဟောင်းများကို ဘေးဖယ်ခိုင်းပြီး တပည့်လက်သစ် ဗိုလ်ချုပ်ကြီး စောမောင်နှင့် ဗိုလ်ချုပ် ခင်ညွန့်တို့ကို မြန်မာ့နိုင်ငံရေးတွင် ဆက်လက်ဦးဆောင်ရန် စစ်တပ်အုပ်ချုပ်သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ကိုမွေးဖွားပေးခဲ့ကာ နှစ်အတန်ကြာ နဝတ၏ နောက်ကွယ်မှ ထိန်းကျောင်း အကြံပေးခဲ့ပါသည်။
ဗိုလ်ချုပ်ကြီးစောမောင် အာဏာ စတင်ရယူစဉ်ကာလသည် ပြည်တွင်းပြည်ပ ဖိအားအများဆုံးအချိန် ဖြစ်ခဲ့သည့် အတွက်ကြောင့်လည်း အဖွဲ့အတွင်း အာဏာတည်ဆောက်မှုကို မဆောင်ရွက်နိုင်ခဲ့ပါ။ ထိုစဉ်က နဝတအဖွဲ့ဝင် ဗိုလ်ချုပ်အများစုသည် ဗိုလ်ချုပ်ကြီး စောမောင်ထက် ဒု စစ်ဦးစီးချုပ် ဒု ဗိုလ်ချုပ်ကြီး သန်းရွှေနှင့် ပိုမိုအနေနီးစပ်ခဲ့သူများ ဖြစ်ကြသည်။ ထို့အတွက်ကြောင့်လည်း ဗိုလ်ချုပ်ကြီး စောမောင်သည် ဒု ဗိုလ်ချုပ်ကြီး သန်းရွှေကို နိုင်ငံရေးအရ အရေးပါသော နဝတ ဒုတိယဥက္ကဋ္ဌ ရာထူးကိုပေးရန် အချိန်အတော် ကြာစဉ်းစားခဲ့ပြီးမှ ခန့်အပ်ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး စောမောင် စိတ်ကျန်းမာရေး ဖြစ်လာသည့်အချိန်အခါတွင်မူ အလွယ်တကူပင် ဗိုလ်ချုပ် ခင်ညွန့်၏ ကူညီပံ့ပိုးမှုဖြင့် ဒု ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နိုင်ငံတော်အာဏာကို သွေးထွက်သံယိုမရှိဘဲ ရယူနိုင်ခဲ့သည်။ အာဏာရပြီး ရက်ပိုင်းအတွင်းမှာပင် ဦးနေဝင်း၏ တပည့်လက်ရင်း ဗိုလ်ချုပ် ခင်ညွန့်ကို ထိန်းကျောင်းသည့်အနေဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် သားတပည့် ဗိုလ်ချုပ် ကျော်ဝင်းကို ဒု ထောက်လှမ်းရေးအကြီးအကဲအဖြစ် ခန့်အပ်ခဲ့ပါသည်။
“ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ခင်ဗျားတို့ လျှော့မတွက်နဲ့” ဟု ဗိုလ်ချုပ် ကျော်ဝင်းက ၁၉၉၃ ခုနှစ်ပတ်ဝန်းကျင်က ပြောခဲ့ပါသည်။ ယနေ့အချိန်တွင်လည်း မြန်မာ့နိုင်ငံရေး၌ ထိပ်ပိုင်းခေါင်းဆောင် စစ်ဝတ်ချွတ် ဗိုလ်ချုပ်ကြီးဟောင်းများ၊ စစ်ဝတ်ဝတ်ထားဆဲ ဗိုလ်ချုပ်ကြီးများကို မည်ကဲ့သို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နေရာချသွားသည်ကို လေ့လာမှတ်သား ရရှိသောသတင်းများကို အခြေခံ၍တင်ပြသွားမည် ဖြစ်ပါသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်းတွင် နိုင်ငံရေးအရ ကြီးမားသော အမှားကြီးတခုကို ဦးဆောင်ကျူးလွန်ခဲ့ပြီးနောက် ၁၉၉၆ ခုနှစ်က ရပ်စဲခဲ့သော အမျိုးသားညီလာခံကို ၂၀၀၄ ခုနှစ်တွင် မဖြစ်မနေ ပြန်လည် ကျင်းပခဲ့ရသည်။ အမျိုးသားညီလာခံ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌအဖြစ် လက်ရှိသမ္မတ ဦးသိန်းစိန်ကို ခန့်အပ် တာဝန်ပေးခဲ့သည်။ ထိုစဉ်က သမ္မတဦးသိန်းစိန်သည် နအဖ အတွင်းရေးမှူး (၂) နှင့် စစ်ရေးချုပ် တာဝန်ကို ယူနေရသူဖြစ်ပါသည်။
အလားတူ ၂၀၀၄ ခုနှစ် အမျိုးသားညီလာခံတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမျိုးသားညီလာခံ ပြန်လည်ဝင်ရောက်ရေး ဒေါ်အောင်ဆန်းစုကြည်နှင့် တာဝန်ယူ စေ့စပ်ဆွေးနွေးခဲ့ရသူ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ထောင်ချပြီး ဒီပဲယင်းအရေးခင်းကို ဦးဆောင်ခဲ့သူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၏ ဒု ဥက္ကဋ္ဌ၊ နအဖ အတွင်းရေးမှူး (၁)၊ လေကြောင်းရန်ကာကွယ်ရေးချုပ် ဒု ဗိုလ်ချုပ်ကြီး စိုးဝင်း (ကွယ်လွန်) ကို ဝန်ကြီးချုပ်တာဝန် ပေးခဲ့သည်။ ထိုစဉ်က နအဖ ဒု ဥက္ကဋ္ဌနှင့် ဒု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်ကြီး မောင်အေးအား ဗိုလ်ချုပ်ကြီး ခင်ညွန့်ကိစ္စတွင် ခေါ်ယူ၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ သတိပေးခဲ့ပြီးနောက် စစ်တပ်၏ ကွပ်ကဲမှုကို ညှိနှိုင်းကွပ်ကဲရေးမှူး၊ လက်ရှိပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး သူရရွှေမန်းမှ တာဝန်ယူကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသို့ တိုက်ရိုက်တင်ပြခြင်းဖြင့် နိုင်ငံတော်အာဏာကို ထိန်းကျောင်းသွားခဲ့သည်။
၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး၊ ၂၀၀၈ ခုနှစ် နာဂစ် လေမုန်းတိုင်း ပြဿနာများပြီးနောက် ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီး သိန်းစိန်တို့၏ နိုင်ငံအပေါ် ရှုမြင်ပုံအမြင်များနှင့် ပတ်သက်၍ တိုးတိုးတိတ်တိတ် သတင်းများဖြစ်ပေါ်ခဲ့သေးသည်။ ယင်းကိစ္စများ ကိုင်တွယ်မှုအပေါ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တည့်တည့် မဝေဖန်ဝံ့သော်လည်း ထိုကိစ္စများသည် ဦးအောင်သောင်း (လက်ရှိ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင်) ကြောင့်ဟု အားလုံးက မှတ်ချက်ပြုကြောင်း သိရသည်။
သို့သော် အဆိုပါဖြစ်စဉ်များအပြီး စစ်ခေါင်းဆောင်ကြီးငယ်များနှင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ လောကတွင် အကယ်၍ ဗိုလ်ချုပ်ကြီး သူရရွှေမန်းသာ နိုင်ငံကိုဦးဆောင်လျှင် တိုင်းပြည်အတွက်ကောင်းမည်၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်းက အခြေအနေမှန်ကို တင်ပြလျှင် လက်ခံနားထောင်ပြီး စဉ်းစားပေးတတ်သည့်သူ ဖြစ်မည်ဟု ထိုအချိန်က နေပြည်တော်တွင် သတင်းများ ဖြစ်ခဲ့ပါသည်။ ထိုသို့ တိုးတိုးတိတ်တိတ် သတင်းများ စိမ့်ထွက်လာပြီး နောက်ကြားသိရသော သတင်းများအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ဇနီး မှ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ဇနီးကို ခေါ်ယူ၍ သတိပေးခဲ့ကြောင်း သိရသည်။
၎င်းနောက် ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် အနာဂတ်တွင် နံပတ် (၁) မဖြစ်နိုင်ကြောင်း သုံးသပ်မှုများ အတွင်းပိုင်းမှ တီးတိုးထွက်ရှိလာသည်။ မြန်မာနိုင်ငံ၏ အနာဂတ်နံပတ် (၂) ဟု မှန်းဆထားခြင်းခံရသူ ဗိုလ်ချုပ်ကြီး စိုးဝင်းမှာမူ သေမင်းမှ စောစောခေါ်ယူသွားသည့်အတွက် မြန်မာ့နိုင်ငံရေးမှ စွန့်ခွာသွားရသည်။ နဝတ၊ နအဖ လက်ထက် ပြုလုပ်ခဲ့ရသော မကောင်းမှု အကုသိုလ်များကို သေခါနီးမှ သံဝေဂတရားရပြီး စင်ကာပူတွင် ဆေးကုသနေစဉ် တိတ်ခွေအတွင်း အသံသွင်းထားခဲ့ကြောင်း သိရသည်။ သတင်းများအရကမူ ၈ လေးလုံး အရေးအခင်း၊ ဒီပဲယင်းအရေးအခင်း၊ သံဃာအရေးအခင်းများတွင် ပါဝင်ပတ်သက်မှုများကို ဝန်ခံထားသည်ဟု သိရပါသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မူလက အသက်ငယ်ရွယ်သူ၊ ကျန်းမာရေးကောင်းမွန်သူကို အနာဂတ်ခေါင်းဆောင်အဖြစ် ရည်ရွယ်ခဲ့သော်လည်း အခြေအနေအရ ၎င်း၏ စိတ်ကြိုက်မဖြစ်ခဲ့ပါ။ နောက်ဆုံး ကျန်းမာရေးသိပ်မကောင်း၊ နှလုံးရောဂါရှိသူ ဗိုလ်ချုပ်ကြီး သိန်းစိန်ကို ရွေးချယ်ခဲ့ရသည်။ စစ်တပ်အတွင်း ဗိုလ်ချုပ်ကြီး သိန်းစိန်သည် နာမည်ကောင်းရှိသူတဦး ဖြစ်ပါသည်။ အလုပ်နှင့်ပတ်သက်၍ အထက်လူကြီးများ၊ ဘေးဘယ်ညာ လုပ်ဖော်ကိုင်ဖက်များ၊ လက်အောက်ငယ်သားများ၏ လေးစားချစ်ခင်မှုကို ရသောသူတဦး ဖြစ်ပါသည်။ စာရေးသူ စစ်ရုံးတွင် တာဝန် ထမ်းဆောင်စဉ် စစ်ဦးစီးဗိုလ်မှူးကြီး (Col. GS) ဗိုလ်မှူးကြီး သိန်းစိန်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရုံးတွင် ရှိနေသရွေ့ နေ့ရောညပါ အနားတွင် ရှိနေသူဖြစ်သည်။
နှစ်ပေါင်းများစွာ စစ်ရုံးချုပ်တွင် ဦးစီးအရာရှိ (Staff) တာဝန် ထမ်းဆောင်ခဲ့သော ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ယနေ့ မြန်မာနိုင်ငံကို ဦးဆောင်မည့်သူ (Commander) တာဝန်ကို ထမ်းဆောင်နေပြီ ဖြစ်ပါသည်။ စိတ်ရင်းစေတနာကောင်းဖြင့် မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲမည်ဟု ကြုံးဝါးပြောဆို မိန့်ကြားနေသည်ကို ကြားသိမြင်တွေ့နေရသော်လည်း စိတ်ထင်တိုင်း မလှုပ်ရှားနိုင်သည့် အခြေအနေနှင့် ကြုံတွေ့နေသည်ဟု ခန့်မှန်းရသည်။ စာရေးသူ ရရှိသော သတင်းအရမူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက “ငါခင်းပေးသောလမ်းကြောင်း အတိုင်း မင်းတို့အချင်းချင်း ညှိနှိုင်းပြီးလုပ်ကြ။ ဒါပေမယ့် ငါနဲ့ ကိုအေးတို့ရဲ့ မိသားစုကိုတော့ လာပြီးမထိနဲ့” ဆိုသည့် မှတ်ချက်ကို လက်ရှိခေါင်းဆောင်များ ပေးခဲ့သည်ဟု သိရသည်။
လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို လေ့လာလျှင် သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ ကာကွယ်ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေသည်ကို တွေ့မြင်ရသည်။ သဘောထားမကွဲပါဟု ပြောနေသော်လည်း အထက်ပါ သုံးဦးသည် တသဘောတည်း ဆောင်ရွက်၍ မရအောင် အခြေအနေများက ဖန်တီးထားသည်ကို တွေ့မြင်နေရသည်။
လက်ရှိအခြေအနေအရလည်း ခေါင်းဆောင် သုံးဦး၏ ဆောင်ရွက်နေရပုံများကို စာဖတ်သူများ ကြားသိ မြင်တွေ့နိုင်ပေသည်။ မည်သို့ပင်ဆိုစေကာမူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်သည် မြန်မာ့နိုင်ငံရေး၏ ဦးဆောင်မှုတွင် ပါဝင်ရမည့် ဦးတည်ချက်ကို လက်ရှိအချိန်တွင် အဆိုပါ သုံးဦး အာခံရဲကြမည် မဟုတ်ပါ။ သို့သော်နောင်တချိန် မပြောင်းလဲနိုင်ဘူးဆိုသည်ကိုမူ အပြတ်ပြော၍မရပါ။ ယခင်ကာလများနှင့်မတူ ကမ္ဘာ့နိုင်ငံရေး၊ မြန်မာ့နိုင်ငံရေးတို့သည် အချိန်နှင့်တပြေးညီ ပြောင်းလဲနေသောကြောင့် ဖြစ်သည်။
မြန်မာ့နိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို ပစ်ပယ်၌မရဆိုသည်ကို စစ်ခေါင်းဆောင် အဆက်ဆက် ကောင်းကောင်း နာလည်ကြပါသည်။ ထို့ကြောင့်လည်း နဝတ၊ နအဖ ခေတ်အဆက်ဆက် နည်းမျိုးစုံနှင့် ဒေါ်အောင်ဆန်းစုကြည်ကို စည်းရုံးခဲ့ကြသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအပြီး၂၀၀၉ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ရက်စေ့၍ ပြန်လွှတ်ရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စဉ်းစားခဲ့သေးသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ၂၀၁၀ ရွေးကောက်ပွဲဝင်လာလျှင် ၎င်းတို့၏ ရည်ရွယ်ချက် ပျက်သွားနိုင်သည်ဟု ဆုံးဖြတ်ခဲ့သဖြင့် အမေရိကန်နိုင်ငံသား ယက်တောကို အကြောင်းပြုကာ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ရွေးကောက်ပွဲအပြီးအထိ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခဲ့သည်။
စာရေးသူအနေဖြင့် “၁၉၉၀ ရွေးကောက်ပွဲမှသည် ၂၀၁၀ ရွေးကောက်ပွဲဆီသို့” ဆောင်းပါးဖြင့် ဖြစ်လာနိုင်ခြေ နည်းလမ်း သုံးလမ်းကို ထိုစဉ်က နအဖ၏ စဉ်းစားပုံအား တင်ပြခဲ့ပြီးဖြစ်ပါသည်။ ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို မြန်မာ့နိုင်ငံရေးတွင် ပစ်ပယ်၍မရဆိုသည့် စစ်ခေါင်းဆောင်များ၏ မူဝါဒအရ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဖြင့် လမ်းဖွင့်ပေးခဲ့သည်ကို ယနေ့ တွေ့မြင်ရမည်ဖြစ်သည်။
သို့သော် ယနေ့ ဒေါ်အောင်ဆန်းစုကြည်အား တပ်မတော်သားများ အပါအဝင် ပြည်သူလုထု၏ ထောက်ခံမှုသည် ယခင်ကာလများကထက်ပင် ပိုမိုအားကောင်းလာသည့်အတွက် မူဝါဒရေးဆွဲသူကြီးအနေဖြင့် အတော် တုန်လှုပ်သွားသည်ဟု အတည်ပြုဆဲ သတင်းများအရ သိရပါသည်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ရွေးကောက်ပွဲ ဝင်ရခြင်းရည်ရွယ်ချက် သုံးချက်ဖြစ်သည့် တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ ဥပဒေပြင်ရေးသည် အငြိမ်းစားယူပြီဆိုသော စစ်ခေါင်းဆောင်ကြီးများနှင့် လက်ရှိစစ်ဝတ်ချွတ် စစ်ခေါင်းဆောင်များအတွက် အထူးတုန်လှုပ်နေကြသည်ဟု သိရသည်။
အကယ်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD လွှတ်တော်အတွင်း ရောက်သွားခဲ့ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီအရေးတွက် သင်ပုန်းခြေရေးလမ်းစဉ်ကို ကိုင်ဆွဲကာ လက်ရှိခေါင်းဆောင်များနှင့် ပူးပေါင်းဆောင်ရွက်သွားနိုင်မည် ဆိုပါက အခြေအနေကောင်းများ ဖြစ်လာနိုင်ပါသည်။ စစ်ခေါင်းဆောင်များဘက်ကလည်း ဒီပဲယင်းကဲ့သို့သော ဖြစ်စဉ်များ မလုပ်တော့ပါဆိုသည့် ကတိကဝတ်များ ရထားရန် လိုအပ်သည်။ လုံခြုံရေးသတိ အမြဲရှိရန် လိုအပ်သည်။
အချုပ်အားဖြင့် လက်ရှိ အာဏာရှိနေသော သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ကာကွယ်ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ တိုင်းပြည်အပေါ်ထားသည့် စိတ်ရင်းစေတနာသည် ယခင် စစ်အာဏာရှင်ကြီးများနှင့် မတူဆိုသည်ကတော့ သေချာပါသည်။ သို့သော် ယခင် အငွေ့အသက်များကမူ ယခုအထိ ရှိနေကြဆဲပင်။ အငွေ့အသက်များ ပျောက်အောင် ချက်ချင်းတော့ လုပ်၍မရပါ။ အချိန်ယူရလိမ့်မည် ထင်ပါသည်။
လက်ရှိအခြေအနေတွင် တိုင်းရင်းသားအရေးသည် အဓိကဖြေရှင်းရမည့်ကိစ္စဟု မြင်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ကို ပီပြင်အောင် ဆောင်ရွက်ရပါလိမ့်မည်။ လက်ရှိ အာဏာရခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ပါတီများနှင့် လက်နက်ကိုင်များ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်နိုင်မှ ရလိမ့်မည်ဟု မြင်ပါသည်။
(ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်သည် တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိမြန်မာသံရုံး၌ သံမှူးကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင်အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။)