ယခုလတ်တလော ရန်ကုန်နှင့် အနီးတဝိုက်ရှိ စက်မှုဇုန်များမှ စက်ရုံ အလုပ်သမားများ၏ လုပ်ခလစာ တိုးပေးရေးနှင့် ရပိုင်ခွင့်များအတွက် ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ်နေသည်။ စက်ရုံအသီးသီးမှ ထောင်နှင့် ချီနေသော အလုပ်သမား၏ ရပိုင်ခွင့်များ ဆန္ဒပြတောင်းဆိုရာတွင် အစိုးရဘက်မှ ကိုယ်စားလှယ်များက ဝင်ရောက်ဖြေရှင်းပေးမှုများ ရှိသော်လည်း အများစုမှာ ပြေလည်မှု မရသေးပဲ ဖြစ်နေသည်။ ယခုကဲ့သို့ အလုပ်သမား ဆန္ဒပြမှုများ မကြာခဏဖြစ်နေခြင်း၊ ရက်ရှည်လာသည့်တိုင် ဆန္ဒပြမှုများ ပြေလည်မှု မရဘဲ ဖြစ်နေရခြင်းများနှင့် ပတ်သက်၍ နေပြည်တော်ရှိ အလုပ်သမား ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးကို ဧရာဝတီ သတင်းထောက် လင်းသန့်က ဆက်သွယ်မေးမြန်း ထားပါသည်။
မေး ။ ။ အခု အလုပ်သမား ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်နေပြီး မပြေလည်ကြသေးတာ အလုပ်သမားရေးဆိုင်ရာ ဥပဒေတွေ မရှိလို့များလား။
ဖြေ ။။ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်နဲ့ပတ်သက်တာ ကျနော်တို့မှာ ဥပဒေအရ အများကြီးရှိပါတယ်။ လောလောဆယ် သူတို့မှာ အလုပ်ရှင် အလုပ်သမား ချုပ်ဆိုထားတဲ့ Employment contract စာချုပ်ရှိတယ်။ အလုပ်ခန့်ထားမှုဆိုင်ရာ စာချုပ်ပေါ့။ အဲဒီအထဲကဟာပဲ အဓိကပဲ။ အဲဒီအထဲမှာ ဥပဒေပေါင်းစုံရှိတယ်ပေါ့။ ဥပဒေရပိုင်ခွင့်တွေ ရှိတယ်။ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်မှာ စက်ရုံအလုပ်ရုံတွေအရ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်ရှိတဲ့ အခွင့်အရေးတွေနဲ့ လိုက်နာရမယ့် စည်းကမ်းချက်တွေ၊ နောက် အလုပ်ထုတ်ရင် ပေးရမယ့် နစ်နာချက်တွေဆိုတာ ရှိပါတယ်။ အလုပ်သမားတယောက်ကို အလုပ်ခန့်ရင် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူ စာချုပ်ချုပ်ဆိုပြီးမှ ခန့်လို့်ရတယ်။ အဲဒီအထဲမှာ အလုပ်သမားရပိုင်ခွင့်တွေ ပါတယ်၊ တာဝန်တွေပါတယ်၊ စည်းကမ်းချက်တွေပါတယ်။
မေး ။။ ဒါဆိုရင် အခု အလုပ်သမားတွေ အဓိက တောင်းဆိုနေတဲ့ အခြေခံ အလုပ်သမားလစာနဲ့ပတ်သက်လို့ သတ်မှတ်ရေးဆိုင်ရာ ဥပဒေဆိုတာမျိုး မရှိသေးလို့လား။
ဖြေ ။။ လောလောဆယ် လုပ်ခလစာနဲ့ ပတ်သက်လို့ ကျနော်တို့မှာ အလုပ်သမား လုပ်ခလစာ ဥပဒေ မရှိသေးဘူး။ အနည်းဆုံး အခကြေးငွေ ဥပဒေဆိုတာ အခုမှ ဆွဲတုန်းပဲ။ အနိမ့်ဆုံး အခကြေးငွေ ဥပဒေပေါ်ရင် ရှင်းသွားပါမယ်။ အခုနေမှာ အဲဒီဥပဒေ မရှိသေးတဲ့အတွက်ကြောင့် အလုပ်ရှင် အလုပ်သမား ညှိနှိုင်းပြီး သဘောတူတဲ့ လစာကိုပဲ၊ အဲဒါ လုပ်ခပဲ။
မေး ။။ ဒါဆို ဒီဥပဒေမျိုး ဘယ်တော့ ပေါ်ထွက်လာဖို့ရှိပါလဲ။ ဥပဒေနဲ့ ပတ်သက်လို့ ဘယ်အခြေအနေ ရောက်နေပြီလဲ။
ဖြေ ။။ လာမယ့်လွှတ်တော်မှာ အလုပ်သမားများအတွက် အနည်းဆုံး အခကြေးငွေ ဥပဒေဆိုတာ တင်ပါတော့မယ်။ အခကြေးငွေ သတ်မှတ်မှု ဥပဒေက အခုဆိုရင် ရှေ့နေချုပ်ရုံးကို ရောက်နေပြီ။ ပြည်နယ်/တိုင်းအလိုက်။ အဲဒါကလည်း ဒေသအလိုက် ကွာခြားပါမယ်။ တယောက်တည်းကို ဘယ်လောက်ပေးရမယ်လို့ ကျနော်တို့ မသတ်မှတ်ပါဘူး။ ပြည်နယ်/တိုင်းအလိုက် သက်ဆိုင်ရာ တိုင်းဒေကြီးတွေကနေ သူ့ဒေသပေါက်ဈေးနဲ့ သူ သတ်မှတ်ပါလိမ့်မယ်။ ဒီတော့ ပြည်နယ်တိုင်း တခုနဲ့တခု အခကြေးငွေက မတူပါဘူး။ အဲဒါ ဥပဒေမှာပါ ပါလိမ့်မယ်။
မေး ။။ အခုလို ဥပဒေကလည်း မပေါ်သေးတော့ လက်တွေ့ အလုပ်သမား ဆန္ဒပြမှုတွေမှာ အလုပ်ရှင် – အလုပ်သမားကြားဖြစ်နေတဲ့ မပြေလည်မှုတွေကို နိုင်ငံတော်အပိုင်းက ဘယ်အခန်းကဏ္ဍကနေ ပါဝင်ကူညီဖြေရှင်းပေးနေပါလဲ။ ဘယ်လိုပုံစံမျိုးနဲ့ ဖြေရှင်းနေပါလဲ။
ဖြေ ။။ အခု အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို တောင်းတယ်။ အလုပ်ရှင်တွေနဲ့ ညှိပေးတယ်။ တောင်းဆိုချက်တွေထဲမှာ အလုပ်ရှင်တွေက လိုက်လျောနိုင်တာတွေ၊ ဥပဒေအရ လိုက်လျောရမယ့်အချက်တွေ အဲဒါတွေကို လိုက်လျောခိုင်းပြီးတော့ နောက်ဆုံးတော့ ငွေကြေးကိစ္စပဲ။ ငွေကြေးကိစ္စကလည်း ကျနော်တို့ အလုပ်သမား ဌာနကလည်း တရားဝင် ဘယ်သူ့ကို ဘယ်လောက်ပေးပါ။ ဘယ်သူက ဘယ်လောက်တောင်းပါလို့ ပြောပိုင်ခွင့်မရှိဘူးလေ။ မရှိတဲ့အခါကြတော့ အခုလောလောဆယ်တော့ အလုပ်သမားက ဘယ်လောက်တောင်းတယ်၊ အလုပ်ရှင်က ဘယ် လောက်ပေးနိုင်တယ်။ ဝင်ပြီး ညှိပေးတာပဲ။ သူတို့ အလုပ်ရှင်က ပေးနိုင်တာကို အလုပ်ရှင်ကို ကြေညာခိုင်းလိုက်တယ်။ ဒါပါပဲ။ လောလောဆယ်ကျနော်တို့က အလုပ်သမားက ဒီလောက်တောင်းတယ်။ တောင်းတာကို ပေးကိုပေးရမယ်လို့ အလုပ်ရှင်ကို ပြောလို့မရသလို အလုပ်သမားကို ဒီလောက်တောင်းတာ မတောင်းရဘူးလို့လည်း တားပိုင်ခွင့်မရှိပါဘူး။ အလုပ်သမားတောင်းတာနဲ့ အလုပ်ရှင်ပေးနိုင်တာကို သူတို့ သဘောတူတာကပဲ လုပ်ခလစာဖြစ်နေတာပါပဲ။ အလုပ် သမားတွေတောင်းဆိုတာကို အလုပ်ရှင်တွေဘက်က ပေးနိုင်တာကိုပေးပြီး နှစ်ဦးနှစ်ဖက် ကြားမှာ သဘောတူညီမှု ယူပြီး ဆောင်ရွက်ပေးနေပါတယ်။
မေး ။။ အလုပ်သမား ဦးစီးဌာန ကိုယ်စားလှယ်တွေဘက်က အဲဒီလို ကြားဝင်ညှိနှိုင်း ဖြေရှင်းပေးနေပေမယ့် ဘာကြောင့်များ မပြေမလည် ဆက်ဖြစ်နေတာပါလဲခင်ဗျ။ ဘယ်သူ့ အားနည်းချက်လို့ ပြောချင်ပါလဲ။
ဖြေ ။။ လောလောဆယ်တော့ အဲဒါ ကျနော်တို့ မပြောချင်ပါဘူး။ အလုပ်သမားတွေက တောင်းဆိုချက်တွေ တောင်းတယ်။ အလုပ်ရှင်တွေနဲ့ ညှိပေးတယ်။ ညှိပေးပြီးတော့ အလုပ်ရှင်တွေက လိုက်လျောနိုင်တဲ့အချက်နဲ့ အလုပ်သမားတွေရဲ့ တောင်းဆိုတဲ့အချက်တွေကို ကျနော်တို့က အလုပ်သမားတွေကို ပြန်ပြောပြတယ်ပေါ့။ အဲဒီလို ပြောပြတဲ့အခါမှာ အလုပ်သမားတွေ ကျေနပ်တဲ့စက်ရုံတွေက အလုပ်ပြန်ဝင်တယ်။ မကျေနပ်တဲ့စက်ရုံတွေက သူဖာသာသူ ဆက်တောင်းနေတာပေါ့။ အဲဒီတော့ ၃ ရက်တို့ ၄ ရက်တို့ အချိန်ပေးတယ်။ အချိန်ပေးတဲ့အပေါ်မှာ အလုပ်ရှင်ပေးနိုင်တဲ့ ငွေကြေးအပေါ် သဘောကျတယ်ဆိုရင် အလုပ်သမားတွေက အလုပ်ကို ပြန်ဝင်ပေါ့။ အလုပ်ရှင်ပေးတဲ့ ငွေကြေးအပေါ်မှာ နည်းသေးတယ်ထင်လို့ ဒီထက်သာတဲ့နေရာ ရှိတယ်ထင်ရင် အလုပ်သမားတွေက နေရာပြောင်း၊ လောလောဆယ်တော့ အဲဒီနည်းနဲ့ပဲ ရှင်းနေသေးတယ်။
မေး ။။ ဒါဆိုရင် အလုပ်ရှင်၊ အလုပ်သမား ကြားထဲက ပြဿနာဖြေရှင်းရေးနဲ့ ပတ်သက်လို့ အစိုးရကိုယ်စားလှယ်၊ အလုပ်သမားကိုယ်စားလှယ်၊ အလုပ်ရှင်ကိုယ်စားလှယ်တွေပါဝင်တဲ့ အလုပ်ရှင်၊ အလုပ်သမား ပြဿနာ ဖြေရှင်းရေး ကော်မရှင်လိုမျိုးဖွဲ့ဖု့ိ အစီအစဉ်ရှိပါလား။
ဖြေ ။။ ရှိပါတယ်ခင်ဗျ။ အလုပ်သမားရေးရာ အငြင်းပွားမှု ဥပဒေပေါ်ပါပြီ။ အလုပ်သမားရေးရာ အငြင်းပွားမှု ဥပဒေအရ ကျနော်တို့ အောက်ခြေစက်ရုံတွေမှာ ညှိနှိုင်းရေးအဖွဲ့ဆိုတာ ဖွဲ့ရပါမယ်။ အဲဒီ ညှိနှိုင်းရေးအဖွဲ့ဆိုတာ အခြေခံ အလုပ်သမား အဖွဲ့အစည်းတွေနဲ့ စက်ရုံပိုင်ရှင်တွေနဲ့ ညှိနှိုင်းဖို့ အဖွဲ့ပါ။ ပြီးရင်း မြို့နယ်အဆင့် အလုပ်သမားရေးရာ ဖြန်ဖြေရေး အဖွဲ့ဆိုတာ ဖွဲ့ရပါမယ်။ မြို့နယ်အဆင့် ဖြန်ဖြေရေးအဖွဲမှာတော့ အခြေခံနဲ့ မြို့နယ် အလုပ်သမား အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေရယ်၊ နောက် မြို့နယ် အလုပ်ရှင်ကိုယ်စားလှယ်ရယ်၊ နောက် နိုင်ငံတော်ရယ်။
နောက်ထပ် ပြည်နယ်နဲ့ တိုင်း ဒေသကြီး ခုံသမာဓိအဖွဲ့ဆိုတာ ဖွဲ့ရပါမယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့ ဆိုတာလည်း ဒီအတိုင်းပဲ။ ပြည်နယ်တိုင်းအဆင့် အလုပ်သမား အဖွဲ့အစည်းတွေရယ်၊ ပြည်နယ်တိုင်းအဆင့် အလုပ်ရှင်အဖွဲ့အစည်းတွေရယ်။ နောက်ပြည်နယ်နဲ့ တိုင်းအစိုးရအဖွဲ့က တာဝန်ပေးအပ်တဲ့ နိုင်ငံတော်အပိုင်းက ကိုယ်စားလှယ်ရယ်။ ၃ ဦး ၃ ဖလှယ်ပါဝင်တဲ့ အဖွဲ့တွေဖွဲ့ပြီးရင်တော့ ဒီအလုပ်သမားတောင်းဆိုမှုတွေက စနစ်တကျ ဖြစ်လာမှာပါ။
အခုဟာက ဥပဒေပြဌာန်းရုံပဲ ရှိသေးတယ်ဆိုတော့ အဲဒီအဖွဲ့တွေက အခုမှ စဖွဲ့ဖို့ လုပ်နေတာပါပြီ။ ဖွဲ့ပြီးရင် ကောင်းသွားမှာပါ။ ပြေလည်သွားဖို့ အလားအလာအများကြီးရှိပါတယ်။ ကျနော်တို့က ဥပဒေက ထွက်ခါစပဲ ရှိသေးတယ်။ နောက် အခုဟာက စက်ရုံညှိနှိုင်းဖြန်ဖြေရေး အဖွဲ့တွေဖွဲ့ဖို့ အခြေခံ အလုပ်သမား အစည်းအရုံးတွေ မရှိသေးတာပါ။ အခြေခံ အလုပ်သမား အစည်းအရုံးတွေ သူတို့ ကျယ်ကျယ်ပြန့်ပြန့်ဖွဲ့လာမယ်ဆိုရင် ပိုင်ရှင်တွေနဲ့ စက်ရုံညှိနှိုင်းရေးအဖွဲ့တွေ အမြန်ဆုံးဖွဲ့မှာပါ။ ဖွဲ့ပြီးရင် စက်ရုံတွေမှာပဲ အခြေခံ အလုပ်သမား အစည်းအရုံးတွေနဲ့ ပိုင်ရှင်တွေ ညှိနှိုင်းလို့ရမှာပါ။ မရဘူးဆိုရင် မြို့နယ်အဆင့် ဖြန်ဖြေရေး အဖွဲ့ဆီရောက်လာမယ်။ အဲဒီမှာ မြို့နယ်အဆင့် အလုပ်သမား အဖွွဲ့အစည်းတွေ ပေါ်ပေါက်ဖို့ လိုပါသေးတယ်။ မြို့နယ်အဆင့် အလုပ်သမား အဖွဲ့အစည်းတွေ ပေါ်ပေါက်ပြီဆိုရင် မြို့နယ်အဆင့် အလုပ်ရှင် အဖွဲ့တွေဖွဲ့ရမယ်။ အဲဒီမှာ ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ဆိုတာ ကော်မတီဝင် ၁၁ ဦးနဲ့ ဖွဲ့ရမှာပါ။ အဲဒီကနေ ပြည်နယ်နဲ့ တိုင်းအဆင့် ခုံသမာဓိအဖွဲ့ဆိုတာပေါ်ရင် စနစ်တကျ ဥပဒေအရ ကျနော်တို့ တဆင့်စီ တဆင့်စီ ညှိနှိုင်းပေးသွားမှာပါ။ လောလောဆယ် ဥပဒေပေါ်ခါစပဲ ရှိသေးပြီး အခြေခံ အလုပ်သမား အဖွဲ့ အစည်းတွေ၊ မြို့နယ် အလုပ်သမား အဖွဲ့အစည်းတွေလည်း မရှိသေးဘူး။ အဲဒီ ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့တွေက အခုမှစဖို့ လုပ်မယ်ရှိပါသေးတယ်။
မေး ။။ ဒီတော့ အလုပ်ရှင်၊ အလုပ်သမားကြား မပြေမလည်ဖြစ်နေတာတွေကို အခုနေမှာ ဘယ်ကို ပြောရမလဲ။ နောက် အခုလို အလုပ်သမားဆန္ဒပြမှုတွေ ဘယ်လို အခြေအနေ ဖြစ်လာမယ်လို့ ထင်ပါသလဲခင်ဗျ။
ဖြေ ။။ အလုပ်သမားတွေက မကျေနပ်ရင် အခု ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့တွေမှာ တရားဝင်ပြောလို့ရပါတယ်။ နောက်ပိုင်း ဥပဒေ ရင့်ကျက်လာတဲ့အခါမှာ အချိန်ကြာလာတာနဲ့အမျှ ခိုင်မာလာရင် ပိုပြီး စနစ်တကျ ဖြစ်သွားမှာပါ။ လောလောဆယ်တော့ ကျနော်ပြောချင်တာက အလုပ်သမား အဖွဲ့အစည်း ဥပဒေဆိုတာလည်းပေါ်ပြီ။ အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှု ဖြေရှင်းရေး ဥပဒေဆိုတာလည်းပေါ်ပြီ။ ဒီ ဥပဒေတွေက သက်တမ်းနုသေးလို့၊ ခိုင်မာမှု မရှိသေးလို့ အခုလို စပ်ကူးမတ်ကူးကာလမှာ အခုလိုဖြစ်နေတာပါ။ ဥပဒေတွေ အားကောင်းသက် ဝင်လာပြီ ဆိုရင် ဒီဥပဒေတွေကို နှစ်ဦးနှစ်ဖက် လိုက်နာကြမယ်ဆိုရင် ဒီဥပဒေအရ အေးအေးချမ်းချမ်းဖြစ်ဖို့ အလားအလာရှိပါတယ်။