သမ္မတဦးသိန်းစိန်ရဲ့ တနှစ်ပြည့်မိန့်ခွန်းမှာတုန်းက အပြင်က ရေးနေ၊ ပြောနေကြသလို အပျော့ဂိုဏ်း၊ အမာဂိုဏ်းဆိုတာ အစိုးရထဲမှာ မရှိပါဘူးလို့ ပြောသွားတာကို အမှတ်ရမိပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ သောကြာနေ့နဲ့ စနေနေ့က ကျင်းပတဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ သမ္မတ ဦးသိန်းစိန်က တိုးတက်လိုတဲ့ အမြင်မရှိတဲ့ ရှေးရိုးစွဲတွေ၊ ခေတ်နောက်ပြန် ဆွဲလိုသူတွေကို နောက်ချန်ထားခဲ့ရမယ်လို့ သတိပေးပြောကြားခဲ့လို့ပဲ ဖြစ်ပါတယ်။
ဒီရှေးရိုးစွဲ၊ ခေတ် နောက်ပြန်ဆွဲလိုသူ တွေဆိုတာ သမ္မတက ဘယ်သူတွေကို ဆိုလိုတာလဲလို့ အားလုံးက မေးခွန်း ထုတ်နေကြပါတယ်။
သမ္မတ ဦးသိန်းစိန်က အခုလို လမ်းညွန်ချက် ပေးတဲ့အချိန်နဲ့ နေပြည်တော်မှာ အပြောင်း အလဲတွေ ဖြစ်နေတဲ့ အချိန် သွားပြီး တိုက်ဆိုင်နေပါတယ်။ ရှေးရိုးစွဲ အမာဂိုဏ်းတွေရဲ့ ထိပ်သီးတဦးလို့ အများက ထင်မြင်ယူဆ ထားကြတဲ့ ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး ရာထူးက ရုတ်တရက် နုတ်ထွက်တယ် ဆိုတဲ့ သတင်းဖြစ်ပေါ်နေချိန်ပါ။ ဒီသတင်းက အခုထက်ထိ အတည်ပြုချက် မထွက်သေးတာ တွေ့ရပါတယ်။
သမ္မတ ဦးသိန်းစိန် လမ်းညွှန်မိန့်ကြားတဲ့ အဲဒီ အစည်းအဝေးရဲ့ တရားဝင်ဓာတ်ပုံမှာလည်း ဒု သမ္မတ ဦးတင်အောင်မြင့်ဦးရဲ့ခုံက လွတ်နေတဲ့အတွက် အခုဖြစ်ပေါ်နေတဲ့ကောလာဟလဟာ အစိုးရက အတည်ပြုချက် မပေးသည့်တိုင် မှန်တယ်လို့ ယူဆနေကြတာ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်က အစိုးရအဖွဲ့အတွင်း ညီညွတ်ရေးအတွက် အပျော့ဂိုဏ်း၊ အမာဂိုဏ်းဆိုတာကို ဝန်မခံခဲ့ပေမယ့် နောက်ပြန်ဆွဲ၊ ရှေးရိုးစွဲတွေ၊ အပြောင်းအလဲမလုပ်လိုသူတွေ အစိုးရထဲမှာ ရှိနေတယ်ဆိုတာကတော့ အမှန်ပါပဲ။
သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေ အရှိန်ကောင်းကောင်းနဲ့ ဆက်လိမ့်ချင်ရင်တော့ သမ္မတအနေနဲ့ ဆုံးဖြတ်ချက် ပြတ်ပြတ်သားသား ချရမယ့်နေ့တွေ နီးလာပြီလို့ထင်ပါတယ်။
အခုတခေါက်ပြောခဲ့တဲ့ သမ္မတရဲ့ လမ်းညွှန်ချက်မှာ ကျနော် သတိပြုမိတာက သမ္မတ ဦးသိန်းစိန်ဟာ လက်တွေ့သမားဆန်တယ်၊ အောက်ခြေက အသံတွေကို ရုစိုက်နားထောင်တယ်၊ သူ့မှာ ပြုပြင်ပြောင်းလဲမှုကို လိုလားတဲ့ စိတ်ရှိတယ်ဆိုတာပါပဲ။ ဒါ့အပြင် တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာတွေကို ခြုံငုံမိအောင် နားလည်ဖို့ ကြိုးစားနေတာ၊ နိုင်ငံတကာနဲ့ပြန်ပြီး ဆက်သွယ် ရင်ပေါင်တန်းနိုင်ဖို့ လုံ့လပြုအားထုတ်နေတာတွေ ပြည်တွင်းပြည်ပကို ပြသဖို့ ကြိုးစားနေတယ်လို့လည်း သုံးသပ်မိပါတယ်။
အခုဆိုရင် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာရဲ့ ပထမအဆင့်ကို ကျော်လွန်ခဲ့ပြီး ဒုတိယအဆင့်ကို ရောက်ပြီလို့ သမ္မတ ဦးသိန်းစိန်က ဆိုပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ အစိုးရက ရလိုက်တဲ့သင်ခန်းစာနဲ့ သူ့ရဲ့ညွန်ကြားချက်ပေးတဲ့ လုပ်ငန်းညှိနိုင်းအစည်းအဝေးကို စတင်ခဲ့ပြီး Reform ကို ပိုပြီး ထိထိရောက်ရောက် လုပ်ဖို့ သမ္မတက ဆိုပါတယ်။ ဆက်လက်ပြီး အစိုးရက လမ်းဖောက်၊ တံတားကြီးတွေဆောက်၊ စက်မှုဇုန်တွေတည်နေတဲ့ ကိစ္စတွေထက် ပြည်သူတဦးချင်း ထိတွေ့ခံစားနေရတဲ့ စားဝတ်နေရေး၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးတွေကို စီမံဖို့ အရေးကြီးတယ်လို့ သမ္မတက ဦးတည်ပြီးပြောတာ တွေ့ရပါတယ်။
သမ္မတ ဦးသိန်းစိန် အဓိကလုပ်ရမှာက Economic reform ဖြစ်ပါတယ်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို သူ့ရဲ့ကျန်နေသေးတဲ့ သက်တမ်းကာလအတွင်းမှာ မလုပ်ဆောင်နိုင်ဘူးဆိုရင် တိုင်းပြည်ဟာ အများခန့်မှန်းသလို ကျဆုံးမှုတွေနဲ့ပဲ ဆက်ပြီးရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ငါးပွက်ရာ ငါးစာချ၊ မြေပုံကြည့်ပြီး အလုပ်မလုပ်ဖို့ သမ္မတက ညွန်ကြားခဲ့တာ တွေ့ရပါတယ်။
သမ္မတ ဦးသိန်းစိန် အာဏာရတာ တနှစ်ကျော်ခဲ့ပါပြီ။ ပြုပြင်ပြောင်းလဲရေးတွေ မထိရောက်သေးတဲ့အတွက် မြန်မာပြည်က သာမန်လက်လုပ်လက်စား ဆင်းရဲသားတို့ဘဝက ထူးထူးခြားခြား တိုးတက်ပြောင်းလဲမှု မရှိသေးပါဘူး။ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေဆီကလည်း ထင်သလောက် အဆင်မပြေလို့ ငြီးတွားနေတဲ့အသံတွေကိုပဲ ကြားနေရပါတယ်။
သမ္မတက ပြည်ပကို အကြောင်းအမျိုးမျိုးကြောင့် ထွက်သွားတဲ့ အသိပညာရှင်၊ အတတ်ပညာရှင် မြန်မာတွေကို ပြန်လာကြဖို့ပြောတာ တွေ့ရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကျနော် မြန်မာပြည်ပြန်ခဲ့တုန်းကလည်း ဆွေးနွေးခဲ့ဖူးပါတယ်။ ပြည်ပရောက်နေတဲ့ နိုင်ငံရေးသမားတွေ၊ အတိုက်အခံတွေ၊ လှုပ်ရှားသူတွေကို ပြန်ခေါ်တာထက် တိုင်းပြည်အတွက် တကယ်လိုအပ်နေတဲ့ အသိပညာရှင် အတတ်ပညာရှင်တွေကို နိုင်ငံတော်က မူဝါဒ သတ်သတ်မှတ်မှတ်ချပေးပြီး ဦးစားပေး ပြန်ခေါ်ဖို့ ကျနော်တို့ မကြာခဏ ဆွေးနွေးဖူးပါတယ်။
တရုတ်နဲ့ အန္ဒိယနိုင်ငံတွေမှာ ဆိုရင် ပြည်ပမှာ နေထိုင်နေတဲ့ သူတို့ရဲ့လူမျိုးတွေကို ပြန်ခေါ်နိုင်ဖို့အတွက် နိုင်ငံတော်အဆင့် မဟာဗျူဟာချထားပြီး ပြန်လည် စည်းရုံးသိမ်းသွင်း ခေါ်ဆောင်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။
သူတို့တတွေ ပြန်လာဖို့အတွက်၊ ကူညီကာကွယ် စောင့်ရှောက်မှုတွေ ရှိဖို့အတွက်လည်း မူဝါဒတွေ ချပေးခဲ့တယ်။ နိုင်ငံသားရပိုင်ခွင့်တွေကိုလည်း ပေးခဲ့တယ်။ ဒီလိုပဲ အရှေ့ ဥရောပနိုင်ငံတွေမှာလည်း နိုင်ငံရေးအရရော စီးပွားရေးအရပါ အပြင်ကိုလွင့်စင်သွားတဲ့ တိုင်းပြည်ရဲ့ ဦးနှောက်တွေကို ပြန်ပြီးအသုံးချဖို့ စဉ်းစားတဲ့အခါမှာ တံခါးဖွင့်ကြိုဆိုတဲ့ လမ်းစဉ်တွေကို နိုင်ငံတော်က ချမှတ်ပေးခဲ့ကြပါတယ်။
အခြေအနေ အမျိုးမျိုးကြောင့် တခြားနိုင်ငံသား ခံယူထားရတဲ့ ကိစ္စတွေကိုလည်း အစိုးရတွေကပြန်ပြီး အမြဲနေထိုင်ခွင့် (Permanent Resident) ဒါမှမဟုတ် နှစ်နိုင်ငံ နိုင်ငံသား (Dual Citizenship) ခံယူလို့ရအောင် အမြင်ကျယ်ကျယ်နဲ့ လုပ်ဆောင်ပေးခဲ့တာ တွေ့ရပါတယ်။ အခုလောလောဆယ် သမ္မတ ဦးသိန်းစိန်ကို အကြံပေးနေတဲ့ သူတွေထဲမှာတောင် မြန်မာဖြစ်ပေမယ့် နိုင်ငံခြားမှာ ပညာသင်ယူခဲ့ပြီး နိုင်ငံခြား နိုင်ငံကူးလက်မှတ် ကိုင်ထားတဲ့ အတတ်ပညာရှင်တချို့လည်း ပါဝင်နေတာ တွေ့ရပါတယ်။ ဒါဟာ သမ္မတ ဦးသိန်းစိန်ရဲ့ အမြင်ကျယ်မှုကို ပြသလိုက်တာဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ ယခုတကြိမ် ဖိတ်ခေါ်ချက်မှာ အမိမြေသို့ ပြန်လာရေးနဲ့ စီးပွားရေးအလုပ်အကိုင်များ ပြန်လည် လုပ်ကိုင်နိုင်ရေး အခက်အခဲများ တင်ပြလာရင် နိုင်ငံတော်က စီစဉ်ဆောင်ရွက်ပေးသွားမယ်လို့ ပါရှိတဲ့အတွက် အပြောသက်သက်မဟုတ်ဘဲ အကောင်အထည်ဖော်တဲ့အထိ ဖြစ်လာဖို့ မျှော်လင့်ရပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ ညွှန်ကြားချက်ပါ မူဝါဒတွေက ကျယ်ပြန့်တာ တွေ့ရပါတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေတဲ့ အကူးအပြောင်းကာလမှာ အန္တရာယ်တွေရှိတယ်၊ နောက်ကြောင်း ပြန်လှည့်နိုင်တယ်၊ ဆူးညှောင့်ခလုတ်တွေ ရှိတယ်၊ ရှေ့ကိုမတိုးနိုင်ဘဲ ဖြစ်နေနိုင်တယ် ဆိုတာတွေကို သမ္မတ ဦးသိန်းစိန်က တွက်ဆထားပြီး အခြေခံအုတ်မြစ်ကို ခိုင်မာအောင်ချဖို့ လုပ်ဆောင်နေပုံရတယ်။
ဒီနေရာမှာ မေးချင်တာက သမ္မတ ဦးသိန်းစိန်က ရှေ့ကနေချမှတ်တဲ့ မူဝါဒတွေကို ဝန်ကြီးဌာနတွေက ဘယ်လောက်အထိ ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်မလဲ၊ သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး မူဝါဒတွေကို အစိုးရအဖွဲ့ထဲမှာရော ဘယ်လောက် ထောက်ခံသလဲဆိုတဲ့ မေးခွန်းပါပဲ။ အစိုးရနဲ့ နီးစပ်သူတွေကတော့ သမ္မတရဲ့ ပြုပြင်ပြောင်းလဲရေး မူဝါဒနောက်မှာ တကယ်လိုက်ပါ လုပ်ဆောင်နေတဲ့ ဝန်ကြီးအနည်းငယ်ပဲ ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ကက်ဘိနက် အပြောင်းအလဲတွေ လုပ်ဖို့၊ အလုပ်မဖြစ်တဲ့ ဝန်ကြီးတွေကို ထုတ်ပစ်ဖို့ဆိုတဲ့ အသံတွေ ထွက်နေတာဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်က အဂတိလိုက်စားမှုနဲ့ တရားဥပဒေစိုးမိုးရေးကို မကြာခဏ ထည့်ပြောပေမယ့် သူ့ရဲ့ အစိုးရအဖွဲ့အထဲမှာ အဂတိ လိုက်စားမှုတွေ၊ ချစားမှုတွေ၊ တရားဥပဒေအထက်မှာ နေဖို့ကြိုးစားနေတဲ့သူတွေ၊ နာမည်ပျက်ရှိတဲ့သူတွေ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ ဒါကိုလည်း မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုကို အပြီးသတ်ရုပ်သိမ်းဖို့ စဉ်းစားချင့်ချိန်နေတဲ့ အနောက်နိုင်ငံအစိုးရတွေက စောင့်ကြည့်လေ့လာနေတာ ဖြစ်ပါတယ်။ သဘောကတော့ အစိုးရအဖွဲ့ကို သမ္မတဦးသိန်းစိန်က ဘယ်လို အပြောင်းအလဲလုပ်မလဲ ဆိုတာဖြစ်ပါတယ်။
ပြုပြင်ပြောင်းလဲစရာတွေ ထောင်နဲ့သောင်းနဲ့ ချီရှိနေတဲ့ မြန်မာနိုင်ငံရဲ့ အကူးအပြောင်းကာလမှာ အနာဂတ်အမြင် (Vision) ရှိတဲ့ ခေါင်းဆောင်တွေ၊ သမာသမတ်ရှိပြီး အဂတိ မလိုက်စားတဲ့ ခေါင်းဆောင်တွေ၊ မှန်ကန်ရဲရင့်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်တဲ့ ခေါင်းဆောင်တွေ၊ အမြင်ကျယ်တဲ့ ခေါင်းဆောင်တွေ လိုပါတယ်။ ဒီအထဲမှာ သမ္မတ ဦးသိန်းစိန် ပါတယ်လို့ သူ့ရဲ့ နောက်ဆုံးပြောခဲ့တဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးက ပြောဆိုချက်တွေကို ကြည့်သုံးသပ်ပြီး ခန့်မှန်းနိုင်ပါတယ်။
သမ္မတ ဦးသိန်းစိန်ကိုယ်တိုင်က မူတွေကောင်းသော်လည်း လူတွေမကောင်းရင် မအောင်မြင်နိုင်ပါဘူးလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ သမ္မတဦးသိန်းစိန်ကတော့ လမ်းကိုဖောက်နေပါပြီ။ သူနဲ့အတူ လိုက်ပါမယ့်သူတွေကို သူကဖိတ်ခေါ်သလို မလိုက်လိုသူတွေကိုလည်း ချန်နေရစ်ဖို့ သမ္မတဦးသိန်းစိန်က အတိအလင်း ပြောလိုက်ပြီဖြစ်ပါတယ်။