ဧပြီလ ၆ ရက်နေ့မှာ ကရင်အမျိုးသား အစည်းအရုံး (KNU) နဲ့ မြန်မာအစိုးရ ဒုတိယအကြိမ်မြောက် ဆွေးနွေးပွဲကို အဆုံးသတ်ခဲ့ပြီး အပစ်အခတ်ရပ်စဲရေး ပထမအဆင့်ကိုဘယ်လိုအကောင်အထည်ဖော်မယ် ဆိုတာနဲ့ပတ်သက်လို့ အသေးစိတ်သဘောတူညီချက် တခုကို လက်မှတ်ရေးထိုးခဲ့ပါပြီ။
နှစ်ဖက် ကိုယ်စားလှယ်များ အားလုံး အပြုံးကိုယ်စီနဲ့၊ ဆွေးနွေးပွဲအပေါ်မှာလည်း အပြုသဘော အမြင်ကိုယ်စီနဲ့ တွေ့ခဲ့ကြရတယ်။ ဧပြီလ ၇ ရက်နေ့မှာ KNU အထွေထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်မှာ လက်ခံတွေ့တုန်းက သမ္မတ ဦးသိန်းစိန်က KNU အပေါ်ထားတဲ့သဘောထား ပြောင်းလဲသွားပြီဆိုတာ ထုတ်ပြောခဲ့ပါတယ်။ ဒီလိုသာဆို အမည်ခံအရပ်သားအစိုးရကို ဦးဆောင်နေတဲ့ ဗိုလ်ချုပ်ဟောင်းတွေအကြား အပြောင်းအလဲကို လိုလားတဲ့စိတ် ရုတ်ချည်း ပေါ်လာတဲ့ပုံပါပဲ။ ငြိမ်းချမ်းရေး ရတော့မယ်၊ မြန်မာနိုင်ငံသားတွေအတွက် အချိန်ကောင်းတခု စောင့်နေပြီ စသဖြင့် လူတိုင်း ရင်ထဲ ရှိလို့လာပြီပေါ့။
ဒါပေမယ့် လက်ရှိဖြစ်စဉ်မှာ အဓိကပါဝင်နေသူတွေကို အနီးကပ်ကြည့်မယ်ဆိုရင်တော့ တမျိုးကွဲပြားသွားပြန်ပါတယ်။
ပထမဦးဆုံးအချက်အဖြစ် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ မီးရထားဝန်ကြီး ဦးအောင်မင်း အပြင် အစိုးရ ကိုယ် စားလှယ်အဖွဲ့ထဲမှာ စွမ်းအင်ဝန်ကြီး၊ စက်မှုဝန်ကြီးအပြင် လျှပ်စစ်ဝန်ကြီးတို့ ပါဝင်တာကို တွေ့ရပါတယ်။ ဒီအချက်ကို ကြည့်တာနဲ့ အစိုးရဟာ ထာဝရငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဂုဏ်သိက္ခာရှိတဲ့ လုပ်ငန်းစဉ်တခု ရရှိရေးထက် ရေ ကာ တာ တွေ၊ ရေနက်ဆိပ်ကမ်း ပရောဂျက်တွေအပေါ် ပိုစိတ်ဝင်စားတယ်လို့ ကရင်ပြည်သူတွေ ထင်စရာဖြစ်လာပါတယ်။ စိုးရိမ်ချက်က ကရင်ပြည်နယ်အတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အောက်မှာ ကရင့်လက်နက်ကိုင်လှုပ်ရှားမှုကို ပိုင်ပိုင်နိုင်နိုင် ထိန်း ချုပ်ထားပြီး အစိုးရက အကြီးစားဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အဟန့်အတားမရှိ လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့် ရသွားမှာပဲ ဖြစ်ပါတယ်။
ဒုတိယအချက်က အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေးသမားတွေ၊ ပညာရှင်တွေ ဦးဆောင်ထားတဲ့ Egress လို့ ခေါ်တဲ့ ပြည်တွင်း NGO တခုကို တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်မှာ လုပ်ငန်းခွဲဝေပေးတဲ့ အစိုးရရဲ့ မဟာဗျူဟာ ဖြစ်ပါတယ်။
ပြည်တွင်းမှာ တရားဝင် မှတ်ပုံတင်ထားပြီး အခြေခိုင်နေပြီဖြစ်တဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်း Egress ရဲ့ ရည်မှန်းချက် တခု ဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး တည်ဆောက်ဖို့လို့ ဆိုပါတယ်။ အစိုးရနဲ့ ကရင်အမျိုးသား အစည်းအရုံးအကြား ယာယီ ကြားဝင် စေ့ စပ်သူအဖြစ် လုပ် ဆောင်ရင်း အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်မှာ လ အတန်ကြာ ပါလာနေခဲ့ပါတယ်။ Egress ရဲ့ အထင်ကရ ပုဂ္ဂိုလ်တချို့ဟာ ဦးအောင်မင်း KNU နဲ့ လာတွေ့တဲ့အခါတိုင်း ပုံမှန် ပါလာပါတယ်။ ဒီလူတွေဟာ ကြားဝင်ဖြန်ဖြေသူတွေလား ဒါမှမဟုတ် စေ့စပ်ဆွေးနွေးသူတွေလား။
သူတို့ရဲ့လုပ်ပိုင်ခွင့်ဟာ ရှင်းရှင်းလင်းလင်း (ဝါ) တရားဝင် ရှင်းလင်းထားခြင်း မရှိပေမယ့် KNU နဲ့ တွေ့ဆုံဆွေးနွေးရေးပွဲတွေမှာ သူတို့တွေ ပါဝင်နေခြင်း၊ ဝင်ရောက်ပြောဆိုခြင်းကိုတော့ ထင်ထင်ရှားရှား မြင်တွေ့ရပါတယ်။ ဒါကြောင့် နေပြည်တော်က အပစ် အခတ် ရပ်စဲရေးကို ရုတ်တရက်ကြီး ထလိုချင်တဲ့ နောက်ကွယ်မှာ စီးပွားရေးအကြောင်းရင်းခံတွေ ရှိနေရမယ်ဆိုတဲ့ အမြင်တခု မြန်မာနိုင်ငံတွင်းနှင့် ပြည်ပရောက် ကရင်လူထုအကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ရှိလာနေပါတယ်။
တတိယအနေနဲ့ အစိုးရဟာ အပစ်ရပ်လုပ်ငန်းစဉ်အတွက် ပြင်ပစီးပွားရေးအသိုင်းအဝန်းဆီက အကူအညီ ရယူမှု၊ အတိအကျပြော ရမယ်ဆိုရင် KNU ထိန်းချုပ်ဒေသအတွင်း ဒေါ်လာ ဘီလီယံ ချီတဲ့ ဖွံ့ဖြိုးရေးစီမံချက်တွေမှာ ရင်းနှီးမြုပ်နှံလိုတဲ့ ဒေသခံစီးပွားရေး သမားတွေရဲ့ ပါဝင်လာမှုကလည်း အရေးကြီးပါတယ်။
ထားဝယ်မင်းသမီး ကုမ္ပဏီရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးငွေစိုးရဲ့ အနေအထားကို ထောက်ပြရမှာပါပဲ။ ထားဝယ်မင်းသမီး ကုမ္ပဏီဟာ ထိုင်းနိုင်ငံက ငွေကြေးအကူအညီပေးတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ အမြောက်အမြား ရင်းနှီးမြုပ်နှံထားတဲ့အပြင် KNU နဲ့ ဝန်ကြီး ဦးအောင်မင်း ဆက်သွယ်တဲ့အခါမှာလည်း ဦးအောင်မင်းအတွက် သတင်းအချက်အလက်ပေးရာ လမ်းကြောင်း တခုအဖြစ် ထဲထဲဝင်ဝင် ပါဝင်နေပါတယ်။
အကျိုးအမြတ်တွေ အရယူဖို့ စောင့်ဆိုင်းနေတဲ့ စစ်အစိုးရနဲ့ နီးစပ်သူ စီးပွားရေးသမားတွေရဲ့ ကန်လန့်ကာနောက်ကွယ်က ပါဝင်မှုတွေကြောင့် KNU ကိုယ်စားလှယ်များအကြား တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး စိတ်ကသိကအောင့် အများကြီး ဖြစ်ခဲ့ ရပါတယ်။
ဘယ်လိုပဲဆိုဆို အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်က လက်မှတ်ရေးထိုးပြီးသွားပြီ။ သဘောတူညီချက်ပါ ၁၁ ချက်အနက် ၆ ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်မယ်လို့ နှစ်ဖက်စလုံးက ကတိကဝတ်ပြုပြီးသွားပြီ။ အဲဒီအထဲမှာ တတိုင်းပြည်လုံး အပစ် အခတ်ရပ်စဲဖို့၊ အရပ်သားပြည်သူတွေကို အနိုင်ကျင့်ခြိမ်းခြောက်တာ မလုပ်ရန် အာမခံဖို့၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စောင့်ကြည့် လေ့ လာရေး တည်ထောင်ဖို့တွေ ပါပါတယ်။
သို့သော် အသစ်ကျပ်ချွတ် အပစ်အခတ်ရပ်စဲရေးရဲ့ နုနယ်မှု၊ နောက်ကြောင်းပြန်နိုင်မှုတွေကိုတော့ လျစ်လျူရှုမရပါ။ ကချင်လွတ် လပ်ရေးအဖွဲ့(KIO) နဲ့ အစိုးရရဲ့လက်မှတ်ရေးထိုး အပစ်ရပ်သဘောတူညီချက်ဟာ ၁၄ နှစ်ကြာပြီးတဲ့နောက် ပြီးခဲ့တဲ့ ဇွန်လမှာ ပျက် ပျယ်သွားခဲ့တဲ့အချက်က ကျနော်တို့အတွက် သတိထားစရာ အချက်တချက်ပါ။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် အဓိက အချက်ဟာ နိုင်ငံရေးအရ အဖြေတခု ရယူနိုင်ခြင်း ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကတိ ကဝတ်တွေပေးတာနဲ့တော့ မလုံလောက်ပါဘူး။ အကြိတ်အနယ်ဆွေးနွေးရမယ့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေ မစရသေးပါဘူး။
နှစ်ဖက်စလုံးမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်လို့ အခြေခံကွဲလွဲချက်တွေ ရှိနေပါသေးတယ်။ KNU ရဲ့ မြန်မာနိုင်ငံ အတွင်း ပဋိပက္ခဖြေရှင်းရေး အမျိုးသားရေး ရည်မှန်းချက်မှာ အပစ်အခတ်ရပ်စဲရေး၊ ထိန်းချုပ် ဒေသအတွင်းမှ အစိုးရတပ်များ ပြန် လည် ရုပ်သိမ်းရေးတို့ ပါပါတယ်။ တွေ့ဆုံဆွေးနွေးရေးဟာ လွှတ်တော် ပြင်ပမှာ ဖြစ်ဖို့ နဲ့ ကရင်ပြည်နယ်အတွင်း သဘာ၀ ပတ် ဝန်းကျင်ကို မထိခိုက်စေတဲ့ ရေရှည်ခံ ဖွံ့ဖြိုးတိုးတက်မှုတို့ကိုလည်း အခြေခံပါတယ်။ အစိုးရဘက်ကို ကြည့်မယ်ဆိုရင်တော့ သူ့ ကိုယ်ပိုင် လမ်းပြမြေပုံကိုပဲ တွန်းတွန်းတိုက်တိုက်လုပ်နေပြီး အရင်အပစ်ရပ်၊ ပြီးရင် နိုင်ငံရေးအရ ဖြေရှင်းမှုမပါတဲ့ ပြည်နယ်ဖွံ့ဖြိုးရေး လုပ်၊ ရွေးကောက်ပွဲနဲ့ လွှတ်တော်ကတဆင့် နိုင်ငံရေးလုပ်ငန်းစဉ်ထဲ ပါဝင် စတဲ့လုပ်ငန်းစဉ်တွေ ပါတဲ့ မူကို ဆက်ကိုင်ထားပါတယ်။ ဒါကြောင့် နောက်တဆင့် စေ့စပ်ဆွေးနွေးရေး ခရီးဟာ ကြမ်းတမ်းမယ် ဆိုတာကို မျှော်လင့်ထားနိုင်ပါတယ်။
လက်ရှိ နုနယ်သေးတဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်ကနေ ကရင်နဲ့ မြန်မာနိုင်ငံသားတွေ အတွက် ထာဝရ ငြိမ်းချမ်းရေးကို အရယူမယ်ဆိုရင် သမ္မတ ဦးသိန်းစိန်နဲ့ သူ့ရဲ့ ပြုပြင်ပြောင်းလဲရေး သမားတွေအနေနဲ့ Egress ရဲ့ ကြားဝင် ညှိနှိုင်းရေး အခန်းကဏ္ဍကို သမာသမတ်ကျကျ ဘက်လိုက်မှု ကင်းကင်းနဲ့ ရှိအောင် လုပ်ဖို့ လိုအပ်ပါတယ်။ တွေ့ဆုံဆွေးနွေးပွဲတွေမှာ ဝင်ပါနေတဲ့ စီးပွားရေး သမားတွေရဲ့ အကျိုးစီးပွားမျှော်ကိုးမှုကိုပါ နည်းသည် ထက်နည်းအောင် လုပ်သင့်ပါတယ်။ ဒီလိုမလုပ်နိုင်ဘူးဆိုရင်တော့ လက်ရှိငြိမ်း ချမ်းရေး လုပ်ငန်းစဉ်ဟာ လမ်းကြောင်းပြောင်း သွားနိုင်တဲ့အပြင် ထာဝရတည်တံ့စေမယ့် သာယာဝပြောမှု ရနိုင်စေရေးအတွက်ပါ အဓိက အနှောင့် အယှက်တခု ဖြစ်သွားစေနိုင်ပါတယ်။ ထာဝရငြိမ်းချမ်းရေး မရှိဘူးဆိုရင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကလည်း ရွှေပြည်တော် မျှော်တိုင်းဝေးနေဦးမှာပဲ ဖြစ်ပါတယ်။
စောကပိသည် လက်ရှိအချိန်တွင် ဘိတ်ကာဖီး၊ ကာလီဖိုးနီးယား ပြည်နယ် တက္ကသိုလ်တွင် တက္ကသိုလ်စီမံခန့်ခွဲရေး တာဝန်ဖြစ် သော ကျောင်းသား လက်ခံခြင်းနှင့် မှတ်တမ်းပြုစုခြင်း ဒါရိုက်တာအဖြစ် အလုပ်လုပ်ကိုင်နေပါသည်။ စာရေးသူ၏ The Economic Forces at Work Behind the Karen Ceasefire ကို သင့်လျော်အောင် ဘာသာပြန်ဆို ဖော်ပြပါသည်။