၂၀၁၀ အထွေထွေရွေးကောက်ပွဲကစလို့ မြန်မာ့တပ်မတော်ဟာ အတော်လေးပါးရည်နပ်ရည်ရှိတယ်ဆိုတာကို သက်သေ ပြခဲ့ပါတယ်။ မျိုးဆက်သစ် စစ်တပ်ခေါင်းဆောင်တွေအနေနဲ့ အရှေ့တောင်အာရှက အခြားတပ် ဖွဲ့တွေနဲ့ အဆင့်တူဖြစ်အောင် စစ်တပ်ကို ခေတ်မှီတိုးတက်အောင်လုပ်ဖို့ အာရုံစိုက်ခဲ့ကြပါတယ်။ သူတို့ရဲ့ ဗျူဟာက (တရုတ်ဟာ မြန်မာနိုင်ငံ အထီးကျန်ဖြစ်နေတာကို အခွင့်ကောင်းယူနေတယ်လို့ လက်ခံထားကြတာမို့) တရုတ်အပေါ် မှီခိုနေရတာ လျှော့ချဖို့ နဲ့ အနောက်နိုင်ငံတွေနဲ့ အပေးအယူလုပ် ညှိနှိုင်းနိုင်မယ့် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ဖို့ပဲ ဖြစ်ပါတယ်။

မြန်မာပြည်သွားတဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့တွေဟာ များသောအားဖြင့် တပ်မတော်ခေါင်းဆောင်ပိုင်းရဲ့ ပွင့်လင်းမှုအပေါ် သဘောကျကြတယ်လို့ အမေရိကန်အစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ကျနော့်ကို ပြောပါတယ်။ “အမေရိကန်အစိုးရ အထက်တန်းအရာရှိတွေ မြန်မာစစ်တပ် ဦးစီးချုပ် ဒါမှမဟုတ် ကာကွယ်ရေးဝန်ကြီးနဲ့ တွေ့ပြီး တိုင်းရင်းသားဒေသတွေမှာ စစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအကြောင်း ပြောကြတိုင်း မြန်မာစစ်တပ်ဘက်က ငြင်းဆိုတာမရှိဘူး” လို့ တယောက်က ပြောပါတယ်။ “အောက်ခြေမှာ ဖြစ်ပျက်နေတာတွေ သိပ်ကြည့် မကောင်းဘူးလို့ သူတို့က ပြောတယ်၊ ဒါတွေကိုဖြေရှင်းနိုင်ဖို့ တပ်မတော်အရာရှိတွေအတွက် သင်တန်းတွေအပါအဝင် အမေရိကန်အစိုးရဆီက အကူအညီတောင်းတယ်” လို့လည်း သူက ဆိုပါသေးတယ်။ မြန်မာ့တပ်မတော် ကိုင်တဲ့အကွက်က မြှားခေါ်တဲ့ အပိုင်ကွက်လို့ ပြောရမှာပေါ့။
အမေရိကန်ဦးဆောင်ပြီး အာရှ-ပစိဖိတ်ဒေသထဲမှာ နှစ်စဉ်ပြုလုပ်နေတဲ့ “ရွှေမြွေဟောက် (Cobra Gold)” နိုင်ငံစုံ စစ်ရေးလေ့ကျင့်ပွဲမှာ ပါဝင်ဆင်နွှဲလိုတဲ့အကြောင်း မြန်မာဗိုလ်ချုပ်ကြီးတွေက ဒီနှစ်အစောပိုင်းမှာ သူတို့ဆန္ဒကို ထုတ် ဖော်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟေလာရီ ကလင်တန် ကလည်း အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) အကြီးအကဲ ဒေးဗစ် ပက်ထရော့စ် (David Petraeus) ကို ဒီနှစ်နှောင်းပိုင်းမှာ မြန်မာနိုင်ငံကို အလည်အပတ်သွားဖို့ ပြောခဲ့ပါတယ်။ ဒါတွေက တိုက်ဆိုင်မှု မဟုတ်ပါဘူး။
အနောက်နိုင်ငံတွေက မျက်နှာသာပေးခံရဖို့ သွေးဆောင်နေတဲ့အချိန်မှာ တပ်မတော်အနေနဲ့ နိုင်ငံထဲ ဖြစ်ပေါ်လာ နိုင်တဲ့ ဘယ်လို အာရပ်နွေဦးပုံစံ လူထုတော်လှန်ရေးမျိုးကိုမဆို နှိမ်နှင်းမှုမလုပ်ဘဲ ရှောင်ရှားလိုတာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးချုပ်ကိုင်မှုတွေ လျှော့ချပစ်တာ၊ မြို့ပြအတိုက်အခံနဲ့ တိုင်းရင်းသားသူပုန်တွေကို အစိုးရဦးဆောင်တဲ့ အသွင်ကူးပြောင်းမှုထဲ ဆွဲသွင်းပါဝင်စေတာ၊ ပြီးတော့ အတိုက်အခံအင်အားစုတွေက လှုပ်ရှားမှု တွေကို ခပ်ထောင်ထောင်လေး တိုးမြှင့်လုပ်ဆောင်လာနေတာတွေကိုတောင် စစ်ခေါင်းဆောင်တွေ သည်းခံနေကြပါတယ်။ အပြောင်းအလဲဖြစ်စဉ်က စစ်တပ်ရဲ့ နိုင်ငံရေးအာဏာ အချုပ်အခြာနဲ့ စီးပွားရေးအကျိုးစီးပွားတွေကို အကဲမစမ်းသရွေ့ ဒီသည်းခံမှု ဟာ ဆက်ရှိမယ့်ပုံ ပေါ်ပါတယ်။
တွက်ရေးနဲ့ လက်တွေ့ ထင်သလောက် မကိုက်တာတွေလည်း ရှိနိုင်ပါတယ်။ ပွင့်လာတဲ့ တကယ့်ဖြစ်စဉ်ဟာ မမြင်ရတဲ့ နိုင်ငံရေးပရိယာယ် အလှည့်အပြောင်း တွေနဲ့ ရောပြွန်းနေပြီး မမျှော်မှန်းထားတဲ့ အကျိုးဆက်တွေဆီ ဦးတည်သွားနိုင်တာပါပဲ။ ဥပမာပြရရင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က မဲဆန္ဒနယ်အားလုံးနီးပါး အနိုင်ရခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲရလဒ်လိုမျိုးပေါ့။။
အခုအချိန်ထိတော့ နောက်ပြန်လှည့်ဖို့လမ်းကို တပ်မတော်က မရွေးသေးပါဘူး။ အဲ့ဒီအစား စစ်ဗိုလ်တွေအတွက် ထိုင်ခုံနေရာ ၂၅ ရာခိုင်နှုန်း ဖွဲ့စည်းပုံက အာမခံထားတဲ့ လွှတ်တော်ထဲမှာ တပ်မတော်ရဲ့ အနေအထားကို ပိုအားကောင်းလာအောင် ပါးပါးနပ်နပ် ဆောင်ရွက်ခဲ့ပါတယ်။ အဲ့ဒါကတော့ ဧပြီလ ၂၂ ရက်နေ့မှာ လွှတ်တော်ထဲက စစ်တပ်ကိုယ်စားလှယ်တွေကို ရာထူးကြီးတဲ့ တပ်မှူး ၅၉ ယောက် (ပြည်သူ့လွှတ်တော်မှာ ၃၉ ယောက်နဲ့ အမျိုးသားလွှတ်တော်မှာ အယောက် ၂၀) နဲ့ အစားထိုးခဲ့တာပါပဲ။ ပြည်သူ့လွှတ်တော်မှာ လောလောဆယ် အရပ်သားကိုယ်စားလှယ် ၃၂၂ ယောက်နဲ့ စစ်တပ်ကိုယ်စားလှယ် ၁၁၀ ရှိပြီး အမျိုးသားလွှတ်တော်မှာတော့ အရပ်သား ၁၆၈ ယောက်နဲ့ စစ်သား ၅၆ ယောက် ရှိပါတယ်။
အခုလို ရာထူးကြီးတဲ့ တပ်မှူးတွေ တပြုံတမနဲ့ အစားထိုးသွေးသစ်လောင်းတာဟာ လွှတ်တော်ထဲဝင်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD လွှတ်တော်အမတ်တွေကို စစ်တပ်က တန်ပြန်ထိန်းညှိဖို့ ပြင်ဆင်တာဖြစ်တယ်လို့ မြန်မာ့အရေး စောင့်ကြည့်လေ့လာသူ အတော်များများက အဓိပ္ပါယ်ကောက်ကြပါတယ်။ NLD အမတ်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့နဲ့ စစ်တပ်ရဲ့ အခွင့်အာဏာတွေကို လျှော့ချဖို့ ဆောင်ရွက်သွားမယ်လို့ အခိုင်အမာ ဆိုနေကြတာကိုး (လွှတ်တော်မှာ ကျမ်းကျိန်တဲ့ စာသားကို မပြောင်းပေးရင် လွှတ်တော်မတက်ဘူးလို့ ဆိုခဲ့ပေမယ့် သူနဲ့ သူ့ပါတီက လွှတ်တော်အမတ်တွေ လွှတ်တော်မှာ ကျမ်းကျိန်ဖို့ သဘောတူဆုံးဖြတ်လိုက်ပြီလို့ ဒေါ် အောင်ဆန်းစုကြည်က ကြေငြာချက်ထုတ်ပြန်ပါတယ်)။
ဘယ်လိုပဲဖြစ်ဖြစ် လွှတ်တော်ကို တပ်မတော်က အရေးတယူ ပြုလာနေတာ ကောင်းတဲ့လက္ခဏာတခုပါ။ ဒါက လွှတ်တော်ကို ဘာဆုံးဖြတ်ချက်တွေကိုပဲ ချမှတ်ချမှတ် တံဆိပ်တုံးထုအတည်ပြုပေးရတဲ့ နေရာထက် ပိုတယ်လို့ အသိအမှတ်ပြုလာစေဖို့ ရှေ့တိုးလိုက်တာ ဖြစ်ပါတယ်။ အဲ့ဒီအစား အုပ်စိုးမှုဆိုင်ရာ နည်းလမ်းတရပ်၊ စစ်တပ်ရဲ့ သဘောထားမူဝါဒတွေကို ထုတ်ဖော်ပြောဆိုနိုင်တဲ့ စင်မြင့်တခု၊ ပြီးတော့ မတူကွဲပြားမှုတွေရှိနေတဲ့ လူ့အဖွဲ့အစည်းထဲက အကျိုးစီးပွား အထွေထွေကို ပေါက်ကွဲမခံပဲ ထိန်းညှိနိုင်ဖို့ ယန္တရားတခုအဖြစ် စစ်တပ်က လွှတ်တော်ကို စတင် အမှီသဟဲ ပြုကောင်း ပြုလာတာလည်း ဖြစ်နိုင်ပါတယ်။ အခြေအနေတွေ ဘယ်လိုပဲရှိနေနေ တပ်မတော်ကတော့ မြန်မာ့နိုင်ငံရေးရဲ့ နောက်ဆုံး အဆုံးအဖြတ်ပေးခွင့် အာဏာကို ဆက်လက်ချုပ်ကိုင်နေဆဲပါ။ ဒါပေမယ့် အစောပိုင်းက ပြောခဲ့သလို ဥပဒေပြုအဖွဲ့အစည်း အင်စတီကျူးရှင်းတွေ တည်ဆောက်ဖို့ စစ်တပ်ရဲ့ နိုင်ငံရေးအာသီသနဲ့ စွမ်းဆောင်နိုင်မှုတွေကို ပစ်ပယ်ဖို့၊ လျှော့တွက်ဖို့ မသင့်ပါဘူး။ ကြမ္မာငင်နေတဲ့ မြန်မာနိုင်ငံမှာ ကျန်တဲ့အင်စတီကျူးရှင်းတွေအားလုံး အခုထိ လုံးဝ အလုပ်မဖြစ်နိုင်ကြသေးလို့ပါ။
မင်းဇင်သည် ပြည်ပအခြေစိုက် သတင်းစာဆရာတဦး ဖြစ်ပြီး ကယ်လီဖိုးနီးယား တက္ကသိုလ် (ဘာကလေ) သတင်းစာပညာ ကျောင်း၌ သင်ကြား ပို့ချနေသည့် ဆရာတဦးဖြစ်ပါသည်။ Foreign Policy မဂ္ဂဇင်း၏ အွန်လိုင်းဘလော့ဂ် Transitions ပါ Military maneuvers (in Burma’s parliament) ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။