အမေရိကန်ပြည်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများအနက် လက်နက်ရောင်းချမှုမှအပ ကျန်ပိတ်ဆို့မှုများကို ယာယီဖယ်ရှားကြောင်း ကြေညာလိုက်ခြင်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ တည်ဆောက်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် လမ်းစကောင်း ပေါ်လာခြင်းဖြစ်သည်ဟု ယုံကြည်သည်။
အမေရိကန်သို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်တို့ ယမန်နေ့က ပူးတွဲကျင်းပသည့် အစည်းအဝေးတွင် ပိတ်ဆို့မှုများ ဖယ်ရှားလိုက်သည့်အတွက် အမေရိကန် စီးပွားရေးနှင့် ဘဏ္ဍာရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ သွားရောက်ရင်းနှီးမြှုပ်နှံကြရန် မစ္စ ကလင်တန်က တိုက်တွန်းသွားသည်။
သို့ရာတွင် တာဝန်သိပြီး ကောင်းမွန်သော ကော်ပိုရိတ် လုပ်သားကောင်းများ ဖြစ်ရန်လိုကြောင်းနှင့် မြန်မာ့ပြုပြင်ပြောင်းလဲရေးကို အထောက်အပံ့ပြုရန် အထူးဂရုပြု ပြောဆိုခဲ့သည်။
နိုင်ငံတကာ ခရက်ဒစ်ကတ်စနစ်ဖြင့် ဒေါ်လာကို အခြေခံသော ငွေကြေးလွှဲပြောင်းမှုများအတွက်လည်း အမေရိကန်အစိုးရက ထုတ်ပေးမည်ဟု မစ္စ ကလင်တန်က ထည့်သွင်းပြောကြားသွားပြီးနောက် အမေရိကန် ကုမ္ပဏီကြီးများ မြန်မာ့ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံရေး စိတ်ဝင်စားမှုများ တိုးတက်လာနေသည်။
သို့သော် တဖက်တွင်လည်း စိုးရိမ်စရာများ ရှိနေသည်။ ရာနှင့်ချီသော နိုင်ငံရေးသမားများ အကျဉ်းထောင်များထဲတွင် ဆက်ရှိနေပြီး ကချင်ဒေသတွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်နေသည်။ ထို့အပြင် ဝင်လာမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် ရည်ရွယ်ပြင်ဆင်ပုံရသည့် ခရိုနီစီးပွားရေးသမားများက အာဏာပိုင်များနှင့် ပူးပေါင်း၍ မြေယာအဓမ္မ သိမ်းဆည်းမှုများလည်း အများအပြား ပေါ်ပေါက်နေဆဲဖြစ်သည်။
စီးပွားရေးကဏ္ဍ ပိတ်ဆို့ထားမှုများကို အမေရိကန်က ဖယ်ရှားလိုက်ရုံဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး အချိုးညီညီ ဖွံ့ဖြိုးလာမည်ဟု တထစ်ချ ပြောဆို၍ မရနိုင်ပေ။ ဝင်ရောက်လာမည့် ရင်းနှီးမြှုပ်နှံများကြောင့် ဖြစ်ပေါ်လာသော အကျိုးကျေးဇူးများကို အများပြည်သူလူထု အကျိုးခံစားခွင့် ရှိစေရမည်။
ထိုသို့မဟုတ်ဘဲ ယခင်က စီပွားရေးကို လက်ဝါးကြီးအုပ်ခဲ့သည့် လက်တဆုပ်စာ လူနည်းစု ခရိုနီများနှင့် အာဏာပိုင်များ၏ အကျိုးစီးပွားအတွက်သာ ဆက်ဖြစ်နေလျှင် ဖွံ့ဖြိုးတိုးတက်မှုက နောက်ပြန်လှည့်သွားနိုင်သည်။
ပိတ်ဆို့အရေးယူများ ချမှတ်ခံရခြင်းသည် စစ်အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်၊ ဒီမိုကရေစီအရေး လှုပ်ရှားမှုများကို ရက်ရက်စက်စက် နှိမ်နင်းမှုများကြောင့် ဖြစ်ကြောင်းကို မမေ့သင့်ပေ။
အမေရိကန်က ပိတ်ဆို့မှုများကို အလုံးစုံ ဖယ်ရှားခြင်း မဟုတ်သေးဘဲ မြန်မာအစိုးရ၏ အပြုသဘောဆောင်သော လုပ်ဆောင်ချက်များအတိုင်း အမေရိကန်အစိုးရကလည်း တဆင့်ချင်း ဖြေလျှော့သွားမည်ဖြစ်သည်။ မြန်မာအစိုးရအနေဖြင့် စစ်မှန်သော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ဖိအားပေးသည့်အနေဖြင့် ပိတ်ဆို့အရေးယူမှုတချို့ကို အမေရိကန်က ဆက်လက်ထားရှိခြင်းဖြစ်သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၏ အကျိုးအမြတ်ကို အများပြည်သူလူထုကပါ အကျိုးခံစားရနိုင်ရန် ခိုင်မာသည့် ဥပဒေနှင့် ထိန်းကျောင်းမှုများရှိရန် သမ္မတ ဦးသိန်းစိန် အစိုးရအနေဖြင့် ပွင့်လင်းမြင်သာပြီး တာဝန်ခံမှုရှိသည့် ကျွမ်းကျင်သော စီမံခန့်ခွဲမှု လိုအပ်သည်။
ထိုသို့မဟုတ်ပါက စည်းမျဉ်းစည်းကမ်းများကို လိုက်နာလုပ်ဆောင်မည့် ရင်းနှီးမြှုပ်နှံသူများ တွန့်ဆုတ်သွားနိုင်ပြီး အကျိုးစီးပွားအတွက် ဌာနေပြည်သူလူထုကို ထည့်မတွက်သော ခရိုနီများနှင့်သာ ပူးပေါင်းမည့် စီးပွားရေးလုပ်ငန်းများသာ ကြီးစိုးလာပါက ဖွံ့ဖြိုးတိုးတက်မှု ရှိလာမည် မဟုတ်ပေ။
ထို့ကြောင့် သမ္မတ ဦးသိန်းစိန် အနေဖြင့် လက်ရှိ ပြုပြင်ပြောင်းလဲရေးကို ပို၍ အရှိန်အဟုန်မြှင့်ပြီး ပြည်သူလူထု အကျိုးစီးပွားအတွက် ရှေးရှုကာ စီမံခန့်ခွဲမှုနှင့် စည်းကမ်းဥပဒေများကို ခိုင်မာအောင် ပြုလုပ်ရန် အရေးကြီးကြောင်း သုံးသပ်တင်ပြအပ်ပေသည်။