မန္တလေးမြို့ပြ လူနေမှု အပြောင်းအလဲ၊ မန္တလေးမြို့သားများ၊ ဌာနေဖွား တရုတ်လူမျိုးများနှင့် အသစ်ဝင်လာသော တရုတ်များ၏ ဆက်ဆံရေးအနေအထား၊ အသစ်ဝင်ရောက် နေရာယူလာသည့် တရုတ်များ၏ လွှမ်းမိုးမှုနှင့် မန္တလေးမြို့ခံတို့၏ သဘောထား၊ မြစ်ဆုံစီမံကိန်နှင့် ပတ်သက်၍ ကိုယ်တိုင်သွားရောက်လေ့လာမှုများ၊ တွေ့ရှိခဲ့မှုများကို ဧရာဝတီမဂ္ဂဇင်းက စာရေးဆရာ ညီပုလေးနှင့် မန္တလေးမြို့ရှိ လူထုစာအုပ်တိုက်တွင် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
လူထုဦးလှနှင့် လူထုဒေါ်အမာတို့၏ ပဉ္စမမြောက် သားအငယ်ဆုံးဖြစ်သူ စာရေးဆရာ ညီပုလေးသည် ၁၉၈၅ ခုနှစ်ထုတ် စံပယ်ဖြူမဂ္ဂဇင်းတွင် “လျက်ဆားတတို့” ဝတ္ထုကို စတင်ရေးသားခဲ့သည်။ “လူအ အိပ်မက် ဝတ္ထုတိုများ”၊ “လီဒို ဟူးကောင်း မင်ခြစ်မှတ်စုများ” စသည့် စာအုပ်တို့မှာ ထင်ရှားသည်။ ၂၀၀၆ ခုနှစ်တွင် “ငြိမ်သက်တစ်မိနစ်နှင့် အခြားဝတ္ထုတိုများ” စာအုပ်ဖြင့် မိုးကုတ်မြို့ သဟာယစာကြည့်တိုက်၏ သဟာယစာပေဆု၊ ၂၀၁၂ ခုနှစ်တွင် “တတိယမြို့တော်သားရဲ့ အလွမ်း” ဝတ္ထုတိုဖြင့် တော်ဘုရားလေး (အောင်ဇေ) စာပေဆုမှ ဝတ္ထုတိုဆုတို့ကို ရရှိခဲ့သည်။
မေး ။ ။ မန္တလေးရင်ခုန်သံ ဘယ်လောက်ပြောင်းလဲသွားတယ်။ မန္တလေးမျက်နှာစာ ဘယ်လို ပြောင်းလဲသွားတယ်ဆိုတာ မန္တလေးသားဖြစ်တဲ့ ဆရာ ညီပုလေးက အသိဆုံးဖြစ်မှာပါ။ မန္တလေးမြို့ကြီးရဲ့ အပြောင်းအလဲတွေကို ကျနော်တို့ကို ပြောပြနိုင်မလား။
ဖြေ ။ ။ ပြောင်းနေတာတော့ ၁၉၈၄ ဦးကျားကြီးဝင်း မီးလောင်ပြီးနောက် တဖြည်းဖြည်းချင်းပြောင်းတယ်။ ဒီလိုပဲ မီးလောင်ပြီးတိုင်း မြန်မာတွေက မြို့သစ်ကို ဆုတ်ဆုတ်ပေးရတယ်။ ကျနော်တို့ မန္တလေးသူ၊ မန္တလေးသားတွေ အပြောနဲ့ဆိုရင် ကြွက်နဖားတောင်ခြေ ရောက်တော့မယ်လို့ ပြောတယ်။ မန္တလေးသားစစ်စစ်တွေက ချဲ့စရာ ဟိုဘက်ပဲရှိတော့ ဟိုဘက်ပဲချဲ့ရတယ်။
ကျနော် မှတ်ပုံတင်ပျောက်ရင် အသစ်ပြန်လုပ်ဖို့ ခက်နိုင်တယ်။ သို့သော် မှတ်ပုံတင်ကို လွယ်လွယ်ကူကူ လုပ်လို့ရတဲ့သူတွေ ရှိတယ်။ အဲဒီလူတွေက ဝင်လာကြတယ်။ သူတို့က ဌာနေ၊ ဒီမှာပေါက်တဲ့ ဟိုးတုန်းက တရုတ်တွေနဲ့ မတူဘူး။ သူတို့က ပိုက်ဆံ ဘယ်လောက်ချမ်းသာလဲတော့ မသိဘူး။ သို့သော် ဌာနေတရုတ်တွေနဲ့ နောက်ရောက်လာတဲ့ တရုတ်တွေနဲ့ ဆက်ဆံရေးကိုက တယောက်နဲ့ တယောက် မတူဘူး။ ကျနော်တို့အပေါ်မှာ မဟုတ်ဘူးနော်၊ သူတို့အချင်းချင်းကို မတူတာ။ ကျနော်တို့အပေါ်မှာ ဆိုတော့ ပိုပြီးမတူတာပေါ့။
မေး ။ ။ ဆရာ ညီပုလေး ပြောနေတာက မြောက်ပိုင်းကနေပြီး တဖြေးဖြေးနဲ့ဖိလာနေတဲ့ တရုတ်တွေကိုပြောတာပေါ့။ ကျနော်တို့ နောက်ပိုင်းသိသလောက်က ယူနယ်နဲ့ အပြင်ဘက် စီချွမ်ဘက်ကတောင်မှ တရုတ်လူမျိုးတွေ ဒီဘက်ကို ဝင်လာတယ်လို့ ကျနော်တို့သိရတယ်။ ခုနကပြောတဲ့ လူဝင်မှုကြီးကြပ်ရေး မှတ်ပုံတင်ကအစ ဝယ်ရတာ လွယ်တယ်ပေါ့နော်။ ဆရာ ညီပုလေး ပြောသွားတဲ့ ဌာနေတရုတ်လူမျိုးတွေနဲ့ နောက်ရောက်တဲ့ တရုတ်အသစ်တွေက မတူဘူးလို့ ကြားတယ်။
ဖြေ ။ ။ ဟုတ်ကဲ့ မတူပါဘူးဗျ။ ဟိုလူတွေက ကျနော်တို့ မြန်မာလူမျိုးတွေလိုပဲ မိသားစုဝင်တွေလို ဖြစ်ပြီးတော့ သာမှုနာမှုလည်း ကူညီတယ်။ နှစ်အိမ့်တအိမ် အဝင်အထွက်ရှိတယ်။ တော်တော်မြန်မာဆန်တယ်။ သူတို့ပွဲလမ်းတွေ ကျနော်တို့ကို ဖိတ်တယ်။ ကျနော်တို့ပွဲလမ်းတွေ အကူအညီလိုလို့ အလှူသွားခံရင် ရတယ်။ ဟိုလူတွေက ဒီလိုစရိုက်မရှိဘူး။
မေး ။ ။ ဘယ်လိုကွာလဲ။
ဖြေ ။ ။ သူတို့က သူတို့ကိုယ်သူတို့ ပိုက်ဆံရှိတယ်ဆိုပြီး ခြံကြီးဝင်းကြီးနဲ့ အလုံနေပြီးတော့ မြန်မာစကား သိပ်မတတ်ကြဘူး။ တော်တော်များများ မတတ်ကြဘူး။ ကျနော် ဝတ္ထုတပုဒ်ရေးဖူးတယ်။ စာအုပ်ဆိုင်ကို လာမေးတဲ့ ကလေးက မန္တလေးမြေပုံ မြန်မာပြည်မြေပုံကို တရုတ်ဘာသာနဲ့ ရိုက်ထားတာရှိလားတဲ့။ ကျနော် စိတ်ကူးယဉ် မဟုတ်ဘူး၊ အဲဒါ တကယ်အတွေ့အကြုံကို ရေးထားတာ။
မေး ။ ။ ခုတော်တော်များများက ပြောကြတယ်။ ခုနက ဆရာ ညီပုလေး ပြောသလို မြေပုံလာမေးသလိုမျိုးပေါ့။ အခု မန္တလေးမှာ လမ်းတွေမှာ တရုတ်စာနဲ့ရေးရမယ်၊ ဟိုတယ်တွေမှာ တရုတ်စာနဲ့ရေးရမယ်ဆိုတဲ့ အတိုင်းအတာမျိုးတွေ ဖြစ်နေတယ်။ ဒီ မန္တလေးရဲ့လူထုတွေအပေါ်မှာ၊ မြို့သူမြို့သားတွေအပေါ်မှာ အရင် ဌာနေတွေအပေါ်မှာ ဘယ်လောက်တောင်မှ သြဇာလွမ်းမိုးမှုက ကြီးနေပြီလဲ။
ဖြေ ။ ။ မြို့သူမြို့သားတွေအပေါ်မှာတင် မဟုတ်ဘူးဗျ။ ကျနော်ပြောဦးမယ်။ ဟိုတယ်တွေပေါ့၊ အများနဲ့ဆိုင်တဲ့ တချို့နေရာတွေမှာ တရုတ်စာက ထိုးဖောက်စပြုနေပြီ။ ဥပမာ ရန်ကုန်-မန္တလေး သွားမယ်ဆိုရင် ကားက မကြာခင်မှာ ဘယ်စခန်းမှာ ရပ်ပါမယ်ဆိုတာ မြန်မာလိုကြေညာ၊ ပြီးရင် တရုတ်လိုကြေညာတဲ့ ကားတွေရှိနေပြီ။ ဒီကားက ဘယ်နှနာရီ မန္တလေးက ထွက်ပါမယ်၊ ဘယ်မှာ ရပ်ပါမယ်၊ ရန်ကုန်ကို ဘယ်တော့ရောက်ပါမယ်၊ အဲဒီလို ကြေညာတာကအစ တရုတ်လိုကြေညာတဲ့ ကားတွေရှိနေပြီ။ အာရပ်နဲ့ ကုလားအုပ်တွေလိုပဲ တရွေ့တရွေ့နဲ့တော့ လာနေပြီ၊ သတိမမူ ဂူမမြင်ကြတာ။
မေး ။ ။ ဟုတ်ကဲ့၊ သတိမမူ ဂူမမြင်ဆိုရင် ဒါတွေကို ဌာနေဖွား မြန်မာလူမျိုးတွေ အစ်ကိုတို့လို လူမျိုးတွေက သိမြင်နားလည် သဘောပေါက်လာအောင် ဘယ်လောက်လုပ်ပေးတာရှိလဲ။
ဖြေ ။ ။ ရှိတာပေါ့။ တလောက မန္တလေးကျောက်ဝိုင်းမှာ ဖြစ်တဲ့ ပြဿနာမျိုးဆိုရင် ကျနော်မရောက်ပါဘူး၊ သို့သော် ပြန်ကြားရတာ၊ မြင်ရတာ၊ ဖတ်ရတာပေါ့။ ကျနော်တို့လူမျိုး တယောက်နဲ့တယောက် အရေးကြီးရင် သွေးစည်းပါတယ်၊ ကူညီပါတယ်။ နိုင်ငံတော်သီချင်းတွေ ဆိုကြတယ်၊ ဇာတိမာန်သီချင်းတွေ ဆိုကြတယ်။ အတတ်နိုင်ဆုံး ဆန့်ကျင်တဲ့ အပြုအမူတွေ ပြကြတယ်။ အဲဒါမျိုးဆိုရင် ကျနော်တို့လူမျိုးကို ကျနော် ချစ်မိတာပေါ့နော်၊ မဟုတ်ရင် မခံချင်ဘူး၊ အထူးသဖြင့် နောက်ပေါက်တွေပေါ့နော်။ အဲဒီဟာတွေအပေါ်မှာ သူတို့ ခံစားချက် တော်တော်ပြင်းပါတယ်။
မေး ။ ။ တရုတ်ရဲ့ လွှမ်းမိုးမှုက ခုနက ကားတွေမှာ တရုတ်လို ကြေညာတာမျိုး အဲဒါက ဘယ်လောက်အထိရှိလဲ။
ဖြေ ။ ။ သူတို့ ဝတ်ပုံစားပုံက ဌာနေတရုတ်တွေနဲ့ မတူဘူး။ ဝတ်ပုံစားပုံ နည်းနည်း ရဲတင်းလွန်းတယ်။ ကာလသားစကားပြောရင် မဖော်ပြသင့်တဲ့နေရာကို ဖော်ပြတယ်။ ကလေးတွေ ဘောင်းဘီအတိုလေးတွေ ဝတ်ကြတယ်။ ပူအိုက်လို့ဝတ်တာ။
ကျနော်တို့က Global warming ဆိုပြီးတော့ အစိမ်းရောင်တော်လှန်ရေး လုပ်တဲ့အနေနဲ့ သစ်ပင်တွေစိုက်ကြ။ အဲဒီတော့ လူတွေက ကဲ့ရဲ့ကြတယ်။ “ဟေ့ကောင် … ဘာဖြစ်လို့ သစ်ပင်တွေ စိုက်ကြတာတုန်း၊ ဒီအတိုင်းလွတ်ထားလိုက်ပါ၊ ဒါမှ ငါတို့က ဒီထက်တိုတာကို မြင်ရမှာ၊ ငါတို့က မင်းတို့သစ်ပင်တွေကို ငါဆွဲနုတ်ပစ်လိုက်မှာနော်” ဆိုပြီး။ အဲဒီတော့ “သစ်ရွက်ကပ်တဲ့ခေတ်ကို ရောက်ချင်လား၊ မင်းတို့က ဒုက္ခပါပဲကွာ” ပေါ့။ “ကမ္ဘာဦးကို ပြန်ရောက်ချင်တာ၊ အာဒံ ဧဝလို သစ်ရွက်လေးနဲ့နေတဲ့ခတ်ကို ပြန်ရောက်ချင်နေကြတာ။ မင်းတို့ကလျှောက်ပြီး သစ်ပင်စိုက်တော့ ကြည့်မရဘူးကွာ” ဆိုတာမျိုးပေါ့။
မေး ။ ။ သူတို့ယဉ်ကျေးမှုက ဆရာတို့ မန္တလေးယဉ်ကျေးမှုကို လွှမ်းမိုးလာတဲ့သဘောလား။
ဖြေ ။ ။ လူအများစုကို လွှမ်းမိုးလာတာပေါ့။
မေး ။ ။ အဲဒါဆိုရင် ဒီတရုတ်ဆန့်ကျင်ရေး လူမျိုးခြားဆန့်ကျင်ရေး စိတ်ဓာတ်တွေ ဘယ်လောက်အထိ ကျနော်တို့ တိုင်းပြည်ကို စိုးရိမ်စရာရှိမယ်လို့ထင်လဲ။ ကျနော်တို့မှာ တရုတ်-ဗမာ အရေးခင်းဆိုတာလည်း ဖြစ်ခဲ့ဖူးတယ်။ နောက်ပြီးတော့ ဒီလိုမျိုး သွေးထွက်သံယို ကိစ္စတွေမဖြစ်အောင် ပြည်တွင်းမီဒီယာတွေ၊ နောက်ပြီးဆရာတို့ စာရေးဆရာတွေက ဘယ်လိုမျိုးတွေ ပညာပေးမှုတွေ လုပ်တာမျိုးတွေရှိလဲ။ ဘယ်လောက်အထိ ရေးသားခွင့်ရှိလဲ။
ဖြေ ။ ။ အဲဒါတော့ မသိဘူးဗျ။ မရှိသလောက်ဘဲ။ ကျနော်တို့ရေးရင် ကိုယ့်အမျိုးကိုယ် ချစ်ဖို့လောက်ပဲ ရေးလို့ရတယ်။ တဖက်ရန်အကြောင်း ရေးတာနည်းပါတယ်။ မရှိသလောက်ပါပဲ။
မေး ။ ။ ရေးခွင့်မရတာလား၊ မရေးတာလား။
ဖြေ ။ ။ မရေးတာလည်း ဖြစ်နိုင်တယ်။ ရေးခွင့်မရတာလည်း ဖြစ်နိုင်တယ်။
မေး ။ ။ ခုနက ကျောက်ဝိုင်းကိစ္စတွေ ဖြစ်လာတော့ အဲဒါကို ဒီဌာနေမှာနေတဲ့ တရုတ်လူဟောင်းက ဘယ်လောက်စိုးရိမ်မှုရှိလဲ။ တရုတ်အသစ်တွေကရော ဘယ်လောက်စိုးရိမ်မှုရှိလဲ။ တင်းမာမှု (Tension) က ဘယ်လောက်ကြီးလဲ။ အခုထိ အဲဒီ Tension က ရှိသေးလား။
ဖြေ ။ ။ ကျနော်အဲဒါက မဖြေနိုင်ဘူးဗျ။ မဖြေနိုင်ဘူးဆိုတာ နံပါတ် တစ်က ကျနော်မရောက်တာ။ အဲဒီကွင်းထဲကို မရောက်တာ။ သို့သော် ကျနော်စိတ်ထဲမှာတော့ အရေးကြီးလို့ရှိရင် ကျနော်တို့အချင်းချင်း သွေးနီးတယ်ဆိုတဲ့ စိတ်ကလေးတော့ရှိတယ်။ မြစ်ဆုံကိစ္စတုန်းက မိတ်ဆွေတယောက်က Facebook မှာရေးတာ စွဲနေတယ် ကျနော့်နှလုံးသားမှာ။ အဲဒါဘာလဲဆိုတော့၊ ဒီတခါ တရုတ်-ဗမာ အရေးခင်း မဖြစ်ချင်တော့ဘူးဗျာ၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့လမ်းထဲမှာ ဗမာအိမ်ဆိုလို့ သုံး၊ လေး အိမ်ပဲ ကျန်တော့တယ်။ ကြောက်စရာကြီး။ သူပြောတာ သူကတော့ ပေါ့ပေါ့ပါးပါး ရေးတာပေါ့ဗျာ။ အဲဒါက ကဗျာလိုကျတော့ တော်တော်အနက်ပါတဲ့ ဥပမာပေါ့ဗျာ။
မေး ။ ။ အဲဒီ အခု အိမ် သုံး၊ လေးအိမ်ပဲ ရှိတော့တယ်။ ကျနော်တို့ လောလောဆယ် သိရသလောက်ကတော့ ဒီမနက်နဲ့ ညဆိုရင် မျက်နှာတွေ ညိုးနွမ်းနေတဲ့ မြန်မာအလုပ်သမားတွေ ဆင်းရဲတဲ့ မြန်မာတွေကနေပြီးတော့ စက်ဘီးလေးတွေကိုယ်စီနဲ့ အလုပ်လာလုပ်ကြတယ်။ ပြန်ကြတယ် အဲဒီမြင်ကွင်းလေးတွေက ကျနော်တကယ့်ကို နေ့စဉ်မြင်နေရတဲ့ ရိုးအီနေတဲ့ မြင်ကွင်းတွေပေါ့။ ကျနော်သိချင်တာက မန္တလေးမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို၊ ဘယ်လုပ်ငန်းတွေကို လူမျိုးခြား တရုတ်လူမျိုးတွေက ချုပ်ကိုင်ထားလဲ။ သူတို့က ဘာတွေလုပ်ကိုင်နေကြလဲ။ အဲဒါမျိုးရော ဆရာတို့မှာ ဘယ်လိုမြင်လဲ။
ဖြေ ။ ။ ကျနော် လူမျိုးခြား ချုပ်ကိုင်ထားတဲ့ စီးပွားရေးအကြောင်း မပြောနိုင်ဘူးဗျ။ ဆရာ ကျော်ရင်မြင့်တို့တော့ ပြောနိုင်ကောင်းပြောနိုင်လိမ့်မယ်။ သို့သော် မြင်နေရတာပေါ့နော်၊ ခင်ဗျားတို့ ကြုံရင် တရုတ်မင်္ဂလာဆောင်၊ တရုတ်ထမင်းစားပွဲတွေ ကြုံစေ့ချင်တယ်။ ကားတွေကားတွေဆိုတာ အကောင်းအစားတွေ ပြည့်ညပ်နေတယ်။ အဲဒါမျိုးကို မြင်စေ့ချင်တယ်။ နောက်တခါ အိမ်ကြီးအိမ်ကောင်းတွေ၊ နန်းတော်တမျှပေါ့။ ကျနော်တို့ ခေါင်းပေါင်း ကျွတ်လောက်အောင် မော့ကြည့်ရတဲ့ အိမ်ကြီးတွေ သူတို့ပဲ ပိုင်တာ။ တချို့ရပ်ကွက်မှာ ရဝတ ကတောင် ကိုယ့်ရပ်ကွက်ထဲနေတဲ့ လူတွေရဲ့ နာမည်အပြည့်အစုံကိုတောင် မသိနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က မြန်မာနာမည်မှ မဟုတ်တာ။ ဒါမျိုးအခြေအနေ ဖြစ်နေတယ်။
မေး ။ ။ ဆိုတော့ ကိုယ့်ထီးကိုယ့်နန်းကို ကျနော်တို့က ဒီနန်းမြို့က ဗြိတိသျှလက်ထဲကို ကျသွားတယ်ဆိုပြီး ကျနော်တို့က ရေးသားခဲ့ကြတယ်။ အမြဲတမ်း ဒါကိုလည်း အရင် မြန်မာစစ်အစိုးရ၊ အခု လက်ရှိအစိုးရက ယခုအထိ ကိုယ်လိုနီနယ်ချဲ့လက်သစ်တွေ၊ လက်ဟောင်းတွေ ဆိုပြီး အမြဲတမ်းပြောလေ့ရှိတယ်။ အခုကျရော။
ဖြေ ။ ။ အဲဒါလည်း ကျနော် Facebook က ရေးသားချက်တခုကို ကိုးကားပြီးပြောရမှာပဲဗျ။ မြစ်ဆုံမှာ ဆည်ကြီးတည်လိုက်ရင် ကောင်းတာပေါ့ကွာ၊ နယ်ချဲ့အင်္ဂလိပ်တွေ မန္တလေးမြို့ကို ဧရာဝတီမြစ်အတိုင်းတက်ပြီး မသိမ်းနိုင်တော့ဘူးတဲ့။ အဲလိုရေးတယ်။ အဲဒါကို လူတယောက်က ဝင်ရေးတယ်၊ မင်းမသိဘူးလား မင်း တရုတ်က အထက်ကနေ သိမ်းနေပြီလို့ ဝင်ရေးတယ်။ မှတ်ချက်ဝင်ရေးတယ်။ အဲဒီလိုပြောရမှာပဲ။
မေး ။ ။ ဆရာ မန္တလေးကစပြီးတော့ မြစ်ဆုံအထိ သွားပြီးလေ့လာခဲ့တယ်လို့ သိရတယ်။ အခု အဲဒီမြစ်ဆုံကို ပြန်ပြီးစဖို့ တရုတ်ကုမ္ပဏီတွေက ကြိုးစားနေတယ် ပြောဆိုနေတယ်လို့ ကြားရတယ်။ အဲဒီအပေါ်မှာရော ဘာများပြောချင်သလဲ။
ဖြေ ။ ။ ပြောချင်တာပေါ့။ သူတို့အခု စာအုပ်ထုတ်ပြီး ဝေတယ်လို့ကြားရပါတယ် သူတို့လုပ်တာ တရားတယ်၊ မှန်တယ်၊ သဘာဝပတ်ဝန်းကျင် မထိခိုက်ပါဘူး ဆိုတာမျိုး ကြိုးစားနေတယ်လို့ ကြားတယ်။ သမ္မတ ဦးသိန်းစိန်က သူ့သက်တမ်းမှာ မလုပ်ဘူးဆိုတာ ဒါ ပွဲပြီးတာမဟုတ်ဘူး၊ ခတ္တရပ်ဆိုင်းပြီး Half-time ပေးထားတာဆိုပြီး လူတွေက ကဲ့ရဲ့ကြတယ်။ ဆိုတော့ သရေပွဲတော့ မဖြစ်ဘူး၊ ကျတော်တို့က အနိုင်ကန်ချင်တာ။ မြစ်ဆုံမှ မဟုတ်ဘူး၊ အထက်မှာ ဆည် ၆ ခု ၇ ခုလောက်ရှိသေးတယ်။ အဲဒီဟာတွေကလည်း ဆိုးမွေတွေ လာဦးမယ်။ ကချင်လူမျိုးတွေက သူတို့မှာ ပထဝီက ပေးထားတဲ့ အမွေအနှစ်အနေနဲ့ ဒီမြစ်ဆုံပဲရှိတာလေ။ ကျနော်ရောက်ခဲ့ပါတယ်၊ ပျက်စီးစပြုနေပါပြီ။ ကျနော်တို့သွားတော့ သစ်ပင်တွေ ဘာတွေ ခုတ်ပြီး လမ်းတွေဖောက်နေပြီ။ ဝန်ထမ်းတန်းလျားတွေဆောက် မြေတွေ စဖို့နေပြီ။ တမံ ပိတ်ခါနီးဆဲဆဲလေးမှာ ကျနော်တို့က ရောက်သွားတာပေါ့။ စိတ်မချမ်းသာဘူး။ ကျနော်ဒီနေရာတွေ ရောက်ဖူးတယ်လေ။ လှတာကိုး။ အဲဒါအပြင် အဲဒီပတ်ဝန်းကျင်ရွာက လူတွေပါ ရွှေ့ရတာဆိုတော့ မရွှေ့ရစေချင်ဘူး။ သူတို့ ရွှေ့တဲ့နေရာက လုပ်ကိုင်စားလို့မှ မရတာ။
နေရာရွှေ့တာနဲ့ ပတ်သက်ပြီးတော့ ကျနော့်မှာ ပြောစရာတွေအများကြီး ရှိတယ်။ ပြောပြဦးမယ်။ အထက်ကိုရောက်တဲ့အခါ၊ အထက်ဆိုတာ ကျွန်းလှမြို့နယ်ထဲမှာ သဖန်းဆိပ်ဆည် ဆိုတာ ရှိတယ်။ ကန့်ဘလူထဲမှာပေါ့။ ကျေးရွာအုပ်စု ၆၅ အုပ်စုနော်၊ ကျွန်းလှမြို့အပါအဝင် ရွှေ့ပေးခဲ့ရတယ်။
ကျနော်ထောင်ထဲမှာ နေခဲ့တာဗျ။ ကျနော့်ကို ၁၀ နှစ်ချတယ်။ ကျနော်သိတယ်၊ ၁၀ နှစ်နေပြီး အိမ်ပြန်ရမယ်ဆိုတာ သိတယ်။ ဒါပေမယ့် ထောင်ထဲနေတဲ့ အချိန်မှာကိုပဲ ကျနော့်ကို ဒီအဆောင်ကနေ ဟိုအဆောင်ရွှေ့ပါဆို မရွှေ့ချင်ဘူး။ ကျနော် ဒီမှာ ကျနော့်ရဲဘော်တွေနဲ့ ဒီ့ပြင် အကျ (ရာဇဝတ်မှုနဲ့ ထောက်ကျသူ) တွေနဲ့ ကျနော် အသားကျနေပြီဗျ။ မရွှေ့ချင်ဘူး။ ဒါထောင်ပဲရှိသေးတာ။ အဲဒီလိုပဲ။ ဒီတိုက်ကနေ ဟိုတိုက် ပြောင်းပါဆို မပြောင်းချင်ဘူး။ လူ့သဘာဝ၊ ကျနော့်စိတ်နော်။ ကျွန်းလှကလူတွေ၊ သံဖရဲရွာကလူတွေ ရွှေ့ရမယ်ဆို သူတို့ခံစားချက်ကို ကျနော်နားလည်တယ်။ သူတို့ ဘယ်ပြောင်းချင်ပါ့မလဲ၊ အကုန်လုံးထားပစ်ခဲ့ရတာ။
မေး ။ ။ ရွှေ့ရမယ်ဆို သူတို့ဘဝတွေ ဘယ်လိုဖြစ်သွားမှာလဲ။
ဖြေ ။ ။ ကကြီးက ပြန်စရမှာ။ စလို့ရချင်မှ ရမှာ။ ဒီခေတ်ထဲမှာနော် ကကြီးကစပေမယ့် ဆွဲလိုက်တဲ့ နှစ်ခုစလုံး ကကြီးဖြစ်ချင်မှဖြစ်မယ်။ ဂငယ်လောက် မဖြစ်တဖြစ်နဲ့လည်း သူ့ဘဝက ရပ်ရင်ရပ်သွားနိုင်တာပဲ။ အဲဒီတော့ အဲဒီ ရွှေ့တဲ့ပြောင်းတဲ့ကိစ္စတွေကို စိတ်ပျက်တယ်။ နှလုံးနာတယ်။ မြစ်ဆုံလည်း သဘာဝအတိုင်းရှိရတာ ကောင်းပါတယ်။
မေး ။ ။ ဆရာ ညီပုလေးကို မေးချင်ပါတယ်။ ခုနက မြစ်ဆုံကိစ္စနဲ့ နွှယ်ပြီး တိုင်းရင်းသားကိစ္စလေးတွေ ပါလာတယ်။ အထူးသဖြင့် ရှမ်း၊ ကချင်။ အဲဒီနေရာ နှစ်ခုမှာရှိတဲ့ သယံဇာတတွေကို လက်ဝါးကြီး အုပ်ပြီးတော့ ထုတ်ရောင်းခဲ့တာကတော့ ခရိုနီတွေနဲ့ စစ်တပ်ကပဲ ဖြစ်ပါတယ်။ ဆိုတော့ သူတို့တွေပဲ ချမ်းသာသွားတယ်။ တိုင်းရင်းသားတွေရဲ့ ခံစားချက်တွေ ကျနော်တို့ ကြားရတာတွေရှိတယ်။ ဆရာ ဘာတွေ တွေ့ခဲ့ ကြားခဲ့ မြင်ခဲ့တာတွေ ရှိလဲ။
ဖြေ ။ ။ သဘာ၀ အရင်းမြစ်ကတော့ သူတို့ စားသုံးသွားတာပဲ၊ အဲဒီအရင်းအမြစ်ရဲ့ နောက်ဆက်တွဲ အကျိုးဆက်ဖြစ်တဲ့ ဆိုးမွေကတော့ ငါတို့ခံစားရမှာပဲ၊ လူတွေက အဲလိုမြင်တယ်။ တကယ်ပဲ မြောင်းတွေ ချောင်းတွေ ပုံမှန် မစီးဆင်းတော့ဘူးဗျ။ နောက်ပြီးသူတို့ (ဒေသခံတွေ) မသိပါဘူး၊ ဒီအထဲမှာ အာဆင်းနစ် (အဆိပ်) တွေ များတယ်၊ နောက် ပြဒါးများတယ်၊ ငရဲမီးဓာတ်တွေများတယ်။ ဒါတွေကို (ဒေသခံတွေ) နားမလည်သေးဘူး၊ သို့သော် အရင်လို ငါးမပေါတာပဲ သူတို့သိတယ်။ သိပ္ဗံနည်းကျတော့ လတ်တလော မသိသေးဘူးပေါ့။ မြို့က ပညာပေးတဲ့လူတွေ ပြောလို့သာ ကြားတယ်ပေါ့။ သို့သော် ဌာနေငါးတွေ မရှိတော့ဘူး။ သူတို့မိနေကျ ငါးတွေ မရှိတော့ဘူးဆိုတာပဲ သူတို့သိတယ်။