“စိတ်နဲ့ ကိုယ့်တိုင်းပြည်ကို ချစ်နေရတာကိုက ကုသိုလ်ရတယ်”

မစပ်စု

This article has been converted from Zawgyi One to Unicode

နိုင်ငံကျော် အနုပညာရှင် (ဒေါ်) မာမာအေးဟာ ၁၉၉၈ ခုနှစ်က နိုင်ငံရပ်ခြားကို အလည်အပတ်သွားရင်း အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ရောက်နေကြတဲ့ မြန်မာစစ်အစိုးရ အတိုက်အခံ အင်အားစုတွေရဲ့ ဖျော်ဖြေပွဲမှာ ပါဝင်ခဲ့ပြီး နောက်ပိုင်း ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ခံခဲ့ရသူ ဖြစ်ပါတယ်။ အခုတော့ (ဒေါ်) မာမာအေးဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ပြည်တော်ပြန် ခွင့်ပြုမိန့်ကြောင့် မြန်မာပြည်ကို ပြန်လာနိုင်တော့မှာပါ။ ဒါကြောင့် နိုင်ငံကျော် အဆိုတော် မာမာအေးရဲ့ ၁၄ နှစ်တာ ကာလအတွင်း ပထမဆုံး မြန်မာပြည် ခရီးစဉ်မှာ ဘာတွေရည်ရွယ်ထားတယ်၊ ဘယ်လို အစီအစဉ်တွေ ရှိတယ် ဆိုတာ သိရဖို့ ဧရာဝတီ သတင်းထောက် မစပ်စုက ဆက်သွယ် မေးမြန်းထားပါတယ်။

အဆိုတော်မာမာအေး (ဓာတ်ပုံ - မာမာအေး facebook မှ)

မေး။     ။ သမ္မတ ဦးသိန်းစိန်ဘက်က ဒေါ်မာမာအေး မြန်မာပြည် ပြန်လာဖို့ ဘယ်လိုပုံစံမျိုးနဲ့ ဖိတ်ခေါ်ခဲ့တာပါလဲ။

ဖြေ။     ။ ကျမပြန်လာဖို့ကိစ္စကို ကျမတို့ ဂီတလောကက လူကြီးတွေက လုပ်ကြတာပါ။ သူတို့က ပြန်လာစေချင်
တာပေါ့နော်။ ကိုယ်တယောက် ပျောက်နေတဲ့အတွက်ကြောင့် ထောင့်တထောင့်က လိုနေတာကိုး။ ပြည်သူ
လူထုကလည်း ဒီလိုပဲခံစားရမယ်၊ ကိုယ့်ဂီတလောကက လူတွေက ပိုပြီးတော့ ခံစားရတာပေါ့။ အဲဒီတော့
လူတိုင်းက ပြန်လာလို့ရအောင်ဆိုပြီး လူကြီးတကာကို တွေ့တဲ့အခါ အခွင့်သင့်ရင် သင့်သလို တောင်းဆိုနေ
ကြတာပါ။ ပွဲလုပ်ဖို့ အစီအစဉ်ရှိတဲ့လူတွေကလည်း ဘယ်လိုနည်းနဲ့ပြန်လာလို့ ရမလဲ ဆိုတာကို ဝိုင်းပြီးတော့
စဉ်းစားကြတာတို့၊ ကြိုးစားကြတာတို့ ရှိပါတယ်။

မေး။     ။ ပြီးခဲ့တဲ့ သြဂုတ်လက ပြည်ပရောက်မြန်မာတွေကို သမ္မတက ပြန်လာခဲ့ဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် ဒေါ်မာမာအေး အနေနဲ့ စိတ်ထဲတွေ့တာ ဘာမှမရှိသေးလို့ ပြန်လာဖို့ စိတ်ကူးမရှိဘူး၊ စောင့်ကြည့်ဦးမယ်လို့ ပြောခဲ့ပါတယ်၊ အခု ပြန်လာဖို့ ဖိတ်ခေါ်တဲ့ အချိန်မှာ ဘယ်လို အကြောင်းရင်းတွေကြောင့် ပြန်သွားဖို့ ဆုံးဖြတ်တာပါလဲ။

ဖြေ။     ။ အခုက အဲဒီအတိုင်းပါပဲ။ ကျမက စောင့်ကြည့်ဦးမယ်လို့ပြောခဲ့တာပါ။ အစိုးရသစ်က တက်လာလာချင်းကို
ဘာတွေများ လုပ်မလဲ၊ အထူးသဖြင့် ကိုယ့်ကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုစဉ်းစားမလဲဆိုတာ အရင်ဆုံး သိချင်တာပဲ။ အခုလိုမျိုး တိတိကျကျ လွတ်လွတ်ကင်းကင်း ဖြစ်တယ်ဆိုတော့ ဒါ အသေချာဆုံးပဲလေ။ ကိုယ့်အတွက် မသေချာဘဲနဲ့ မလှုပ်ရှားနိုင်ဘူး။ ရယ်စရာအဖြစ်နဲ့ ပြောရမယ်ဆိုရင်တော့ ကိုယ်က ဘာအပြစ်မှလည်း မလုပ်ခဲ့ဘူး။ ဘာမှလည်းမလုပ်ပဲနဲ့ အချောင် ခံထားရတာလေ။ ဘာမှအပြစ်မရှိဘဲနဲ့ အထောင်းခံထားရသူဆိုတော့ သားသမီးနဲ့ မိဘပဲဖြစ်ဖြစ် ညီအစ်ကို မောင်နှမချင်းပဲဖြစ်ဖြစ် တယောက်နဲ့ တယောက်အဲဒီလိုဖြစ်ရင် စိတ်ကောက်တတ်တဲ့သဘောပေါ့။ အဲဒါကြောင့် နေပါစေဦး၊ သေသေချာချာ ရှင်းရှင်းခေါ်မှ အသံတွေ ထွက်လာတော့မှ ပြန်မယ်လို့ ဆုံးဖြတ်ထားတဲ့အတိုင်း အခု ပြန်မှာပါ။

မေး။     ။ လွန်ခဲ့တဲ့ ၁၄နှစ်က  အစိုးရဘက်က ဒေါ်မာမာအေးကို ဘာကြောင့် ပြည်ဝင်ခွင့်မပေးခဲ့ဘူးလို့ ပြောခဲ့ပါသလဲ။

ဖြေ။     ။ အဲဒီတုန်းက သံရုံးကို မေးပါတယ်၊ သူတို့လည်း ဘာဖြစ်တယ်ဆိုတာ မသိဘူးတဲ့။ ကျမ ဒီမှာ ဘာမှမဟုတ်တာ မလုပ်ဘူး၊ ဘာကြောင့် ဒီလိုဖြစ်နေတာလဲ ဆိုတော့ သူတို့လည်း မဖြေနိုင်ဘူး။ အဲဒီလို မဖြေနိုင်ခဲ့ဘူး ဆိုတော့ ကိုယ်လည်း ဘာမှ မပြောနိုင်ဘူး။ တချို့ကလည်း အခုလို ဖြစ်နေတာကို စာတင်ပါလားလို့  အကြံပေးကြပါတယ်။ စာတင်ရအောင် ဘယ်သူက ဘယ်လို လုပ်ထားတယ် ဆိုတာလည်း ကိုယ်က ဘာမှ မသိဘူး၊ ဘာဥပဒေနဲ့ ရေးထားလဲ ကိုယ်လည်း မသိဘူး။ ဘယ်သူက ဘယ်လိုလုပ်လို့ ဘာတွေဖြစ် ကုန်မှန်းကို မသိဘူး။ သံရုံးက တာဝန်ရှိသေူတွေနဲ့လည်းတွေ့ပါတယ်။ သူတို့က ဘာဖြစ်လဲ မာမာအေး ဆိုတော့ ဦးတို့မှ မသိတာ ကျမ ဘယ်လိုလုပ်သိနိုင်မှာလဲလို့ ဒါပဲ ပြောနိုင်ခဲ့တယ်။ အဲဒီတော့ မမြင်ရတဲ့ လူတယောက်က ဟိုဘက်ကနေ လှမ်းနှိပ်ထားတဲ့ သဘောရှိတယ်။ အဲဒီတော့ ကျမ ငုတ်တုတ်ထိုင်ပြီးတော့ ကိုယ့်တိုင်းပြည် မပြန်ရဘဲနဲ့ ဒီဘက်မှာပဲ မရှိရှိတာလေးနဲ့ စိတ်ချမ်းသာအောင် နေဆိုတဲ့သဘောနဲ့ပဲ ဗမာရှာပြီးပေါင်းနေရတော့တာပေါ့။

မေး။     ။ အခုပြန်ရပြီဆိုတော့ ဘယ်တော့လောက်ပြန်ဖို့ မှန်းထားပါသလဲ။

ဖြေ။     ။ နိုဝင်ဘာလောက်ကိုတော့ မှန်းပါတယ်။ ဒီမှာက ဆရာတော်ကြီး ဦးဉာဏိသရ ဘုရားထီးတင်ပွဲရှိတယ်။
ဒီပွဲကို ကျမကလာပြီးတော့ အသံလှူမယ်လို့ပြောထားတာရှိတယ်။ ဒီပွဲကြီးပြီးမှ သွားမယ်လို့ ဆုံးဖြတ်ထားတယ်။ ဆရာတော် ထီးတင်ပွဲကလည်း အောက်တိုဘာမှာလုပ်မယ်ဆိုတာ တိကျသေးတာ မဟုတ်ဘူး။ ဟိုရောက်နေတော့မှ ဒီပြန်လာခဲ့ဆိုရင် ခေါက်တုန့် ခေါက်ပြန် သွားနိုင်မယ့် အင်အားရှိ၊ မရှိ ကျန်မာရေး အခြေအနေအရ မသေချာဘူး။ အဲဒါကြောင့်မို့လို့ပါ။ အလကားနေရင်းနဲ့ အချိန်ဆွဲနေတာ မဟုတ်ပါဘူး။ တကယ်လို့ သွားမယ်ဆိုရင်လည်း ဘယ်လိုမျိုးလေး ကိုယ့်ပြည်သူနဲ့ ထိတွေ့လို့ ရမလဲ၊ ငါ ဘာတွေ presentation လုပ်ရင် ကောင်းမလဲ၊ ကိုယ့်လူရင်းတွေ ဘယ်နှယောက်ရှိသေးလဲ၊ လူငယ်ထဲကရော ဘယ်သူတွေကို ဘာတွေလုပ်ပေးရင် ကောင်းမလဲ ပြင်ဆင်ချင်သေးတယ်။ ပညာပေး အစီအစဉ်လေးတွေလည်း လုပ်မယ်လို့ စဉ်းစားထားပါတယ်။ ဘာလို့လဲဆိုတော့ ဗမာသံက တော်တော်လေးကို ပြတ်နေပြီ။ နောင်လာနောက်သားများ အတွက်လည်း အများကြီး လုပ်ပေးစရာတွေ ရှိပါသေးတယ်။

မေး။     ။ အလည်သဘောမျိုးနဲ့ ပြန်မှာလား။ မြန်မာပြည်မှာ တသက်လုံးပြန်နေဖို့ ရှိမလား။

ဖြေ။     ။ နေသွားဖို့ကတော့ အခုချက်ချင်း မဆုံးဖြတ်နိုင်သေးပါဘူး။ ကျန်းမာရေး အခြေအနေကြောင့်ပါ။  ရာသီဥတု မတူတာလည်း ဆယ်နှစ်ကျော်ကျော် ခံစားရပြီးပြီ။ ရန်ကုန်မှာလည်း ပူလွန်းအားကြီးတဲ့ အပြင် မီးကလည်း မှန်မှန်မလာဘူး။ အိမ်မှာ အဲယားကွန်းရှိပေမယ့်လည်း အမေ ဘယ်လိုမှ နေနိုင်မှာမဟုတ်ဘူးလို့ ကျမ သမီးက ပြောတယ်။ အဲဒီလိုတွေ ပေါ့နော်။ နောက် ကိုယ်ကလည်း သိပ်ချမ်းသာတာမဟုတ်ဘူး၊ ဟိုတယ်မှာ တောက်လျှောက် ကြီးလည်း ဘယ်လိုနေမလဲ။ သွားရင်လည်း ၁ လ လောက် နေမှာမဟုတ်ဘူး။ အနည်းဆုံးတော့ ၂ လ၊ ၃ လလောက်နေဖို့ စဉ်းစားထားပြီး ကိုယ်လုပ်စရာရှိတာလေးတွေ လုပ်ပေးဖြစ်မယ် ပေါ့နော်။ အဲဒါကြောင့် နည်းနည်း အေးမယ့် အချိန်လေးကိုလည်း စောင့်နေတာပါ။

မေး။     ။ မြန်မာပြည်နဲ့ ဝေးကွာနေတာ ဘယ်လောက်ကြာပြီလို့ ပြောလို့ရမလဲ။

ဖြေ။     ။ ကျမ ၁၉၉၈ ထဲက ထွက်လာတာလေ။ အဲဒီတုန်းကလည်း ဒီမှာလာနေဖို့ ထွက်လာတာမဟုတ်ဘူး။ ဘာရည်ရွယ်ချက်မှ မရှိဘူး။ UK ကိုဘုရားထီးတင်ဖို့သွားတာ။ ဆရာတော် ဦးဇီဝိတရဲ့ ဘုရားကြီးပါ။ နိုင်ငံခြားမှာ ကိုယ်ဘုရားတဆူတည်ဖို့ဆိုတာ အခွင့်အရေးက ခဲယဉ်းတယ်မဟုတ်လား။ အဲဒီအတွက် ကိုယ်က သွားကူတာပါ။ အဲဒီကို သွားကူပြီး အမေရိကန်ကို လာလည် တာပါ။ လာလည်ရင်းနဲ့ ခလုတ်တိုက်ပြီးတော့ ရောက်နေတာပါ။

မေး။     ။ မြန်မာပြည်ရောက်ပြီဆိုရင်ကော အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး ဘာတွေ လုပ်မယ်လို့ စိတ်ကူး ထားတာတွေ ရှိလဲ။

ဖြေ။    ။ အနုပညာအလုပ်အနေနဲ့ကတော့ ကိုယ်က အဆိုတော်ဆိုတော့လည်း ပထမဆုံး သီချင်းသွင်းဖို့ ရှိမှာပေါ့။ ဘာကြောင့်လဲ ဆိုတော့ မာမာအေး အသစ်မထွက်လို့ နောက်က ကလေးတွေ လိုက်ဆိုစရာမရှိတဲ့ ဘ၀ ရောက်နေရတာကိုး။ အသံသွင်းဖို့ ကိစ္စတွေ လုပ်ပေးမယ်။ အရင်က ဒီဘက်ကို ရောက်ကာစဆိုရင် တေးပုလဲက ကျမနဲ့ အသံသွင်းချင်တယ်၊ ပြန်မလာသေးရင်လည်း အဲဒီဘက်ကနေ သွင်းဖို့ အစီအစဉ်လုပ်မယ် ဆိုပေမယ့် ဟိုဘက်က ခွင့်မပြုဘူးလေ။ စာလုံးလေး တလုံးကအစ နှင်ထုတ်ခံရတဲ့ ဘဝဖြစ်နေတော့ အကုန်ဘာမှ လုပ်လို့မရဘူး။ အခု လုပ်လို့ရပြီဆိုတော့လည်း ကိုယ့်ပရိသတ် အတွက် အသံအသစ်လေး ဘာလေး ပြန်ကြားရဖို့ ရှိဦးမယ် ထင်ပါရဲ့။ အဲဒီတော့ အသံသွင်းချင်တဲ့ သူတွေကလည်း သီချင်းတွေ ဘာတွေ ရေးပြီး စောင့်လို့ရမယ်လေ။ ဒီကိစ္စမျိုးဆိုတာကလည်း ချက်ချင်းထလုပ်လို့ ရတာမဟုတ်ဘူး။ မာမာအေး ဆိုဖို့ သီချင်းကို သူတို့လည်း ရှာရဦးမှာပဲလေ။ အဲဒီအတွက်လည်း ကိုယ်က အားမွေးထားရပါသေးတယ်။

မေး။     ။ ပြည်ပ နိုင်ငံသားတွေဖြစ်နေတဲ့ မြန်မာတွေ ပြည်တွင်းကို ပြန်လည်ပတ်တဲ့အချိန်မှာ မြန်မာနိုင်ငံသား အနေမျိုးနဲ့ မဟုတ်ဘဲ နိုင်ငံခြားသား တယောက်လို သဘောထားတာ ဆိုတော့ ဒေါ်မာမာအေး အနေနဲ့ကော ဘယ်လို ပုံစံမျိုးနဲ့ နေရမှာလဲ။ အုပ်ချုပ်သူတွေ ဘက်က ဘယ်လိုအနေအထားမျိုးနဲ့ နေခွင့်ပေးမယ်ဆိုတာ သိချင်ပါတယ်။

ဖြေ။     ။ အခု ခွင့်ပြုလိုက်တယ်ဆိုတဲ့ စာတော့ မြင်ရပြီ။ သံရုံးကို သွားပြီးတော့ ပြောရမှာလား၊ သံရုံးက ဆက်သွယ် လာမှာလားဆိုတာ ဘာမှန်းတောင်မသိသေးပါဘူး။ ကိုယ့်ဘက်က ဘာမှ မျှော်လင့်ထားတာမရှိဘူး။ သွားလို့ရတဲ့ အချိန်မှာ သွားဖို့ကို ဒီနေ့ကစပြီး ပြင်ဆင်ရတော့မှာပေါ့။

မေး။     ။ ကိုယ်တတ်စွမ်းတဲ့ အနုပညာနဲ့ တိုင်းပြည်အတွက် အကျိုးရှိစေမယ့် ဘယ်လိုအရာမျိုးတွေ လုပ်ပေးဖို့
စိတ်ကူး ထားတာရှိပါသလဲ။

ဖြေ။     ။ စိတ်မကူးဘဲနဲ့ မနေပါဘူး။ ငါပြန်သွားရင် ငါ့တိုင်းပြည်အတွက် ဘာလုပ်ပေးရမယ်ဆိုတာ ဒီမှာနေရင်းနဲ့တောင် လှမ်းပြီးတော့ လုပ်နေတာပါ။ ဒါပေမယ့် ကိုယ်လုပ်ချင်တဲ့ အရာကို အပေါ်က လူကြီးတွေ မျက်စိနောက်မှာလည်း ကြောက်ရ သေးတယ်။ အများကြီးစဉ်းစားရဦးမှာပါ။ ဘာလုပ်မယ်လို့ ပြောလို့မရဘူး။ ဖြစ်နိုင်ရင် ကိုယ့်တိုင်းပြည်ကို စိန်စီချင်တာ။ ဒီလိုမျိုး ဒုက္ခတွေကို ဘယ်ကြည့်ချင်ပါ့မလဲ။ ကျမဘဝမှာ ကိုယ်ဘာလုပ်ပေးရင် ရမလဲလို့ ကြိုးစားခဲ့ဖူးတာ အများကြီးပါပဲ။ အဲဒါတွေက မအောင်မြင်ခဲ့ပါဘူး။ မအောင်မြင်ပေမယ့်လည်း စိတ်နဲ့ ကိုယ့်တိုင်းပြည်ကို ချစ်နေတာကိုက ကုသိုလ်ရနေတာပါပဲ။

Loading