၂၀၀၄ ခုနှစ်ကတည်းက အနုပညာလောကထဲကို စတင် ဝင်ရောက်လာခဲ့တဲ့ သရုပ်ဆောင် ရဲတိုက်ဟာ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်မှာရှိတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား သားသမီးတွေရဲ့ ပညာရေးနဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးတဲ့ ဇာတ်လမ်းမှာ မေတ္တာနဲ့ ပါဝင် သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ကချင်စစ်ဘေး ဒုက္ခသည်တွေကိုလည်း သူရဲ့ ရဲတိုက်ဖောင်ဒေးရှင်းက နှစ်ကြိမ်တိုင်တိုင် သွားရောက်လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။ အခုလို လူမှုရေးလုပ်ငန်းတွေမှာ ကိုယ်တိုင်ကိုယ်ကျ အားတက်သရော လုပ်ဖြစ်နေတဲ့ သရုပ်ဆောင်ရဲတိုက်ကို ဧရာဝတီ သတင်းထောက် မစပ်စုက ဆက်သွယ် မေးမြန်းထားပါတယ်။
မေး။ ။ မြန်မာရွှေ့ပြောင်း အလုပ်သမား သားသမီးတွေရဲ့ ပညာရေးအကြောင်းကို သွားရောက် ရိုက်ကူးပြီး အပြန်မှာ ရလာတဲ့ အတွေ့အကြုံနဲ့ မြန်မာအလုပ်သမားတွေရဲ့ လူနေမှုဘဝအပေါ် ကိုရဲတိုက်ရဲ့ အမြင်ကို သိချင်ပါတယ်။
ဖြေ။ ။ ကလေးတွေနေရာကနေ ကျနော် စဉ်းစားကြည့်မိတယ်။ သူများနိုင်ငံမှာ၊ သူများလူမျိုးတွေ ကြားမှာ ကိုယ့်အမေ၊ အဖေကလည်း သူများရဲ့ အလုပ်သမား လုပ်နေရပြီးတော့၊ ကိုယ့်ပညာရေး အတွက်လည်း မစဉ်းစားနိုင်သလို ဖြစ်နေတဲ့ အခြေအနေမျိုးမှာ တခြားကလေးတွေက ကောင်းကောင်း ပညာသင်ခွင့်ရတယ်၊ သူတို့လို မနေရဘူးဆိုတာသာ သိရင် သူတို့လည်း စိတ်ညစ်မှာပေါ့။
မေး။ ။ ပြည်ပရောက် မြန်မာ အလုပ်သမားတွေရဲ့ ဘဝဇာတ်ကြောင်းကို အခုလို အနုပညာရှင်တွေနဲ့ ဇာတ်လမ်းတပုဒ်အသွင် ဖန်တီးတာ ဒါ ပထမဆုံးလို့ သိရပါတယ်။ ဒီလို ဖန်တီးခွင့်ရတဲ့အပေါ် ကိုရဲတိုက် ဘယ်လို ခံစားရလဲ။
ဖြေ။ ။ ကျနော်ကတော့ အင်မတန် ကျေနပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့်ကို အဲဒီ ဇာတ်ကားရိုက်ဖို့ ကမ်းလှမ်းတဲ့အချိန်က ကျနော့်ရဲ့ မွေးနေ့နဲ့ တိုက်ဆိုင်နေတဲ့ အချိန်ဖြစ်နေတယ်။ အဲဒီတော့ ကျနော်က ကိုယ့်ရဲ့ အနုပညာနဲ့ အလှူလုပ်ချင်တယ်။ နောက်တခုက ဒီအဖွဲ့အစည်း အကြောင်းကို ဒါရိုက်တာက ရှင်းပြတယ်။ အဲဒီမှာ ကိုယ်မသိသေးတဲ့ အကြောင်းအရာ၊ ကိုယ်နားမလည်သေးတဲ့ အကြောင်းအရာ ဖြစ်နေတယ်။
ထိုင်းနိုင်ငံမှာ ရှိနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကလေးသူငယ်တွေရဲ့ ပညာရေးဆိုတော့ ကျနော်တို့ လက်လှမ်းမမီဘူး ပေါ့နော်။ အဲဒီတော့ ဒီအကြောင်းအရာက ဘာလဲဆိုတာလည်း ကိုယ်သိရမယ်၊ ကိုယ်လည်း သရုပ်ဆောင် တယောက်အနေနဲ့ ပါဝင်ခွင့်ရမယ်၊ သွားရိုက်မယ့် အချိန်ကလည်း ကိုယ့်မွေးလလေး ဖြစ်နေတော့ အမှတ်တရ ဖြစ်တယ် ဆိုပြီးတော့ ဒါလေးကို ကျနော်လုပ်ဖြစ်တာပါ။
မေး။ ။ ကချင်စစ်ဘေး ဒုက္ခသည်တွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့တဲ့ ပထမဆုံး သရုပ်ဆောင် အနုပညာရှင် တယောက်အနေနဲ့ ဒီအပေါ် ခံယူချက်ကို ပြောပြပါလား။
ဖြေ။ ။ ငယ်တုန်းမှာ ကိုယ်လည်းအလုပ်တခုကို လုပ်နိုင်နေတုန်း ကောင်းတာလေးတွေ လုပ်ခဲ့ချင်ပါတယ်။ ဘာဖြစ်
လို့လဲဆိုတော့ လောကမှာ ကျနော်တို့တွေဟာ လူငယ်တွေဆိုတော့ မကောင်းတာလုပ်ခဲ့တာ များပေမယ့် ကောင်းတာဟာ ဘာတွေလဲ ဆိုတာတော့ နားလည်ပါတယ်။ မကောင်းတာတွေ အရမ်းများပြီး ကောင်းတာတွေ အရမ်းနည်းနေမှာ စိုးရိမ်တယ်။ အဲ့ဒီတော့ ကိုယ့်ကိုယ်ကို ကောင်းတဲ့ အလုပ်တွေလုပ်ဖို့ ဆုံးမထားတယ်၊ တိုက်တွန်းထားတယ်။ လုပ်ခွင့်ရလာရင် လုပ်ခွင့်ကြုံလာရင် တတ်နိုင်တဲ့ နေရာကနေ ဝင်ပြီးတော့ ကူညီမယ် ဆိုတာပါပဲ။
မေး။ ။ လူမှုရေး လုပ်ငန်းတွေ အားတက်သရော ဆက်တိုက် လုပ်ဖြစ်တာကကော ဘာကြောင့်လဲ။
ဖြေ။ ။ အဲဒါက လွန်ခဲ့တဲ့ ၄၊ ၅ နှစ်လောက်က ဖြစ်မလားမသိဘူး၊ ကျနော် သရုပ်ဆောင် မလုပ်ခင်က ဦးဇော်ဝင်းထွဋ် သမီး ချန်ချန်က ဈေးရောင်းပွဲတော်တွေ လုပ်ပြီး ပြန်လှူတာလေ။ ကျနော်တို့ နယ်မှာနေတုန်းက သိခဲ့ရဘူးတယ်။ အဲဒီတော့ အနုပညာရှင် တယောက်အနေနဲ့၊ လူသိတဲ့ သူတယောက်အနေနဲ့ ဒီလိုလုပ်တာ ကောင်းပါလားလို့ သဘောပေါက်ထားတယ်။ အဲဒီတုန်းကတည်းက သူလုပ်တာကို အားကျခဲ့တယ်။ ဘာပဲပြောပြော တခုခု အခက်အခဲ ကြုံလာပြီ၊ ကိုယ်လည်း ဝင်ကူညီဖို့ အချိန်လည်းရှိတယ်၊ စေတနာလည်းရှိတယ်၊ အခွင့်အရေးလည်း ရှိတယ်ဆိုရင် ဝင်လုပ်မယ်လို့ နဂိုကတည်းက စဉ်းစားထားပြီးသားပါ။
မေး။ ။ ရဲတိုက်ဖောင်ဒေးရှင်း အကြောင်းလည်း သိချင်ပါတယ်။
ဖြေ။ ။ ကျနော့် ဖောင်ဒေးရှင်းအကြောင်းကို ပြောမယ်ဆိုရင် ပထမဆုံး ပိုက်ဆံမရှိတာက စပြောရပါမယ်။ ကျနော်တို့ ဖောင်ဒေးရှင်းက ချမ်းသာတဲ့ သူတွေ ဝိုင်းပြီးဖွဲ့ထားတာ မဟုတ်ဘူး။ အလုပ်လုပ်ပေး နိုင်တဲ့သူတွေ ဖွဲ့စည်းထားတဲ့ အဖွဲ့လေး ဖြစ်တဲ့အတွက် အလှူငွေ လိုအပ်ပါတယ်။ ဥပမာ – မြစ်ကြီးနားကို သွားလှူချင်တယ်ဆိုရင် ရန်ကုန်နဲ့ မန္တလေးမှာ သွားပြီးတော့ အလှူငွေတွေ ကောက်ရတယ်။ ဒါမျိုးတွေပေါ့။ အဲဒီသဘောတရားလေးကို နားလည်ပေးထား စေချင်ပါတယ်။ တော်ကြာ ခဏ ခဏ အလှူခံရင် စိတ်ဆိုးမှာ စိုးလို့ပါ။
မေး။ ။ ဒီဖောင်ဒေးရှင်း စတင် ထူထောင်စဉ်ကလည်း အခက်အခဲတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒါ ဘာတွေ
များလဲ။
ဖြေ။ ။ အခက်အခဲတွေ မမှတ်ထားပါဘူးဗျာ။ ရင်မောလို့။
မေး။ ။ ဒီဖောင်ဒေးရှင်း အနေနဲ့ကော ဘာတွေ ဆက်လုပ်သွားဖို့ ရှိပါသေးလဲ။
ဖြေ။ ။ တတ်နိုင်သမျှ ကိုယ်ရည်ရွယ်ထားတဲ့ အလုပ်ကို အချိန်လည်းပေးပြီး လုပ်နိုင်အောင် အမြဲတမ်း ကြိုးစားနေတယ်။ ဘယ်လောက် အတိုင်းအတာအထိ လူထုကို အကျိုးပြုနိုင်လဲ၊ ဘယ်လောက် အတိုင်းအတာ အထိ ဒုက္ခသည်တွေကို ကယ်ဆယ်နိုင်မလဲ ဆိုတာကျတော့ ကျနော်ကိုယ်တိုင်လည်း များများလုပ်နိုင်လေ ကောင်းလေလို့ မျှော်လင့်ချက်ထားတယ်။ အဲဒီအတွက် အခွင့်အရေးကြုံလာရင် လုပ်ဖြစ်မှာပါ။
မေး။ ။ ၈၇ – ၈၈ အရေးအခင်းကာလ နောက်ခံဖြစ်တဲ့ “လွမ်းစိမ့်” ဇာတ်ကားဟာ ဆင်ဆာ အနေအထားနဲ့ရော၊ သရုပ်ဆောင် တယောက်ရဲ့ အနေအထားနဲ့ပါ အခက်အခဲတွေ အများကြီးရှိမယ်ဆိုတာ သိရက်နဲ့ ရိုက်ဖြစ်တာက ဘာကြောင့်ပါလဲ။
ဖြေ။ ။ သူက ဇာတ်ညွှန်းလေးကအစ အရမ်းချစ်စရာ ကောင်းတယ်။ ဒါရိုက်တာကလည်း ကိုချိုတူးဇော်။ အရမ်း အနုပညာ ဆန်အောင် ရိုက်တတ်တဲ့ ဒါရိုက်တာပေါ့။ ကျနော့်လို သရုပ်ဆောင် တယောက်အနေနဲ့ ဒီလို အခွင့်အရေးမျိုးကို လုံး၀ လက်လွတ်မခံနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်ကိုယ်တိုင် ကျောင်းသား မဖြစ်ခဲ့ဖူးဘူး။ စက်မှုတက္ကသိုလ် ကျောင်းသားဘ၀ ဆိုတာ ဘာလဲ သိချင်တယ်။ ၈၈ အရေးအခင်းမှာ ကျောင်းတွေ ကမောက်ကမ ဖြစ်တယ်ဆိုတာ ဘာကြောင့်လဲ သိချင်တယ်။ အဲဒီအတွက် ကျနော် ဒီကားကို ရိုက်ရတာပါ။ ရိုက်ကတည်းက ပျော်ပြီး ရိုက်တာ။ ဆင်ဆာ ရနိုင်လား၊ မရနိုင်လား ဆိုတာ စဉ်းစားမိရင် စိတ်ညစ်မှာစိုးလို့ မစဉ်းစားဘူး။
မေး။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD စည်းရုံးရေး တခန်းရပ် ပြဇာတ်မှာ ပါဝင်ဖြစ်ခဲ့တဲ့အကြောင်း ပြောပြပါဦး။
ဖြေ။ ။ ကျနော့် အသက်အရွယ်နဲ့ ဒီလို တနိုင်ငံလုံး အတိုင်းအတာ ရွေးကောက်ပွဲဆိုတာ အသိဉာဏ်လည်းရှိပြီဆိုတဲ့ အရွယ်မှာ မကြုံဖူးဘူးလေ။ ဒီ မဲပေးပုံ၊ မဲပေးနည်း မှားယွင်းသွားမှာကို စိုးရိမ်တဲ့အတွက် ပညာပေး အနေနဲ့ ကပြတဲ့ ပြဇာတ်ကို ကိုယ် ပါဝင်ရတာဆိုတော့ ပျော်တာပေါ့။