ဂျပန်နိုင်ငံသို့ ၂၈ နှစ်တာအတွင်း ပထမဆုံးအကြိမ် မြန်မာ အဆင့်အမြင့်ဆုံး နိုင်ငံခေါင်းဆောင် တယောက်၏ ၅ ရက်ကြာ ခရီးစဉ်အဖြစ် သမ္မတ ဦးသိန်းစိန် ရောက်ရှိနေသည်။ဤခရီးစဉ်သည် ပြုပြင်ပြောင်းလဲမှုများ စလုပ်နေသည့် နေပြည်တော် အစိုးရ၏ နိုင်ငံတကာ ဆက်ဆံရေးနှင့် နိုင်ငံ့ဖွံ့ဖြိုးရေးအတွက် အရေးပါသောခရီးစဉ် ဖြစ်သည်။
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်တို့ တက်ရောက်သည့် ဂျပန်နှင့် မဟာမဲခေါင်နိုင်ငံများ၏ ထိပ်သီးအစည်းအဝေးကို သမ္မတ ဦးသိန်းစိန် တက်ရောက်ရင်း ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒနှင့် တွေ့ဆုံမည်ဖြစ်သည်။ ဂျပန်ဝန်ကြီးချုပ်နှင့် ဆွေးနွေးမည့် အဓိကကိစ္စများတွင် မြန်မာက ဂျပန်အပေါ် ပေးရန်ရှိနေသည့် အကြွေးများ လျှော်ပစ်ရေးနှင့် မြန်မာ့ဖွံ့ဖြိုးရေးအတွက် ဂျပန်ထံမှ နေက်ထပ်ချေးငွေ အကူအညီများ ရရှိရေးတို့ ပါဝင်သည်။
ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို ၁၉၆၇ ခုနှစ်မှ ၁၉၈၇ ခုနှစ်အတွင်း ယန်းငွေ ၄၀၃ ဘီလီယံ (အမေရိကန် ဒေါ်လာ ၄.၉ ဘီလီယံ) ထုတ်ချေးခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အဆိုအရ သိရသည်။ ဂျပန်သတင်းစာတစောင်ဖြစ်သော အဆာဟိရှင်ဘွန်း၏ အဆိုအရ ယန်း ၃၀၀ ဘီလီယံ (အမေရိကန် ဒေါ်လာ ၃.၇ ဘီလီယံ) ခန့်ကို ဂျပန်အစိုးရက လျော်ပစ်ဖွယ်ရှိကြောင်း ရေးသားထားသော်လည်း ဂျပန်အစိုးရအရာရှိများကမူ မှတ်ချက်တစုံတရာ မပေးသေးပေ။ သို့သော် ဂျပန်အစိုးရအနေဖြင့် သမိုင်းကြောင်းအရ၊ ပထဝီနိုင်ငံရေးအရ အရေးပါသော မြန်မာနှင့် ဆက်ဆံရေးကို ပြန်ကောင်းအောင်လုပ်ဆောင်မည်ဟု ယူဆရသည်။
မြန်မာနိုင်ငံတွင် ၁၉၈၈ သွေးချောင်းစီး သတ်ဖြတ်မှု၊ ၂၀၀၃ ခုနှစ် ဒီပဲယင်း အကြမ်းဖက်လုပ်ကြံမှုများ ဖြစ်ပေါ်ပြီးနောက် ဂျပန်က အကူအညီ အထောက်အပံ့ အများစုကို ရပ်ဆိုင်းခဲ့သည်။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွင်လည်း ဂျပန် ဓာတ်ပုံသတင်းထောက် ခန်ဂျိနာဂအိ ရန်ကုန်မြို့တွင် သေနတ်ကျည်ဆန် ထိမှန်သေဆုံးခဲ့သဖြင့် ဂျပန်-မြန်မာ ဆက်ဆံရေး ခပ်တန်းတန်းဖြစ်ခဲ့သေးသည်။ သို့သော် ဂျပန်သည် မြန်မာနှင့် ဆက်နွယ်ပတ်သက်မှုများ နက်နက်ရှိုင်းရှိုင်း ရှိခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ရဲဘော်သုံးကျိပ်သည် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တွင် စစ်ပညာသင်ခဲ့ကြပြီး မြန်မာ့တပ်မတော်သည် ဂျပန်တည်ထောင်ပေးခဲ့သည့် တပ်မတော်တခု ဖြစ်သည်။ ဦးနု အစိုးရလက်ထက်၊ ဦးနေဝင်း အစိုးရ လက်ထက်များတွင်လည်း ဂျပန်သည် စစ်လျော်ကြေးအဖြစ် လမ်းပမ်းဆက်သွယ်ရေး၊ ဖွံ့ဖြိုးရေး အခြေခံအဆောက်အအုံများအတွက် ချေးငွေများ ပေးခဲ့သည်။ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံသို့ အများဆုံး ထောက်ပံ့ပေးခဲ့သည့် အလှူရှင်နိုင်ငံလည်း ဖြစ်သည်။
ဂျပန်နိုင်ငံသည် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ခင်မင်နွေးထွေးသော ဆက်ဆံရေးရှိသည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ကြားဖြတ် ရွေးကောက်ပွဲကို ဝင်ပြိုင်ခဲ့ပြီး ယခုအခါ လွှတ်တော်ထဲ ရောက်မည့် အခြေအနေ ရောက်ရှိခဲ့သဖြင့် သမ္မတ ဦးသိန်းစိန်အစိုးရအပေါ် ဂျပန်နိုင်ငံအနေနှင့် ပြန်လည်မျက်နှာသာပေးမှုများ ရှိမည်မှာ သေချာပေသည်။
တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယားတို့နှင့် ချိန်ခွင်လျှာ မျှရေး၊ စီးပွားရေးသြဇာ ထိန်းညှိရေးတို့အတွက် ပထဝီနိုင်ငံရေးအရ၊ စီပွားရေးအရ မဟာဗျူဟာကျသည့် မြန်မာနှင့် ဆက်ဆံရေးကောင်းရန် ဂျပန်အတွက် လိုအပ်နေသကဲ့သို့ မြန်မာဘက်ကလည်း စီးပွားရေး ပြန်လည်ထူထောင်ရန် ဂျပန်ကို လိုအပ်လျက်ရှိသည်။
အကြွေးများ လျှော်ပစ်ရေး၊ ချေးငွေများ ပြန်ရရေး၊ ဂျပန်၏ ပြည်ပဖွံ့ဖြိုးမှု အကူအညီ (ODA) များ ပြန်ရရေးတို့သာမက ဂျပန်၏ ရင်းနှီးမြှုပ်နှံမည့် အလားအလာနှင့် နည်းပညာများကလည်း မြန်မာအတွက် စွဲမက်စရာ ဖြစ်သည်။
ဂျပန်အစိုးရသာမက ဂျပန် ကုမ္ပဏီများကလည်း မြန်မာ့ဈေးကွက်ကို မျက်စိကျလျက်ရှိသည်။ ဟွန်ဒါဆိုင်ကယ်စက်ရုံကို မြန်မာပြည်တွင် လာဆောက်မည့် အလားအလာရှိကြောင်း သိရသည်။ သတင်းများအရ စီးပွားရေးသမားများပါ ပါဝင်သည့် သမ္မတ ဦးသိန်းစိန် ကိုယ်စားလှယ်အဖွဲ့သည် တိုကျို လျှပ်စစ်ကုမ္ပဏီကဲ့သို့သော ကုမ္ပဏီများနှင့်လည်း တွေ့ဆုံဆွေးနွေးရန်ရှိသည်။
၂၀၁၅ တွင် မြန်မာစတော့ ဈေးကွက်တခု လည်ပတ်နိုင်ရေးအတွက် ဂျပန် တိုကျို စတော့ အိပ်ချိန်း (TSE)၊ ဒါအိ၀ စတော့ လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့ (Daiwa Institute of Research – DIR) တို့နှင့် မြန်မာနိုင်ငံဗဟိုဘဏ်တို့ ပူးပေါင်းလုပ်ဆောင်ကြရန် ယခုလထဲတွင် သဘောတူခဲ့ကြသေးသည်။
ဂျပန်လေကြောင်းလိုင်းတခု ဖြစ်သော All Nippon Airways (ANA) ကလည်း ၁၂ နှစ်ကြာ ရပ်ဆိုင်းထားသော မြန်မာနိုင်ငံ ခရီးစဉ်များကို ပြန်လည် ပြေးဆွဲမည် ဖြစ်သည်။
မြန်မာက ပေးစရာရှိသော အကြွေးများ ကြေလျှင် လျှပ်စစ်စွမ်းအင်၊ ဆက်သွယ်ရေးနှင့် တခြား ဖွံ့ဖြိုးရေး လိုအပ်ချက်များအတွက် ဂျပန်က ငွေကြေးအထောက်အပံ့များ ပြန်ပေးရန်ရှိကြောင်း ဂျပန်အရာရှိများက ပြောထားသည်။ ထို့အပြင် မြန်မာအစိုးရ အရာရှိငယ်များကို ဘဏ္ဍာရေး၊ စက်မှုလက်မှု၊ စိုက်ပျိုးရေးကဏ္ဍတို့အတွက် ယန်း သန်း ၂၅၀ ခန့် အကုန်အကျခံပြီး ဂျပန်သို့ ခေါ်ယူကာ သင်တန်းများ ပေးမည်ဟုလည်း သိရသည်။
ဂျပန်-မြန်မာ ဆက်ဆံရေး မျက်နှာစာသစ်မှ ထွက်ပေါ်လာမည့် ထိုအခွင့်အရေးများ လက်မလွတ်စေရေးသည် သမ္မတ ဦးသိန်းစိန်၏ သံတမန်ရေးရာ ကျွမ်းကျင်မှု၊ စီမံခန့်ခွဲနိုင်မှုများအပေါ် မူတည်နေပြီး ရလဒ်ကို မကြာမီရက်ပိုင်းအတွင်း သတင်းကောင်း ကြားရနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။