စာရေးသူ လူ့ပြည်ပြန်ရောက်မှ နာမည်ကျော်ရဟန်းပျိုများ လူပြန်တော်ဘဝသို့ ကူးပြောင်းသွားသည်မှာ ၂ ပါးပင်ရှိလေပြီ။ ၂ ပါးစလုံး ထင်ရှားကျော်ကြားသူများပင် ဖြစ်ပေသည်။ တပါးက နိုင်ငံရေးနယ်ပယ်မှာ ထင်ရှားသူဖြစ်ပြီး ကျန်တပါးမှာ သာသနာလောက၌ ထင်ရှားသူဖြစ်လေသည်။ နိုင်ငံကျော် ကမ္ဘာကျော် ဆရာတော်လေးများ ဖြစ်ကြ၏။
ဘောလုံးပွဲတရားနှင့် ဂမ္ဘီရပျားရည်
ဦးဂမ္ဘီရနှင့် လူချင်းမတွေ့ဆုံဖူးသော်လည်း အိုးဘိုထောင်မှာ နေရစဉ်တွင် အဆက် အသွယ်ရှိခဲ့ပေသည်။ မိမိက ရှေးဦးစွာရောက်နှင့်နေသော ကျောင်းသားဟောင်းကြီးဖြစ်သောကြောင့် သတင်းကြားသည်နှင့် လှမ်း၍ဆက်သွယ်ကာ မိတ်ဆက်စာပေး၍ အားပေးစကား ပြောခဲ့ဖူး၏။ အကြော်အလှော်များလည်း လှူလိုက်ပါ၏။ ဦးဂမ္ဘီရထံမှ ပြန်စာရခဲ့ပါ၏။ ၂၀၀၂-အင်းစိန်ရွာမမှာ “အမြဲရှုံးနေသော ဘောလုံးပွဲ” ဟောစဉ်က သူဟာ အကြီးတန်းသင်တန်းသားအဖြစ် တရားနာခဲ့ရကြောင်း၊ ဓာတ်ပုံကင်မရာဖြင့် မှတ်တမ်းတင်သည့် ဦးဇင်းတပါးမှာ သူသာဖြစ်ကြောင်း ပါဝင်လေ၏။ စာနှင့်အတူ ပျားရည်တဗူးလည်း ပါလာလေသည်။ တပည့်လည်းဖြစ်၊ ကပ္ပိယလည်းဖြစ်သူ အတူနေ မောင်ကြေးရုပ်ကား “ဂမ္ဘီရပျားရည်” ဟု အမည်ပေးလေသည်။
ဦးဂမ္ဘီရလှူလိုက်သောပျားရည် ဖြစ်သောကြောင့် ထိုကဲ့သို့ နာမည်ပေးခြင်းဖြစ်၏။ “ဂမ္ဘီရပျားရည်” လျော့သွားလျင် တခြားပျားရည်နှင့် ရောကာ “ပွား”ထားပြန်၏။ ညနေတိုင်း ဆရာတော် “ဂမ္ဘီရပျားရည်” ဘုရားဟု ဆိုကာ ကပ်ရှာလေတော့၏။ ဦးဂမ္ဘီရကို ထိုသို့ပင် လေးစားကြည်ညိုကြလေသည်။
စအဖကြောင့် စိတ္တဇဖြစ်ခဲ့ရလေသလော
ဆက်လက်၍ ၎င်းစာထဲ၌ ငွေကြေးကိစ္စများကြောင့် သိက္ခာချထားခဲ့ရကြောင်း၊ ရဟန်းတပါး မဟုတ်တော့ကြောင်းလည်း ပါဝင်လေသည်။ သူ့စာဖတ်ရသူတိုင်းက “စိတ်ပုံမှန် မရှိတော့ကြောင်း” ကောက်ချက်ချကြ၏။ ဆက်လက်စုံစမ်းကြည့်ရာ စစ်ကြောရေးကာလမှာ “စရဖ” (စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့) ၏ ညှင်းပန်းနှိပ်စက်မှုကို အလူးအလဲ ခံခဲ့ရကြောင်း၊ အသက်ကငယ်ငယ် လောကဓံက ကြီးကြီး ဖြစ်နေသောကြောင့် လည်းကောင်း၊ တပါးတည်းနေရသည့် နေ့ရက်များကို ဖြတ်သန်းရ ခက်ခဲသောကြောင့်လည်းကောင်း စိတ်ကျန်းမာရေး မကောင်းတော့ဟု သိရပြန်ပါသည်။
တယောက်တည်း ပေါက်ကွဲနေတဲ့သူ
စာရေးသူက တရားအားထုတ်ဖို့ ဆန္ဒပြုလိုက်၏။ တရားအားမထုတ်ဖူးကြောင်းနှင့် အလုပ်ပေးတရား စာအုပ်များရှိက ပို့ပေးပါရန် စာပြန်သဖြင့် မဟာစည်ဆရာတော်ကြီး၏ “ဝိပဿနာရှုနည်းကျမ်း” စာအုပ်လေးကို ပို့ပေးလိုက်၏။ အသက်ကငယ်ငယ်၊ အတွေ့အကြုံကနုနု၊ စိတ်ဓာတ်က ပြင်းပြင်း၊ သမာဓိအလုပ်က နည်းနည်းဖြစ်နေ၍ အမြဲတမ်း တယောက်တည်းပေါက်ကွဲနေပုံ ရလေသည်။ မကြာခဏ သူ့အကြောင်းသာ ကြားနေရလေ၏။
တကိုယ်တော်တိုက်ပွဲ သူဆင်နွဲ
သိပ်မကြာလိုက်ပါ။ ဦးဂမ္ဘီရ အစာငတ်ခံ ဆန္ဒပြသံ ကြားရပါတော့၏။ “ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဒို့အရေး” အော်သည်။ “နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဒို့အရေး” လည်း ကြွေးကြော်သည်။ တခြား နိုင်ငံရေးနှင့် ပတ်သက်သမျှလည်း အော်ဟစ်တောင်းဆိုသည်ဟု ကြားရ၏။
ယုံကြည်ချက်က မြင့်မား၊ ခံယူချက်က ပြင်းထန်လွန်း၍ ထင်သည်။ ထောင်ကချော့မော့၍ ကျွေးသည်ကိုပင် လုံးဝမစား၊ ထောင်မှူးကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်ပြီး ကျွေးသည်ကိုလည်း တို့ထိ၍ပင် မကြည့်ပေ။ နေ့ရောညပါ ဝန်ထမ်းများ အလှည့်ကျစနစ်ဖြင့် စောင့်ကြပ်အိပ်ကြရ၏။ တဆင့် ကြားသိရသည်မှာ ဦးဂမ္ဘီရသည် “ရေလည်း လုံးဝမသောက်” ဟု ဆို၏။ အစားမစား ရေမသောက်ဘဲ သုံးရက်တိတိနေသော်လည်း ကျန်းမာရေးက ကောင်းနေဆဲ။ ကြွေးကြော်သံများ အော်နိုင်ဆဲ။ စိတ်အားတက်ကြွ စွာ လက်သီးလက်မောင်း တန်းနိုင်ဆဲပင် ရှိနေသေး၏။
မိမိပယောဂမှ ကင်းပါ့မည်လော
မိမိသည် သတင်းရလျှင် ရချင်း၊ ရွှေမောင်အိမ်သို့ သတင်းပို့လိုက်၏။ ကံကောင်းသည်ဟု ဆိုရမည်လော မသိ။ ရွှေမောင်အိမ်၌ ဦးဂမ္ဘီရ၏ မိသားစုရောက်နေလေသည်။ ညရောက်သည့်အခါ မယ်တော်ဒေါ်ရေးက ဆော်ကြွေးလေတော့၏။ ဦးဂမ္ဘီရ၏ တောင်းဆိုမှုက မြင့်မားလွန်းနေ၍ အစိုးရက လိုက်လျောမည့်ပုံ လုံးဝမရှိသည်ကို တွေ့ရ၏။ မဖြစ်နိုင်သည်ကို တောင်းဆိုရင်း အသက်တခု အဆုံးရှုံးမခံနိုင်သောကြောင့် တိုက်ရုံးသို့ သွားကာ အရာရှိနှင့် တွေ့ဆုံလိုက်၏။ “ဦးဂမ္ဘီရနှင့် တွေ့ခွင့်ပေးပါ၊ အစာပြန် စားအောင် ပြောပေးပါ့မယ်” ဟု တင်ပြခဲ့၏။ မိမိက ညနေအချိန်မှာ တောင်းဆိုခဲ့ခြင်းဖြစ်၏။ တိုက်ဆိုင်သည်လော မပြောတတ် နောက်တနေ့မနက် ထောင်ဖွင့်သည်နှင့် “ဦးဂမ္ဘီရ ထောင်ပြောင်းသွားကြောင်း” သိလိုက်ရပေတော့၏။
လူချင်းမဆုံသလို မူချင်းလည်း မဆုံနိုင်တော့ပြီ
၎င်းနောက် သူ့သတင်းတွေက အတော်စုံသည်။ ခန္တီးထောင်ရောက်သွားပြီဟု လည်းကောင်း၊ ကလေးထောင် ပြောင်းရပြန်ပြီ ဟူ၍လည်းကောင်း၊ ကလေးထောင်မှာ ဘာသံကြားရပြန်သည် ဟူ၍လည်းကောင်း၊ စုံ၍စုံ၍ နေပေတော့၏။ ဤသို့ဖြင့် ၂၀၁၂ ခု ဇန်နဝါရီ လ ၁၃ ရက်နေ့တွင် မိမိတို့ လူ့ပြည်သို့ အတူပြန်ရောက်ကြ၏။ ထို့နောက်များမကြာမီ ဦးဂမ္ဘီရက ဖုန်းနံပတ်မေးခိုင်း၍ ဟုဆိုကာ မေးလာကြ၏။ သို့သော် ယခုချိန်ထိ တခါမျှ မဆက်သွယ်ခဲ့ပါ။
ချိပ်ခွာ သတင်းတွေကြားရသည်။ ကမ္ဘာအေး သတင်းတွေ ကြားရသည်။ ပြန်ခေါ်ပြန်ထိမ်း သတင်းတွေ ကြားရသည်။ DVB ထဲမှာလည်း ရုပ်သံ မြင်ကြားရပြန်၏။ မဂ္ဂင်ကျောင်းကိစ္စ ဒေါနှင့်မောနှင့် ပြောဆိုနေပုံများဖြစ်၏။
စာရေးသူနှင့် အမြင်ချင်း မတူရုံတင် မဟုတ်တော့ဘဲ သူ့လုပ်ရပ်ကြောင့် “ကမ္ဘာအေးဆရာတော်ကြီးများနှင့် ပြည်သူလူထု၊ သံဃာထုတို့ အကုသိုလ်တိုးပွား အပြစ်ဆိုးဝါးလာမည့်အရေးကို တွေးပူနေချိန်တွင်” ပြည်တွင်းပြည်ပမှ ဦးဂမ္ဘီရ လုပ်ရပ်အပေါ် ဝီရသူ၏ သဘောထားကို မကြာခဏ မေးမြန်းလာကြသဖြင့် “ဝီရသူ သဘောထား” ထုတ်ပြန်ကာ ထောက်ခံထိုက်သည့်အချက်ကို ထောက်ခံ၍ ရှုတ်ချထိုက်သည့်အချက်ကို ရှုတ်ချခဲ့ပေသည်။ ထိုအခါ စာရေးသူအားလည်း ထောက်ခံကြ ရှုတ်ချကြနှင့် ကောင်းကင်တိုက်ပွဲ ဆင်နွဲမိလျက်သား ဖြစ်နေကြ၏။ ပျော်စရာလည်း ကောင်းသည်ပင်။
တနေ့ စာရေးသူ အင်တာနက် အသုံးပြုနေစဉ် ဒကာတဦးက မက်ဆေ့ချ် ပို့လာ၏။ ပြည်ခိုင်ဖြိုးမှ ဖြစ်မည်ထင်သည်။ Myanmar Express ဆိုဒ်ပါ ဦးဂမ္ဘီရသတင်း ဖြစ်၏။ သင်္ကန်းလဲပုံ ခေါင်းကွဲပုံများ စုံလင်လေသည်။ Comment ပေးထားသူများမှ တချို့စာများမှာ လွန်စွာ ကြမ်းတမ်းရိုင်းပျသည်ကို တွေ့ရပေသည်။နောက်ဆုံး၌ ဦးဂမ္ဘီရ လူဝတ်လဲသည့် သတင်းကြားရ၏။ ကျန်းမာရေး မကောင်းသောကြောင့်ဟု သိရ၏။ စိတ်ကျန်းမာရေးကို ဆိုလိုပုံရ၏။ နိုင်ငံရေးလောက၌ မြန်မာမှာသာမက ကမ္ဘာမှာပါ ထင်ရှားကျော်ကြားသည့် နိုင်ငံ့သားကောင်းတပါး (ရဟန်းဘဝမှ လူ့ဘဝသို့) ဘဝပြောင်းသွားခဲ့ပေပြီတကား။
ချီးကျူးထိုက်သော ရှင်လူထွက်
အောင်မြင်ကျော်ကြား ရဟန်းတော်တပါး လူဝတ်လဲခြင်းနှင့်ပတ်သက်၍ နှမြောကြသည် ဖြစ်စေ၊ သနားကြသည် ဖြစ်စေ၊ စိတ်မဆိုးကြသည် ဖြစ်စေ၊ ဝမ်းမြောက်ပျော်ရွှင် အောင်ပွဲခံကြသည် ဖြစ်စေ၊ မည်သူက မည်သို့ပင် စိတ်ခံစားကြစေကာမူ၊ ထိုအရာများကို အလေးဂရုမပြုဘဲ လူထွက်ရဲသော ရဟန်းတော်များကို ချီးကျူးရမည် ဖြစ်ပေသည်။
အချောင်စား အောင်းကောင်ကြီးများ
ကျွနု်ပ်တို့ သာသနာတော်၌ လူထွက်ထိုက်သော အပြစ်များကျူးလွန်ထားပါလျက် လူမထွက်ဘဲ အောင်းပြီးမှိန်းနေကြသူများ ရှိပါသည်။ ၎င်းတို့သည် သူတို့ကိုယ်သူတို့ ရဟန်းမဟုတ်တော့မှန်း သိပါသော်လည်း ပရိသတ်ကို ဆက်ဆံရာ၌ ဘာကောင်ကြီးလိုလို၊ ညာကောင်ကြီးလိုလို အကောင်ကြီးထင်အောင် ခပ်တည်တည်ဖြင့် အကောင်လုပ်နေတတ် ကြပေသည်။ ထိုသို့ အောင်းပြီး အကောင်လုပ်နေသူူများကို “အောင်းကောင်” ကြီးများဟု ခေါ်ပါသည်။ လူလည်းမထွက်ရဲ၊ လုပ်ကိုင်စားသောက်ရမည်ကိုလည်း ကြောက်လန့်နေပြီး၊ ရဟန်းသီလကိုလည်း မစောင့်ထိန်းချင်ဘဲ အချောင်စား အောင်းကောင်းကြီးများ ဖြစ်ပါ၏။
ထိုအောင်းကောင်ကြီးများ သာသနာတော်၌ ရှိနေသောအားဖြင့် သာသနာလည်း အကျိုးမများ၊ ကာယကံရှင် ကိုယ်တိုင်လည်း အကျိုးမများ၊ တပည့် ဒကာ ဒကာမများလည်း အကျိုးမများပေ။ ၎င်းတို့သည် နေ့စဉ် ပတ်ဝန်းကျင်ကို ငရဲပေးနေသကဲ့သို့ ၎င်းတို့ကိုယ်တိုင်လည်း နေ့စဉ် ငရဲလိုင်စင်ယူခြင်း၊ ငရဲသက်တမ်းတိုးခြင်းများ ပြုလုပ်နေပြီးသား ဖြစ်ပေသည်။ သာသနာ့အမှိုက် သာသနာ့ အညစ်အကြေးများ ဖြစ်ပါ၏။
ရှုတ်ချထိုက်သူမှာ ထိုအောင်းကောင်ကြီးများ ဖြစ်ပေသည်။ ဖြစ်နိုင်လျှင် DNA နည်း၊ CID နည်းတို့ဖြင့် သန့်ရှင်းပစ်ရမည် သာဖြစ်ပါသည်။
ဧရာမသတ္တိခဲ
လူဝတ်လဲလျှင် လက်ညှိုးထိုးခံရမည်ကို သိပါလျက်၊ တံတွေးကွက်ထဲ ပက်လက်မျောရတော့မည်ကို သိပါလျက်၊ ဆင်းရဲချို့တဲ့ နိမ့်ကျစွာ နေထိုင်ရတော့မည်ကို သိပါလျက်၊ အောင်းကောင်ကြီးများလို အောင်းမနေကြဘဲ လာမည့်ဘေးပြေးတွေ့ကာ လောကဓံကို ရင်ဆိုင်ရဲသည့်သတ္တိဖြင့် လူဝတ်လဲသူများသည် ဧရာမသတ္တိခဲကြီးများ ဖြစ်ကြပါသည်။ ထိုသတ္တိခဲများသည် အောင်းကောင်ကြီးများလို တဘဝတနပ်စာ အတွက်သာ ကွက်ကြည့်သူများ မဟုတ်ဘဲ သံသရာဘေးကို မျှော်တွေးကာ လက်ရှိ အခွင့်အရေးများကို စတေးဝံ့သူများ ဖြစ်ပါသည်။ ဤအချက်တခုတည်းနှင့်ပင် ၎င်းတို့၏ သိက္ခာသမာဓိကို လေးစားဖွယ် ကောင်းနေပေတော့၏။
မပျော်၍ လူထွက်သည်ကို ဘုရားမရှုတ်ချပါ။ မထိုက်တန်ဘဲ အပူဇော်ခံနေသည့် ဒုဿီလများကိုသာ ဘုရားရှုတ်ချခဲ့ပါသည်။ (အဂ္ဂိက္ခန္ဓောပမသုတ်၊ ဥပေါသထ သုတ်တို့ သက်သေတည်နေဆဲ ဖြစ်ပါသည်။)
ပြုပြင်ကြပါ ရွှေမြန်မာ
စာရေးသူတို့ ပြည်သူအများစုသည် ဘုန်းကြီးတပါးလူထွက်ပြီဆိုလျှင် မေးငေါ့ကြ၏။ ကဲ့ရဲ့ကြ၏။ လက်ညှိုးထိုးကြ၏။ ရှုတ်ချကြ၏။ အပြစ်တင်ကြ၏။ ဤသည်မှာ ရိုးရာတခုလို ဖြစ်နေပေသည်။
“ကိုရင်ဝတ်စဉ် ရဟန်းခံစဉ်က သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ပါရခြင်း အကျိုးငှာ” သာ ရွတ်ဆိုခဲ့ရပေသည်။ ရှင်ရဟန်းဘဝဖြင့် သာသနာ့ဘောင်မှာ တသက်ပတ်လုံး ပျော်ရွှင်စွာနေပါ့မည်ဟု မည်သူတဦးတယောက်မျှ အာမခံခြင်း၊ စာချုပ်ချုပ်ဆိုခြင်း၊ ဝန်ခံကတိလက်မှတ် ထိုးခြင်းမျိုးလုံးဝ မရှိပါ။ မပျော်၍ ထွက်ခြင်းအတွက် လက်ညှိုးထိုး အပြစ်တင်စရာမလိုပါ။ မနေနိုင်လျှင် မည်သူမဆို ထွက်ခွင့်ရှိသူသာ ဖြစ်ပါသည်။ ဘုရားလက်ထက်တော်တုန်းကလည်း အကြောင်းအမျိုးမျိုးကြောင့် လူထွက်သွားကြသည့် ဖြစ်ရပ်သာဓကများ များစွာရှိသည်ကိုလည်း သတိမူရမည် ဖြစ်ပါသည်။ ဤသာဓကများကြောင့် ရှေးရိုးစွဲ အဆိုးမြင်မှုများကို စွန့်လွှတ်ရမည်ဖြစ်ပါသည်။
တွေးဆလို့ ဖေးမကြ
လူဝတ်လဲလာသော သာသနာမှာ မပျော်မွေ့ မနေနိုင်၍ လူ့ဘဝသို့ ကူးပြောင်းလာသူများသည် ကျေးဇူးပြုနိုင်မည့်သူများ ဖြစ်ပါသည်။ ရပ်အကျိုး ရွာအကျိုး သယ်ပိုးကြဦးမည့် မျိုးချစ်ပုဂ္ဂိုလ်များလည်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ၎င်းတို့၏ စပ်ကူးမတ်ကူးကာလ၌ တွေ့ကြုံရမည့် လူမှုရေး၊ စီးပွားရေး စသည်တို့နှင့် ပတ်သက်သည့် ဒုက္ခ သုက္ခ အ၀၀ကို လက်တွဲခေါ်ယူခြင်း၊ ကူညီဖြေရှင်းခြင်းဖြင့် လူ့ဘောင်လောက အသစ်သို့ အလွယ်တကူ ဝင်ရောက်ခွင့် ပေးခြင်းသည်သာလျှင် သာသနာနှင့် လူမျိုးအတွက် ကောင်းသော စွမ်းသော ဆေးတခွက်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။