ထိုင်းနိုင်ငံ မြောက်ပိုင်းက နယ်စပ်မြို့ကလေးတမြို့ဖြစ်တဲ့ မဲဆောက်မြို့ဟာ မြန်မာနိုင်ငံက ထွက်ပြေး တိမ်းရှောင်လာတဲ့ အစိုးရ အတိုက်အခံတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀ လုံး တာဝန်ကျေကျေ လက်ခံ ခဲ့ပါတယ်။ အခု အချိန်မှာတော့ အဲဒီမြို့ကလေးဟာ မိခင် တိုင်းပြည်ကို ပြန်လည်ထွက်ခွာရာ နေရာတခုအဖြစ် စတင် ပြောင်းလဲလာဟန် ရှိပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုအတွင်း ကျနော် မဲဆောက်ကို သွားရောက်လည်ပတ်တဲ့အခါတိုင်း ကျနော့်မိတ်ဆွေတွွေ၊ သူငယ်ချင်းတွေကိုတွေ့တွေ့ချင်း ကျနော်မေးနေကြ မေးခွန်းတခု ရှိပါတယ်။ “ဘယ်သူတွေ ရောက်လာသေးလဲ” ဒါဆိုရင် သူတို့ ကျနော့်ကို လူသစ် တွေရဲ့ နာမည် တွေကို ရွတ်ပြလေ့ ရှိပါတယ်။
ရောက်လာတဲ့ လူသစ်တွေကတော့ ပုံမှန်အားဖြင့် နိုင်ငံရေးလှုပ်ရှား သူတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ အတိုက် အခံ သံဃာတော်တွေ၊ စာရေးဆရာတွေ ပါတတ်တဲ့အပြင် တခါတရံဆို အဖမ်းခံရမှာ၊ ညှဉ်းပန်းနှိပ်စက်ခံရမှာ စိုးရိမ်ပြီး ထွက်ပြေးလာကြ တဲ့ တပ်မတော်သားတွေလည်း ပါလာတာကို တွေ့ရတတ်ပါတယ်။
ကျနော့်မှာ အဲဒီ လူသစ်တွေအားလုံးကို လိုက်တွေ့ဖို့ ဘယ်တော့မှ အချိန် အလုံအလောက် မရှိခဲ့ပါ။ ဒါပေမယ့် မဲဆောက်မှာတော့ အချိန်ကာလ ရွေ့လျား သွားခဲ့ ပါပြီ။
ပြီးခဲ့တဲ့ ရက်သတ္တပတ် ကျနော်ပြန်ရောက်သွားတော့၊ ကျနော် မေးဖြစ်တဲ့မေးခွန်းက“ဘယ်သူတွေ မြန်မာပြည် ပြန်ကုန်ကြပြီလဲ”။
မြန်မာပြည်ထဲ ပြန်သွားကြတဲ့ အရေအတွက်က အလွန်နည်းပါသေးတယ်။ လွန်ရော တဒါဇင်၊ နှစ်ဒါဇင်လောက်ပဲ ရှိပါတယ်။ ပြန် သွားတဲ့လူတွေက မဲဆောက်မှာ အခြေချနေတဲ့ မြန်မာနိုင်ငံသား လှုပ်ရှား တက်ကြွွသူတွေ၊ တချို့ဆို မဲဆောက်အနီး ဒုက္ခသည် စခန်းတွေမှာ ခှိုလှုံနေတဲ့ သူတွေ၊ မဲဆောက်မှာ ခဏတဖြုတ် ယာယီ ခိုလူံသူတွေ စသဖြင့် အမျိုးစုံ ပါတယ်။ မဲဆောက်ဟာ အရင် က သူ့ဂုဏ်ပုဒ် ဖြစ်တဲ့ “လက်ခံရာမြို့” ကနေ “ထွက်ခွာရာမြို့” ဆိုတဲ့ ဂုဏ်ပုဒ်အသစ် ရှိနေတဲ့ ဟန်ပါ။
၁၉၈၈ ခုနှစ် မြန်မာနိုင်ငံ တဝန်း ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို စစ်အစိုးရက အကြွမ်းဖက်ဖြိုခွဲခဲ့တဲ့နောက် ထောင်သောင်းချီတဲ့ ကျောင်းသား တွေ၊ လှုပ်ရှားတက်ကြွွသူတွေဟာ ထိုင်း-မြန်မာ နယ်စပ်ကို ထွက်ပြေးတိမ်းရှောင် လာခဲ့ကြပါတယ်။ အဲဒီအချိန်က စပြီး မဲဆောက် ဟာ လှုပ်ရှားတက်ကြွွသူတွေ၊ ဒုက္ခသည်တွေ၊ လက်နက်ကိုင်သူပုန်အဖွဲ့ဝင်တွေ အပြင် မြန်မာရွှေ့ပြောင်း အလုပ်သမား တွေရဲ့ နားခိုရာ တစ တစ ဖြစ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ကျနော်မဲဆောက်ကို ခေါက်တုန့် ခေါက်ပြန် သွားနေရတဲ့ အချိန်တုန်းက မဲဆောက်မှာ အတိုက်အခံ တွေရဲ့ ရုံးပေါင်း ၄-၅ ဒါဇင်ကျော် ရှိခဲ့တယ်။ ဒါပေမယ့် လှုပ်ရှားတက်ကြွွသူ အများအပြားနဲ့ သူတို့ရဲ့ မိသားစုဝင်တွေဟာ ဒုက္ခသည် အဖြစ်နဲ့ အနောက်နိုင်ငံတွေမှာ သွားရောက်အခြေချနေထိုင်ကြတဲ့ နောက်ပိုင်းမှာတော့ ရုံးအရေအတွက်လည်း နည်းပါး သွားခဲ့ပါတယ်။
၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးအပြီး မဲဆောက်ကို တိမ်းရှောင်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း နှစ်ယောက် ဒီနှစ် အစော ပိုင်းတုန်းက ကျနော့်ဆီ ဖုန်းဆက်လာပါတယ်။ သူတို့ အိမ်ပြန်တော့မယ်လို့ ကျနော့်ကို ပြောပါတယ်။
တယောက် ကတော့ မိသားစုကို ထိုင်းမှာပဲ ချန်ထားခဲ့ပြီး စိတ်ချရလောက်ပြီဆိုမှ မြန်မာပြည်ထဲပြန်ခေါ်ဖို့ စီစဉ်ထားတယ်။
အသက် ၅၀ ဝန်းကျင်ရှိတဲ့ ကျနော့်မိတ်ဆွေက အိမ်ပြန်မယ်ဆို သူ့အတွက် အန္တရာယ်မဖြစ်နိုင်ဘူးလို့ ယုံကြည်တဲ့အပြင် အရင်က လိုမျိုး ခိုးကြောင် ခိုးဝှက် နိုင်ငံရေး လုပ်စရာမလိုဘဲ သူ့ နိုင်ငံရေး မိတ်ဆွေတွေနဲ့ အတူ ပွင့်ပွင့်လင်းလင်း နိုင်ငံရေး လုပ်ခွင့် ရမယ် လို့ပါ သူက ယုံကြည်နေတယ်။ အခုအချိန်ထိတော့ သူတို့ နှစ်ဦးစလုံးနဲ့ ပတ်သက်လို့ သတင်းဆိုးမကြားရ သေးပါဘူး။
မဲဆောက်မှာ မိတ်ဆွေတွေနဲ့ ညစာ စားကြရင်း သူငယ်ချင်း တယောက်က“မြန်မာပြည်ကို ပြန်သွားကြတဲ့လူက အနည်းအကျဉ်း လောက်ပဲ ရှိသေးပေမယ့် ဘော်ဒါတွေ နည်းလာပြီး မဲဆောက်ဟာ တဖြည်းဖြည်း ခြောက်သွေ့လာသလိုမျိုး ဒီရက်ပိုင်းမှာ ခံစားရ တယ်။ တချို့ဆိုလည်း တယောက်နဲ့ တယောက်တွေ့တာနဲ့ ဟေး မင်းဘယ်တော့ ပြန်မလဲ ဒါပဲမေးကြတယ်”လို့ ပြောပြတယ်။
မြန်မာနိုင်ငံမှာ လတ်တလောဖြစ်နေတဲ့ နိုင်ငံရေး အပြောင်းအလဲတွေကြောင့် မဲဆောက်မှာ ခိုလှုံနေကြသူတွေအတွက် အိမ်ပြန်ဖို့ ဆန္ဒ ပြင်းပြစေခဲ့ပါတယ်။ အခုအချိန်အထိတော့ ရာဇဝတ်မှု တစုံတရာနဲ့ စွဲချက်တင်ခံရတာမျိုး မကြားရသေးပါဘူး။ တော်တော်များများက ဒေသခံ အာဏာပိုင်တွေကို သတင်းပို့ပြီး ပြန်နေကြပုံ ရပါတယ်။
မြန်မာပြည်ကို ပြန်မယ် မပြန်ဘူးဆိုတဲ့ ခေါင်းစဉ်ဟာ အတိုက်အခံ အသိုင်းအဝိုင်းအကြား အကြိတ်အနယ်ဆွေးနွေးနေရဆဲ အကြောင်း အရာ ဖြစ်ပါတယ်။ မဲဆောက်မှာသာမဟုတ်ပါ၊ ထိုင်း နိုင်ငံနေရာအနှံ့အပြားနဲ့ ကမ္ဘာတဝန်းလုံးက အတိုက်အခံတွေ ရှိတဲ့ နေ ရာတိုင်းမှာပါ။
အခြေခံ ငြင်းခုန်ချက်တခုကတော့ မြန်မာနိုင်ငံအတွင်း ဖြစ်ထွန်းနေတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေဟာ ကဏ္ဍ တော်တော် များများမှာ အကောင်အထည် မဖော်နိုင်သေးဘူး ဆိုတဲ့ အချက် ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် မတ်လ သမ္မတ ဦးသိန်းစိန် တာဝန်စယူတဲ့ အချိန်ကစပြီး အမည်ခံအရပ်သားအစိုးရ ဖြေရှင်းပေးသင့်တဲ့ ကိစ္စရပ်ပေါင်းများစွာရှိတယ်လို့ လှုံ့ဆော်ရေးအဖွဲ့ အများစုက ပြောဆို နေကြပါတယ်။
နိုင်ငံရေးအကျဉ်းသား တွေ၊ တိုင်းရင်းသားအဖွဲ့တွေက ဆက်လက်ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ၊ လူ့ အခွင့်အရေးချိုးဖောက် မှုတွေနဲ့ ပတ်သက်ပြီး ပြောဆို တင်ပြမှုတွေဟာ တကယ်တမ်းတော့ တရားဝင်ပါတယ်။
ပြီးခဲ့တဲ့နှစ်က နေပြည်တော်အစိုးရက နိုင်ငံရေးအကျဉ်းသားတွေကို ရာနဲ့ချီပြီး လွှတ်ပေးလိုက်ပေမယ့် လက်ရှိ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများစွာ ထောင်ထဲမှာ ရှိနေတုန်းပါ။ မြန်မာနိုင်ငံ မြောက်ဘက်ဖျားမှာ ကချင်ပြည် လွတ်လပ်ရေး တပ်မတော်နဲ့ အစိုးရ တပ်တွေ တိုက်ခိုက်နေဆဲပါ။ အဲဒီ တိုက်ပွဲတွေကြောင့် တရုတ်-မြန်မာနယ်စပ်ကို ဒုက္ခသည်ပေါင်း ထောင်သောင်းချီပြီး ထွက် ပြေးခဲ့ရပါတယ်။
မနှစ်တုန်းက ကျင်းပခဲ့တဲ့ စီးပွားရေး နှီးနှောဖလှယ်ပွဲမှာ သမ္မတဦးသိန်းစိန်က ပြည်ပရောက်အတိုက်အခံတွေကို အိမ်ပြန်လာနိုင်ကြောင်း ဖိတ်ခေါ်ခဲ့ပေမယ့်လည်း အစိုးရအနေနဲ့ကတော့ ကမ္ဘာတလွှားမှာရှိနေတဲ့ ထောင်ပေါင်းများစွာသော မြန်မာလူမျိုးများအတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်မပေးသေးပါဘူး။ ဖြစ်နိုင်မယ်ဆိုရင် အစိုးရအနေနဲ့ ပြည်ပရောက် မြန်မာလူမျိုးတွေကို ဘယ်လို လက်ခံကြိုဆိုမယ် ဆိုတာနဲ့ ပတ်သက်ပြီး တရားဝင် လုပ်ထုံးလုပ်နည်းတွေ ထုတ်ပြန်ကြေညာပေးဖို့ လိုအပ်ပါတယ်။
မဲဆောက်မှာရှိတုန်း အတိုက်အခံတွေ၊ ကျောင်းဆရာတွေ၊ သတင်းထောက်တွေနဲ့ ကျနော် စကားတွေ ပြောဖြစ်ခဲ့ပါတယ်။ သူတို့ အားလုံးမှာ တူညီတဲ့ တချက်ကတော့ ဂုဏ်သိက္ခာရှိရှိနဲ့ အိမ်ပြန်ချင်တယ် ဆိုတဲ့ အချက်ပါပဲ။ သူတို့အထဲက တယောက်ကတော့ မဲဆောက်မှာ နှစ်ပေါင်း ၄၀ ကျော်နေလာတဲ့ ဦးလှဖူး ပါ။
“ဂုဏ်သိက္ခာ ရှိရှိနဲ့ အဘ ပြန်ချင်တယ်၊ ပွဲကမပြီးသေးဘူး”လို့ အသက် ၈၀ ကျော် ရှိနေပြီဖြစ်တဲ့ နိုင်ငံရေး လှုပ်ရှားတက်ကြွွသူ ဦးလှဖူး က ပြောပါတယ်။ “အခုအချိန်မှာတော့ အိမ်ပြန်ဖို့ စိတ်ကူးမရှိသေးပါဘူး”လို့လည်း ဆိုပါတယ်။
၁၉၇၂ ခုနှစ်က ဦးလှဖူးဟာ ထိုင်း-မြန်မာနယ်စပ်ကို ရောက်လာခဲ့ပြီး ဦးနေဝင်း စစ်အာဏာရှင် အစိုးရကို ဆန့်ကျင်ဖို့ ဝန်ကြီးချုပ် ဟောင်း ဦးနု တည်ထောင်တဲ့ ပါလီမန် ဒီမိုကရေစီ ပါတီမှာ ပါတီဝင် ဖြစ်လာခဲ့တယ်။ အဲဒီအချိန်က စပြီး သူဟာ မဲဆောက်မှာ ပထမ ဆုံး စတင်အခြေချတဲ့ မြန်မာလူမျိုးတွေထဲက တဦးဖြစ်လာခဲ့ ပါတယ်။
အတိုက်အခံ တော်တော်များများက သူနဲ့ အမြင်တူကြတယ်။ ဒါပေမယ့် ဦးသိန်းစိန် အစိုးရက တိုင်းပြည်အတွင်း ပိုမို ခိုင်မာ တဲ့ အပြောင်းအလဲတွေ ဆက်လုပ်နေမယ်ဆိုရင် သူတို့ စိတ် ပြောင်းကောင်း ပြောင်းသွားနိုင်ပါတယ်။
နှစ်ပေါင်းများစွာကြာ ပြည်ပ လူ့အဖွဲ့အစည်းမှာ အခြေကျလာခဲ့ပြီးမှ မိခင်တိုင်းပြည်ကို ပြန်အခြေချရေးဟာ မဲဆောက် နေမြန်မာ လူမျိုးတွေအတွက် လွယ်လွယ်ကူကူတော့ မဟုတ်ပါဘူး။ ဦးလှဖူး ဆိုရင် သူ့အတွက် မြန်မာနိုင်ငံမှာ ဘာမှ မရှိတော့ဘူး။ ဆွေမရှိ မျိုး မရှိ၊ သူငယ်ချင်း မရှိ၊ အိမ် မရှိ။ ဒါ့အပြင် အသက်မွေးဝမ်းကျောင်းနိုင်တဲ့ အနေအထားလည်း မရှိပါ။
အတိုက်အခံအင်အားစုတွေ မဲဆောက်မှာ မရှိတော့တဲ့ အထိ မဲဆောက်ဟာ မြန်မာနိုင်ငံ အသေးစားလေးတခု အဖြစ် ဆက်လက် ရှိနေမယ်ဆိုတာ သံသယရှိစရာ မလိုပါ။ လက်ရှိ အခြေအနေအရ မဲဆောက်နဲ့ အနီးဝန်းကျင်တဝိုက်မှာ မြန်မာလူမျိုး၂ သိန်း လောက် ရှိနေပါတယ်။ အများစုကတော့ ရွှေ့ပြောင်း အလုပ်သမားတွေ ဖြစ်ကြပါတယ်။ သူတို့ အတွက် မြန်မာနိုင်ငံကို ပြန်ပြီး အလုပ်ရှာရ တာ ပိုခက်ခဲနိုင်ပါတယ်။
မဲဆောက်ဟာ မြန်မာနိုင်ငံသားတွေ အတွက် လာရောက်တည်းခိုရာ နေရာအဖြစ် နှစ်ပေါင်းများစွာကြာတဲ့အထိ တည်ရှိနေဦးမှာဖြစ် ပါတယ်။ အတိုက်အခံတွေ နယ်စပ်ဖြတ်ကျော်ပြီး တဖြည်းဖြည်း အိမ်ပြန်နေကြပြီ ဆိုရင်တော့ မဲဆောက်ဟာ ဦးသိန်းစိန် ရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ရေချိန်ကို တိုင်းတာစရာ တခု ဖြစ်သွားနိုင်ပါတယ်။ ။