ကာနက်ဂျီ နိုင်ငံတကာ ငြိမ်းချမ်းရေးထောက်ပံ့ ကူညီမှုအဖွဲ့ (Carnegie Endowment for International Peace) ၏ လေ့လာရေးဆိုင်ရာ ဒုဥက္ကဌဖြစ်သူ သောမတ်စ် ကာရိုသားစ် (Thomas Carothers) သည် ကြားဖြတ်ရွေးကောက် ပွဲမတိုင်မှီကာလတွင် မြန်မာပြည်သို့ အလည်အပတ် သွားရောက်ခဲ့သည်။ ဧရာဝတီနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ကြားဖြတ်ရွေးကောက်ပွဲ၏ အရေးပါမှုနှင့် မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အလားအလာများအပေါ် သူ၏အမြင်များကို ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတကာမှ နိုင်ငံရေးအသွင်းကူးပြောင်းမှုအတွေ့အကြုံများအပေါ် အခြေခံ၍လည်း မြန်မာပြည်အခြေအနေနှင့် အာဏာရှင်အုပ်စိုးမှုမှ အသွင်ကူးပြောင်းသွားသော အခြားနိုင်ငံများအခြေအနေကို နှိုင်းယှဉ်ခဲ့သည်။ ထိုသို့ နှိုင်းယှဉ်ရာတွင် မြန်မာပြည်ကြုံတွေ့ရမည့် အဓိကစိန်ခေါ်ချက် များကို မီးမောင်းထိုးပြသကဲ့သို့ မျှော်လင့်ချက်ရှိနိုင်သည့် အနေအထားကိုလည်း အကျိုးသင့်အကြောင်းသင့် ရှင်းပြသည်။
သောမတ်စ် ကာရိုသားစ် သည် CEIP ၏ ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးအစီအစဉ် (Democracy and Rule of Law Program) ကို စတင် တည်ထောင်သူဖြစ်ပြီး ထိုအစီအစဉ်တွင် ညွှန်ကြားရေးမှူးအဖြစ်ဆောင်ရွက်လျှက်ရှိသည်။
မေး။ ။ မြန်မာပြည်က ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ကူးပြောင်းနေပြီလား။
ဖြေ။ ကြားဖြတ်ရွေးကောက်ပွဲက ၇ ရာခိုင်နှုန်းထက်နည်းတဲ့ လွှတ်တော်နေရာတွေအတွက်ပဲ ကျင်းပခဲ့တာဆိုပေမယ့် ရာစု နှစ်ထက်ဝက်ကျော်ကြာအောင် အစိုးရကကြိုးကိုင်ထားတဲ့ ရွေးကောက်ပွဲတွေ ဒါမှမဟုတ်လည်း တရားမဝင် ရွေးကောက်ပွဲတွေကိုပဲ ကြုံခဲ့ရတဲ့ လူ့အဖွဲ့အစည်းတခုအတွက်တော့ ဒီရွေးကောက်ပွဲဟာ ရှေ့ခြေလှမ်းကြီး တလှမ်း ဖြစ်တယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD နိုင်ငံရေးထဲ ပြန်ရောက်လာတာ၊ နိုင်ငံရေးအကျဉ်းသားအများအပြား လွတ် မြောက်လာတာနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ၊ လှုပ်ရှားမှုတွေအတွက် အတော်လေး လမ်းပွင့်လာတာတွေကို ထောက်ရင် မြန်မာပြည်မှာ အများစုက မခန့်မှန်းခဲ့တဲ့ နိုင်ငံရေးအရပွင့်လင်းမှု ထင်ထင်ရှားရှားရှိနေပြီလို့ ပြောလို့ရပါတယ်။
သမ္မတဦးသိန်းစိန်အနေနဲ့လည်း စစ်တပ်သြဇာနဲ့ တရားမဝင် ၂၀၁၀ ရွေးကောက်ပွဲတွေကြောင့် အာဏာရလာတယ် ဆိုပေမယ့် ပြုပြင်ပြောင်းလဲလိုစိတ် ရှိပုံပေါ်ပါတယ်။ ကျနော်မြန်မာပြည်ကို အလည်သွားတဲ့အခါ မြန်မာ ပြည်သူအများအပြားကြားမှာရှိနေတဲ့ အားတက်သရောဖြစ်နေမှုကို မခံစားဘဲမနေနိုင်အောင်ဖြစ်ခဲ့ရပါတယ်။ ဒါကတော့ ဒီအခိုက်အတန့်ဟာဖြင့် တိုင်းပြည်အတွက်တကယ့်အချိန်ကောင်းဖြစ်တယ်၊ ပြီးခဲ့တဲ့နှစ် ၂၀ ကျော်အတွင်းမှာ အများ မျှော်လင့်ရဲတယ်ဆိုရုံလေးရှိခဲ့တဲ့ နိုင်ငံရေးအခွင့်အလမ်းဖြစ်တယ်ဆိုတဲ့ အားတက်သရောဖြစ်နေမှုပါပဲ။
အခြေအနေတွေက အားတက်စရာပါ၊ ဒါပေမယ့် ဒီဖြစ်ပေါ်တိုးတက်မှုတွေဟာ ဖြစ်နိုင်ချေရှိတဲ့ ဒီမိုကရေစီနည်းကျ အသွင်ကူးပြောင်းမှုရဲ့ အဝင်ဝ အစမှာပဲ ရှိနေသေးတာဖြစ်ပါတယ်။ တိုင်းပြည်အာဏာကိုချုပ်ကိုင်ထားသူတွေ (ရေရှည် အမြစ်တွယ်နေတဲ့ ဒီမိုကရေစီဆန့်ကျင်ရေး စစ်အုပ်စုနဲ့ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ – USDP) က သူတို့အာဏာအဆောက်အအုံကို တစုံတရာ လက်လွှတ်ပေးတာမျိုး မရှိသေးပါဘူး။ စစ်တပ်နဲ့ USDP တို့ရဲ့ ရေရှည်အာဏာထိန်းချုပ်ထားမှုကို ပျက်ပြယ်စေဖို့ မုချလိုအပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟာလည်း အခုမှ အလေးအနက်ထားပြီး စတင်ဆွေးနွေးရမယ့် အနေအထားမှာပဲ ရှိပါသေးတယ်။ ဒါ့ပြင် အစိုးရထဲက ပြုပြင်ပြောင်းလဲ ရေးသမားတွေက ပြုပြင်ပြောင်းလဲရေးကိုဆန့်ကျင်တဲ့ အစိုးရထဲက အခြားသူတွေ၊ စစ်တပ်ထဲကသူတွေနဲ့ယှဉ်ရင် ဘယ်လောက်ထိအားရှိသလဲဆိုတာကလည်း အခုထိအတော်လေး မရေမရာဖြစ်နေဆဲပါ။
အစိုးရအနေနဲ့ ငွေလဲနှုန်းပြင်ဆင်သတ်မှတ်တာ၊ ဘဏ်စနစ်ပြုပြင်ပြောင်းလဲတာစတဲ့ အားတက်ဖွယ် စီးပွားရေးပြုပြင် ပြောင်းလဲမှုတချို့ကို ကမကထပြုဆောင်ရွက်ခဲ့ပေမယ့် လက်ရှိအာဏာချုပ်ကိုင်ထားသူတွေရဲ့ အာဏာအချက်အချာ တွေကို အကဲစမ်းမယ့် အပြောင်းအလဲတွေ အကောင်အထည်ဖော်နိုင်ပါ့မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့် ရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလူတွေရဲ့ စီးပွားရေးလုပ်နည်းကိုင်နည်းတွေက ခရိုနီ အရင်းရှင်ဝါဒအယူအဆအပေါ် အခြေခံတာကိုး။
ဆိုတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးလမ်းပွင့်နေပြီလားဆိုရင် ပွင့်နေပြီလို့ပြောချင်ပါတယ်။ စီးပွားရေးပြုပြင်ပြောင်းလဲမှု တွေရှိနေပြီလားဆိုရင်လည်း ရှိနေပုံရတယ်လို့ ပြောချင်ပါတယ်။ ဒီမိုကရေနည်းကျအသွင်ကူးပြောင်းမှု ရှိနေပြီလား ဆိုရင်တော့ ပြောဖို့အရမ်းစောပါသေးတယ်။
မေး။ အာဏာရှင်အုပ်ချုပ်မှုကနေ အသွင်ကူးပြောင်းသွားတဲ့ အခြားနိုင်ငံတွေကနေ ကျနော်တို့ဘာများ လေ့လာ နိုင်ပါသလဲ။ အဲ့ဒီနိုင်ငံတွေနဲ့ မြန်မာပြည်ကို ဘယ်လို နှိုင်းယှဉ်ကြည့်လို့ ရနိုင်ပါသလဲ။
ဖြေ။ ။ သေချာတာကတော့ နိုင်ငံရေးအသွင်ကူးပြောင်းမှုတိုင်းဟာ တခုနဲ့တခုမတူဘဲ သီးသန့်ပုံစံဖြစ်နေတာပါ။ (ဒီကူးပြောင်းမှုတွေဟာ ကမ္ဘာပေါ်တဝှမ်းက အကန့်အသတ်မဲ့ အမျိုးမျိုးအထွေထွေ လူမှုနိုင်ငံရေးပုံ သဏ္ဍာန်တွေနဲ့ အစဉ်အလာတွေအပေါ် ထင်ဟပ်နေတာဖြစ်ပါတယ်။) တချိန်တည်းမှာလည်း ပြီးခဲ့တဲ့ ၂၅နှစ်အတွင်းမှာ ဒီမိုကရေနည်းကျအသွင်းကူးပြောင်းမှုဖြစ်လာမို့ အားထုတ်ခဲ့တဲ့ နိုင်ငံ ၁၀၀ ရှိတာမို့ တချို့ပုံစံတွေကို ခွဲခြားသတ်မှတ်လို့ ရသလို တကယ်တမ်းသတိထားပြီးချဉ်းကပ်မယ်ဆိုရင် တချို့တူညီတာတွေကို ရှင်းရှင်းလင်းလင်း သဘောပေါက်နိုင် မှာဖြစ်ပါတယ်။
မြန်မာပြည်ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်က အနိမ့်ဆုံးအဆင့် ၁၉၇၀ ကျော်နဲ့ ၁၉၈၀ ကျော်ကာလတွေ အတွင်း တောင်အမေရိကတိုက်မှာဖြစ်ခဲ့တဲ့ စစ်အုပ်ချုပ်ရေးကနေ အသွင်ကူးပြောင်းရေးဖြစ်စဉ်တချို့ကို ပြန်အမှတ်ရ စေပါတယ်။ အဲ့ဒီဖြစ်စဉ်တွေကလည်း တခုနဲ့တခု နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သိပ်ကို ကွဲပြားကြတာပါ။
ဥပမာ ဘရာဇီးနိုင်ငံမှာဆိုရင် စီးပွားရေးစီမံခန့်ခွဲမှုညံ့ဖျင်းတာနဲ့ အလွဲသုံးစားမှုတွေကြောင့် လူထုထောက်ခံမှု ကျဆင်းလာတဲ့ စစ်အစိုးရဟာ သဘောထားပျော့ပြောင်းသူအုပ်စုနဲ့ သဘောထားတင်းမာသူအုပ်စု ဆိုပြီး ၂ ခြမ်း ကွဲသွားခဲ့ပါတယ်။ သဘောထားပျော့ပြောင်းသူတွေက အားလုံးလက်ခံနိုင်တဲ့ ရွေးကောက်ပွဲတွေ နောက်ပိုင်းမှာ ကျင်းပပြီး အရပ်သားအုပ်ချုပ်မှုကို တဖြေးဖြေး ပြန်လည် အသက်သွင်းခဲ့ပါတယ်။ ပြီးတော့ သဘော ထားတင်းမာသူတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် အဲ့ဒီလူတွေရဲ့ စီးပွားရေးလုပ်ပိုင်ခွင့် အတော်များများကို ဆက်လုပ်ခွင့်ပေးတာနဲ့ အတိတ်က အမှားတွေအတွက် စွဲချက်တင်တာတွေမလုပ်ဘဲ ထိန်းထားခဲ့ပါတယ်။
အတိတ်မှာဖြစ်ခဲ့တာတွေကို ချင့်ချိန်စဉ်းစားတဲ့အခါမှာ တောင်အမေရိကတိုက်က အသွင်ကူးပြောင်းမှုအများစုဟာ အတော်လေးသင့်တော်တာကို တွေ့ရပါတယ်၊ ဒါပေမယ့် အဲ့ဒီဖြစ်စဉ်အများစုက တကယ်လက်တွေ့ ဘယ်လောက်အ ချိန်ကြာပြီး ရှုပ်ထွေးနက်နဲတယ်ဆိုတာကိုလည်း ဂရုပြုဖို့ အရေးကြီးပါတယ်။ ဘရာဇီးနိုင်ငံကိုပဲ ဥပမာထပ်ပေးရရင် အဲ့ဒီနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လမ်းပွင့်လာတဲ့ ၁၉၇၄ ခုနှစ်ကစလို့ အားလုံးလက်ခံနိုင်တဲ့ ရွေးကောက်ပွဲကနေ အရပ်သားသမ္မတအာဏာရလာတဲ့အထိ ၁၀ ကျော် အချိန်ကုန်လွန်ခဲ့တာပါ။
ပြီးတော့ အရင်အာဏာရှင်စနစ်ရဲ့ အကြွင်းအကျန်တွေအများအပြားကြားကနေ စနစ်တခု တကယ်ကောင်းကောင်း မွန်မွန် လည်ပတ်နိုင်ဖို့ နောက်ထပ် ၁၀ နီးပါးလောက် အချိန်ထပ်ယူခဲ့ရပါသေးတယ်။
နောက်တခုသိထားသင့်တာကတော့ တောင်အာဖရိကတိုက်က စစ်အာဏာရှင်အများစုဟာ သူတို့တိုင်းပြည်ကို အရပ်သားအစိုးရလက် ပြန်မအပ်ခင် ဆယ်စုနှစ် တခု ဒါမှမဟုတ် ၂ ခုပဲ အာဏာရှိခဲ့တာဖြစ်တယ်၊ ပြီးတော့ အနိမ့်ဆုံးအဆင့် အဲ့ဒီနိုင်ငံတွေမှာ အရင်တုန်းက အရပ်သားအုပ်ချုပ်ရေးနဲ့ ဒီမိုကရေစီနည်းက ျဗဟုဝါဒ အတွေ့အကြုံ တွေ တစုံတရာ ထင်ထင်ရှားရှားရှိခဲ့တယ်ဆိုတာပဲ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ကတော့ လွတ်လပ်ရေးရခဲ့တဲ့ ၆၅ နှစ်အတွင်း နိုင်ငံကို နှစ်ပေါင်း ၅၀ အုပ်ချုပ်ခဲ့တာဖြစ်ပြီး သင်ခန်းစာယူဖို့အတွက်လည်း မြန်မာပြည်မှာ စစ်အုပ်ချုပ်ရေး မတိုင်ခင် ကျယ်ပြန့်တဲ့ ဒီမိုကရေစီအတွေ့အကြုံ မရှိပါဘူး။
မေး။ ။ အာရပ်နွေဦး (Arab Spring) က မြန်မာပြည်တိုးတက်ပြောင်းလဲမှုတွေအပေါ် အကျိုးသက်ရောက်မှု ရှိခဲ့ပါ သလား။
ဖြေ။ ။ အာရပ်နွေဦးက မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေကို ပျာပျာသလဲဖြစ်စေခဲ့တယ်၊ ပြီးတော့ တိုင်းပြည်မှာဖြစ်လာနိုင်တဲ့ ပေါက်ကွဲမှုကို အောက်ခြေကနေ တားဆီးနိုင်ဖို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်မှဖြစ်တော့မယ်ဆိုတဲ့ သဘောထား ပျော့ပြောင်းသူတွေရဲ့ စဉ်းစားဆုံးဖြတ်ချက်ကိုလည်း အထောက်အကူဖြစ်စေခဲ့တယ်။
ဒါပေမယ့် မြန်မာပြည်ရဲ့ အထက်မှအောက်ပြုပြင်ရေးဖြစ်စဉ်က အာရပ်နွေဦးဖြစ်လာမယ့် ဆယ်စုနှစ်အတွင်းမှာရှိတဲ့ အာရပ်နိုင်ငံအတော်များများရဲ့ နိုင်ငံရေးအခြေအနေနဲ့ ပိုနီးနီးစပ်စပ် ဆင်တူပါတယ်။ အဲ့ဒီနှစ်တွေအတွင်းမှာ အာရပ် အစိုးရ အတော်များများက နိုင်ငံရေးနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပါတယ်။ ပြောင်းလဲမှုတွေထဲမှာ အတိုက် အခံပါတီတွေကို လွှတ်တော်တွင်း ကိုယ်စားပြုခွင့်ပေးတာ၊ လွတ်လပ်တဲ့ လူမှုအဖွဲ့အစည်း (Civil Society) တွေ အတွက် လုပ်ပိုင်ခွင့် တစုံတရာပေးတာနဲ့ တိုင်းပြည်စီးပွားရေးရဲ့ တချို့အစိတ်အပိုင်းတွေကို သင့်တော်သလို ပြင်ဆင် ဆောင်ရွက်တာတွေ ပါပါတယ်။ ဆန်းစစ်လေ့လာသူတွေကတော့ ဒီပြောင်းလဲမှုတွေကို “တံတိုင်းခံပြုပြင်ရေး (Defensive Liberalization)” လို့ ဆိုကြပါတယ်။
အာရပ်အစိုးရတွေရဲ့ ဆောင်ရွက်မှုတွေက ဒီမိုကရေစီဖော်ဆောင်ဖို့အတွက် ပြုပြင်ပြောင်းလဲရေးတွေမဟုတ်ပါဘူး။ လူထုရဲ့ အစိုးရအပေါ် မကျေမနပ်ဖြစ်နေတာတွေကို လျှော့ချတဲ့နည်းနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီဖော်ဆောင်မှုတွေ မဖြစ်လာအောင် တားဆီးဖို့ အသေအချာဘောင်ခတ်စီမံထားတဲ့ ကြိုးပမ်းမှုတွေသာ ဖြစ်ပါတယ်။ မော်ရိုကိုနဲ့ ဂျော်ဒန်နိုင် ငံကလိုမျိုး တချို့အစိုးရတွေက အဲ့ဒီနည်းနာကိုဆက်ထိန်းရင်း အာဏာဆက်လက် ကိုင်စွဲနိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် ပြုပြင်ပြောင်းလဲရေးလုပ်တဲ့အခါမှာ ဒယိမ်းဒယိုင်ဖြစ်ခဲ့တဲ့ အီဂျစ်နိုင်ငံကလို အစိုးရတွေကတော့ အပြောင်းအလဲတွေ ဘာမှမလုပ်နိုင်ပဲ နောက်ဆုံးနိုင်ငံထဲမှာ လူထုအုံကြွပေါက်ကွဲမှုနဲ့ ကြုံရတဲ့အထိ ဖြစ်ခဲ့ပါတော့တယ်။
မေး။ ။ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းမှုမှာ ဘယ်အရာက အခက်အခဲဆုံးအပိုင်း ဖြစ်လိမ့်မလဲ။
ဖြေ။ ။ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေပြီး ပြုပြင်ပြောင်းလဲရေးဆိုင်ရာကိစ္စတွေနဲ့ အတွင်းပိုင်းမှာ ကွဲနေတဲ့ စစ်အုပ်စု၊ နိုင်ငံရေးဖိနှိပ်မှုရဲ့ ဆိုးမွေတွေ၊ ရက်စက်ကြမ်းကြုတ်တဲ့ အစိုးရအုပ်ချုပ်မှုစနစ်၊ စီးပွားရေးချွတ်ခြုံကျမှုနဲ့ နိုင်ငံရေး အရ စိန်ခေါ်မှုတွေရှိနေတဲ့ ဒေသတွင်းတည်ရှိမှု စသဖြင့် အခက်အခဲတွေနဲ့ ပြည့်နေတာတော့ အသေအချာပါပဲ။
အထူးတုန်လှုပ်စရာကောင်းတာကတော့ တိုင်းပြည်အနေနဲ့ ဆယ်စုနှစ်ချီဖြစ်ပွားနေတဲ့ လူမျိုးစုံ တိုင်းရင်းသားပဋိပက္ခ တွေကို ဖြေရှင်းဖို့ကြိုးစားနေရတဲ့တချိန်တည်းမှာပဲ ရက်စက်ကြမ်းကြုတ်ပြီး ဖြစ်သလိုလုပ်တတ်တဲ့ နှစ် ၅၀ ကြာ အာဏာရှင်စနစ်ကနေ စွန့်ခွာဖို့ ကြိုးစားနေရတဲ့ အခက်အခဲနဲ့ အကြီးအကျယ် ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။ နိုင်ငံရေးစနစ်ရဲ့ဗဟိုချက်မှာ ဒီမိုကရေစီဖော်ဆောင်နိုင်ဖို့နဲ့ တိုင်းရင်းသားဒေသတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးရဖို့ဆိုတဲ့ အပြန်အလှန်ဆက်စပ်မှုရှိနေတဲ့ အာဏာခွဲဝေရေးဖြစ်စဉ် ၂ ခုကို တပြိုင်နက် ကြိုးစားဆောင်ရွက်တာဟာ သိပ်ကို ခက်ခဲပါလိမ့်မယ်။ ဒါကဘာနဲ့ အနည်းငယ် အလားသဏ္ဍာန်တူသလဲဆိုရင် ဘေး ၂ ဖက်က ချောက်ဖြစ်နေတဲ့ ခနော်နီခနော် နဲ့ တံတားပေါ်မှာ ကားမောင်းနေတုန်း ကားထဲမှာ ရန်ဖြစ်နေတဲ့ ခရီးသည်တွေကို တားရသလိုပါပဲ။
ဒါပေမယ့် မဖြစ်နိုင်စရာအကြောင်းမရှိပါဘူး။ သေသေချာချာ ကိုင်တွယ်ဆောင်ရွက်နိုင်မယ်ဆိုရင် ဒီဖြစ်စဉ် ၂ ခုဟာ တခုနဲ့တခု အပြန်အလှန် ဖေးမနိုင်တာဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်တွေ နှောင်းပိုင်း အင်ဒိုးနီးရှားနိုင်ငံက ရုတ်တရက် အာဏာရှင်စနစ်ကနေ စွန့်ခွာတဲ့အချိန်မှာ အဲ့ဒီနိုင်ငံအနေနဲ့ ဒီမိုကရစီဖော်ဆောင်ရေးနဲ့ တချို့ပြည်နယ်တွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးကိစ္စတွေကို တချိန်တည်း ကိုင်တွယ်ဆောင်ရွက်နိုင်မှာမဟုတ်ဘူးလို့ အတော်များများက စိုးရိမ် ခဲ့ကြတာပါ။
အင်ဒိုနီးရှားနိုင်ငံဟာ အဲ့ဒီအချိန်တုန်းက ကနေ့ မြန်မာပြည်မှာ ကြုံတွေ့နေရတာတွေထက်ပိုကြီးတဲ့ ပြည်တွင်းပြဿနာ တွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့ အင်ဒိုနီးရှားပြည်တွင်းသူပုန်တွေက ခွဲထွက်ရေးရဖို့ အစိုးရကို တိုက်နေကြတာဖြစ်ပြီး မြန်မာပြည်မှာတော့ တိုင်းရင်းသားတွေရဲ့တောင်းဆိုမှုက အဲ့ဒီလောက် မပြင်းထန်ပါဘူး။ ဒါပေမယ့် အင်ဒိုနီးရှားနိုင်ငံက ဒီအခြေအနေတွေကနေ လွန်မြောက်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့အပြင် အရှေ့တီမောနဲ့လည်း ငြိမ်းချမ်းရေးရပြီး အာဏာရှင်အစိုးရစနစ်ကို တကယ် အဆုံးသတ်နိုင်ခဲ့ပါတယ်။
မေး။ ။ မြန်မာပြည်အနာဂတ်နဲ့ပတ်သက်ပြီး မျှော်လင့်ချက်နိုင်စရာရှိပါသလား။
ဖြေ။ မြန်မာပြည်ဟာ ဒီမိုကရေစီဖော်ဆောင်တဲ့နေရာမှာ ကြီးမားတဲ့စိန်ခေါ်ချက်တွေနဲ့ ရင်ဆိုင်နေရပေ မယ့် ဒီမိုကရေစီဖော်ဆောင်ဖို့ လုံးဝမဖြစ်နိုင်တဲ့ အနေအထားနဲ့ အဝေးကြီးလိုပါသေးတယ်။ နိုင်ငံရေးလမ်းစပွင့်သွားတဲ့ တချို့နိုင်ငံတွေမှာလို မြန်မာနိုင်ငံမှာ နိုင်ငံအတွက် ဘာတွေလုပ်မယ်ဆိုတာကို ရွေးကောက်ပွဲတွေမတိုင်ခင်ကတည်းက လက်တွေ့ ဆောင်ရွက်ပြခဲ့တဲ့၊ တရားဝင်မှုနဲ့ ပတ်သက်ပြီး ပြည်တွင်းရော နိုင်ငံတကာမှာပါ မေးခွန်းထုတ်စရာမလိုပဲ အားလုံးက နက်နက် ရှိုင်းရှိုင်းလေးစားတဲ့ ခေါင်းဆောင်တယောက်ရှိတဲ့ ၊ ပြီးတော့ အခြေခံအားဖြင့် အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်တွေရှိတဲ့ အားကောင်း မောင်းသန် ဒီမိုကရေစီအတိုက်အခံလှုပ်ရှားမှုရှိပါတယ်။
ဒါ့ပြင် နိုင်ငံတော်အာဏာထိန်းချုပ်ထားသူတွေထဲက ပြုပြင်ပြောင်းလဲရေးဘက်တော်သားတွေထဲမှာ သမ္မတဦးသိန်းစိန် အပြင် ယုံကြည်စိတ်ချရတဲ့ လူတချို့လည်း ပါပါသေးတယ်။ ပြီးတော့ မြန်မာ့အိမ်နီးနားချင်းနိုင်ငံတချို့က မြန်မာပြည် ဒီ မိုကရေစီဖော်ဆောင်ရေးဖြစ်စဉ်အပေါ် လိုလိုလားလားရှိပုံ မပေါ်ပေမယ့် အမေရိကန်ပြည်ထောင်စု၊ ဥရောပနဲ့ အာရှဒီမို ကရေစီနိုင်ငံအများအပြားအပါအဝင် အရေးပါတဲ့ နိုင်ငံတကာအင်အားစုတွေက ကူညီဖို့ အဆင်သင့်ရှိနေကြပါတယ်။