နှစ်သစ်သို့ ကူးပြောင်းဝင်ရောက်မည့် မြန်မာ့ရိုးရာ သင်္ကြန်ကာလသို့ ရောက်ရှိလာပေပြီ။ မြန်မာနိုင်ငံအဖို့ နှစ်ဟောင်း မှ သာမက ခေတ်ဟောင်းမှ အညစ်အကြေးများ၊စနစ်ဟောင်းများကိုပါ ဆေးကြော ချန်ထားခဲ့ရမည့် နှစ်သစ်ကူးဖြစ်သည်။ ဆယ်စုနှစ်ချီ ကြာမြင့်ခဲ့သော စစ်အုပ်ချုပ်ရေးမှသည် ဒီမိုကရေစီအုပ်ချုပ်ရေးဘက်သို့ အသွင်ကူးပြောင်းသည့် နှစ်သစ်ကာလဖြစ်သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် လွှတ်တော်တွင်းသို့ ရောက်ရှိတော့မည်။ နှစ်သစ်မကူးမီ ယခုရက်ပိုင်းအတွင်းကပင် ရခိုင်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့နှင့် သမ္မတဦးသိန်းစိန် အစိုးရတို့ ငြိမ်းချမ်းရေးအတွက် ကနဦးအဆင့် အောင်အောင်မြင်မြင် တွေ့ဆုံ ဆွေးနွေးနိုင်ခဲ့ကြသည်။
မြန်မာ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများအပေါ် နိုင်ငံတကာက အားပေးခဲ့ကြပြီး ဥရောပသမဂ္ဂနှင့် အမေရိကန်တို့ ပိတ်ဆို့မှုတချို့အား ဖယ်ရှားပေးခဲ့ကြသည်။ တနှစ်အတွင်း လျင်မြန်သော ပြောင်းလဲမှုများက မြန်မာပြည်ကိုရော သမ္မတ ဦးသိန်းစိန် အစိုးရကို ဒေသတွင်းတွင် ပြန်လည် မျက်နှာပွင့်စေခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုများ အနှေးနှင့် အမြန် မြန်မာနိုင်ငံသို့ ဝင်လာရန်ရှိနေပြီး မြန်မာ့စီးပွားရေး ဦးမော့လာမည်ဟု မျှော်လင့်ရသည်။
ယင်းကဲ့သို့ အပြုသဘောဆောင်သည့် ပြောင်းလဲမှုများ ပေါ်ပေါက်နေချိန်တွင် သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့အနေဖြင့် လုပ်ဆောင်စရာများစွာလည်း ကျန်ရှိသေးသည်။
နိုင်ငံရေးဘက်တွင် အစိုးရအနေဖြင့် ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ လွှတ်ပေးရေး၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ထာဝရငြိမ်းချမ်းရေးရရှိရန် ထူထောင်ရေး၊ နယ်စပ်ဒေသတလျှောက်ရှိ ဒုက္ခသည်များ စိတ်ချလုံခြုံစွာ အိမ်ပြန်နိုင်ရေးတို့ ဖြစ်သည်။
စီးပွားရေးအပိုင်းတွင် ယခင်စစ်အစိုးရလက်ထက်က ကျင့်သုံးခဲ့သော လက်ဝါးကြီးအုပ်မှု၊ လက်သင့်ရာ စားတော်ခေါ်မှုများ လျှော့ချရေး၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ လာရောက်ခွင့်သာအောင် ဥပဒေစည်းမျဉ်းများ ပြဌာန်းရေး၊ အကျင့်ပျက်ခြစားမှုများ ထိရောက်စွာ တိုက်ဖျက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးတို့ လုပ်ဆောင်ရန်လည်း ရှိနေသည်။
နှစ်သစ်မှစ၍ အစိုးရ၊ အာဏာရပါတီဖြစ်သော ကြံ့ခိုင်ရေးပါတီ၊ အတိုက်အခံဖြစ်သော NLD ပါတီတို့ မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် လူထုအကျိုးကို ရှေးရှု၍ ညှိနှိုင်းလုပ်ဆောင်သွားရန် တိုက်တွန်းလိုပါသည်။
၁၃၇၃ ခုနှစ်မှ ၁၃၇၄ ခုနှစ်သို့ ကူပြောင်းလာသည့် မြန်မာ့နှစ်သစ်တွင် ဖွွံ့ဖြိုးတိုးတက်ရန် အားယူနေသည့် မြန်မာပြည် ပြန်လည်ထူထောင်ရေးအတွက် တတပ်တအား ပါဝင်နိုင်ကြစေရေး စာဖတ်ပရိသတ်များအနေဖြင့် ကိုယ်ကျန်းမာ၍ စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ကြပါစေဟု ဧရာဝတီဝိုင်းတော်သားများက ဆုမွန်ကောင်း တောင်းအပ်ပါသည်။