မြန်မာနိုင်ငံမှာ သတင်းစာလွတ်လပ်ခွင့်၊ သတင်းလွတ်လပ်ခွင့်က အီရန်၊ ဆီးရီးယား၊ မြောက်ကိုးရီယား၊ ဥဇဘက်ကစ္စတန်၊ အီကွေတိုရီယယ် ဂီနီနဲ့ အီရီထရီးယား တို့ပြီးရင် အဆိုးဆုံးအဆင့်မှာ ရှိနေသေးကြောင်း အမေရိကန်ပြည်ထောင်စု နယူးယောက်အခြေစိုက် စာနယ်ဇင်းသမားများ အကာအကွယ်ပေးရေး ကော်မတီ (CPJ) အဖွဲ့ကြီးက ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ သတင်းလွတ်လပ်ခွင့်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိ သမ္မတ ဦးသိန်းစိန်လက်ထက် မီဒီယာလွတ်လပ်ခွင့်၊ သတင်းယူခွင့်၊ ပြည်ပက သတင်းစာဆရာတွေ၊ သတင်းထောက်တွေကို ပြည်ဝင်ခွင့် ဗီဇာ ၅ ရက်သာပေးပြီး သတင်းယူခွင့် ပြုတာမျိုးတွေကိုလည်း အပြုသဘော ထောက်ပြထားတာ တွေ့ရပါတယ်။
မြန်မာနိုင်ငံဟာ အတိတ်ကာလကဆိုရင် သတင်းစာလွတ်လပ်ခွင့် အတော်ကိုရှိခဲ့တဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ဗြိတိသျှ လက်ထက်မှာရော၊ လွတ်လပ်ရေးရပြီးတဲ့ ခေတ်မှာရော သတင်းစာတွေရဲ့ အရှိန်သြဇာဟာ အတော်ကို ကြီးမားခဲ့တာ တွေ့ရပါတယ်။ မြန်မာ့လွတ်လပ်ရေးအတွက် ဆော်သြခဲ့တဲ့အထဲမှာ မြန်မာသတင်းစာတွေက ခေါင်းကြီးအာဘော်တွေကနေ ရေးသားလှုံ့ဆော်ခဲ့တာ ဖြစ်ပါတယ်။ လွတ်လပ်ရေးလမ်းကြောင်းကို မီးမောင်းထိုးပြခဲ့တဲ့ မျိုးချစ်သတင်းစာဆရာကြီးတွေ အများအပြား ရှိခဲ့ပါတယ်။
၁၉ ရာစုနှစ်က မြန်မာနိုင်ငံမှာ အမျှော်အမြင်ကြီးတဲ့ မင်းတပါးလို့ သတ်မှတ်လို့ရတဲ့ မင်းတုန်းမင်းကြီးက အချက် ၁၇ ချက်ပါတဲ့ သတင်းစာဥပဒေကို အတည်ပြုပေးခဲ့ပြီး “ရတနာပုံနေပြည်တော်သတင်းစာ” ကို စတင်ထုတ်ဝေစေခဲ့ပါတယ်။ အဲဒီခေတ်ကဆိုရင် အရှေ့တောင်အာရှမှာ အတော်ကို ခေတ်မီတဲ့၊ ခေတ်ရှေ့ကိုပြေးနေတဲ့ သတင်းစာဥပဒေလို့တောင် ပြောလို့ရပါတယ်။
အခုအချိန်ဟာ စာနယ်ဇင်းဥပဒေ (Media Law) ကို ရေးဆွဲနေတဲ့ကာလဖြစ်လို့လည်း ဂုဏ်ယူစရာကောင်းတဲ့ သတင်းစာသမိုင်းကို အားလုံးသိရှိနားလည်သင့်ပါတယ်။ မင်းတုန်းမင်းကြီးပြောခဲ့တဲ့ ငါမကောင်း ငါ့အကြောင်းရေး … နန်းတော်ထဲကို တံခါးမရှိ၊ ဓားမရှိ ဝင်စေ ထွက်စေစသည်ဖြင့် မိန့်ကြားခဲ့တဲ့ စကားတွေက ကြက်သီးမွေးညင်း ထစရာကောင်းလောက်အောင် ပြောင်မြောက်တဲ့ ပဒေသရာဇ်ဘုရင်တပါးရဲ့ သတင်းစာခေတ်ဦးက စကားတွေပါ။
လွတ်လပ်ရေးရပြီးခေတ်မှာလည်း သတင်းစာ ဆရာကြီးတွေ၊ အယ်ဒီတာတွေ နိုင်ငံရေးသမားတွေ၊ တိုင်းပြည်ခေါင်းဆောင်တွေ၊ အုပ်ချုပ်သူတွေနဲ့ သေသေချာချာ ရင်းရင်းနှီးနှီး ဆက်ဆံခွင့်ရပြီး တိုင်းပြည်အကျိုး စာဖတ်သူအကျိုး၊ အမှန်တရားရဲ့အကျိုးကို ဦးထိပ်ထားကာ မျက်နှာမလိုက်ဘဲ ရေးသားခဲ့ကြတဲ့ သာဓကတွေ ရှိခဲ့ပါတယ်။
၁၉၆၂ ခုနှစ် နောက်ပိုင်းမှာတော့ မြန်မာပြည်ရဲ့ သတင်းစာခေတ်ကံကြမ္မာ ပြောင်းလဲခဲ့ရပါတယ်။ သတင်းစာတွေကို အစိုးရက ပြည်သူပိုင်သိမ်းခဲ့တယ်။ ရန်ကုန်အခြေစိုက် နိုင်ငံခြားသတင်းဌာနတွေကို နှင်ထုတ်ခဲ့တယ်။ စာပေစိစစ်ရေး ဆိုတာ ပေါ်ပေါက်ခဲ့တယ်။ အစိုးရပိုင် သတင်းစာတွေမှာဆိုရင် ဘုန်းတော်ဘွဲ့ ရေးတာတွေကိုပဲ ပုံနှိပ်ဖော်ပြလာခဲ့တယ်။ သတင်းစာဆရာတွေ၊ အယ်ဒီတာတွေ၊ သတင်းထောက်တွေကို ထောင်သွင်းအကျဉ်းချခဲ့တယ်။
၁၉၈၈ ဒီမိုကရေစီ အရေးအခင်းကာလမှာ သတင်းစာလွတ်လပ်ခွင့် တော်တော်ရလိုက်တဲ့ ကာလတိုလေးကို မှတ်မိနေပါတယ်။ အဲဒီတုန်းက စာနယ်ဇင်းတွေ လွတ်လွတ်လပ်လပ် ထုတ်ဝေရောင်းချခွင့် ရခဲ့တယ်။ နောက် ၁၉၈၈ စက်တင်ဘာလမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း မြန်မာစာနယ်ဇင်းလောက အမှောင်ခေတ်တခေတ်ကို ထပ်ပြီး ဖြတ်သန်းခဲ့ရပါတယ်။ အမှန်တရားကို ထုတ်ဖော်ပြောဆို ရေးသားသူတွေ၊ သတင်းစာဆရာတွေ၊ သတင်းထောက်တွေသာမက တာဝန်သိပြည်သူ ဂျာနယ်လစ် (CJ)၊ ဗီဒီယို ဂျာနယ်လစ် (VJ)၊ ဘလော်ဂါ (Blogger) စတဲ့ Social Media လောကက လူငယ် လူကြီးတွေပါမကျန် နှစ်ရှည်လများ ထောင်ထဲမှာ နေခဲ့ရပါတယ်။
ကြိုက်သလို အမူဆင်ဖမ်းလို့ရတဲ့ အီလက်ထရောနစ် အက်ဥပဒေတွေ ထုတ်ပြန်ခဲ့ပြီး အပြစ်မဲ့သူတွေကို ထောင်ချဖမ်းဆီးခဲ့တာဟာ မြန်မာပြည်အတွက် အရုပ်ဆိုး အကျည်းတန်စေတဲ့ အမည်းစက်တွေပါ။
နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၁၀ ပြည့်နှစ်တုန်းက ထုတ်ပြန်ချက်တခုမှာဆိုရင် “မြန်မာနိုင်ငံဟာ ဆင်ဆာနတ်ဆိုးတွေ ပျော်စံရာ ဘုံဗိမာန်ကြီး” လို့ ဝေဖန်ထားပါတယ်။
လွန်ခဲ့တဲ့ လေးငါးနှစ်ကစပြီး စာနယ်ဇင်းလွတ်လပ်ခွင့်ကို မြန်မာနိုင်ငံမှာ နည်းနည်းချင်း ပေးလာတာ တွေ့ရပါတယ်။ တင်းကြပ်မူတွေ၊ ဆင်ဆာဖြတ်တောက်မူတွေကို နည်းနည်းတော့ ဖြေလျှော့လာခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ လက်ရှိ သက်တမ်းမှာ မြန်မာစာနယ်ဇင်းလောကဟာ နည်းနည်းတော့ အသက်ရှုချောင်လာပြီလို့ ဆိုချင်ပါတယ်။
အခုလို အတန်အသင့် လွတ်လပ်ခွင့်ရလာတဲ့ အချိန်မှာ စာနယ်ဇင်းသမားတွေ စုစည်းပြီး အဖွဲ့အစည်းတွေ ထူထောင်ဖို့ ကြိုးပမ်းလာတာလည်း တွေ့ရပါတယ်။ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ကို ဖျက်သိမ်းပြီး အသစ်ဖွဲစည်းမယ့် မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်း (MJA)၊ မြန်မာစာနယ်ဇင်းသမဂ္ဂ (MJU)၊ မြန်မာဂျာနယ်လစ် ကွန်ရက် (MJN) စသည်ဖြင့် အစိုးရရဲ့ ထိန်းချုပ်မှုအောက်က လွတ်ကင်းပြီး စာနယ်ဇင်းသမားတွေ ကိုယ်တိုင်ဦးဆောင်နိုင်မယ့် အသင်းအဖွဲ့တွေ ဖြစ်လာဖို့ အားယူနေတာ တွေ့ရပါတယ်။
တချိန်တည်းမှာပဲ ကန့်သတ်မူတွေကတော့ အများအပြား ရှိနေဆဲပါပဲ။ ဆင်ဆာဖြတ်တောက်တဲ့ စနစ်ကြီးကလည်း ရှိနေတုန်း ဖြစ်ပါတယ်။ သတင်းမီဒီယာ၊ သတင်းစီးဆင်းမှုတွေကို ကန့်သတ်ထိန်းချုပ်တာတွေ တိုက်ရိုက်လုပ်ဆောင်နေတဲ့ ပြန်ကြားရေး ဝန်ကြီးဌာနဆိုလည်း ရှိနေတုန်းပါ။ ပြည်တွင်းက စာနယ်ဇင်းတွေ ရေးသားခွင့် မရသေးတဲ့အကြောင်းအရာတွေလည်း အများအပြား ရှိနေပါသေးတယ်။
ဘာတွေ ရှိနေသေးလဲဆိုရင် အစိုးရရဲ့ တာဝန်ထမ်းဆောင်မူတွေကို အသေအချာ ဝေဖန်ထောက်ပြတာတွေ၊ နိုင်ငံခြားက လာရောက်ရင်းနှီးမြှုပ်နှံတဲ့ မဟာစီမံကိန်းတွေရဲ့ ဆိုးကျိုးနဲ့ ကောင်းကျိုးတွေ၊ ဟိုက်ဒရိုပါဝါ စီမံကိန်းတွေ၊ ရခိုင်ပြည်နယ်က ဒေသခံပြည်သူတွေ အကျိုးမခံစားရတဲ့ ရွှေဂက်စ်အကြောင်းနဲ့ ရေနံသဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေ၊ ကျေးရွာတွေ အဓမ္မ ပြောင်းရွေ့ခံရတဲ့အကြောင်းတွေ၊ တိုင်းရင်းသားနယ်တွေမှာ ဆက်ဖြစ်နေတဲ့ ပြည်တွင်းစစ်ပွဲတွေနဲ့ ပဋိပက္ခတွေ၊ အရင်အစိုးရခေတ်ကတည်းက အခု အစိုးရလက်ထက်အထိ အကြီးအကျယ် အဂတိလိုက်စားထားတဲ့ အမှုကြီးတွေ၊ စစ်အစိုးရလက်ထက်မှာ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မူတွေနဲ့ စစ်အာဏာပိုင်တွေရဲ့ ရမ်းကားမှုတွေ၊ လူမဆန်စွာ သတ်ဖြတ်ခဲ့မှုတွေ ဒါတွေကို သေသေချာချာ ချပြရေးသားခွင့် မရသေးပါဘူး။
ဒီလိုရေးခွင့်မပေးသေးတာဟာ အသွင်ကူးပြောင်းရေးကာလဖြစ်လို့ ရေးခွင့်မရတာပါလို့ တချို့က စောဒက တက်နိုင်ပါတယ်။ ဒါဆိုရင် မကြာမီက ဆွီဒင်နိုင်ငံ စတော့ဟုမ်းမှာ ကျင်းပခဲ့တဲ့ အင်တာနက် လွတ်လပ်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲ (Internet Freedom Forum) ကို တက်ရောက်ခဲ့တုန်း ဆွေးနွေးပွဲက စကားလေးတွေကို ပြန်ပြီးဝေငှချင်ပါတယ်။
“လွတ်လပ်စွာ သတင်းစီးဆင်းခွင့်ကို ကြောက်ရွံ့နေတဲ့ အစိုးရတွေဟာ သူတို့ရဲ့ အနာဂတ်ကံကြမ္မာကို တွေးပူစိုးရိမ်နေလို့ပဲ” လို့ ဆွေးနွေးပွဲ တက်ရောက်လာသူတဦးက ပြောဆိုခဲ့ပါတယ်။
အာဖရိကတိုက်က အမျိုးသမီးတဦးကလည်း “Freedom of expression ဆိုတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မရှိဘူးဆိုရင် တယောက်ယောက်က ငါတို့ရဲ့ အစားအသောက်တွေကို လာခိုးနေတဲ့အကြောင်းကို ဘယ်လို ထုတ်ဖော်ပြောဆိုခွင့် ရမှာလဲ” တဲ့။ ဒီလိုဖြေလိုက်တာကိုတော့ အားလုံးက သဘောကျသွားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ စားဝတ်နေရေးက သတင်းလွတ်လပ်ခွင့်တို့၊ လွတ်လပ်စွာထုတ် ဖော်ပြောဆိုခွင့်တို့ထက် အရေးကြီးသလားဆိုတဲ့ မေးခွန်းကြောင့်ပဲ ဖြစ်ပါတယ်။
တချို့အာဏာရှင်နိုင်ငံတွေမှာ သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဇိမ်ခံပစ္စည်းလို့ သတ်မှတ်ပြီး စားဝတ်နေရေးက သတင်းလွတ်လပ်ခွင့်ထက် အရေးကြီးတယ်ဆိုတဲ့ ဆင်ခြေဆင်လက်တွေ ပေးကြတယ်။ ပြည်သူလူထုကို အညွန့်တုံးအောင် ဖိနှိပ်ဖို့ ကြိုးစားတာတွေ ဒါမှမဟုတ် ပြည်သူလူထု မသိစေချင်တဲ့ အကြောင်းအရာတွေကို ဖုံးကွယ်ဖို့ ကြိုးစားနေတဲ့ အာဏာပိုင်တွေက ဒီလို ဥပမာမျိုးတွေ ပေးပြီး လွတ်လပ်ခွင့်ကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့တာတွေ အကြိမ်ကြိမ်ရှိခဲ့လို့ပဲ ဖြစ်ပါတယ်။ ဥပဒေ အမျိုးမျိုးဆွဲပြီး ကြိုးရှည်ရှည်နဲ့ လှန်ဖို့ကြိုးစားကြတာပါ။
လောလောဆယ် မြန်မာပြည်မှာ ရနေတဲ့ သတင်းလွတ်လပ်ခွင့်ကို ဒီထက်တိုးပြီး အပြည့်အဝရဖို့ လိုပါတယ်။ သတင်းစာဆရာတွေက နန်းတော်ထဲကို ဝင်၊ ဒူးချိတ်ပြီး မေးခွန်းတွေ မေးနိုင်ခွင့် ရှိရပါမယ်။ တိုင်းပြည်အုပ်ချုပ်နေတဲ့ သူတွေကို တာဝန်ခံမှုရှိအောင် လုပ်နိုင်ရပါမယ်။ သတင်းငတ်နေတဲ့ ပရိသတ်ကို သတင်းပေးရမှာက သတင်းစာဆရာတွေရဲ့ နေ့စဉ်အလုပ်ပါပဲ။
သတင်းသမားတွေကို ထောင်ထဲထည့်ဖို့ မကြိုးစားဘဲ အစိုးရက ဒီလူတွေကို ကာကွယ်မယ့် ဥပဒေကိုလည်း ရေးဆွဲပေးဖို့ လိုပါတယ်။ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် ပေးလိုက်ပါ။ အကြောက်တရားနဲ့ ဆက်ပြီးထိန်းချုပ်ဖို့ မကြိုးစားပါနဲ့။ အစိုးရဘက်ကနေ လွတ်လပ်တဲ့သတင်းစာတွေ၊ လွတ်လပ်တဲ့ မီဒီယာတွေ၊ အဖွဲ့အစည်းတွေ ပေါ်ပေါက်ဖို့ အားပေးဖို့ လိုပါတယ်။
ဘုန်းတော်ဘွဲ့ရေးပေးမယ့် သတင်းစာတွေ၊ Watchdog မဟုတ်ဘဲ Lapdog အဆင့် မီဒီယာတွေ၊ အငှားပါးစပ် (Mouthpiece) တွေမွေးဖို့ မကြိုးစားဘဲ သတင်းကျင့်ဝတ်နဲ့ သိက္ခာရှိတဲ့ သတင်းစာတွေ၊ နိုင်ငံဂုဏ်ဆောင်တဲ့ သတင်းစာတွေ ပေါ်ထွန်းဖို့ အခွင့်အလမ်းတွေ ပေးသင့်ပါတယ်။ စတုတ္တမဏ္ဍိုင်ကို လွတ်လွတ်လပ်လပ် ပျိုးထောင်ပေးပါ။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီ ရှင်သန်ဖို့၊ လူတွေ မျက်စိကြီး နားကြီးဖြစ်ဖို့၊ မိမိကိုယ်ကိုယ် အုပ်ချုပ်နိုင်ဖို့၊ တိုင်းပြည်ရဲ့စီးပွားရေး တည်ငြိမ်ဖွံ့ဖြိုးဖို့ ဖြစ်ပါတယ်။
တချို့ အနောက်နိုင်ငံတွေမှာဆိုရင် လွတ်လပ်ပြီး တကယ် Professional ဖြစ်တဲ့ ပြည်သူပိုင် ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းစာတွေပေါ်ဖို့အတွက် အစိုးရတွေကိုယ်တိုင်က ဒေါ်လာသန်းပေါင်းများစွာ နှစ်စဉ် ရင်းနှီးမြှုပ်နှံတာကို တွေ့ရပါတယ်။ ဒါမျိုးကို ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေတဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေက အတုယူဆောင်ရွက်သင့်ပါတယ်။
စာနယ်ဇင်းသမားတွေဆိုတာက ဒီမိုကရေစီကို မြတ်နိုးသူတွေ၊ လွတ်လပ်ခွင့်ကို ကိုးကွယ်သူတွေ၊ အမှန်တရားကို ဖက်တွယ်သူတွေ ဖြစ်သလို သူတို့တတွေရဲ့ စာနယ်ဇင်းကျင့်ဝတ်အတိုင်း ကျင့်ကြံရေးသား ထုတ်လွှင့်ဖို့လည်း လိုပါတယ်။ ဒီနေရာမှာ စာနယ်ဇင်းသမားတွေဘက်က စာနယ်ဇင်းကျင့်ဝတ်အရ တာဝန်ယူမူဆိုတာလည်း အရေးကြီးပါတယ်။
အပြည်ပြည်ဆိုင်ရာ စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ ကျင်းပနေတဲ့အချိန်ကာလမှာ မြန်မာနိုင်ငံမှာ စာနယ်ဇင်း သတင်းစာလွတ်လပ်ခွင့်တွေကို ပိုရဖို့၊ အစိုးရအာဏာပိုင်တွေရဲ့ ထိန်းချုပ်မူတွေက ကင်းလွတ်ဖို့ လိုပါတယ်။ ပြောရရင် မြန်မာဟာ CPJ လို အမည်ပျက်စာရင်း သွင်းခံထားရတဲ့ နိုင်ငံအဖြစ်ကနေ မကြာခင် လွတ်မြောက်နိုင်ဖို့ အရေးကြီးပါတယ်။
ဒီလိုလွတ်မြောက်ဖို့ မြန်မာစာနယ်ဇင်းသမားတွေက ထကြွလုံ့လပြုကြဖို့ လိုပါတယ်။ ကွဲပြားနေတဲ့အမြင်၊ ရှုထောင့်နဲ့ ကိုယ့်သက်ဆိုင်ရာ သတင်းဂျာနယ်တိုက်တွေကို ကိုယ်စားပြုနေကြပေမယ့် မြန်မာ့စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ အဆင့်အတန်း မြင့်မားတိုးတက်စေရေး၊ စာနယ်ဇင်းသမားများ အကာအကွယ်ရရှိရေးတို့အတွက် လက်တွဲလုပ်နိုင်ကြစေချင်ပါတယ်။ ဒို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါလို့ ဆိုချင်ပါတယ်။
ဆက်စပ်ဖတ်ရှုရန်