ဖက်ထိပ်ယဉ်ကျေးမှုနဲ့ ဗမာပြည်

ငြိမ်းချမ်းအေး

This article has been converted from Zawgyi One to Unicode

သတင်းတပုဒ်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံအတွင်း အဓမ္မ ခိုင်းစေမှုများ ပပျောက်စေရန် တပ်မတော်ကို ညွှန်ကြားမယ်လို့ ဖတ်လိုက်ရတယ်။ အရင်လို နယ်တွေမှာ လူထုကို ဗိုလ်မကျတော့ဘူးဆိုရင် ဝမ်းမြောက် ဝမ်းသာနဲ့ သာဓုခေါ်ရမယ့် ကိစ္စပါ။

မတရားဗိုလ်မကျတော့ဘူးဆိုရင် ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ရမယ့် ကိစ္စပါ။ (ဓာတ်ပုံ- Reuters)

ဒါပေမယ့် တပ်တွင်းမှာ အချင်းချင်း ဗိုလ်ကျမှုအကြောင်းတော့ နိုင်ငံတကာက သိတာနည်းပါတယ်။ အောက်ခြေအဆင့် ရဲဘော်၊ အကြပ်၊ တပ်သားလေးတွေရဲ့ ကိုယ်ပိုင်တကယ့် ဆန္ဒအရ နဲ့ အသိ၊ တာဝန်ဝတ္တရားကြောင့် မဟုတ်ဘဲ စစ်စည်းမျဉ်းစည်းကမ်းနဲ့ ဘယ်လိုမှ မကိုက်ညီဘဲ စစ်တိုင်းမှုး ဗိုလ်ချုပ်က အမိန့်နဲ့ခိုင်းလို့ လုပ်ရရင် ဒါတွေဟာ အဓမ္မအလုပ်စေခိုင်းမှုမှာရော အကျူံးမဝင်ဘူးလား။ မိမိတာဝန်၊ ဝတ္တရားပြင်ပက အပိုအလုပ်တွေကို  ငြင်းချင်ရင် ငြင်းပိုင်ခွင့် အပြည့်ရသင့်ပါတယ်။

နိုင်ငံတာကာ လက်နက်ကိုင် အဖွဲ့အစည်းတွေ မှာ တန်းစီ နောက်ကျတာ၊ ဝတ်စုံကို သေသေသပ်သပ် မဝတ်တာလို အသေးစားပြစ်မှုတွေ ကျူးလွန်ရင် သန့်ရှင်းရေးလုပ်ပေးရခြင်း၊ အစားအသောက် ချက်ပြုတ်ရေးတာဝန်ယူပေးရခြင်း စတဲ့ မိမိတာဝန်နဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ တာဝန်ပိုတွေကို ယူရတဲ့ အပြစ်ပေးမှု (Punishment) တွေ ရှိလေ့ရှိတယ်။ ဒါမျိုးကို စစ်တပ်သုံး အင်္ဂလိပ်စကားမှာ Fatigue လို့ခေါ်တယ်။ ဗမာ စစ်တပ်နဲ့ ရဲ အဖွဲ့အစည်းတွေမှာတော့ ဖက်ထိပ် ဆိုပြီး နာမည်ကြီးတယ်။

ဒါပေမယ့် ဗမာပြည်က ဖက်ထိပ်က အပြစ်ပေးမှုပုံစံထက်မကဘဲ  တပ်တွင်း၊ ရဲတန်းလျားအတွင်း နေ့စဉ်အလုပ်၊ တာဝန်တစ်ခုလို ဖြစ်နေတယ်။ စစ်တပ် (ရဲလည်း ရံဖန်ရံခါပါတယ်) ဟာ မိမိရဲ့ လုပ်ငန်းတာဝန်ပြင်ပက ရထားလမ်းဖောက်၊ ကားလမ်းခင်း စတာလို တိုင်းပြည်တည်ဆောက်ရေးကိစ္စတွေမှာ မြေတူး၊  မြေသယ်၊ ကျောက်ထု စတဲ့ ကူလီအလုပ်တွေကို အခမဲ့ လုပ်ပေးနေရတယ်။ ဆောက်လုပ်ရေးဌာနက နေ့တွက်ပေးတာတွေ ရှိတယ်ဆိုဦးတော့ ဒီလုပ်အားခတွေဟာ တကယ်လုပ်ကိုင်ပေးရတဲ့ အောက်ခြေအဆင့် ရဲဘော်တွေ တကယ် ခံစားခွင့်မရှိတာ များတယ်။ ခံစားခွင့်ရတဲ့ အခါတွေမှာလည်း လုပ်ပေးရတဲ့ အလုပ်နဲ့ လုံးလုံးမထိုက်တန်တဲ့ ငွေကြေး၊ ရိက္ခာ အနည်းအကျဉ်းသာဖြစ်တယ်။

စာရေးသူ ငယ်စဉ်ကစားသမားဘဝက ကြုံတွေ့ဖူးတဲ့ ဖက်ထိပ်နဲ့ ပတ်သက်တဲ့ အကြောင်းလေးဆိုရင် ခုအချိန်အထိ ရင်ထဲမှာ ရှိနေတယ်။ စာရေးသူထက် ကြီးတဲ့ စီနီယာ ကစားသမားကြီး တစ်ယောက်ဟာ အားကစားထူးချွန်လို့ စစ်ဌာနချုပ်တိုင်း တစ်ခုက လစာပေး၊ အပိုဆုတွေ ပေးပြီး သူတို့ စစ်ဌာနချုပ်ပြိုင်ပွဲတွေ၊ နောက်ပိုင်း ကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြုပြီး အဆင့်မြင့်တန်းပြိုင်ပွဲတွေမှာ ဝင်ကစားစေတယ်။ နောက်တော့ လူငယ်အဆင့်မှာ တိုင်းပြည်ကို ကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရပြီး နိုင်ငံတကာမှာ ရွှေတံဆပ်တွေယူ၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့တယ်။ အဲ့အတွက် စစ်တပ်ကလည်း ရာထူးတဆင့် တိုးပေးတာ၊ ဂုဏ်ပြုငွေ ချီးမြှင့်တာစတာတွေ လုပ်ပေးတယ်။  မူရင်း စစ်တိုင်းဌာနချုပ်ရှိတဲ့ တိုင်းအားကစားကွင်းကြီးမှာဆို စာရေးသူ လက်လှမ်းမှီတဲ့ အချိန်ကလောက်အထိ သူ့ဓာတ်ပုံကို ဗွီနိုင်းအဖြစ်နဲ့ ချိတ်ဆွဲဂုဏ်ပြုထားတယ်။

ဒါပေမယ့် ကစားရင်း ဒဏ်ရာအနာတရဖြစ်တဲ့အချိန်၊ အားကစားပြိုင်ပွဲတွေ မရှိတဲ့ အချိန်မှာ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ စစ်တပ်မှာ တာဝန်ထမ်းဆောင်နေရတာ ဖြစ်တဲ့အတွက် မဖြစ်မနေ တွဲလျက် ပါလာတဲ့ လုပ်အားပေးတွေ၊ ဖက်ထိပ်တွေကို နေ့စဉ်အမျှ ရင်ဆိုင်လာရတယ်။  ကစားသမားဘဝကို မြတ်နိုးလို့၊ အားကစားနဲ့ တိုင်းပြည်တာဝန် ထမ်းချင်လို့ အားကစားတစ်ခုတည်းကိုသာ စွဲစွဲမြဲမြဲ လေ့ကျင့်ခဲ့တဲ့ အဲ့ဒီ ကစားသမားကြီးဟာ နောက်ဆုံးတော့ နေ့စဉ် နှိပ်စက်သလို မတရားခိုင်းခံနေရတဲ့ ဖက်ထိပ်ကို ကြောက်လန့်၊ ရွံ့ရှာ၊ ငြီးငွေ့ပြီး စစ်တပ်က ထွက်ခွင့်တောင်းတယ်၊ နောက်ဆုံး ထွက်ခွင့်မရတော့ ခွင့်မတောင်းဘဲ အိမ်ကိုပြန်ခဲ့တယ်။

နောက် သိပ်မကြာခင်မှာ စစ်တပ်က တပ်ပြေးမှုနဲ့ သူ့ကို ဖမ်းပြီး ထောင် (၅) နှစ်ချတယ်။ နိုင်ငံတကာမှာ ရွှေတံဆပ်တွေ ယူပေးခဲ့တဲ့ တိုင်းပြည်ဂုဏ်ဆောင် အားကစားသမားဟာ အပြစ်မရှိဘဲ ထောင်ထဲမှာ ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်း နေခဲ့ရတယ်။ ထောင်ထဲက အသက်ရှင်လျက် ပြန်ထွက်လာနိုင်ဖို့အတွက်လည်း ကစားသမားဘဝနဲ့ ရိုးရိုးသားသား ချွေးနဲ့ ရင်းရှာခဲ့တဲ့ ငွေကြေးတွေကို အကုန်အသုံးပြုလိုက်ရတယ်။

ဒါမျိုးဖြစ်စဉ်တွေဟာ ကာကွယ်ရေး၊  ပြည်ထဲရေး စတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ ကစားသမားအနေနဲ့ တာဝန်ထမ်းဆောင်တဲ့ စာရေးသူရဲ့ အခြား အားကစားသမားမိတ်ဆွေတွေလည်း အမြဲကြုံတွေ့ရလေ့ရှိပါတယ်။ ဒီလိုအဖွဲ့အစည်းတွေမှာ ထမ်းဆောင်နေတဲ့ အခြား ကစားသမားမဟုတ်တဲ့ မိတ်ဆွေတွေလည်း ခံစားရမှု အဖြစ်အပျက်တွေဟာ အတူတူပါပဲ။ လူကြီးအလှူမှာ ဗူးသီလှီး၊ ခွေးမောင်း၊ ယက်ခတ် ရတာကအစ နေ့စဉ် လူကြီးအိမ် အဝတ်လျှော်၊ ရေခပ်၊ လူကြီး ကလေးထိန်း၊ ကျောင်းပို့၊ ကျောင်းကြို၊ လူကြီးကတော် ဈေးပို့၊ ဖုန်းဘီလ် ဆောင်ပေးရတာအဆုံး မဆိုင်တဲ့ အလုပ်တာဝန်အပို၊ ကြီးကြီးသေးသေးတွေကို မထမ်းချင်ဘဲ ထမ်းနေကြရတယ်။

ဒါတွေဟာ ရာထူး အဆင့်ဆင့်အလိုက် ဟိုးထိပ်ပိုင်းအထိရှိတာဖြစ်ပြီး ကြီးနိုင်ငယ်ညှင်း ဆက်ဆံမှုပုံစံဟာ ဓလေ့တခုလို ဖြစ်နေတယ်။ ကိုယ်ထက်ကြီးတဲ့လူကို ကိုယ်က ကျွန်ခံလိုက်၊ ကိုယ်ထက်ငယ်တဲ့သူကြ ကိုယ်က ကျွန်လိုခိုင်းလိုက်နဲ့ စနစ်ဆိုး သံသရာဟာ လည်နေတယ်။ အဲ့လို အဖွဲ့အစည်းတွေမှာ တာဝန်ထမ်းဆောင်နေသူတစ်ဦးတည်းသာ ကျွန်လို ခိုင်းခံနေရတာမဟုတ်ပဲ၊ သူရဲ့ မိသားစုပါ အမြဲလိုလို တွဲလျက် အထက်လူကြီးရဲ့ ပုဂ္ဂလိက ဘဝ အလုပ်တွေကို အခမဲ့ ဝင်ရောက် လုပ်ကိုင်ပေးရလေ့ရှိတယ်။

စာရေးသူ မိတ်ဆွေ ဗိုလ်မှုးကြီးသား တစ်ယောက်ဆို သူငယ်ငယ်တုန်းက (သူ့ဖခင် အရာရှိငယ်ဘဝတုန်းက) သူ့ဖခင်ရဲ့ အထက်အရာရှိ တပ်ရင်းမှုးရဲ့ သားနဲ့ ကစားဖို့ စိတ်မပါဘဲနဲ့ အမြဲလိုလို သွားကစားပေးခဲ့ရတာကို သတိတရနဲ့ ပြောဖူးတယ်။ ဒီလို မူလ အလုပ်တာဝန်နဲ့ လုံးဝ မသက်ဆိုင်တဲ့ အပိုဝန်တွေကို မိသားစုပါ ထမ်းနေရတာဟာ ဓလေ့တစ်ခုလိုဖြစ်နေတာ၊ ကြောက်လို့ လုပ်ပေးနေရတာအပြင် အရည်အချင်းအရ ရာထူးတက်တဲ့ စနစ်အဖွဲ့အစည်း မဟုတ်တဲ့ အတွက် ကိုယ်ရဲ့ အလုပ်အကိုင် ဘဝ တက်လမ်းအတွက်လည်း ဖြစ်နေကြရတယ်။

နောက်မတရားမှုတစ်ခုကတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို အစိုးရက ငွေကြေး၊ လစာ၊ ရိက္ခာ အပြည့်အဝ မထောက်ပံ့ပေးနိုင်ဘဲ ကိုယ်ထူကိုယ်ထ တပ်တွင်း  စိုက်ပျိုးရေး၊ မွေးမြူရေးတွေကို စီမံချက်အနေနဲ့ အတင်းအဓမ္မ လုပ်ခိုင်းနေခြင်းဖြစ်တယ်။ စစ်သင်တန်း သုံးလေးလသာ တက်ခဲ့ရတဲ့ တပ်သားလေးတွေဟာ သေနတ်အကြောင်းသာ ကောင်းကောင်းမသိရင်နေရမယ် မြေတူး၊ မြေဆွ၊ ပေါင်းသင်၊ ရေလောင်း၊ ဝက်မွေး၊ ကြက်မွေးအလုပ်တွေကိုတော့ နေ့စဉ် အဓမ္မ အခိုင်းခံနေရတော့ ကျွမ်းကျင်ကြတယ်။

ဒီလိုအလုပ်တွေကို မိမိဘာသာ အရပ်သားဘဝနဲ့ လုပ်ကိုင်စားသောက်ရင် ဘယ်အထက်လူကြီးမှ ကြောက်စရာမလို၊ ကျွန်ခံစရာမလိုဘဲ တဝမ်းတခါး လောက်ငအောင် နေထိုင်၊ စားသောက် နိုင်မှာဖြစ်ပေမယ့် စစ်သားဘဝနဲ့ ဒီလို အလုပ်တွေပဲ ပင်ပင်ပန်းပန်းလုပ်ရတယ်။ ရလာတဲ့ အကျိုးအမြတ်၊ အသီးအပွင့်ကျတော့လည်း လူကြီးအိမ်ကိုသာ အဓိကရောက်ပြီး ကိုယ်တိုင်ကျ မသေရုံစား၊ အရှက်လုံရုံဝတ်၊ ကိုယ်ပိုင်မိသားစုဘဝ တာဝန်မကျေဖြစ်နေရတာတွေဟာ အရင်တုန်းကနဲ့ လက်ရှိ လက်နက်ကိုင်အဖွဲ့အစည်းတွေက အခြေခံ၊ အကြပ်၊ တပ်သားတွေ ဖြစ်ပျက်နေတဲ့ ပကတိ ဘဝတွေ ဖြစ်တယ်။

ဒီလို စုတ်ပြတ်နုံခြာ ချွတ်ခြုံကျနေတဲ့ လူ့ဘဝတွေမှာ စာရိတ္တ မဏ္ဍိုင် ခိုင်ခံ့ရမယ်ဆိုတာလည်း လက်တွေ့မလွယ်တဲ့ စိတ်ကူးယဉ် ရူးသွပ်မှုသက်သက်သာ ဖြစ်ကုန်တယ်။ လက်နက်ကိုင်ထားတဲ့၊ အာဏာယူထားတဲ့ အဖွဲ့အစည်းတွေကို လုံလောက်တဲ့ ထောက်ပံ့မှုမပေးတာဟာ လက်နက်မဲ့ ပြည်သူဆီက ဓါးပြတိုက်စား၊ ခြိမ်းခြောက် ငွေညှစ်စားကြလို့ သွယ်ဝိုက်တဲ့နည်းနဲ့ တရားဝင်အခွင့်ပေးနေခြင်းသာ ဖြစ်တယ်။ ဒီလို မတရားမှုတွေ၊ အကျင့်ပျက်မှုတွေကြောင့် ပြည်သူနဲ့ စစ်တပ်၊ ရဲ အဖွဲ့အစည်းတွေ အကြား မုန်းတီးမှု၊ ပဋိပက္ခတွေဟာ ပိုကြီးလာတယ်။

ဗမာပြည်မှာ လက်နက်ကိုင်အဖွဲ့အစည်းက တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးတာဝန်တွေကို လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကျော်ကတည်းက ဝင်ရောက် စွက်ဖက် နေရာယူထားတဲ့အတွက် အထက်ကတင်ပြသလို လူ့ကျင့်ဝတ်မညီတဲ့၊ လူ့သိက္ခာမရှိတဲ့၊ လူတဦးချင်းရဲ့ အခွင့်အရေး၊ တန်ဖိုးကို အလေးမထားတဲ့ အုပ်ချုပ်မှုပုံစံ စနစ်တွေဟာ အရပ်သားအစိုးရ ဌာနတွေမှာလည်း ကူးစက်ပြီး စနစ်ဆိုးဟာ နေရာတိုင်းမှာ ရှင်သန်ကြီးထွားလာတယ်။

ဒီလိုနဲ့ ကြီးနိုင်ငယ်ညှင်းလုပ်ကိုင်မှု၊ လူလူချင်း စာနာထောက်ထားခြင်းမရှိမှု၊ အာဏာအလွဲသုံးစားလုပ်မှု၊ အကျင့်ပျက်လာဘ်စားမှု၊ အကျင့်စာရိတ္တ ယိုယွင်း ခြစားနေမှုတွေဟာ လူတဦးချင်းစီရဲ့ ချွတ်ယွင်းချက်၊ အကျင့်စာရိတ္တဖောက်ပြန်မှု ပုံစံမဟုတ်တော့ဘဲ လူ့အဖွဲ့အစည်းမှာ အမြစ်တွယ်နေတဲ့ ယဉ်ကျေးမှုဓလေ့အနေနဲ့ အံ့သြတုန်လှုပ်ဖွယ် ဖြစ်ပေါ်လာရတယ်။ ဒီလိုနဲ့ ခရီးသည်ကို မောက်မာစော်ကားတဲ့ စပယ်ယာ၊ အကျင့်ပျက်တဲ့ ရုံးဝန်ထမ်းအစ၊ အာဏာအလွဲသုံးစားလုပ်တဲ့ မြို့နယ်၊ ပြည်နယ်တိုင်းအဆင့်ဆင့် အရာရှိကြီးအလယ်၊ လူနာအပေါ် ငွေကြေးအလိုအတွက်ပဲ စေတနာမပါ ဆက်ဆံတတ်တဲ့ တတ်သိ ပညာရှင် ဆရာဝန်ကြီးအဆုံး လူမှုအဆောက်အအုံရဲ့ လူတန်းလွှာအသီးသီးမှာ စာရိတ္တ မဏ္ဍိုင်ပျက်စီးမှုတွေဟာ ကြောက်ခမန်းလိလိ ရှင်သန်နေပြီး စနစ်ဆိုးရဲ့ သားကောင်တွေအနေနဲ့ ဝမ်းနည်းဖွယ်တွေ့မြင်နေရတယ်။

နောက်အကျိုးဆက်တစ်ခုကတော့ နယ်တွေမှာ၊ လူမျိုးစုဒေသတွေမှာ စစ်တပ်က လူထုအပေါ် မတရားမှုတွေ၊ နောက်ဆုံး စစ်ရာဇဝတ်မှု (War Crimes)တွေ ဖြစ်တဲ့အဆင့်ထိ လူသားမဆန်စွာ ပြုမှုဆက်ဆံမှုတွေ ပြင်းပြင်းထန်ထန် ကျူးလွန်လေ့ရှိတဲ့ အကြောင်းအရင်းတွေဟာ လူမျိုးရေး၊ ဘာသာရေး၊ အယူဝါဒ၊ လမ်းစဉ်ရေးရာ ကွဲပြားမှုတွေကြောင့်ဆိုတာထက် အဓိကကျူးလွန်တဲ့ အစိုးရ စစ်တပ်အတွင်းမှာကိုက အထက်မှာ တင်ပြခဲ့သလို အထက်၊ အောက် အဆင့်ဆင့် ကြီးနိုင်ငယ်ညှင်း အဓမ္မ၊ မတရားသဖြင့် ဆက်ဆံခံနေရတဲ့အခြေအနေတွေကြောင့် ဆိုရင် ပိုမှန်မယ်။

တပ်တွင်းမှာ မတရားမှုတွေနဲ့ ယဉ်ပါးနေပြီဖြစ်တဲ့ အောက်ခြေက အရာရှိငယ်၊ အရာခံ၊ အကြပ်၊ တပ်သားတွေဟာ  ပြင်ပနဲ့ ပြုမူ ဆက်ဆံ လုပ်ကိုင်တဲ့နေရာမှာလည်း ဒီလို မတရားတဲ့ အလေ့အကျင့်တွေက အရိုးစွဲနေပြီး သူတို့ တပ်တွင်းမှာ ခံနေရတဲ့ ကြီးနိုင်ငယ်ညှင်းဒုက္ခတွေရဲ့ ထွက်ပေါက်အနေနဲ့လည်း လက်နက်မဲ့ ပြည်သူ၊ လူမျိုးစု တိုင်းရင်းသားတွေ အပါအဝင် အားလုံးကို ဖိထောင်းပြီး နှိပ်စက်ညှင်းပမ်းမှုတွေ ပိုဖြစ်လာကြတယ်။

စစ်တပ်က “ငါတို့တောင် နွားလို လုပ်ပေးနေရတာ၊ မင်းတို့ အရပ်သားတွေလည်း လုပ်ပေါ့” ဆိုတဲ့ သဘောဖြစ်တယ်။ လမ်းဖောက်တယ်၊ တံတားဆောက်တယ်၊ ရေတွင်းတူးတယ်၊ ရေကန်ဖော်တယ်  အစရှိတဲ့ တိုင်းပြည်တည်ဆောက်ပြုပြင်ရေးလုပ်ငန်းတွေ လုပ်တယ်ဆိုတာ တိုင်းပြည်ကို  တာဝန်ယူအုပ်ချုပ်တဲ့ အစိုးရတစ်ရပ်အနေနဲ့ မဖြစ်မနေ လုပ်ပေးရတဲ့ တာဝန် ဝတ္တရားဖြစ်တယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ အတတ်ပညာရှင်တွေ၊ ဝန်ထမ်းတွေနဲ့ စနစ်တကျ လုပ်ရမယ့် လုပ်ငန်းသာဖြစ်တယ်။ မဆိုင်တဲ့ စစ်သား၊ အရပ်သားတွေ ပါဝင်ပတ်သက်ရမယ့် အလုပ်မျိုး မဟုတ်ပါ။ ပညာမလိုတဲ့ အလုပ်ကြမ်းသဘောဆောင်တဲ့ အလုပ်တွေမှာ လူအင်အားမလုံလောက်လို့ အရပ်သားကို ခေါ်ခိုင်းချင်ရင်လည်း ထိုက်တန်တဲ့ အဖိုးအခပေးပြီး လုပ်အားကို အသုံးပြုရမှာသာ ဖြစ်တယ်။

စစ်တပ်က တိုင်းပြည်ကို ကာကွယ်တဲ့ အလုပ်သာ အဓိကဖြစ်ပြီး သာမန်ပြည်သူလူထုကလည်း မိမိရဲ့ အသက်မွေးဝမ်းကြောင်းမှုကို လွတ်လပ်အေးချမ်းစွာ တရားဝင် လုပ်ကိုင် ဝမ်းစာရှာပြီး သက်ဆိုင်ရာ အခွန်တွေကို ကျေပွန်စွာ ထမ်းရွက်ဖို့သာရှိတယ်။ အစိုးရက ပြည်သူတွေ ထမ်းတဲ့အခွန်ငွေ၊ ပြည်သူ့ ဘဏ္ဍာကိုအသုံးပြုပြီး ပြည်သူ့အတွက် တိုင်းပြည်မှာ လိုအပ်နေတဲ့ အခြေခံ အဆောက်အအုံတွေ၊ ဝန်ဆောင်မှုတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာန ပြည်သူ့ဝန်ထမ်း တွေမှတဆင့် ပြန်လည်တည်ဆောက်ပေး၊ ဝန်ဆောင်မှုပေးခြင်းဟာ ရိုးရှင်းတဲ့ အစိုးရ-ပြည်သူ ဆက်ဆံမှု ပုံစံဖြစ်တယ်။

ဒီဖြစ်စဉ်မှာ ဘယ်သူ့ ဘယ်သူမှ ကျေးဇူးတင်စရာ မရှိ။ ကျေးဇူးခံ ကျေးဇူးစားမရှိ။ အစိုးရက အစိုးရ အလုပ်လုပ်တယ်၊ ပြည်သူကလည်း ပြည်သူ့အလုပ် လုပ်ခြင်းသာဖြစ်တယ်။ အစိုးရက တံတားဘယ် နှစ်စင်းဆောက်တယ်၊ လမ်းအရှည်ဘယ်လာက်ဖောက်တယ် စတာတွေကို အစိုးရပြန်တမ်းတွေမှာ မှတ်တမ်းတင်ရုံကလွဲလို့  ဒီလိုလုပ်ပေးနေပါတယ်၊ ဒီလုပ်ငန်းတွေမှာ စစ်တပ်ကလည်း ပါဝင်ကူညီနေပါတယ်ဆိုပြီး အပိုကြွားစရာ မလို။ စစ်တပ်လည်း ပါစရာ အကြောင်းမရှိ။ ပြည်သူလည်း ပါစရာ အကြောင်းမရှိ။

ဗမာပြည်လို ဆင်းရဲတဲ့တိုင်းပြည်တွေမှာ အကျိုးအမြတ်မပါတဲ့ လူမှုရေး အဖွဲ့အစည်း၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက အစိုးရရဲ့ လုပ်ငန်းတာဝန်တချို့၊ ကျန်းမာရေး၊ ပညာရေး စတာတွေကို ဝင်ရောက်တာဝန်ယူပေးရတဲ့ ပုံစံတွေရှိတယ်။ ဒါဟာလည်း ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာရှိတဲ့ တာဝန်သိလူတဦးချင်းက မည်သူတဦးတစ်ယောက်၊ အဖွဲ့အစည်းတခုရဲ့ စေခိုင်းမှုကြောင့်မဟုတ်ဘဲ မိမိသဘောစိတ်ဆန္ဒနဲ့ စေတနာသက်သက် (volunteer) အရပ်ဖက်လူမှုအဖွဲ့အစည်းပုံစံ တိုင်းပြည်တာဝန်ကို တတပ်တအား ဝင်ရောက်ထမ်းရွက်ခြင်းသာ ဖြစ်တယ်။

အစိုးရက အစိုးရတရပ် လုပ်ပေးရမယ့် အလုပ်တာဝန်တွေကို မကျေပွန်ရင် အချိန်ကာလ တခုအထိသာ တည်ရှိနိုင်ပြီး နောက်တော့ အစိုးရအဖြစ်ကနေ ဆင်းပေးရမှာသာ ဖြစ်တယ်။ စစ်တပ်ကလည်း တိုင်းပြည်ကာကွယ်တာ၊ အရေးပေါ်အခြေအနေတွေမှာ ဝင်ရောက်ကူညီတာပဲ တာဝန်ရှိပြီး၊ မဆိုင်တဲ့ တိုင်းပြည်အုပ်ချုပ်ရေးအတွက် တာဝန်မရှိပါ။ ပြည်သူကလည်း ပြည်သူ့ တာဝန် အခွန်ထမ်းဖို့သာရှိပြီး ပျက်ကွက်ရင် ဥပဒေနဲ့ အရေးယူခံရမှာသာဖြစ်တယ်။ အရပ်ဖက်လူမှုအဖွဲ့အစည်း   တွေကလည်း  စေတနာမှန်မှန်၊ တကယ်အကျိုးအမြတ်မပါပဲ မိမိတတ်နိုင်တဲ့ ကိစ္စတွေကို မိမိသဘောနဲ့ ဝင်ရောက်ထမ်းရွက်ခြင်းသက်သက်သာ ဖြစ်တယ်။ ဒါဟာ ရိုးရှင်းတဲ့၊ မလိုအပ်တဲ့ အပိုဆာဒါးတွေမပါတဲ့၊  ဒီမိုကရေစီ လူ့ဘောင်အဖွဲ့အစည်းမှာ ရှိရမယ့် အစိုးရ၊ စစ်တပ်၊ ပြည်သူ၊ လူမှုအဖွဲ့အစည်း ဆက်ဆံရေးပုံစံနဲ့ တာဝန်တွေဖြစ်တယ်။

ဒီလိုမဟုတ်ဘဲ တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းတွေကို ပြည်သူ (သို့) အခြားမသက်ဆိုင်တဲ့ လူမှုရေးအဖွဲ့အစည်းမဟုတ်တဲ့ စစ်တပ်လို အဖွဲ့အစည်း တခုခုက လူပုဂ္ဂိုလ်တွေ ဝင်ရောက်လုပ်ကိုင်ပေးနေရတာဟာ ဖက်စစ်ခေတ် သေမင်းတမန် ရထားလမ်းဖောက်ဖို့အတွက် တာဝန်ယူရတဲ့ ဖက်ဆစ် စစ်တပ်နဲ့ ပြည်သူလူထုကို ချွေးတပ်လို  သဘောထားတဲ့ တရားမျှတမှု မရှိတဲ့စနစ်သာ ဖြစ်နေမှာ ဖြစ်တယ်။

စစ်တပ်က စစ်တပ် အလုပ်လုပ်၊ တာဝန်ကျေ၊ ထိုက်တန်တဲ့ အခွင့်အရေးရ။ အစိုးရက အစိုးရ အလုပ်လုပ်၊ တာဝန်ကျေ၊ ထိုက်တန်တဲ့ အခွင့်အရေးရ။ ပြည်သူက ပြည်သူ့တာဝန်ကျေ၊ ထိုက်တန်တဲ့ အခွင့်အရေးရ အစရှိသလို ကိုယ့်အလုပ် ကိုယ်လုပ်၊ ကိုယ့်တာဝန် ကိုယ်ကျေ၊ ကိုယ်နဲ့ ထိုက်တန်တဲ့ အခွင့်အရေး ကိုယ်ယူမယ်ဆို တိုင်းပြည်မှာ ရှိနေတဲ့ ပြဿနာ အများစုဟာ ပြေလည်သွားမှာ ဖြစ်တယ်။

ဒီလို ကိုယ်ကြိုးစားရင်၊ ကိုယ့်တာဝန်ဝတ္တရား ကျေရင် တိုးတက်ကြီးပွားတဲ့၊ ကိုယ်လုပ်သလောက် ကိုယ် အကျိုးစီးပွားဖြစ်စေတဲ့ ဓလေ့ဟာ ဆူကြုံနိမ့်မြင့်မရွေး သာတူ၊ ခွင့်တူ၊ လွတ်လပ်ငြိမ်းချမ်း လုပ်ကိုင်စားသောက်၊ နေထိုင်နိုင်မှုကို အာမခံတဲ့ ဒီမိုကရေစီစနစ် တိုင်းပြည်မှာ ရှင်သန်ကြီးထွားမှ ဖြစ်မှာပါ။ ဒီလို တရားမျှတ လွတ်လပ်တဲ့၊ လူ့အခွင့်အရေး အပြည့်အဝလိုက်နာတဲ့ ဒီမိုကရေစီစနစ်ကသာ လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ဆယ်ကျော်ကတည်းက လက်ရှိအချိန်ထိ နိုင်ငံတော်သီချင်းမှာ ထည့်သွင်း ရွက်ဆိုနေပေမယ့် အကောင်အထည် မဖော်နိုင်သေးတဲ့ “ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ ပြည်” ကို တကယ်လက်တွေ့ ဖော်ဆောင်နိုင်မှာဖြစ်တယ်။

ဒီလို လွတ်လပ်မျှတတဲ့ အတွေးအခေါ်၊ အကျင့်စရိုက်၊ လက္ခဏာတွေ ဗမာပြည်မှာရှင်သန်ကြီးထွားစေချင်ရင် တနည်းအားဖြင့် ဒီမိုကရေစီအမြစ်တွယ်ရှင်သန်စေချင်ရင် နိုင်ငံရဲ့ လှုမှုအလွှာအသီးသီး၊ အဖွဲ့အစည်းအသီးသီးမှာ ဒီမိုကရေစီ မျိုးစေ့တွေ ဖြန့်ကျက် ပြုစုပျိုးထောင်ပြီး ဒီမိုကရေစီ ရေခံ၊ မြေခံကောင်းအောင် လုပ်ပေးရမှာ ဖြစ်တယ်။ အထူးသဖြင့် တိုင်းပြည်မှာ အရေးကြီးတဲ့ နေရာကို အစဉ်တစိုက် လက်ရှိအချိန်ထိလည်း ယူထားတဲ့၊ အထက်မှာ တင်ပြခဲ့သလို မတရားမှုတွေလည်း ဒင်းကြမ်းပြည့်နေတဲ့ အင်အားကြီးမား ခိုင်မာတဲ့အဖွဲ့အစည်း အင်စတီကျူးရှင်း (Institution) တခုဖြစ်တဲ့ တပ်မတော်မှာ ဒီမိုကရေစီဓလေ့၊ အလေ့အကျင့်တွေ ရှင်သန်မှဖြစ်ပါမယ်။

ဒီမိုကရေစီ အခြေတည် ဖြစ်ထွန်းနေပြီ ဖြစ်တဲ့ အနောက်နိုင်ငံတွေနဲ့ အရင်ကထက် ပိုမိုရင်းနှီးစွာ ဆက်ဆံလာခွင့်ရတဲ့ အချိန်မှာ တပ်မတော် ဗိုလ်ချုပ်ကြီးတွေ၊ လက်ရှိ အစိုးရအဖွဲ့က ဗိုလ်ချုပ်ဟောင်းကြီးတွေအနေနဲ့ ဒီမိုကရေစီနည်းလမ်းတကျ ဖွဲ့စည်းတည်ဆောင် လုပ်ကိုင် ကျင့်ကြံတဲ့ တပ်မတော်ပုံစံကို အတုယူ အားကျပြီး ကောင်းမွန်တဲ့၊ လွတ်လပ်မျှတတဲ့ အတွေးအခေါ်၊ အလေ့အကျင့်တွေကို ဗမာ့တပ်မတော်မှာ မွေးယူကျင့်ကြံ ရှင်သန်စေမယ်ဆိုရင် ပြည်သူချစ်တဲ့ တပ်မတော်ကို အမှန်တကယ် တည်ထောင်နိုင်ပြီး တပါတည်း အစိုးရဌာန အုပ်ချုပ်မှု ယန္တယား အဆင့်ဆင့်နဲ့ တိုင်းပြည်ရဲ့ လူမှုအဖွဲ့အစည်း၊ အလွှာအသီးသီးမှာပါ ဒီမိုကရေစီအလေ့အကျင့် ရှင်သန်ပေါက်ဖွားစေမှာ ဖြစ်ပါတယ်။

မတရားမှုတွေ ပြည့်နှက်နေတဲ့ ဖက်ထိပ်များနဲ့ လူ့အဖွဲ့အစည်းဟာ တဖြေးဖြေး ကွယ်ပျောက်သွားပြီး လွတ်လပ်မျှတ၊ ငြိမ်းချမ်း၊ ဖွံ့ဖြိုးတိုးတက်တဲ့ လူ့အဖွဲ့အစည်းကို ဖန်တီးလာနိုင်ပါစေ။

ငြိမ်းချမ်းအေးသည် ဩစတြေးလျနိုင်ငံ ဘရစ်စဘိန်းမြို့တွင် နေထိုင်လျက်ရှိသည့် အိုင်တီနည်းပညာရှင် တဦးဖြစ်သည်။

Loading