အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က တောင်းဆို ထားသည့်အတိုင်း လွှတ်တော်အမတ်များ ကျမ်းကျိန်လွှာ မပြင်ဆင်ပေးသဖြင့် ယနေ့ လွှတ်တော် စတက်ရန် နှောင့်နှေးသွားခြင်းအပေါ် နိုင်ငံရေးစိတ်ဝင်စားသူများ၏ ဆွေးနွေးငြင်းခုန်မှုများမှာ အင်တာနက် လူမှုကွန်ရက် ဖြစ်သော Facebook တွင် အရှိန်ကောင်းလာခဲ့သည်။
NLD က လွှတ်တော်မတက်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို “ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမည်” ဆိုသည့် စကားရပ်အစား “လေးစားလိုက်နာပါမည်” ဟု ပြောင်းလဲပေးရန် အတိအလင်း တောင်းဆိုထားသည်။ NLD ၏ ယခု တောင်းဆိုမှုသည် ကြားဖြတ်ရွေးကောက်ပွဲကာလက ပြောဆိုခဲ့သည့် လုပ်ငန်းသုံးရပ်အနက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဟူသော အချက်နှင့် ချိတ်ဆက်နေသည်ဟု သုံးသပ်ရသည်။
NLD ပါတီ ပြန်လည်မှတ်ပုံတင်နိုင်ရေးအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများကို သမ္မတ ဦးသိန်းစိန်အစိုးရနှင့် ပါလီမန်က လျှော့ပေါ့ ပြောင်းလဲပေးခဲ့သဖြင့် ယခု ကျမ်းကျိန်လွှာ အသုံးအနှုန်းပြင်ဆင်ရေးတွင်လည်း အဆင်ပြေလိမ့်မည်ဟု NLD က မျှော်လင့်ပုံရသည်။ သို့သော် အာဏာရပါတီဖြစ်သော အဓိက ပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် အကြီးအကျယ် မျက်နှာပျက်ခဲ့ရပြီးနောက် NLD ကို ထပ်မံအလျှော့ပေးရန် ခက်ခဲပေလိမ့်မည်။
ဂျပန်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် သမ္မတ ဦးသိန်းစိန်က လွှတ်တော် တက် မတက်မှာ ဒေါ်အောင်ဆန်းစုကြည်၏ ကိစ္စသာ ဖြစ်သည်ဟု သတင်းထောက်များကို ပြောဆိုလိုက်သည့် တချိန်တည်းမှာပင် ကြံ့ခိုင်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးကလည်း ကျမ်းကျိန်လွှာ စာသားမူရင်းကို ပြုပြင်ရန် မလိုအပ်ကြောင်း ဧရာဝတီ၏ ဆက်သွယ်မေးမြန်းမှုတွင် ပြောဆိုသွားသည်။
NLD ၏ တောင်းဆို တင်ပြမှုကို အုပ်ချုပ်ရေးပိုင်း ဖြစ်သော သမ္မတအဖွဲ့ကလည်း တိုက်ရိုက်တာဝန်မရှိသည့် သဘော ပြောဆိုခဲ့သဖြင့် အကယ်၍ သမ္မတကသာ ဝင်ရောက် မညှိနှိုင်းနိုင်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ခုံရုံး၏ ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားနိုင်ရေး ဥပဒေပြုအာဏာ ရှိသော လွှတ်တော်က အဆုံးအဖြတ်ပေးရန်သာ ကျန်တော့သည်။
ထို့သို့ အဆုံးအဖြတ်ပေးနိုင်ရန် လွှတ်တော်တွင်း ရောက်ရှိပြီးဖြစ်ပြီး NLD ၏ မဟာမိတ်ဖြစ်ဖွယ်ရှိသည့် အမတ်များက တင်ပြသည့်တိုင် ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီ၏ ကန့်ကွက်မှုများ ကြုံတွေ့ရနိုင်သေးသည်။
ကြံ့ခိုင်ရေးဘက်မှ မဟာမိတ်ဖြစ်သည့် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကိုလည်း ယနေ့တွင် ပထမဆုံးအကြိမ် အများဆုံး လူစားထိုး အပြောင်းအလဲလုပ်လိုက်ရာ ယခင် တပ်မတော်သား ကိုယ်စားလှယ်များထက် ရာထူးကြီးသော ဒု ဗိုလ်မှူးကြီးမှ ဗိုလ်မှူးချုပ် အဆင့်အထိ အရာရှိများ ပါဝင်လာခြင်းကြောင့် တပ်မတော်ဘက်မှ လွှတ်တော်တွင်း ပို၍ တက်ကြွစွာ ပါဝင်လာနိုင်မည်ဟု ယူဆရသည်။
အသစ်အစားထိုး ဝင်ရောက်လာသည့် အရာရှိ အများစုမှာ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် (NDC) ဆင်း ပညာတတ်များဖြစ်၍ NLD အနေဖြင့် လွှတ်တော်အတွင်းတွင် အပြောင်းအလဲလုပ်ရေး ပိုမို ခက်ခဲလာဖွယ်ရှိသည်။
NLD အနေဖြင့် ပြည်သူလူထုဘက်မှ ထင်မြင်ယူဆချက် (Public opinion) ကို အားကိုးနိုင်သေးသော်လည်း ယခု ကျမ်းကျိန်စကားရပ် ပြောင်းလဲရေးကိစ္စတွင် သဘောထားများ ကွဲပြားနေသည်ကို မြင်တွေ့ရသည်။
NLD ၏ လတ်တလော လုပ်ဆောင်ချက်သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ကိစ္စမဟုတ်သေးဘဲ လွှတ်တော်တက်မည့် NLD ကိုယ်စားလှယ်များနှင့်သာ တိုက်ရိုက်သက်ဆိုင်နေသည်ဟု ရှုမြင်ပြီး NLD ကို ထောက်ခံသူ တချို့ကပင်လျှင် ဘဝင်မကျ ဖြစ်နေကြောင်းလည်း သိရှိရသည်။
လွှတ်တော် တက်ရေး မတက်ရေးအတွက် ပြီးခဲ့သည့် သီတင်းပတ် သတင်းစာရှင်းလင်းပွဲတွင် NLD အနေဖြင့် နိုင်ငံရေးအကြပ်အတည်းအသွင် မဆောင်စေရန် ကြိုးပမ်းသွားမည်ဟု ပြောဆိုထားသည်။ ထို့ကြောင့် လက်ရှိအစိုးရ၊ လွှတ်တော်များနှင့် လွှတ်တော်ထဲ ဝင်မည့် NLD အကြားတွင် နိုင်ငံရေး အပေးအယူ အတိုးအလျှော့ရှိလာနိုင်မည်ဟု မျှော်လင့်ရသည်။ အကြိတ်အနယ် ဖြစ်လာမည့်အလားအလာရှိပြီး ညှိနှိုင်း၍ ရခဲ့သည့်တိုင် NLD အနေဖြင့် အားစိုက်ရသမျှနှင့် ပြန်လည်ရရှိသည့် အကျိုးအမြတ်မှာ မည်မျှ ထိုက်တန်မှု ရှိမရှိ အဖြေရှာသုံးသပ်ရန် လိုပေလိမ့်မည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးဟု ကြွေးကြော်ပြီး နိုင်ငံရေးအခင်းအကျင်းသို့ ပြန်လည် ဝင်ရောက်လာသော NLD ၏ လွှတ်တော်တွင်း နိုင်ငံရေးမှာ လွှတ်တော် မတက်မီ ကျမ်းကျိန်လွှာ ပြင်ဆင်ရေး၌တွင်ပင် ပထမဆုံး စိန်ခေါ်ခံနေရပြီဟု သုံးသပ်မိပါသည်။