ယခုနှစ် သင်္ကြန်တွင် နှစ် ၂၀ ကျော် ပိတ်ပင်ခံခဲ့ရသည့် မြန်မာ့ ရိုးရာ သင်္ကြန်သံချပ် သံများ ပြန်လည်ကြားရတော့မည် ဟူသော သတင်းများ၊ သံချပ် လှုပ်ရှားမှုများကိုကြားသိနေရသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီး မတိုင်ခင် ကာလများက သင်္ကြန် ကာလများတွင် ဆိတ်ပါးစပ်နှင့် နတ်မျက် စိ ဟူသော သံချပ်အဖွဲ့တွင် ဦးဆောင်ပါဝင်သူ တဦးလည်းဖြစ်ပြီး သင်္ကြန်ကို ချစ်မြတ်နိုးသူ တဦးလည်းဖြစ်၊ သင်္ကြန် သံချပ်များ ကိုယ်တိုင်ရေးစပ်၊ သရုပ်ဆောင်၊ သရုပ်ဖော်မှုများ လုပ်ခဲ့သူလည်းဖြစ်သည့် ကိုပေါ်ဦးထွန်း ခေါ် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အနေဖြင့် သင်္ကြန်နှင့် သံချပ်အပေါ် မည်သို့ ခံစားရသည်ကို စိတ်ဝင်စား မိသည်။
အကျဉ်းထောင်များထဲ၌ နှစ်များစွာ ဖြတ်သန်းခဲ့ရသည့် ကိုမင်းကိုနိုင်သည် သင်္ကြန် ကာလများရောက်တိုင်း ထောင်နံရံများနှင့် စိတ်နှလုံးသား နံရံများပေါ်တွင်သာ သင်္ကြန် သံချပ်များကို ကြိမ်ဖန်များစွာ ရေးဖွဲ့ သရုပ်ဖော်ရင်း ဖြတ် သန်းခဲ့ရ သူ ဖြစ်သည်။
ထို့ကြောင့် တချိန်က သံချပ်သမားတဦးအဖြစ် သံချပ်ကိုချစ်မြတ်နိုးသူ ကိုမင်းကိုနိုင်အား သင်္ကြန်နှင့်သံချပ်ဆိုင်ရာ ခံစားမှုများကို ဧရာဝတီ သတင်းထောက် လင်းသန့်က ဆက်သွယ်မေးမြန်း ဖော်ပြလိုက်ပါသည်။
မေး။ ။ သင်္ကြန်နဲ့ သံချပ်သမားဟာ ခွဲမရဘူးလို့ဆိုကြတယ်။ တချိန်က သံချပ်သမားတယောက်အနေနဲ့ သင်္ကြန်နဲ့ကင်းကွာခဲ့ရတာ ဘယ်လောက်ကြာပြီလဲ ခင်ဗျ။
ဖြေ။ ။ ခွဲမရဘူးသာ ဆိုတယ်ဗျာ။ ခွဲထား ခံခဲ့ရတာ အနှစ် ၂၀ ကျော်တောင် ခွဲထားခဲ့ပြီးပြီပဲ။
မေး။ ။ ။ ကိုမင်းကိုနိုင်အနေနဲ့ နှစ်ပေါင်းများစွာ အကျဉ်းထောင်ထဲမှာ နေလာခဲ့ရတယ်။ မကြာခင်မှာလည်း သင်္ကြန် ကာလ ရောက်တော့မယ်ဆိုတော့ တချိန်က သင်္ကြန်၊ အခု သင်္ကြန်နဲ့ အကျဉ်းထောင်တွေထဲတုန်းက သင်္ကြန် တွေအပေါ် ဘယ်လို ခံစားရလဲ။
ဖြေ။ ။ တကယ်ကတော့ဗျာ။ သင်္ကြန်မှာတော့ ကျနော်က လိုချင်တာက ပိတောက်ရနံ့တွေ၊ မုန့်လုံးရေပေါ်တွေ တင် မက ဘူး။ ဒီထက် အဓိက အရေးအကြီးဆုံးက သံချပ် အသံတွေပဲ။ ဒါက ပြည်သူလူထုရဲ့ ဘဝတွေ၊ ပြည်သူလူထု တနှစ်တာလုံး လုံး ခံစားခဲ့သမျှကို ဖော်ထုတ်တဲ့ သံချပ်တွေမပါဘဲနဲ့တော့ သင်္ကြန်ဟာ မပြည့်စုံဘူးလို့ပဲ ခံစားရတယ်။ ကျနော့် အနေနဲ့ ထောင် ထဲမှာပဲ ဖြစ်ဖြစ်၊ ထောင်ပြင်မှာပဲ ဖြစ်ဖြစ်ပေါ့ဗျာ။ သံချပ်ဆိုတာ ပြည်သူ့ဘ၀ ရင်ခုန်သံပဲ။ ကျနော်တို့ မီလိုက်မိသမျှကာလ တလျှောက်လုံး သင်္ကြန်ဟာ သံချပ်မပါရင် အသက်ဝိညာဉ် မပါသလိုဖြစ်နေတာပေါ့။ ပြည်သူရဲ့ ဘ၀ ကြေးမုံ အသံ မပါဘဲနဲ့ သင်္ကြန်ဟာ ဘယ်လိုလုပ် အသက်ဝင်မှာလဲ။
မေး။ ။ ကိုမင်းကိုနိုင်ရဲ့ သံချပ်လက်ရာများကို ဒီနှစ် သင်္ကြန်မှာ ကြားရနိုင်ပါသလား၊။
ဖြေ။ ။ ကျနော် ကိုမေတ္တာတို့ ဇာတ်တိုက်နေတဲ့နေရာကို ရောက်ခဲ့တယ်။ ကျနော် ကြည့်လည်း ကြည့်ခဲ့တယ်။ အားလည်း ပေးခဲ့တယ်။ သင်္ကြန်သမားအဟောင်းတွေ အများကြီးနဲ့တွေ့ပြီး နှုတ်ဆက်ခဲ့သေးတယ်ဗျာ။ အဲဒီမှာ သတင်းစာရှင်းလင်းပွဲ သဘောမျိုး သူတို့လုပ်တာ။ အခု အောင်မြင် ထင်ရှားနေတဲ့ ပုဂ္ဂိုလ်တွေဖြစ်တဲ့ ကုသိုလ် ပါတယ်ဗျာ၊ ဆရာဗေလုဝတို့ ပါတယ် ဗျာ။ နောက် ကိုအရိုင်းတို့ ပါတယ်ဗျာ။ အဲဒီလိုပေါ့ ထင်ရှားတဲ့ သူတွေက သင်္ကြန်ကို တခေတ် ဆန်းအောင်၊ တချိန်က ဒီအခွင့် အရေးတွေ ရှိခဲ့တယ်ဆိုတာ ပြည်သူတွေ သိအောင် သူတို့ စီစဉ်နေကြတာ။ ကျနော်ကတော့သွားပြီး အားပေးတာ။ အဟောင်းတွေ အသစ်ဖြစ်အောင်လို့ သွားပြီးတော့ အားပေးအဆင့်ပဲ တတ်နိုင်ခဲ့တယ်။ ကျနော် ကိုယ်တိုင်ထောင်ထဲတုန်းက ရေးခဲ့တဲ့ သံချပ်တွေက အခုခေတ်နဲ့ သိပ်ပြီးမလျော်ညီတော့ဘူးဗျ။ ထောင်ထဲမှာ တုန်းက သတိရတိုင်း နှလုံးသားနဲ့ သံချပ် ရေးဖြစ်ခဲ့တယ်။ ဒီနှစ်တော့ ကျနော့် လက်ရာ အသစ်တော့ ရှိမှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ထောင်ထဲမှာရေးခဲ့တာ တွေ က အရင်က အဟောင်းတွေ ဖြစ်နေတာကြောင့်ပါ။
မေး။ ။ အခု သံချပ် အသစ်တွေ ဖတ်ကြည့်ဖြစ်လား။ သံချပ်မှာ ဘာတွေ အရေးကြီးတယ်လို့ သတ်မှတ်လဲ။
ဖြေ။ ။ ကျနော့်ဆီပို့လာတဲ့ သံချပ်တွေဖတ်ဖြစ်တယ်။ ကြိုးစားရေးစပ်ထားတာ တွေ့ရတယ်။ တကယ်တော့ သံချပ် ဆိုတာ စာသားနဲ့တင် လုံလောက်တာ မဟုတ်ဘူးဗျ။ သရုပ်ဆောင်ရဲ့ကျွမ်းကျင်မှုက အဓိက ကျတယ်ဗျာ။ ဥပမာ ကျနော် ပြောပါ့မယ် ဗျာ။ စာသားထဲမှာ နိုင်ငံတော်အစိုးရကြီးရဲ့ ကျေးဇူးက ကြီးလိုက်တာလို့ ရေးထားမယ်ဗျာ။ ဒါပေမယ့် အဲဒါကိုပဲ သရုပ် ဆောင်တဲ့သူက မျက်နှာပေးက အင်မတန်အရေးကြီးတယ်ဗျ။ သူ့ရဲ့ မျက်နှာပေးက မဲ့ကာ ရွဲ့ကာနဲ့ လုပ်ပြနေလို့ ရှိရင် အဓိပ္ပာယ်က တမျိုးရောက်သွားရောလေ။ သံချပ်ဆိုတာမျိုးက စာသားနဲ့ ရေးရုံတင် လောက်နဲ့က အရသာကို အကုန်ပေါ်မှာ မဟုတ် ဘူး။ သရုပ်ဆောင်တဲ့သူတွေ၊ သရုပ်ဖော်တဲ့သူတွေရဲ့ စွမ်းရည်ပေါ်တော့ အင်မတန် မူတည်နေတယ်။
မေး။ ။ သံချပ်ဆိုတာ မြန်မာနိုင်ငံရဲ့ နှစ်သစ်ကူး တိုင်းမှာ ပြည်သူ့ ဘ၀ ကြေးမုံပြင် တချပ်ထက် ပိုလား။
ဖြေ။ ။ ကြေးမုံပြင် တချပ်ထက် မကပါဘူး။ ကြေးမုံပြင်က အရုပ်ပဲ မြင်ရမှာဖြစ်တယ်။ အခုဟာက အသံတွေပါ ပါတယ်။ အနံ့တွေပါ ပါတယ်။ ပြည်သူတွေရဲ့ ချွေးနံ့တွေလည်း ပါတယ်။ ပြည်သူတွေနေ့တိုင်း နေ့စဉ် လှုပ်ရှားရုန်းကန်ရတဲ့ဘဝကို ပြ တာဗျ။ အထူးသဖြင့် ကျနော်ပြောချင်တာက ဟိုးထိပ်ပိုင်းက လူ့မလိုင်တွေ မပါပါဘူးဗျာ။ အောက်ခြေ ဘတ်စ်ကား တိုးစီးရတဲ့ ပြည်သူတွေရဲ့ ကားအိတ်ဇောက ထွက်တဲ့အနံ့တွေ ပါတယ်ဗျာ။ ချွေးနံ့တွေ၊ မီးခိုးနံ့တွေ၊ စားအုန်းဆီတွေ၊ အချိုမှုန့်နဲ့ ဟင်းကောင်း နေစဉ်မစားရတဲ့ ပြည်သူတွေရဲ့ မျက်နှာ ဖောယောင်ယာင် ပုံရိပ်တွေလည်း ပါတယ်ဗျာ။ သင်္ကြန်မှာတော့ဗျာ ပြည်သူ့တွေရဲ့ ဘဝကို သံချပ်တွေနဲ့ အသက်ဝင်ပြီး ပေါ်လွင်စေချင်တယ်ဗျာ။
မေး။ ။ ဒီလို ပြည်သူ့ဘဝကို ပေါ်လွင်တဲ့သံချပ်တွေကို ရှေးမြန်မာမင်းများ လက်ထက် က သေချာနားထောင်ပြီး ပြုပြင်ပြောင်း လဲ ဖြည့်ဆည်းပေးစရာတွေကိုလည်း လုပ်ကိုင်ပေးခဲ့တဲ့ သမိုင်းတွေ ရှိခဲ့တယ်။ အခုလို ဒီမိုကရေစီကို သွားနေတဲ့ ကာလ မှာ ဒီလို သံချပ်တေ ွနားထောင်ပြီး ပြုပြင်ဖြည့်ဆည်းပေးမယ့် အလားအလားကိုများ မြင်မိလား။
ဖြေ။ ။ အခုတော့ သံချပ်ကို ဒီနှစ် စပြီးခွင့်ပြုပြီ ပြောတာ ကြားတယ်။ ဘယ်လောက်ခွင့်ပြုမလဲ။ ပြီးတော့ အဲဒီသံချပ်ကို နားထောင်ပြီး ပြည်သူတွေအတွက် ဘာတွေ ဘယ်လို ပြုပြင်ဖြည့်ဆည်းပေးမလဲ သင်္ကြန် အပြီးမှာတော့ ဆက်ကြည့် ရတာ ပေါ့ဗျာ။ သင်္ကြန်မှာ သံချပ်ဆိုတာ တချိန်က ပြည်သူတွေရဲ့ အခွင့်အရေးဆိုတာ ရှိခဲ့တယ်။ ဒါကြောင့် အားလုံးက ဒါကို ဖော် ထုတ်ကြပါလို့ ကျနော်တို့က တွန်းအားပေးချင်တာပဲ။ ။