ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မေလအစောပိုင်းတွင် ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ နော်ဝေနိုင်ငံများရှိ လွှတ်တော်များသို့ သွားရောက်လေ့လာခဲ့သည်။ ယခင် စစ်အစိုးရအဖွဲ့တွင် တတိယအဆင့်ရှိသူ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းသည် ပြုပြင်ပြောင်းလဲရေးကို လိုလားသူအဖြစ် အများက မြင်ကြသည်။ နိုင်ငံတွင်း လာဘ်စားမှုများရှိကြောင်း ဝန်ခံပြောဆိုခဲ့ပြီး အစိုးရဝန်ထမ်းများ လစာတိုးပေးရေးအတွက် လွှတ်တော်တွင် တင်ပြခဲ့သည်။ လက်ရှိ ဒု သမ္မတ ဦးတင်အောင်မြင်ဦး နုတ်ထွက်စာတင်ပြီးနောက် ဦးရွှေမန်းသည်လည်း ဒု သမ္မတ ဖြစ်လာနိုင်သူများထဲမှ တဦးအဖြစ် ထင်ကြေးပေးခံရသူဖြစ်သည်။
နော်ဝေအခြေစိုက် Aftenposten သတင်းစာမှ သတင်းထောက် Kristoffer Rønneberg က ဦးရွှေမန်းနှင့် တွေ့ဆုံ၍ နော်ဝေနိုင်ငံလွှတ်တော်ကို လေ့လာမှုအခြေအနေ၊ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး အပေါ် အမြင်၊ မြန်မာ့လွှတ်တော် အတွင်းရောက်ရှိလာမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထားတို့ကို မေးမြန်းထားပါသည်။
မေး ။ ။ နော်ဝေနိုင်ငံရောက်တုန်း ဒီကလူတွေနဲ့ ဘာတွေများပြောဖြစ်ပါသလဲ။
ဖြေ ။ ။ ကျနော့်နဲ့ ကျနော့်ကိုယ်စားလှယ်အဖွဲ့ကို နော်ဝေနိုင်ငံ အလည်လာဖို့ ဖိတ်ကြားတဲ့အတွက်ရော ကျနော့်အမြင်တွေကို ခင်ဗျားကို ပြောခွင့်ပေးတဲ့အတွက်ပါ နော်ဝေနိုင်ငံလွှတ်တော်ဥက္ကဋ္ဌကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ကျနော့်နိုင်ငံနဲ့ပတ်သက်ပြီး ကျနော့်ကို မေးခွန်းတွေမေးတဲ့ ခင်ဗျားကိုလည်း ကျေးဇူးတင်ပါတယ်။ ဒါက နော်ဝေနိုင်ငံ အနေနဲ့ ကျနော်တို့နိုင်ငံအပေါ် စိတ်ဝင်စားမှု အများကြီးရှိတယ်ဆိုတာကို ပြတာပါပဲ။
ဒီနေ့မနက်အစောပိုင်းမှာ ကျနော် နိုင်ငံခြားရေးကော်မတီဥက္ကဋ္ဌနဲ့ တွေ့ဆုံခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာတော့ လွှတ်တော် ဥက္ကဋ္ဌနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဆွေးနွေးမှုတွေအတွင်းမှာ နော်ဝေနိုင်ငံအခြေအနေကိုရော သူတို့ရဲ့ အတွေ့အကြုံတွေကိုပါ ကျနော်တို့ လေ့လာနိုင်ခဲ့ပါတယ်။ နော်ဝေနိုင်ငံဟာ နိုင်ငံတွင်းကျင့်သုံးတဲ့ ဒီမိုကရေစီစနစ်ကြောင့် ကနေ့အချိန်မှာ ဖွံ့ဖြိုးပြီးနိုင်ငံတခု ဖြစ်နေတယ်ဆိုတာကို ကျနော်တို့ သိလာရပါတယ်။
ဒါ့အပြင် ကျနော်တို့နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှု ရှိလာဖို့အတွက် ဒီမိုကရေစီစနစ်လည်း ရှိဖို့လိုတဲ့အကြောင်း၊ နိုင်ငံရေးအရ အပြောင်းအလဲတွေလုပ်နေတဲ့ တချိန်တည်းမှာ စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုတွေလည်း လုပ်ဖို့လိုတဲ့အကြောင်း ကျနော်တို့ သိလာရပါတယ်။
ဒါကြောင့်မို့လို့ ကျနော်တို့နိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ် ၂ ခု တပြိုင်တည်း လုပ်ဖို့လိုပါတယ်။ နိုင်ငံရေးစနစ်ရော စီးပွားရေးစနစ်ပါ အပြောင်းအလဲလုပ်ဖို့ လိုအပ်ပါတယ်။
နော်ဝေနိုင်ငံမှာ နိုင်ငံရေးအရ၊ စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုတွေ လုပ်တဲ့အခါမှာ ပြည်သူလူထုရဲ့ အခန်းကဏ္ဍက အရေးပါတယ်ဆိုတာကို ကျနော်တို့ သိလာရပါတယ်။ နော်ဝေနိုင်ငံက အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကလည်း ခင်ဗျားတို့ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် နည်းလမ်းအတော်များများနဲ့ အထောက်အကူပြုတယ်ဆိုတာကို လေ့လာမိပါတယ်။ ဆိုတော့ နော်ဝေခရီးစဉ်မှာ ကျနော်တို့ အများကြီး လေ့လာခွင့်ရတယ်လို့ ပြောလိုပါတယ်။
မေး ။ ။ ပြုပြင်ပြောင်းလဲမှုတွေက ဘာကြောင့်လိုအပ်တာလဲ။ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ မမြင်ရခင်က လူကြီးမင်းဟာ ပြုပြင်ပြောင်းလဲရေးကို အလိုလားဆုံးသူတယောက်လို့ အများသိခဲ့တာပါ။ အပြောင်းအလဲဖြစ်စဉ်က တကယ်တမ်း ဘယ်အချိန်မှာ စခဲ့တာလဲ။
ဖြေ ။ ။ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ် လိုအပ်တယ်ဆိုတာ မှန်ပါတယ်။ ကျနော်တို့အနေနဲ့ ကျနော်တို့နိုင်ငံရော ပြည်သူလူထုပါ တိုးတက်တာကို မြင်တွေ့လိုပါတယ်။ ကမ္ဘာပေါ်က ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုရှိတဲ့ နိုင်ငံတွေကို ကြည့်လိုက်မယ်ဆိုရင် အဲ့ဒီနိုင်ငံတွေဟာ ဒီမိုကရေစီစနစ်ရှိတဲ့ နိုင်ငံတွေဖြစ်တယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ ဥပမာ – နော်ဝေနိုင်ငံလိုပေါ့။
ကျနော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတခု ဖြစ်လာဖို့နဲ့ ကြွယ်ဝချမ်းသာလာဖို့အတွက် ဒီမိုကရေစီစနစ် ဖွံ့ဖြိုးအောင် လုပ်ရမယ်ဆိုတာကို ကျနော်တို့ သိထားပြီးသားပါ။
နိုင်ငံကြီးပွားတိုးတက်ဖို့အတွက် ပြုပြင်ပြောင်းလဲမှုလုပ်တဲ့ ဖြစ်စဉ်မှာ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဈေးကွက်အခြေခံ စီးပွားရေးစနစ်တွေကို ခွင့်ပြုဖို့ ကျနော်တို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ ကျနော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ဒီရည်ရွယ်ချက်ကို ဖော်ပြထားပါတယ်။
ခင်ဗျား သိထားတဲ့အတိုင်း ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျနော်တို့ရဲ့ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ အတည်ပြု ပြဌာန်းခဲ့တာပါ။ ဒါကြောင့်မို့ ကျနော့်အနေနဲ့ ကျနော်တို့နိုင်ငံ ကြီးပွားတိုးတက်ဖို့ ဒီစနစ်အတွက် လိုအပ်တာတွေကို တက်တက်ကြွကြွ ဆောင်ရွက်နေတယ်လို့ပြောရင် မမှားနိုင်ပါဘူး။
နော်ဝေနိုင်ငံက တပ်မတော်သားတွေကို ကြည့်မယ်ဆိုရင် သူတို့လည်း ဒီမိုကရေစီကိုပဲ ပိုနှစ်သက်ကြတာပါ။
မေး ။ ။ ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးကနေ နုတ်သွားပြီး သူ့နေရာက လစ်လပ်နေတယ်လို့ ကြားရပါတယ်။ အဲဒီရာထူးအတွက် လူကြီးမင်းကို ကမ်းလှမ်းတာမျိုး ရှိပါသလား။
ဖြေ ။ ။ (ရယ်လျက်) ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော့်မှာ ရည်ရွယ်ချက် တစုံတရာ မရှိပါဘူး။ ဘာအစီအစဉ်မှလည်း မရှိပါဘူး။ ကျနော့်အနေနဲ့ လွှတ်တော်ထဲက ကျနော့်ရဲ့ တာဝန်ဝတ္တရားတွေအပေါ် အားရကျေနပ်မှုရှိပါတယ်။ ခင်ဗျား သိတဲ့အတိုင်း လွှတ်တော်ဆိုတာ ဒီမိုကရေစီစနစ်ရဲ့ အရေးကြီးတဲ့အခန်းကဏ္ဍမှာ ရှိတာပါ။ လွှတ်တော်မရှိရင် ဒီမိုကရေစီလည်း မရှိနိုင်ပါဘူး။ လွှတ်တော်မရှိခဲ့တဲ့အတွက် ကျနော်တို့နိုင်ငံမှာ ဒီမိုကရေစီမရှိခဲ့တာလို့တောင် ခင်ဗျားပြောကောင်း ပြောနိုင်ပါတယ်။
မေး ။ ။ အခုဆိုရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကလည်း လွှတ်တော်ထဲ ရောက်နေပြီဆိုတော့ နိုင်ငံရေး ဖြစ်စဉ်က ပိုအရှိန်ရလာမလား။ လွှတ်တော်ထဲမှာ အခြေအတင်ဆွေးနွေးမှုတွေ အရင်ထက်စာရင် ပိုများလာသလား။
ဖြေ ။ ။ ကျနော်တို့အနေနဲ့ NLD ကိုယ်စားလှယ်တွေကို ကြားဖြတ်ရွေးကောက်ပွဲမှာ တကယ် ဝင်ပြိုင်စေချင်တာပါ။ ဒါကြောင့်မို့လည်း ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကို လိုအပ်သလို ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ ဧပြီလ ၁ ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့ပြီးတော့ အခုဆိုရင် NLD ပါတီက လွှတ်တော်ထဲရောက်နေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကိုရော NLD ကိုပါ ကျနော်တို့လွှတ်တော်က ကြိုဆိုပါတယ်။ လွှတ်တော်ထဲမှာ ကျနော်တို့ အတူလက်တွဲပြီး ဆောင်ရွက်သွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ပါတီကို ကိုယ်စားပြုပြီး တိုင်းပြည်နဲ့ ပြည်သူလူထု အကျိုးစီးပွားအတွက် ဆောင်ရွက်သွားမယ်ဆိုတာကို ကျနော့်အနေနဲ့ အသေအချာ ယုံကြည်ပါတယ်။ တခြားပါတီက ကိုယ်စားလှယ်တွေအနေနဲ့လည်း သူတို့တိုင်းပြည်နဲ့ လူထုအတွက် အလုပ်အကျွေးပြုကြလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ ကျနော်လည်း အဲဒီလို အလုပ်အကျွေးပြုမယ့်အထဲက တယောက်ပါ။
အခုဆိုရင် NLD ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ရောက်လာကြပြီမို့ ဒီမိုကရေစီနည်းကျ တိုးတက်မှုတွေရှိလာအောင် လွှတ်တော်က လိုအပ်သလို ဆောင်ရွက်သွားမယ်ဆိုတဲ့ ကျနော်တို့ ရည်ရွယ်ချက်ကို ပိုပြီး ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ပါလိမ့်မယ်။
မေး ။ ။ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရာမှာ မြန်မြန်ဆန်ဆန် ဖြစ်သင့်သလောက် မဖြစ်တဲ့အပေါ် လူကြီးမင်းက ပွင့်ပွင့်လင်းလင်း ဝေဖန်ထောက်ပြခဲ့ပါတယ်။ အဲဒီအရာကို တိုက်ဖျက်မယ့် လူကြီးမင်းရဲ့ ဖြေရှင်းနည်းက ဘာလဲ။
ဖြေ ။ ။ နိုင်ငံတော်တော်များများက ဒီကိစ္စအပေါ် သိပ်စိတ်ဝင်တစား ရှိနေကြတာပါ။ ကျနော်တို့နိုင်ငံမှာ အကျင့်ပျက် ခြစားမှုကို အမြစ်ကနေ လှန်နိုင်ဖို့အတွက် လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ ကျနော်တို့ လုပ်ရမှာဖြစ်ပါတယ်။ ကျနော့်အစီအစဉ်ကတော့ ကျနော်ဟာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်တယ်၊ ဥပဒေပြုအဖွဲ့ကဖြစ်တယ်။ ကျနော်တို့ဟာ ဥပဒေပြုအဖွဲ့ကဖြစ်တာမို့ ကျနော်တို့ ရည်ရွယ်ချက်က လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်တဲ့ဥပဒေကို မကြာခင် မဖြစ်မနေ ပြဌာန်းနိုင်အောင် ဆောင်ရွက်သွားဖို့ပါပဲ။
မေး ။ ။ အဲဒီလိုပြဌာန်းဖို့ လွယ်ပါ့မလား။
ဖြေ ။ ။ အခက်အခဲရှိမယ်လို့ မထင်ပါဘူး။
မေး ။ ။ ဖေဖော်ဝါရီလတုန်းက လူကြီးမင်း တရုတ်နိုင်ငံကို အလည်သွားခဲ့ပါတယ်။ မြစ်ဆုံရေကာတာစီမံကိန်းကို ရပ်ဆိုင်းလိုက်တာရယ် ပြီးတော့ မြန်မာအစိုးရက အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပြန်ကောင်းလာအောင် ဆောင်ရွက်နေတဲ့အပေါ် တရုတ်အစိုးရခေါင်းဆောင်တွေ သိပ်လိုလိုလားလား ရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် လူကြီးမင်းရဲ့ ခရီးစဉ်အတွင်းမှာ မြန်မာအစိုးရရဲ့မူဝါဒ အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး တရုတ်အစိုးရက တစုံတရာ တုံ့ပြန်ပြောဆိုတာမျိုး ကြားခဲ့ရပါသလား။
ဖြေ ။ ။ မှန်ပါတယ်၊ ဖေဖော်ဝါရီလတုန်းက ကျနော် တရုတ်နိုင်ငံကို သွားခဲ့ပါတယ်။ တရုတ်နိုင်ငံ ခေါင်းဆောင်တချို့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ခင်ဗျားသိတဲ့အတိုင်း ကျနော်တို့အနေနဲ့ ကျနော်တို့ရဲ့ နိုင်ငံခြားရေးမူဝါဒအတိုင်း ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရအောင် တည်ဆောက် ထိန်းသိမ်းရမှာပါ။ အနောက်နိုင်ငံတွေနဲ့လည်း အလားတူဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ကာလတွေမှာ မြန်မာနိုင်ငံနဲ့ အနောက်နိုင်ငံတွေအကြား ဆက်ဆံရေးအခြေအနေက တိုးတက်မှုမရှိခဲ့ပါဘူး။
ဒါကြောင့် သူတို့နဲ့ပုံမှန်ဆက်ဆံရေး တည်ဆောက်နိုင်အောင် ကျနော်တို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ အခုလို ဆောင်ရွက်တာကြောင့် တရုတ်အစိုးရက ကျနော်တို့ကို အရင်လိုမဟုတ်ဘဲ တခြားပုံစံတမျိုးနဲ့ မြင်လိမ့်မယ်လို့ ကျနော်မထင်ပါဘူး။ ကျနော်တို့အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း နှစ်နိုင်ငံဆက်ဆံရေးအရရော ကုန်သွယ်ဖက် ဆက်ဆံရေးအရပါ တိုးတက်မှုရှိလာအောင် ကြိုးစားသွားမှာပါ။ အခုဆိုရင် ကျနော်တို့အနေနဲ့ နော်ဝေနိုင်ငံနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ လိုအပ်ပါတယ်။ အရေးကြီးဆုံးက ကျနော်တို့ နှစ်နိုင်ငံအကြားမှာ ရင်းနှီးတဲ့ဆက်ဆံရေးနဲ့ ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိဖို့ပါပဲ။
မေး ။ ။ နော်ဝေနိုင်ငံဟာ မြန်မာပြည်အပြောင်းအလဲတွေကို အတော်စောစောကတည်းက အသိအမှတ်ပြုခဲ့တာပါ။ ဒီနိုင်ငံအနေနဲ့ မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ် ဆက်လက်ရှိနေစေဖို့ ဘာများ ဝိုင်းကူလို့ရမလဲ။ ဘယ်နေရာက ဝိုင်းကူလို့ ရမလဲ။
ဖြေ ။ ။ ကျနော်တို့နိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို ပထမဆုံး အသိအမှတ်ပြုတာ နော်ဝေနိုင်ငံလို့ ကျနော် ယူဆပါတယ်။ နော်ဝေနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို လက်ရှိပေးနေတဲ့ အကြံဉာဏ်နဲ့ အကူအညီတွေကို အနာဂတ်မှာလည်း ဆက်ပေးသင့်ပါတယ်။ ပြီးတော့ နော်ဝေနိုင်ငံအနေနဲ့ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဦးစားပေးစဉ်းစားရင် မြန်မာနိုင်ငံမှာ အခြေအနေတွေ ပိုပြီးတိုးတက်လာနိုင်တယ်လို့ ကျနော် ယုံကြည်ပါတယ်။
နော်ဝေအခြေစိုက် Aftenposten သတင်းစာမှ သတင်းထောက် Kristoffer Rønneberg ၏ တွေ့ဆုံမေးမြန်းချက်ကို ဘာသာပြန်ဆို ဖော်ပြပါသည်။