စစ်အစိုးရ၊ လက်ရှိအစိုးရနှင့် NLD လွှတ်တော်တက်ရေး

အောင်လင်းထွဋ်

This article has been converted from Zawgyi One to Unicode

စစ်ဗိုလ်ချုပ်တို့အနေဖြင့် ပြည်တွင်းပြည်ပ နိုင်ငံရေးအကြပ်အတည်းဖြစ်တိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ချဉ်းကပ်ပြီး နိုင်ငံရေးအမြတ် ထုတ်လေ့ရှိသည်ကို အထူးအထွေ မတင်ပြလိုတော့ပါ။ သို့သော် အတိတ်ကသမိုင်းကြောင်းများကို ဆင်ခြင်ပြီး NLD ဆက်လက် လျှောက်လှမ်းနိုင်ရန် စာရေးသူ သိရှိခဲ့သမျှ တင်ပြအပ်ပါသည်။

ဦးအောင်လင်းထွဋ် (ဓါတ်ပုံ - photayokeking.org)

၁၉၉၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ထားပြီး စစ်တပ်ကျောထောက်နောက်ခံ ပြုထားသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) နိုင်လိမ့်မည် သို့မဟုတ် အပြတ်အသတ် မရှုံးနိုင်ဟု စစ်ဗိုလ်ချုပ်များ တွက်ချက်ကာ လွတ်လွတ်လပ်လပ် ရွေးကောက်ပွဲ ကျင်းပပေးခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပြတ်အသတ်နိုင်ခဲ့သဖြင့် NLD အာဏာရှိလာလျှင်တော့ ဒုက္ခရောက်ရတော့မည်ဟု စစ်ဗိုလ်ချုပ်ကြီးငယ်တို့ စိုးရိမ်ခဲ့ကြသည်။

၁၉၉၀ ရွေးကောက်ပွဲအပြီး စစ်ဗိုလ်ချုပ်ကြီးများအတွင်း ပြဿနာကြီးငယ်များ ရှိခဲ့ရာ နောက်ဆုံး ဗိုလ်ချုပ်မှူးကြီး စောမောင်ကို အလစ်အငိုက်ယူ တိတ်တိတ်ဖယ်ရှားခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သည့် တင်းမာသော ဗိုလ်ချုပ်အများစု နေရာယူခဲ့ကြသည်။ အာဏာရပြီး မကြာမီ ၁၉၉၃ ခုနှစ်တွင် အမျိုးသားညီလာခံ ကျင်းပမည်ဟု ကြေညာကာ ၁၉၉၀ ရွေးကောက်ပွဲတွင် NLD အနိုင်ရမှုကို လျစ်လျူရှုခဲ့သည်။ ထို့နောက် အကျယ်ချုပ် ချထားခြင်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို NLD မှ ထုတ်ပယ်ပေးရေးနှှင့် NLD အမျိုးသားညီလာခံ တက်ရောက်ရေး NLD ခေါင်းဆောင်များအား စည်းရုံးရန် စစ်ထောက်လှမ်းရေးအား တာဝန်ပေးခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နိုင်ငံတော် အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး ဦးတည်ချက်ဖြင့် လက်ရှိဖွဲ့စည်းပုံကို ၁၉၉၃ ခုနှစ်မှစ၍ ရေးဆွဲခဲ့သည်။ မရှေးမနှောင်းမှာပင် စစ်ဗိုလ်များ နိုင်ငံရေးလမ်းကြောင်းအတွင်း ဝင်ရောက်နိုင်ရေးအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ဖွဲ့စည်းခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့များ အပါအဝင် NLD ကို စစ်အစိုးရ၏ လက်ကိုင်တုတ်များဖြစ်သည့် လူထုလူတန်းစားအဖွဲ့များနှင့် အမျိုးသားညီလာခံအတွင်း ဝိုင်းဝန်းဖိအားပေးပြီး စစ်တပ်ဖြစ်ချင်သောလမ်းကို လျှောက်ခိုင်းခဲ့ပါသည်။ သို့သော် နေအိမ်အကျယ်ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့ရပြီး ၁၉၉၆ ခုနှစ်တွင် NLD အမျိုးသားညီလာခံမှ ထွက်ခဲ့ရပြီးနောက် စစ်အာဏာရှင်တို့ အမျိုးသားညီလာခံကို ရပ်စဲခဲ့ရလေသည်။ ထိုအချိန်မှစ၍ NLD နှင့် ဆက်နွယ်သူမှန်သမျှကို နည်းမျိုးစုံဖြင့် ဖိအားပေးရန် နှုတ်မိန့်ပေးခဲ့ပြီး NLD ကို မျိုးပြုတ်အောင် ခြေမှုန်းခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကို နည်းမျိုးစုံဖြင့် ထိန်းခိုင်းခဲ့ပြီး မရသည့်အဆုံးတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နေအိမ်အကျယ်ချုပ်ထားရန် အမိန့်ပေးခဲ့သည်။

၂၀၀၀ ပြည့်နှစ်ပတ်ဝန်းကျင်တွင် မြန်မာ့နိုင်ငံအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှု၊ ကလေးစစ်သား အသုံးပြုမှု အဓမ္မ လုပ်အားပေးခိုင်းမှု၊ အဓမ္မ ရွှေ့ပြောင်းနေရာချထားမှု၊ စစ်သားများအား မုဒိန်းပြုခွင့်လိုင်စင်ပေးမှု ဆွဲချက်များဖြင့် ကုလသမဂ္ဂတွင် အရေးယူဆောင်ရွက်ပေးရန် တင်ပြချက်များ ရှိလာသဖြင့် နိုင်ငံတကာတွင် မြန်မာ့အရေးကိစ္စသည် ရေးပန်းစား ပေါ်လွင်ထင်ရှားလာခဲ့သည်။ အဆိုပါအရေးကိစ္စကို လျစ်လျူရှုထား၍ မရမှန်း စစ်အာဏာရှင်ကြီး ကောင်းကောင်းသိပါသည်။ ထိုစဉ်အချိန်က ကမ္ဘာ့အာဏာရှင်ကြီးများ တဦးပြီးတဦး ကျဆုံးနေချိန်လည်း ဖြစ်သည်။

ထို့ကြောင့် ၂၀၀၁ ခုနှစ်မှစ၍ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်ပြန်လည် ချဉ်းကပ်ရန်နှင့် တပြိုင်တည်းမှာပင် အမေရိကန်ပြည်ထောင်စုအား ချဉ်းကပ်ရေး မဟာဗျူဟာကို စစ်အာဏာရှင်ကြီးမှ စစ်ထောက်လှမ်းရေးအား တာဝန်ပေးခဲ့ပြန်ပါသည်။ အမေရိကန်ပြည်ထောင်စုတွင် DCI Lobby Group ကို အမေရိကန်ဒေါ်လာ သိန်းချီပေး၍ ငှားရမ်းခဲ့ပြီး အခြားတဘက်တွင်လည်း မြန်မာပြည်သူလူထုအတွက်ဟု ခေါင်းစဉ်တပ်ကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည် တစားပွဲတည်းထိုင် ထမင်းစားခဲ့ကြသည်။ ၂၀၀၂ ခုနှစ်တွင် မြန်မာအစိုးရမှ ကိုယ်စားလှယ် နှစ်ယောက်ကို အမေရိကန်ပြည်ထောင်စုသို့ စေလွှတ်ခဲ့ပြီးနောက် မေလတွင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွှတ်ပေးခဲ့သည်။ ထိုကဲ့သို့သော နည်းနာကိုသုံး၍ နိုင်ငံတကာနှင့် ကုလသမဂ္ဂကို မြန်မာ့နိုင်ငံရေး အဆင်ပြေသယောင် ပြသခဲ့သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်အပေါ် မြန်မာပြည်သူလူထု၏ ထောက်ခံမှု၊ အားကိုးယုံကြည်မှုသည် စစ်အာဏာရှင်ကြီး တွက်ဆသလို လျော့မသွားဘဲ ပိုတိုးလာခြင်းကြောင့် ၎င်း၏အစီအမံဖြစ်သော ကြံ့ခိုင်ရေးအသင်း၏ အနာဂတ် အန္တရာယ်ရှိလာသည်။ ထို့ကြောင့် ဒု ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးကို တာဝန်ပေးပြီး ဒီပဲယင်းလုပ်ကြံမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အပြတ်ရှင်းရန် အမိန့်ပေးခဲ့သည်။ သို့သော် ကံအားလျော်စွာ ဒေါ်အောင်ဆန်းစုကြည် အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။ လုပ်ကြံသောသူများကို အရေးမယူသည့်အပြင် ရာထူးများပင် တိုးပေးခဲ့ပြီး လုပ်ကြံရန် ကြိုးပမ်းခံရသော ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီဝင်များကိုမူ လုံခြုံရေးအရေဆိုကာ အကျဉ်းထောင်များတွင် ချုပ်နှောင်ခိုင်းခဲ့သည်။

ဒီပဲယင်းအရေးခင်းသည် နိုင်ငံတကာတွင် ဝိုင်းဝန်းရှုတ်ချခံရသည့်အပြင် အနောက်နိုင်ငံကြီးများ၏ ပြင်းထန်သော ဖိအားပေးမှုများနှင့် စီးပွားရေးပိတ်ဆို့မှုများ ဖြစ်လာသောအခါ စစ်အာဏာရှင်ကြီးသည် နိုင်ငံတကာတွင် မျက်နှာမပြရဲတော့ဘဲ ဝန်ကြီးချုပ်တာဝန်ကို ဗိုလ်ချုပ်ကြီး ခင်ညွန့်အား တာဝန်ယူစေပြီး လမ်းစဉ် ၇ ရပ် ချမှတ်ပေးကာ နိုင်ငံတကာနှင့်ဆက်ဆံရန်နှင့် ဒေါ်အောင်ဆန်းစုကြည်အား ချဉ်းကပ်ပြီး အမျိုးသားညီလာခံတွင် NLD ပါဝင်ရေး စည်းရုံးခိုင်းခဲ့ပြန်သည်။

နိုင်ငံတကာသို့လည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ရာဇာလီမှတဆင့် အချင်းချင်း နားလည်မှုရသယောင် သတင်းလွှင့်ခြင်းဖြင့် နိုင်ငံတကာကို အချိုသတ်ခဲ့သည်။ တဘက်တွင်လည်း ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီး တင်လှိုင် ခေါင်းဆောင်သည့်အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် အကြိမ်ကြိမ် တွေ့ဆုံခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွှတ်ပေးရေး၊ ၁၉၉၀ ရွေးကောက်ပွဲအား တနည်းနည်းဖြင့် အသိအမှတ်ပြုပေးရေး၊ ဖွဲ့စည်းပုံ မူကြမ်းပါ အခြေခံမူများ ပြန်လည်ဆွေးနွေးခွင့်ပြုရေး အစရှိသည့်အချက်များကို သဘောတူညီမှု ရခဲ့သည်။ အဆိုပါ ဆွေးနွေးမှုများကို နေ့စဉ် တာဝန်ခံများမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား တင်ပြပြီး သဘောတူညီမှုရယူခဲ့ခြင်း ဖြစ်သည်။

၂၀၀၄ ခုနှစ် အမျိုးသားညီလာခံပြန်မစမီ ရက်သတ္တ တပတ်အလိုအထိ NLD ညီလာခံပြန်တက်ရေးမှာ သေချာသလောက်ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလည်း သဘောတူသည်၊ ဒေါ်အောင်ဆန်းစုကြည်လည်း လက်ခံကျေနပ်သည့်အတွက် ၉၅ ရာခိုင်နှုန်း သေချာသလောက်ရှိသည်။ ထိုအတောအတွင်း တစုံတရာ အမှားအယွင်းမရှိရန် စကားလုံး အသုံးအနှုန်းမှအစ သတိထားရန် စစ်ထောက်လှမ်းရေးအတွင်း သတိပေးမှုများရှိခဲ့ပါသည်။

သို့သော် ရက်ပိုင်းအလိုတွင် စစ်အာဏာရှင်ကြီးမှနေ၍ တာဝန်ခံများအား ခေါ်ယူပြီး “မင်းတို့ ဒေါ်အောင်ဆန်းစုကြည်ကို ပြောလိုက်၊ NLD အရင်ဆုံး အမျိုးသားညီလာခံကို တက်ပါ၊ ပြီးမှ နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးဖို့ စဉ်းစားပေးမယ်လို့” ဟု ပြန်လည်ပြင်ဆင် ပြောခိုင်းခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် အဆင်ပြေမှု ပျက်ပြားခဲ့ရသကဲ့သို့ နောက်ဆက်တွဲအဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးခွင့်ရခဲ့သော ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် စစ်ထောက်ရေးတဖွဲ့လုံးလည်း ဘဝပျက်ခဲ့ကြသည်။ အမြတ်ရသွားသူမှာ စစ်အာဏာရှင်ကြီးဖြစ်သည်။ ထိုကာလအတွင်း ဒီပဲယင်း အရေးအခင်းကြောင့် ရခဲ့သော ဒဏ်ရာဒဏ်ချက်များကို ပြည်တွင်းပြည်ပမှ မေ့ပျောက်သွားစေခဲ့သည်။

ယနေ့ အခြေအနေများကမူ ယခင်အခင်းအကျင်းများနှင့် မတူသည်များရှိသကဲ့သို့ တူသည်များလည်း တွေ့နေရသည်။ တူသည်များမှာ မြန်မာ့နိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD မပါလျှင် မြန်မာ့နိုင်ငံရေး ရှေ့တိုး၍ မရခြင်းဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကြီး ပြပြ၊ လွှတ်တော်ကြီး ပြပြ၊ ပြည်တွင်းပြည်ပက လက်ရှိအစိုးရဟူ၍ ခေါ်ခေါ်၊ စစ်ဝတ်ချွတ်အစိုးရဟုသုံးသုံး လူလိမ်များဟုသာ သတ်မှတ်ကြမည်ဖြစ်သည်။

NLD ကို ၂၀၁၀ ရွေးကောက်ပွဲ မဝင်နိုင်အောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ချထားပြီး ကြံ့ခိုင်ရေးပါတီ နိုင်အောင် ဆောင်ရွက်ခဲ့သည်။ အစိုးရဖွဲ့ခဲ့သော်လည်း နိုင်ငံတချို့၏ အသိအမှတ်ပြုမှုကိုသာ ရခဲ့ပြီး လူရာအသွင်း မခံရသည့်အပြင် အိမ်နီးချင်းနိုင်ငံကြီး၏ အနိုင်ကျင့်မှုများကိုပါ ခံလာရပါသည်။ ဤအတိုင်း ဆက်သွားလျှင် အာရပ်နိုင်ငံများကဲ့သို့ ပြည်သူ၏ ဒဏ်ခတ်မှုကို ခံရမည်ဖြစ်သည်။ ထို့အတူ လူမျိုးစုတိုင်းရင်းသား လက်နက်ကိုင်များကြောင့် ပြည်ထောင်စု တစိပ်တပိုင်း ပြိုကွဲသွားနိုင်သည်ကို လက်ရှိအစိုးရ တွက်ချက်ခဲ့သည်။ ထို့ကြောင့် ၂၀၁၁ နှစ်လည်ပိုင်းလောက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခဲ့ရသည်။ ထုံးစံအတိုင်း အစိုးရ အခက်အခဲတွေ့လာလျှင် နောက်ဆုံး ဂျိုကာ (Joker) ကို ထုတ်သုံးခြင်းသည် စစ်အစိုးရ အဆက်ဆက်၏ သီအိုရီပင်ဖြစ်သည်။ ဤသည်မှာ တူသည့်အချက်များ ဖြစ်သည်။

မတူသည့်အချက်များမှာ ယခင်နှစ်ပေါင်းများစွာ ထိန်းချုပ်ထားခဲ့သည်များကို အတော်အတန် လွတ်လပ်မှု ပေးခဲ့သည်များ တွေ့ရသည်။ အထူးသဖြင့် မီဒီယာများဖြစ်သည်။ နိုင်ငံတကာ ဆက်ဆံရေးများတွင်လည်း ပွင့်လင်းမှုများ ရှိလာသည်။ တချို့အမှားများကို ခေါင်းဆောင်ပိုင်းများကိုယ်တိုင် ဝန်ခံလာသည်ကို တွေ့ရသည်။ ခေတ်နှင့်အညီ နိုင်ငံရေးကစားကွက်များ ပြောင်းသုံးလာသကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုင်ပြီး ဥပဒေအတိုင်း ဆောင်ရွက်နေပါသည်ဟု အသံကောင်းဟစ်နေသည်ကိုလည်း တွေ့နေရသည်။ ပြည်သူအတွက်ဟူသော ခေါင်းစဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တို့ လွှတ်တော်အဝန်းအဝိုင်းအတွင်း ဝင်လာအောင် တံခါးအသာ ဟပေးခဲ့ပြီး အနောက်နိုင်ငံများကို မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲနေပါသည်၊ နောက်ပြန်မဆုတ်ပါဟု တဘက်မှ ကြွေးကြော်နေသည်။ ထို့အတူ တဖက်တွင်လည်း အင်အားကြီးလာသည့် တရုတ်နိုင်ငံသြဇာခံ မရောက်စေရန် ကူညီရေးကိုလည်း လေသံပစ်ခဲ့သည်။

ယခုအခါ မြန်မာအစိုးရ၏ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ကြံ့ခိုင်ရေးပါတီ စစ်ဝတ်ချွတ် ဗိုလ်ချုပ်ကြီးများ အစိုးရကို နိုင်ငံတကာမှလည်း ယခင် စစ်ရာဇဝတ်မှုများကို မေ့ပျောက်ပြီး ချီကျူးထောပနာ ပြုနေကြသည်ကို တွေ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အနေဖြင့် ၁၉၉၀ ခုနှစ်ကတကြိမ်၊ ၂၀၀၂ ခုနှစ်ကတကြိမ် ၊ ၂၀၀၄ ခုနှစ်ကတကြိမ် အလားတူဖြစ်စဉ်များ ကြုံခဲ့ရပြီးဖြစ်သည်။ ယခုတကြိမ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မဟုတ်သော်လည်း ၎င်းလက်သပ်မွေးထားခဲ့သော တပည့်များသာ ဖြစ်ပါသည်။ ဉာဏ်နီဉာဏ်နက် အတွေးအခေါ်များမှာမူ သိပ်ပြောင်းလဲလိမ့်မည်ဟု စာရေးသူမထင်ပါ။

ပြီးခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲသည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အား ပြည်သူ၏ထောက်ခံမှုကို အစိုးရက အားစမ်းကြည့်ခြင်းဖြစ်သည်။ အနိုင်ရ NLD အမတ် ၄၃ ဦးသည် အကြောင်းမဟုတ်သော်လည်း ၂၀၁၅ ခုနှစ်တွင် ကြံ့ခိုင်ရေးပါတီ ဒုက္ခရောက်သွားနိုင်သသကဲ့သို့ စစ်ဗိုလ်ဟောင်းများလည်း အန္တရာယ်ရှိလာနိုင်၍ ယခုကတည်းက စကားလုံးအသုံးအနှုန်း အကြောင်းပြ ကြိုတင်ကာကွယ်နေခြင်း ဖြစ်သည်။

အထက်ပါ အကြောင်းအရာများကို ဒေါ်အောင်ဆန်းစုကြည်နှင့် NLD သည် ဆင်ခြင်သုံးသပ်ပြီး လက်ရှိအခြေအနေတွင် အကောင်းဆုံးဖြစ်စေရန် ပါတီတွင်း သဘောထားသာမက တိုင်းရင်းသားပါတီများ၊ လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့များ၊ လွှတ်တော်အတွင်းအပြင် ဒီမိုကရေစီအင်အားစုများ၊ လူထုလူတန်းစား အဖွဲ့စည်းများ၏ အသံကိုလည်း အလေးတယူ နားထောင်သင့်သည်။ ထို့အပြင် နိုင်ငံတကာ၏ အသံကိုလည်း နားစွင့်ပြီးမှ ဆုံးဖြတ်ချက်ကို ချစေလိုပါသည်။ အားလုံးကမူ စစ်ဗိုလ်ချုပ်ဟောင်းအများစုမှာ ဤကိစ္စတွင် မရိုးသားသည်ကို သိနေကြသည်။  မှန်ကန်သော ဆုံးဖြတ်ချက် ချနိုင်စေရန် ဆန္ဒပြုပါသည်။

(ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်သည် တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိမြန်မာသံရုံး၌ သံမှူးကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင်အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။)

Loading