ဒီတပတ် ရန်ကုန်မှာ ဖြစ်နေတဲ့ နောက်ဆုံးပေါ် သတင်းကတော့ ဝန်ကြီးရာထူး အပြောင်းအလဲတွေ ရှိတယ်၊ အလုပ် မလုပ်တဲ့ ဝန်ကြီးတွေ၊ အလုပ်မဖြစ်တဲ့ ဝန်ကြီးတွေကိုသင့်တော်တဲ့ နေရာပြောင်းတန်ပြောင်း၊ ရာထူးက အနားပေးတန် ပေးရမယ်ဆိုတဲ့ သတင်းတွေပဲ ဖြစ်ပါတယ်။
ပွင့်ပွင့်လင်းလင်းပဲ ပြောကြရအောင်။ လက်ရှိ အစိုးရထဲမှာ အရင် စစ်အစိုးရ လက်ထက်ကတည်းက ခန့်ထားခဲ့ပြီး လူမှန်နေရာမှန် မဟုတ်တဲ့ စစ်ဝတ်စုံချွတ် ဝန်ကြီးတွေ ကျန်ခဲ့တာ ဖြစ်ပါတယ်။ ဒီဝန်ကြီးတွေက သူတို့ဌာနတွေရဲ့ လုပ်ဆောင်ရမယ့် အလုပ်တွေကို အကောင်အထည်ဖော်နိုင်ခြင်း မရှိတဲ့အပြင် မယောင်ရာ ဆီလူးနေကြတယ်၊ မလုပ် မရှုပ် မပြုတ်ဘဲ နေကြတယ်လို့ ပြည်သူတွေကရော ဝန်ကြီးဌာန ဝန်ထမ်းတွေကပါ မြင်လာကြပြီလို့ ရန်ကုန်က အစိုးရ သတင်းရပ်ကွက်တွေက ဆိုလာပါတယ်။
ဒီသတင်းတွေ ဖြစ်ပေါ်နေတာနဲ့အတူ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲအပြတ်အသတ် နိုင်ပြီး ပါလီမန်ထဲကို ဝင်လာတော့မယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီထဲက ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် တချို့ဆိုရင်လည်း ဝန်ကြီးဌာနတချို့အတွက် အမည်စာရင်း လျာထားခံရတယ်လို့လည်း အတိုက်အခံဘက်က ပြောဆိုနေကြပါတယ်။
ကျနော် ပွင့်ပွင့်လင်းလင်း ပြောချင်တာကတော့ လွှတ်တော်ထဲ ရောက်လာမယ့် NLD အမတ်များအဖို့ အတိုက်အခံဘက်ကပဲ ဝင်ပြီး နေရာယူယူ၊ အစိုးရအဖွဲ့ထဲမှာ ဝန်ကြီးနေရာပဲ လက်ခံလက်ခံ လူမှန်နေရာမှန် ရှိဖို့ပါပဲ။
ပညာရေးဝန်ကြီး၊ ကျန်းမာရေးဝန်ကြီး၊ ယဉ်ကျေးမှုဝန်ကြီး၊ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီး၊ စွမ်းအင်ဝန်ကြီး၊ လျှပ်စစ်ဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီး စတဲ့ ဝန်ကြီးတွေဟာ သူတို့ရဲ့ စီမံကိုင်တွယ်မှုတွေမှာ အရည်အချင်းရောရှိရဲ့လား၊ အလုပ်ရော တကယ်လုပ်နိုင်ရဲ့လား၊ ဘယ်လောက် ကောင်းအောင် လုပ်နိုင်သလဲဆိုတာ မေးခွန်းထုတ်သင့်ပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီး တနှစ်ကျော်တဲ့အထိ အလုပ်မဖြစ်ဘူး၊ အရင် စစ်အစိုးရတုန်းကလိုပဲ အမူအကျင့် မပြောင်းဘူး၊ နေရာမှန်မှာ ရှိနေတာ မဟုတ်ဘူးဆိုရင်တော့ သမ္မတ ဦးသိန်းစိန် အစိုးရက သင့်တော်တဲ့လူတွေ၊ အရည်အချင်း ရှိသူတွေနဲ့ ရဲရဲဝံ့ဝံ့ အစားထိုးပါလို့ တိုက်တွန်းပါရစေ။
တချို့ဝန်ကြီးတွေဆိုရင်လည်း ဦးထုပ် နှစ်လုံး၊ သုံးလုံး ဆောင်းထားတာ တွေ့ရပါတယ်။ ဥပမာ ပြန်ကြာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနဲ့ အားကစား ဝန်ကြီးဌာန၊ အလုပ်သမားနဲ့ လူမှုဝန်ထမ်း ဝန်ကြီးဌာန စတဲ့ ဝန်ကြီးဌာနပေါင်း ၃၃ ခုမှာ ဝန်ကြီးပေါင်း ၂၉ ဦး ရှိပါတယ်။
တချို့ ဌာနတွေဆိုရင်လည်း လုပ်ရည်ကိုင်ရည်ရှိတဲ့ ဝန်ကြီးတွေက သီးသန့်ခွဲကိုင်သင့်တယ်လို့ မြင်သူတွေ ရှိပါတယ်။ ရှေးဟောင်း အမွေအနှစ်တွေ များပြားပြီး ဘုရား၊ ပုထိုး၊ စေတီနဲ့ ထိန်းသိမ်းစောင့်ရှောက် တူးဖော်စရာတွေများတဲ့ မြန်မာနိုင်ငံမှာ ဒီလုပ်ငန်းတွေကို တကယ် နားလည်တဲ့ ဝန်ကြီးတဦး သပ်သပ်ခန့်ပြီး ယဉ်ကျေးမှုဝန်ကြီးဌာနကို ဦးစီးသင့်ပါတယ်။ ပညာရေး၊ ဟိုတယ်နဲ့ ခရီးသွားတို့မှာလည်း အရည်အချင်းရှိတဲ့ ဝန်ကြီးတဦး ခန့်လိုက်တာ ကောင်းပါတယ်။ အားကစား ဝန်ကြီးကိုလည်း ခွဲထုတ်လိုက်ပေါ့။
သူ့နေရာနဲ့သူ ပညာ အရည်အချင်း ရှိသူတွေကို နေရာပေးသင့်ပါတယ်။ ကျနော် မြန်မာပြည်ကို ပထမအကြိမ် ရောက်တုန်းက အလုပ် ပြုတ်ခါစ ပညာရေးဌာနက ညွှန်ချုပ်တယောက်နဲ့ တွေ့ခဲ့ပါတယ်။ သူက အသက် ၄၀ ဝန်းကျင်ပဲ ရှိပါတယ်။ အသက် အငယ်ဆုံး ညွှန်ချုပ်လို့ သူ့ကိုယ်သူ မိတ်ဆက်လာပါတယ်။ ဒါပေမယ့် သူ ရာထူးက လတ်လတ်ဆတ်ဆတ် အဖြုတ်ခံထားရတယ်လို့ ဆိုပါတယ်။ ဘယ်လို ဖြစ်တာလဲလို့မေးတော့ ကျနော် သိပ်အလုပ်လုပ်လို့ ဝန်ကြီးက ခေါ်ဖြုတ်တာဗျလို့ မချိတင်ကဲ ပြောပါတယ်။
နောက်တချက် သွားတွေ့တာက တာဝန်ပေးထားတဲ့ သူတွေက သူတို့ရဲ့ တာဝန်တွေကို မထမ်းဆောင်ဘဲ တခြားအလုပ်တွေကို လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ ဥပမာ – ရထားဝန်ကြီး ဦးအောင်မင်း။ သူအခုလုပ်နေရတာက အားလုံးသိတဲ့အတိုင်း တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးကိုရဖို့အတွက် ဖြစ်ပါတယ်။ ဒါဆိုရင် မြို့ပတ်ရထားတွေ ပုံမှန်သွားနိုင်ဖို့၊ လုပ်သားပြည်သူတွေ ခရီးသွားလာရေး အဆင်ပြေဖို့၊ အဝေးပြေး ရထားတွေ လည်ပတ်နိုင်ဖို့ ကိစ္စတွေကို ဘယ်သူက အဓိက တာဝန်ယူ ဆောင်ရွက်နေပါသလဲ။
ဝန်ကြီး ဦးအောင်မင်းက တိုင်းရင်းသားတွေနဲ့ စေ့စပ်ဆွေးနွေးရေးမှာ အောင်မြင်နေတယ်လို့ သမ္မတနဲ့ အစိုးရအဖွဲ့က ယူဆရင်လည်း သူ့ကို သမ္မတရုံးအောက်မှာ သီးသန့် ဝန်ကြီးတနေရာခန့်ပြီး ငြိမ်းချမ်းရေး ကိစ္စတွေကိုပဲ အားသွန်ခွန်စိုက် လုပ်ခိုင်းရင် မကောင်းဘူးလား။
ဥရောပနိုင်ငံတွေမှာဆိုရင် မီးရထားတွေ၊ ဓာတ်ရထားတွေဟာ သယ်ယူပို့ဆောင်ရေးရဲ့ နေ့စဉ် အသက်သွေးကြောပဲ ဖြစ်ပါတယ်။ အဲဒီလိုမျိုးပဲ ရန်ကုန်အပါအဝင် မြန်မာနိုင်တဝန်းမှာ မီးရထားတွေ ပုံမှန်လည်ပတ်နိုင်ရင် ပြည်သူတွေရဲ့ ခရီးသွားလာရေးနဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ ဘယ်လောက် ချောမွေ့သွားမလဲ။
ဒါ့အပြင် ပြီးခဲ့တဲ့အပတ်က ရထားဝန်ကြီးက ငြိမ်းချမ်းရေးဆွေးနွေးပွဲ တခုမှာ မဆီမဆိုင် ရန်ကုန်မြို့ကို ၂၄ နာရီ မီးပေးမယ့်အကြောင်း ဝင်ပြီး အာမခံတာ တွေ့ရပါတယ်။ သူလည်း လျှပ်စစ်ဝန်ကြီး ဦးထုပ်တော့ မဆီမဆိုင် ဝင်ဆောင်းလိုက်သေးတာပဲဆိုပြီး ပြုံးမိပါတယ်။
အရင် စစ်အစိုးရလက်ထက်ကနေ အခု သမ္မတ ဦးသိန်းစိန် အစိုးရအထိ ပါလာတဲ့ စစ်ဝတ်စုံချွတ် ဝန်ကြီးတချို့ဟာ အရင်က လာဘ်စားမှု၊ အဂတိဆိုင်ရာ ကိစ္စတွေနဲ့ နာမည်ထွက်ခဲ့ကြဖူးပါတယ်။ ဒါပေမယ့် အခု အစိုးရလက်ထက်မှာ သမ္မတ၊ ဒုသမ္မတမှအပ တခြားအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေဟာ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို တရားဝင် ထုတ်ဖော် ကြေညာစရာ မလိုဘူးလို့ ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်နဲ့ တွေ့ဆုံစဉ် သူကပြောဖူးပါတယ်။
ကျနော် ရန်ကုန်ကို ရောက်ရှိစဉ်က ဘယ်ဝန်ကြီးတွေကတော့ မလုပ် မရှုပ် မပြုတ်တွေ၊ အကျင့်ပျက် ခြစားထားတဲ့သူတွေ၊ လူမှား နေရာမှားတွေဆိုပြီး မကြာခဏ ကြားခဲ့ရပါတယ်။ လွှတ်တော်မှာလည်း သူတို့ရဲ့ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုတွေနဲ့ ပတ်သက်လို့ အယုံအကြည်မရှိ အဆိုလည်း တင်သွင်းနိုင်တဲ့ အခြေအနေ မရှိသေး၊ ဒီလူတွေပြုတ်မှ တိုင်းပြည်ကောင်းမှာဆိုတဲ့ အသံတွေကလည်း အစိုးရအရာရှိတွေ၊ စာနယ်ဇင်းသမားတွေနဲ့ စကားလက်ဆုံကျတိုင်း အတောမသတ် ကြားခဲ့ရပါတယ်။
ပြန်ကြားရေး ဝန်ကြီးဌာန၊ သတ္တုတွင်း ဝန်ကြီးဌာနတွေရဲ့ ယခင်က အလွဲသုံးစားမှုတွေကို ဒီနှစ် လွှတ်တော်ထဲမှာ စာရင်းစစ်ချုပ်ရုံးက စာရင်းအင်းနဲ့ တင်ပြခဲ့ပါတယ်။ အဲဒီမှာ တခုပြောစရာရှိတာက စာရင်းစစ်ချုပ်ဟာ စစ်အစိုးရလက်ထက်မှာရော အခု အစိုးရလက်ထက်မှာရော သူပဲ တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။
လွှတ်တော်တွင်းမှာ ဝန်ကြီးတွေရဲ့ လာရောက် အစီရင်ခံမှုအပေါ် ဖြေကြားရင်း ပေါ်ပေါက်လာတဲ့ ဌာနတွင်း အဂတိကိစ္စ၊ ဘတ်ဂျက်ကွာဟမှုကိစ္စဟာ မီဒီယာမှာပါလာခဲ့ပါတယ်။ မကြာသေးမီက သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ပြည်ထောင်စုအဆင့် ဝန်ကြီးတွေကို လွှတ်တော်က ဒီလို ဆင့်ခေါ်ပြီး မရှင်းလင်းခိုင်းနိုင်အောင် လွှတ်တော်ကော်မတီတွေရဲ့ လုပ်ပိုင်ခွင့်တွေကို ကန့်သတ်ဖို့ လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။
ဒီလို လူမှားနေရာမှား ဖြစ်နေတယ်လို့ ဝေဖန်ခံနေရတဲ့ ဒီဝန်ကြီးတွေ အခုထိ သူတို့ရဲ့ ထိုင်ခုံတွေမှာ ဆက်ထိုင်နေတာ တွေ့ရတုန်းပါပဲ။ သမ္မတ ဦးသိန်းစိန်က ကြီးမားတဲ့ ရာထူးအပြောင်းအလဲတွေလုပ်ဖို့အတွက် ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ချက် ချရဲပုံ မပေါ်ပါဘူး။
တချို့အရာရှိတွေကလည်း ကျနော့်ကို တီးတိုးလာပြောတာတွေ ရှိပါတယ်။ စက်မှုဝန်ကြီး ဦးစိုးသိန်းကတော့ အလုပ်လုပ်တာ တော်ပါတယ်တဲ့။ သူ့ကိုတော့ သမ္မတက ဆက်ထားမှာပါတဲ့။ ဒါပေမယ့် နောက်ဝန်ကြီးတပါး (နာမည်တော့ မပြောတော့ပါ) ကတော့ အရင် စစ်အစိုးရ လက်ထက်ကတည်းက တပ်ချုပ်ကြီးရဲ့ လူဆိုတော့ ဦးသိန်းစိန်က ဒီဝန်ကြီး အလုပ်မဖြစ်ဘူး၊ လူမှား နေရာမှားဆိုတာ သိသိကြီးနဲ့ မဖြုတ်ရဲဘူး ဖြစ်နေတယ်တဲ့။
ဒါဆိုရင်တော့ သမ္မတဦးသိန်းစိန်က တချို့ကိစ္စတွေမှာတော့ အမွေပြတ်ကြေညာဖို့ လိုနေတာပေါ့လို့ ကျနော်က ပြန်ပြီး နောက်ခဲ့ပါတယ်။
ကျနော် ပြောချင်တဲ့ အနှစ်ချုပ်ကတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလမှာ ချောချောမွေ့မွေ့ဖြစ်ဖို့ အစိုးရအတွင်း လူမှန် နေရာမှန် ရှိဖို့ အရေးကြီးတယ် ဆိုတာပါပဲ။ ။