လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက ကမ္ဘာ့အလယ်တွင် အရုပ်ဆိုး အကျည်းတန်သော ဖြစ်ရပ်တချို့ မြန်မာပြည်၌ ပေါ်ပေါက် ခဲ့သည်။
ရခိုင်ဒေသတွင် ဖြစ်ပွားခဲ့သည့် လူမဆန် အကြမ်းဖက်သော ဖြစ်ရပ်နှင့်ပတ်သက်သည့် ဓာတ်ပုံများ အင်တာနက် လူမှုကွန်ရက် များတွင် ပြန့်နှံ့ခဲ့သည်ကို ကမ္ဘာအနှံ့က မြင်တွေ့ကြရမည် ဖြစ်သည်။ ထိုဓာတ်ပုံများက ၈ လေးလုံး အရေးအခင်း ကာလ ပြီးဆုံးခါနီးရက်ပိုင်း ဖြစ်ပျက်ခဲ့သော လူမဆန်သည့် အမှုအခင်းများကို သတိရစေပါသည်။
အမျိုးသမီးတဦးအား လူသုံးဦးက ပစ္စည်းလု အဓမ္မကျင့် သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်၏ နောက်ဆက်တွဲ ဖြစ်ရပ် အဖြစ် ရိုးမ သစ္စာ မှန်လုံကားပေါ် လိုက်ပါလာသူ ၁၀ ဦးအား လူတစုက ရမ်းကားစွာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထိုအဖြစ်အပျက်များ ဖြစ်ခဲ့ရသည့် အကြောင်းရင်းကို ပြန်လည်လေ့လာ ကြည့်မည် ဆိုပါက တရားဥပဒေ စိုးမိုးမှု အားနည်းခြင်းကိုလည်း ချန်လှပ်ထား၍ မဖြစ်နိုင်ပေ။
နောက်ဆက်တွဲ အနေဖြင့် တရားဥပဒေကို အယုံအကြည် မရှိနိုင်တော့သည့် လူတချို့၏ လူမဆန်သော သတ်ဖြတ်မှုကြီး ဖြစ်ပေါ်ခဲ့ရသည်။
ယဉ်ကျေးသော လူမျိုး ဟူ၍ ကမ္ဘာ့အလယ်တွင် အစဉ် ဂုဏ်ယူလေ့ရှိသော မြန်မာတို့အဖို့ ဤ လူသားမဆန်သော လူတစုကြောင့် မျက်နှာပျက် အရှက်ရစေမည့်ကိန်း ဆိုက်ရတော့သည်။
ထို့အပြင် အစိုးရ မီဒီယာများ၏ မီးလောင်ရာလေပင့် အရေးအသားကလည်း လူအများ ဝေဖန်စရာ ဖြစ်ခဲ့သည်။ မီဒီယာ သမားတို့ မသုံးသင့် မသုံးအပ်သော အသုံးအနှုန်းကို သုံးစွဲ ရေးသားခဲ့ပြီး ဝေဖန်ချက်များ ထွက်ပေါ်လာရာ အစိုးရက ပြင်ဆင်ချက် ထည့်သွင်း ဖော်ပြပေးခဲ့သည်။
ကြီးသည့်အမှု ငယ်ရေး၊ ငယ်သည့်အမှု ပပျောက်ရေးအတွက် မီဒီယာသမား အားလုံး သတိထား ဆင်ခြင်သင့်သည် မဟုတ်ပါလား။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခ များနှင့် ပတ်သက်၍ ဖြစ်ပွားနေသည့် ကိစ္စရပ်များ ပိုမိုကြီးထွားသွားစေရန် မလုပ်မိစေလိုကြောင်း၊ ပြဿနာများကို တရားဥပဒေ စိုးမိုးရေး အမြင်နှင့် ဖြေရှင်းစေချင်ကြောင်း၊ နိုင်ငံသားများ၏ အေးချမ်းမှု၊ နိုင်ငံ၏ သိက္ခာရှိမှုအတွက် ထိန်းသိမ်းစေလိုကြောင်း ယနေ့ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
မည်သို့ဆိုစေ လူမဆန်သော ဖြစ်ရပ်များက ဖြစ်ပွားခဲ့ပြီ။ ထိုကဲ့သို့သော ရမ်းကားမှုမျိုး ထပ်မံ မဖြစ်ပွားစေရန် သတိထားရ တော့မည်။
တရားဥပဒေ စိုးမိုးမှုအပေါ် အယုံအကြည် ကင်းမဲ့လာစေရန် ပြုမူခဲ့သည့် တာဝန်ရှိသူများနှင့် တနိုင်ငံလုံးကို အရှက်ရစေသည့် ရမ်းကားသော လူတစုတို့ကို ဧရာဝတီက ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြလိုက်ပါသည်။