မြန်မာပြည်မှာ ဘာတွေ တကယ်ဖြစ်နေသလဲ

နန်စီ ဟတ်စင်ရော့ဒ်

This article has been converted from Zawgyi One to Unicode

မြန်မာပြည် လက်ရှိအပြောင်းအလဲနဲ့ ပတ်သက်ပြီး အတော်များများက လောလောဆယ်မှာ စိတ်လှုပ်ရှားစရာ ဖြစ်နေကြ ပေမယ့် တကယ်တမ်းပြောရရင် အခြေအနေက စိတ်ပျက်စရာ အခြေအနေတခုပါပဲ။ အခုဆိုရင် တစုံလုံး အနေအထားကိုသာမကပဲ အသေးစိတ်ကိုပါ လေ့လာရေးသားတင်ပြဖို့ ပိုလို့တောင် အရေးကြီးပါတယ်။

မန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံနေသော ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း (ဓာတ်ပုံ - Getty Images)

“အရင်းရှင်စနစ်ရဲ့ ကိုယ်စားလှယ်တွေ” လို့ ကျမ ခေါ်လိုတဲ့ ပညာရှင်တွေ၊ သံတမန်တွေ၊ ဖွံ့ဖြိုးရေးအကူအညီဆိုင်ရာ ကျွမ်းကျင်သူတွေ၊ နိုင်ငံတကာ အေဂျင်စီတွေက ကိုယ်စားလှယ်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အကူအညီနဲ့  ဖွံ့ဖြိုးရေးနဲ့ ဒီမိုကရေစီအပြောင်းအလဲဆိုတဲ့ မုသားတွေအောက်မှာ မြန်မာပြည်နဲ့ ပြည်သူတွေဟာ ဓားပြတိုက် ရောင်းစားခံနေကြရပါတယ်။

အခုဆိုရင် မြန်မာပြည် “အရပ်သား” အစိုးရဟာ နိုင်ငံရဲ့ ကြွယ်ဝချမ်းသာမှုတွေအပေါ်မှာသာ အမြတ်ထုတ်ဖို့ စိတ်ဝင် စားနေသူ အတော်များများရဲ့ ထောက်ခံမှုကို ရနေပါတယ်။ ဥပမာ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန် (David Cameron) ဆိုရင် မြန်မာပြည် အလည်အပတ်ခရီးစဉ်မှာ စီးပွားရေးလုပ်ငန်းရှင် ၁၀ ယောက် ခေါ်သွားပါတယ်။ ဗြိတိန်အစိုးရအနေနဲ့ မြန်မာပြည်အပေါ် စီးပွားရေးအရ တချို့ဒဏ်ခတ်အရေးယူမှုတွေ ဆက်လုပ်ထားဆဲဖြစ်တာမို့ အဲ့ဒီစီးပွားရေးသမားတွေကို သူက ခရီးသွားဧည့်သည်လို ခေါ်သွားပါတယ်။

မြန်မာနိုင်ငံလို သိပ်ဆင်းရဲတဲ့ နိုင်ငံတခုဟာ ဖွံ့ဖြိုးရေးအကူအညီတွေ ပိုရလာရင် ကမ္ဘောဒီးယားနိုင်ငံလိုမျိုး အကျိုးရှိနိုင် တယ်လို့ အခိုင်အမာပြောဆိုနေတာတွေလည်း ရှိပါတယ်။ ပြောရရင် ကမ္ဘောဒီးယားနိုင်ငံမှာ ပထမအကြိမ် အထွေထွေရွေး ကောက်ပွဲကျင်းပတဲ့ ၁၉၉၃ ခုနှစ်ကစလို့ အဲ့ဒီနိုင်ငံအတွက် ဖွံ့ဖြိုးရေးအကူအညီ ဒေါ်လာ သန်း ၆ ထောင်ကျော်ကို တရားဝင် အကူအညီပေးသူတွေနဲ့ လူမူအခြေပြုလူ့အဖွဲ့အစည်း ရာပေါင်းများစွာဆီ ပေးအပ်ခဲ့ပါတယ်။ ဒါပေမယ့် တကယ်လိုအပ်နေတဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေကတော့ ဒီအကူအညီတွေကို အဓိက လက်ခံရရှိသူတွေ မဟုတ်ကြသေးပါဘူး။ အစိုးရ အရာရှိတွေ၊ နိုင်ငံတကာက ကျွမ်းကျင်သူတွေ နဲ့ အကြံပေးတွေပဲ တဖြည်းဖြည်း ကြွယ်ဝချမ်းသာလာကြတာပါ။ ကမ္ဘောဒီးယားနိုင်ငံမှာ ဖွံ့ဖြိုးရေးလုပ်သူတွေက မြေသိမ်းတာတွေ စက်ဆုပ်ဖွယ်ကောင်းလောက်အောင်ကို ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ မြန်မာပြည်မှာလိုပဲ ပြည်သူတွေ သူတို့ မြေပေါ်ကနေ ရွှေ့ပြောင်းခံရပြီး အဲ့ဒီအတွက် တရား မျှတမှုဖြစ်စေဖို့လည်း ဘာအကူအညီမှ မရပါဘူး။ ကမ္ဘောဒီးယားနိုင်ငံဟာ အခုအချိန်မှာ ဒီမိုကရေစီနိုင်ငံတခုလို့ ထင်ရပေမယ့် ၁၉၈၅ ခုနှစ်ကတည်းက အာဏာရလာတဲ့ ဝန်ကြီးချုပ်ဟွန်ဆန်ကပဲ ဆက်လက်အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။

နိုင်ငံခြား အကူအညီက နိုင်ငံတခုအတွက် အဖြေမဟုတ်ပါဘူး။ လိုအပ်တာက နိုင်ငံတည်ဆောက်ရာမှာ လူအနည်းကပဲ ဆောင်ရွက်တာမျိုး မဟုတ်တဲ့ နိုင်ငံသားတွေရဲ့ စစ်မှန်တဲ့ပါဝင်ဆောင်ရွက်မှုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ ဒီအခွင့်အလမ်း မရှိသေးပါဘူး။

၁၇ ရာစုနဲ့ ၁၈ ရာစုမှာ အရင်းရှင်တွေ၊ စီးပွားရေးသမားတွေနဲ့ ကုန်သွယ်ရေးကုမ္ပဏီကြီးတွေက ဗြိတိသျှကိုလိုနီနယ်ချဲ့ တွေ ဝင်ရောက်အုပ်ချုပ်နိုင်ဖို့ ကမ္ဘာကြီးကို လမ်းဖွင့်ပေးခဲ့ပါတယ်။ Hudson Bay ကုမ္ပဏီဟာ ကနေဒါ ဒိုမီနီယံနိုင်ငံ (Dominion of Canada) မဖြစ်ခင် ကနေဒါနိုင်ငံရဲ့ အစိတ်အပိုင်းအများစုကို အုပ်စိုးသူဖြစ်လာခဲ့တယ်။ ရုဒ်ဒီရှား (Rhodesia) ဆိုတဲ့ နိုင်ငံငယ်လေးဖြစ်လာဖို့အတွက် အင်္ဂလန်ဖွား တောင်အာဖရိက စီးပွားရေးသမား စီစယ် ရုဒ် (Cecil Rhodes) ကို ဗြိတိသျှ တောင်အာဖရိက ကုမ္ပဏီ (British South Africa Company) က အာဏာပေးခဲ့တယ် (ရုဒ် ပညာသင်ဆုတွေ ပေးနေဆဲဖြစ်တယ်)။ ပြီးတော့ အရှေ့အိန္ဒိယ ကုမ္ပဏီ (East India Company) က ဗြိတိသျှအစိုးရ အတွက် အိန္ဒိယ နဲ့ မြန်မာနိုင်ငံတွေကို လမ်းဖွင့်ပေးခဲ့ပါတယ်။ မြန်မာဘုရင်က အရှေ့အိန္ဒိယ ကုမ္ပဏီရဲ့ တောင်းဆို ချက်တွေကို လိုက်လျောဖို့ ငြင်းဆန်တဲ့အခါမှာ ကုမ္ပဏီက ဗြိတိသျှအစိုးရဆီကနေ အကူအညီတောင်းခံခဲ့ပါတယ်။ နောက်ဆုံးမှာ ဗြိတိန်က မြန်မာနိုင်ငံကို စစ်ကြေငြာခဲ့ပါတယ်။

အနောက်နိုင်ငံတွေဟာ အခုဆိုရင် သူတို့ ကော်ပိုရေးရှင်းတွေအတွက် ဈေးကွက်အသစ်တွေပွင့်လာအောင် တွန်းအား ပေးနေကြပါတယ်။ သူတို့က ဈေးကွက်နဲ့ အကြွေးလို စီးပွားရေးကိစ္စတွေပဲ ပြောဆိုကြပြီး ကျန်းမာရေး၊ ပညာရေး၊ ဂေဟဗေဒ ဒါမှမဟုတ် လူ့အဖွဲ့အစည်းအတွက် အကျိုးရှိစေမယ့်ကိစ္စတွေကိုတော့ မပြောဆိုကြပါဘူး။

မြန်မာ “အရပ်သားအစိုးရ” ရဲ့ ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲမှုတွေကို ဆုချီးမြင့်တဲ့အနေနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် အစိုးရတွေ၊ နော်ဝေး၊ ကနေဒါ၊ အမေရိကန်ပြည်ထောင်စုနဲ့ သြစတြေးလျအစိုးရတွေက မြန်မာနိုင်ငံအပေါ်ထားတဲ့ ဒဏ်ခတ်အရေးယူမှု အများစုကို ဆိုင်းငံ့ထားလိုက်ပါတယ်။ သြစတြေးလျအစိုးရကတော့ မြန်မာပြည်မှာ သူ့နိုင်ငံက ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့အပေါ် ဘယ်တုန်းကမှ ပိတ်ဆို့မှုမလုပ်ခဲ့ပါဘူး။

သြစတြေးလျ၊ ပြင်သစ်၊ အမေရိကန်၊ ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ရုရှနဲ့ မလေးရှားနိုင်ငံတွေက ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ လက်ရှိလုပ်ငန်းလည်ပတ်နေဆဲ ဖြစ်ပါတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်ပို့မှုတွေဟာ မြန်မာခေါင်းဆောင်တွေရဲ့ အကြီးမားဆုံးဝင်ငွေရရာ ရင်းမြစ်တွေပါ။ အဲ့ဒီတင်ပို့မှုတွေကနေ ၂၀၁၁-၂၀၁၂ ဘဏ္ဍာ ရေးနှစ်မှာ ဒေါ်လာ သန်း ၃ ထောင်နီးပါး ဝင်ငွေရခဲ့ပါတယ်။ နိုင်ငံက ဒီလို သဘာဝသယံဇာတတွေနဲ့ ကြွယ်ဝနေပေ မယ့် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ကရတဲ့ အခွန်ဘဏ္ဍာတွေဟာ ချစားနေတဲ့ ဗိုလ်ချုပ်ကြီး တချို့ရဲ့ အိပ်ကပ်ထဲကိုပဲ ရောက်သွားခဲ့ကြတာဖြစ်ပါတယ်။

ဒါကြောင့် မြန်မာပြည်ကို အပြေးအလွှားသွားမယ့် အနောက်နိုင်ငံတွေရဲ့လုပ်ရပ်တွေက မြန်မာနိုင်ငံထဲမှာလက်ရှိဖြစ်နေတဲ့ တင်းမာမှုတွေ၊ လူမှုဆက်ဆံရေး တွေနဲ့ ပြည်သူတွေရဲ့ဘဝကို ဘယ်လိုထိခိုက်စေမလဲဆိုတဲ့ အမှန်တရားကို ကျမတို့ လေ့လာဖို့ လိုတယ်လို့ ပြောချင်ပါတယ်။

(လန်ဒန်ထုတ် The Independent သတင်းစာရဲ့ အွန်လိုင်းဘလော့ဂ်တွင် Nancy Hunson-Rodd ရေးသားထားသော What is Really Happening in Burma Today ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါ တယ်။ ဒေါက်တာ နန်စီဟာ သြစတြေးလျနိုင်ငံအနောက်ပိုင်း Edith Cowan တက္ကသိုလ်မှာ ဂုဏ်ထူးဆောင် အထက်တန်း သုတေသီအဖြစ် ဆောင်ရွက်နေပါတယ်။)

Loading