ခု မြန်မာပြည်မှာ ဖြစ်ခဲ့တဲ့ လူတဦးချင်း ကျူးလွန်တဲ့ ရာဇဝတ်မှု မှတဆင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ အသွင်ဆောင်လာကာ အကြမ်းဖက် သတ်ဖြတ်မှု၊ အဓိကရုဏ်း ပုံစံ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာရခြင်းမှာ နိုင်ငံကြီးသားပီသဖို့၊ တနည်းအားဖြင့် ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်း ဖော်ဆောင်လာနိုင်ဖို့ လေ့လာ၊ ဆင်ခြင်စရာတွေ အများကြီး ရှိနေတယ်။ ဘာသာ၊ လူမျိုး တင်းမာမှု အသွင်ဆောင်လာခြင်းမှာ ဆွေးနွေး သုံးသပ်စရာ လက်ငင်းအကြောင်း (Immediate Cause) တွေ၊ နောက်ခံကားချပ် ဇစ်မြစ်အကြောင်း (Underlying Root Cause) တွေ အများကြီးရှိတဲ့အပြင် လူအများစုရဲ့ ပုဂ္ဂလိက သဘော တုန့်ပြန်မှုတွေမှာပါ ဆင်ခြင်သတိပြုစရာတွေ အများကြီး ရှိနေတယ်။
ရခိုင်လူထုဟာ စစ်အစိုးရ အဆက်ဆက် နဲ့ လက်ရှိ အစိုးရ ခေတ်မှာ မတရား ဖိနှိပ်မှုမျိုးစုံကို ပြည်မမှ မြန်မာအများစုထက် ပိုခံစားခဲ့၊ ခံစားနေကြရတယ်။ ဒါ့အပြင် အရင် ဖိနှိပ်မှု ပိုပြင်းထန်တဲ့ စစ်အစိုးရ ခေတ်မှာ တောင် ရခိုင်လူထုဟာ ငြိမ်းချမ်းတဲ့ နည်းနဲ့ မတရားမှုကို အမြဲတွန်းလှန် ဆန္ဒပြလေ့ရှိတယ်။ လက်ရှိ အထိုက်အလျောက် ပိုမိုလွတ်လပ်တဲ့ သဘောဆောင်တဲ့ အရပ်သားတပိုင်း အစိုးရခေတ်မှာ ကျယ်ပြန့်တဲ့ လူထုလှုပ်ရှားမှုတွေ ပိုဖြစ်လာနိုင်စရာရှိတယ်။
လူမျိုး၊ ဘာသာ သွေးထိုးနိုင်မှု လောင်စာ ကလည်း ရခိုင်မှာ အဆင်သင့်ရှိနေတယ်။ ရခိုင် ဒေသဟာ ဘင်္ဂလားဒေ့ရှ် နဲ့ နယ်မြေချင်းထိစပ်နေတဲ့ အတွက် လူဝင်မှုကြီးကြပ်ရေး ပြဿနာ၊ ဟိုးအရင်ကတည်း အတူယှဉ်တွဲနေထိုင်ခဲ့တဲ့ ဘာသာ၊ လူမျိုး မတူသူတွေကြား ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ ပဋိပက္ခ သဘော၊ ဆတ်ဆတ်ထိ မခံနိုင်တဲ့ အခြေအနေတွေ ရှိတယ်။ လူတော်တော်များများဟာ လူမျိုး၊ ဘာသာ နဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ လူတွေဟာ အမြဲတမ်းလိုလို အသိဉာဏ် ထက် စိတ်ခံစားမှုအပေါ် မူတည်ပြီး တုန့်ပြန်ဆောင်ရွက်လေ့ရှိတတ်တယ်။ အရပ်စကားနဲ့ ပြောရရင် လူမျိုး၊ ဘာသာ ကိစ္စက အညှာလွယ်ပါတယ်။ အထူးသဖြင့် စစ်အစိုးရအဆက်ဆက် စနစ်တကျ ပိတ်ဆို့ပြီး ဝါဒဖြန့် မှိုင်းတိုက် ဖျက်စီးခံခဲ့ရတဲ့ မြန်မာပြည်က လူအများစု အတွက် ပိုလို့ အညှာလွယ်ပါတယ်။
ခေတ်မီ ဖွံ့ဖြိုးတိုးတက်ပြီး ပညာရေး အဆင့်အတန်းမြင့် ဒီမိုကရေစီစံနှုန်း၊ အကျင့်အကြံ၊ အတွေးအခေါ်တွေ အမြစ်တွယ် ရှင်သန်နေပြီး ဖြစ်တဲ့ တိုင်းပြည်ကြီးတွေမှာလည်း အနည်းနဲ့ အများ ဆိုသလို ကျန်ရှိနေသေးတယ်။ အကြောင်းက လူတွေဟာ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်၊ ရာသီဥတု၊ ပထဝီ၊ အစားအသောက်၊ ဓလေ့ ထုံးစံ၊ လူမျိုးစု၊ ကိုးကွယ် ယုံကြည်မှု စတဲ့ သဘာဝရဲ့ (တနည်းအားဖြင့် ရွေးချယ်ခွင့်မရှိလို့) ကွဲပြားခြားနားမှုတွေအရ အုပ်စုလေးတွေ ကွဲပြားနေပြီး အုပ်စုသဘောဆောင်တဲ့ အပြုအမူ၊ အပြောအဆို၊ ဘက်လိုက်မှုတွေ ဖြစ်လာလေ့ရှိလို့ပါ။
ဒီလို သဘောမှာ နှစ်တွေနဲ့ချီ ပိတ်ဆို့ခံခဲ့ရလို့ ရေတွင်းထဲက ဖားသူငယ်လို ရေတွင်းရဲ့ဘောင်သတ်ခြင်းခံရတဲ့ အမြင်၊ အတွေးအခေါ်နဲ့သာ ရှင်သန်နေတဲ့ ဗမာ့ လူ့အဖွဲ့အစည်းမှာ လူမျိုး၊ ဘာသာစွဲ ပြင်းထန်မှု များတဲ့ စိတ်အခံ အခြေအနေနဲ့ စိတ်နှလုံး ထိခိုက် တုန်လှုပ်ဖွယ် အဖြစ်အပျက်ဆိုးတွေကို မြင်ရ၊ သိရ၊ ကြားရတော့ စိတ်နှလုံး ခံစားမှု နဲ့ပဲ တုန့်ပြန်ခဲ့ကြတော့တယ်။ ထိန်းကွပ်စရာ အသိဉာဏ် အခံက နဂိုကမှ နည်းနေတော့ အကျိုးဆက်က ပိုဆိုးစေတာပေါ့။
မျက်မှောက်ခေတ်လို အင်တာနက် နည်းပညာ၊ သတင်း ဆက်သွယ်ရေး၊ ရုပ်သံ နည်းပညာတွေ ကျယ့်ပြန့်တဲ့ခေတ်မှာ ပထမ ရာဇဝတ်မှု သတင်းဟာ နည်းပညာရဲ့ အကူအညီနဲ့ လျင်လျင်မြန်မြန် ကျယ်ကျယ်ပြန့်ပြန့် လူတွေကြားကို ရောက်ရှိခဲ့တယ်။ သတင်းအချက်အလက် စီးဆင်းမှု မြန်ဆန်ကျယ်ပြန့်လာတဲ့သဘောကို ဘာမှ အပြစ်ပြောစရာမရှိပါ။ သို့သော် စတင် တင်ပြတဲ့ ဒေသခံ ဌာနေတိုင်းရင်းသားကို ကိုယ်စားပြုဟန်ရှိတဲ့ မီဒီယာရဲ့ သတင်းတင်ပြပုံ နဲ့ ထပ်ဆင့် ဖြန့်ဝေသူတွေရဲ့ ပြုမူပုံတွေမှာ စကားပြောစရာတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါဟာ လက်ရှိ ဖြစ်ပေါ်နေတဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ အသွင်သဏ္ဍာန် မတည်မငြိမ်ဖြစ်နေမှုရဲ့ လက်တလော အကြောင်းလည်း ဖြစ်ပါတယ်။
အဓမ္မ သားမယား ပြုကျင့်၊ ပစ္စည်းယူ၊ လူသတ်မှု ဖြစ်စဉ်ကို တင်ပြတဲ့ သတင်းမီဒီယာရဲ့ ကျူးလွန်သူတွေလို့ စွပ်စွဲခံရတဲ့ သူတွေအပေါ် ဘာသာ၊ လူမျိုး မတူညီမှုကို အသားပေးဖော်ပြတာဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာအရ မေးခွန်းထုတ်စရာတွေ အများကြီးရှိပါတယ်။ ဌာနေတိုင်းရင်းသားဘက်ကို ကိုယ်စားပြုပြီး ကျယ်ပြန့်တဲ့ သဘောဆောင်တဲ့ မတရားမှုတွေ၊ ရာဇဝတ်မှုတွေ ရှိနေလို့ ရှိနေကြောင်း လူအများ အသိမှတ်ပြုမှုရအောင် ပုံဖော်ချင်ရင်လည်း အနိဌာရုံ ဓာတ်ပုံတွေထက် အခြား အားကောင်းတဲ့ အချက်အလက်တွေ၊ အလားတူ အဖြစ်အပျက်တွေ စုစည်းပြီး စုံစမ်း တူးဖော် သတင်းတင်ပြဟန် (Investigative Report) နဲ့ မီဒီယာ၊ စာနယ်ဇင်း ကျင့်ဝတ် သိက္ခာ ရှိရှိတင်ပြလို့ ရပါတယ်။
ဒီလို အဖြစ်အပျက် မှတ်တမ်းတင်စာတွေကို ဒေသဆိုင်ရာ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ ဒေသခံ ဌာနေတိုင်းရင်းသား ကိုယ်စားပြုပါတီတွေ ကိုပေးပို့ပြီး သူတို့မှ တဆင့် ပြည်နယ် နဲ့ ဗဟို အစိုးရကို တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး အလေးပေးအောင်လည်း တိုက်တွန်းနှိုးဆော်နိုင်ပါတယ်။ အစိုးရ (သို့) စုံစမ်းရေးကော်မရှင် (သို့) တရားရုံး စတဲ့ အများပြည်သူ သိစရာမလိုတဲ့ အဖွဲ့အစည်းတွေကို တင်ပြတဲ့အချိန်မှသာ တကယ့် အဖြစ်အမှန် ဓာတ်ပုံ အထောက်အထား (ဘယ်လောက် အခြေအနေဆိုးဆိုး၊ အနိဌာရုံ ဖြစ်ဖြစ်) ဝေဝေဆာဆာနဲ့ ခိုင်ခိုင်လုံလုံ တင်ပြဖို့လိုပြီး အများပြည်သူကို ဖြန့်ဝေတဲ့ သတင်းတင်ဆက်မှုမှာတော့ သတင်းကျင့်ဝတ်၊ သတင်းကောင်း ဂုဏ်ရည်ကို ထိန်းခြင်းအားဖြင့် လူတွေရဲ့ စိတ်နှလုံး ဆွဲကိုင်လှုပ်စေမယ့် အနိဌာရုံ ဓာတ်ပုံတွေ၊ ဘာသာ၊ လူမျိုး ကွဲပြားသူချင်း သွေးကွဲစေတဲ့ စကားလုံး၊ အသုံးအနူန်းတွေကို ရှောင်ကြဉ် ရမှာဖြစ်ပါတယ်။
ယနေ့ခေတ်မှာ အင်တာနက် ဘလော့တွေ၊ လူမှုကွန်ယက်စာမျက်နှာတွေ မှ တဆင့် သာမန်လူတိုင်းက အသက်မွေးဝမ်းကြောင်း ပညာရပ် တခုဖြစ်တဲ့ သတင်း၊ မီဒီယာ တွေရဲ့ လုပ်ငန်းတာဝန်တွေကို ဝါသနာအရ အပျော်တမ်းလုပ်ဆောင်နေမှုဟာ သတင်းခေတ်လူသားရဲ့ သဘောသဘာဝ ဖြစ်တဲ့ အပြင် မတူကွဲပြားကျယ်ပြန့်တဲ့ အမြင်တွေကို ထုတ်ဖော်နိုင်လို့ အပြုသဘောအနေနဲ့ ကြိုဆိုရမှာဖြစ်တယ်။ သို့သော် ကိုယ်တိုင် စနစ်တကျ လေ့လာသင်ယူထားခြင်းမရှိတဲ့ သတင်းဖြန့်ဖြုးခြင်း ဘာသာရပ်တခုကို နေ့စဉ် ကိုယ်ပိုင် စာမျက်နှာတွေမှတဆင့် လုပ်ဆောင်ချင်တယ်ဆိုရင်တော့ သတင်း၊ မီဒီယာ တွေ ယေဘုယျ လိုက်နာရမယ့် ကျင့်ဝတ်တွေ၊ စည်းကမ်းတွေကို လေ့လာဖို့လိုပါမယ်။ အသုံးအနှုန်း နဲ့ တင်ပြပုံ အားလုံးဟာ သိက္ခာ၊ ကျင့်ဝတ်အညီ ဖြစ်ဖို့လိုပါမယ်။
ခု လူအများစု မိမိရဲ့ အွန်လိုင်း ကိုယ်ပိုင်စာမျက်နှာတွေပေါ်မှ ရာဇဝတ်မှုသတင်းကို တင်ပြပုံ၊ ဖြန့်ဝေပုံ သတင်းကျင့်ဝတ်နဲ့ မညီဖြစ်နေတာကို အဓိက ဆိုလိုတာဖြစ်ပြီး ရာဇဝတ်မှု သတင်းကို လူမျိုး၊ ဘာသာ ကွဲပြားမှု အသားပေး ဖော်ပြပြောဆိုကာ လူမျိုး၊ ဘာသာ မုန်းတီးရေးတွေ ဖြစ်ပေါ်စေဖို့ (မသိလို့ပဲ ဖြစ်စေ၊ မရည်ရွယ်ပဲနဲ့ ဖြစ်စေ) အင်တိုက်အားတိုက် ကူညီနေသလိုဖြစ်နေပါတယ်။
ရာဇဝတ်မှု လို သတင်းမှာ ဘာသာ၊ လူမျိုး ကိုထည့်ခြင်းကတော့ ဘာအကြောင်းပြချက်နဲ့မှ (ဘယ်လိုနည်းနဲ့မှ) မဖြစ်သင့်တဲ့ ကိစ္စပါ။ ရာဇဝတ်မှု ဖြစ်တယ်။ ကျူးလွန်ကြောင်း သံသယ ဖြစ်ခံရတဲ့ သူတွေ အဖမ်းခံထားရတယ်။ သူတို့ကို တရားရုံး မှာ တရားဥပဒေ နဲ့ အညီ အပြစ် ရှိ မရှိ စုံစမ်းဖော်ထုတ်မယ်။ အပြစ်ရှိရင် ပြစ်မှုနဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ကျခံစေမယ်။ တရားရုံး လုပ်ငန်းစဉ်တလျောက် တရား၊ ဥပဒေနဲ့ ညီမညီ၊ အဂတိ ကင်းမကင်း၊ တရားမျှတမှု ရှိမရှိ သက်ဆိုင်ရာ ဒေသက လူမှုအဖွဲ့အစည်းတွေ နဲ့ သတင်း၊ မီဒီယာက စောင့်ကြည့်မယ်။ တရားရုံးရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံ (သို့) နောက်ဆုံး တရားစီရင်ချက်က တခုခု ချွတ်ချော်ရင် ဘာကြောင့်ဖြစ်ရတယ်၊ ဘယ်လိုတော့ လုပ်ဆောင်သင့်တယ် စတဲ့ မေးခွန်းထုတ်မှုတွေ၊ ဆန္ဒသဘောထား တင်ပြ တောင်းဆိုမှု တွေကို အရပ်ဖက်လူ့အဖွဲ့အစည်းတွေ နဲ့ သတင်း၊ မီဒီယာက လုပ်ဆောင်မယ်။ ဒါဟာ ရိုးရှင်းတဲ့ တရားဥပဒေစိုးမိုးတဲ့ ယဉ်ကျေးတဲ့ လူ့ဘောင် အဖွဲ့အစည်းမှာ ဖြစ်ရမယ့် ဖြစ်စဉ် နဲ့ လုပ်ငန်းသဘောတွေပါ။ ရာဇဝတ်မှုနဲ့ မသက်ဆိုင်တဲ့ ကျူးလွန်သူ နဲ့ ကျူးလွန်ခံရသူတွေရဲ့ ဘာသာ၊ လူမျိုးကွဲပြားမှု ကို ထည့်စရာ အကြောင်းမရှိပါ။
တရားဥပဒေ စိုးမိုးတဲ့ တိုင်းပြည်တွေမှာလည်း ဘာသာ၊ လူမျိုး ကွဲပြားသူတွေကြား ဖြစ်တဲ့ ရာဇဝတ်အမှုအခင်းတွေမှာ မလိုလားအပ်တဲ့ ပယောဂတွေ ကပ်ပါလေ့ရှိပါတယ်။ ပထမ ရာဇဝတ်မှု ဖြစ်ဖြစ်ချင်း အကျူးလွန်ခံရသူရဲ့ မိသားစုဝင်က တရားဥပဒေရဲ့ အဆုံးအဖြတ်ကို မစောင့်နိုင်ဘဲ စိတ်ခံစားမှုနဲ့ ကိုယ်တိုင် လက်စားချေ ခြင်းဖြင့် ပြန်လည် ရာဇဝတ်မှု ကျူးလွန်မိတာတွေ ရှိလေ့ရှိပါတယ်။ ဒီလို အခြေအနေဟာ မတူကွဲပြားတဲ့ လူအုပ်စု နှစ်ခု အကြားမှာ အမုန်းတွေ၊ သံသယတွေ တိုးပွားလာစေပြီး လွတ်လပ်တဲ့ တရားစီရင်မှု ကို ထိခိုက်စေတတ်ပါတယ်။
လက်ရှိ ဗမာ့လူ့အဖွဲ့အစည်း (ပညာအရည်အချင်း၊ လက်ရှိနေထိုင်တဲ့ နိုင်ငံ မသက်ဆိုင်) မှ ဗမာတွေ အွန်လိုင်းမှာ သုံးနှုန်းပြောဆိုတဲ့ အသုံးအနှုန်း နဲ့ လုပ်ဆောင်နေတဲ့ အပြုအမူ အများစုဟာ လူ့ကျင့်ဝတ်ပိုင်းဆိုင်ရာအရ ကြည့်မယ်ဆိုရင် အင်မတန် အားနည်းနေပါတယ်။ ပထမဆုံးအနေနဲ့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း မှာ လူတွေ စံနှုန်း အနေနဲ့ ဘယ်လို အရာတွေကို အမှန် လို့ သတ်မှတ်ထားတယ်၊ ဘယ်လိုအရာတွေကိုတော့ အမှား လို့ ခံယူတယ်၊ ဘယ်လို အပြုအမူ၊ အပြောအဆိုကတော့ဖြင့် ကျင့်ဝတ်နဲ့ မညီဘူး၊ ရှက်စရာကောင်းတယ် အစရှိတဲ့ လူပီသတဲ့ အတွေးအခေါ်၊ အနေအထိုင်၊ အသုံးအနှုန်းတွေကို လေ့လာပြီး အမှန်တကယ် ကျင့်ကြံနေထိုင်ရပါမယ်။ မိမိရဲ့ လူ့ကျင့်ဝတ်၊ လူ့သိက္ခာနဲ့ အညီ ပြုမူ၊ ကျင့်ကြံ၊ ပြောဆို လူပီသစွာ နေထိုင်တတ်မှုကို ဂုဏ်ယူတတ်ရပါမယ်။ ဗမာပီသဖို့၊ တရုတ်ပီသဖို့၊ အိန္ဒိယ ပီသဖို့ ထက် လူပီသဖို့က အရေးကြီးတယ်ဆိုတာကို နားလည်လက်ခံရပါမယ်။
ဒီနေရာမှာ လူအများ သိစေ၊ ကြားစေနိုင်တဲ့ နေရာတွေမှာ သုံးနှုန်းတဲ့ အခေါ်အဝေါ် သုံးစွဲမှုတွေရဲ့ အတိမ်အနက်၊ အကျိုးအပြစ် ကို သိနားလည်ပြီး လူ့ကျင့်ဝတ်နဲ့ အညီ ပြောဆို တတ်ဖို့ အင်မတန် အရေးကြီးတဲ့ အကြောင်းကို ဆက်လက်ဆွေးနွေးပါမယ်။ ဥပမာ ခု ဖြစ်ခဲ့တဲ့ ရခိုင် လူသတ်မှုသတင်းကို အစိုးရ မီဒီယာ အပါအဝင် မီဒီယာ တချို့နဲ့ လူအများစုက အသတ်ခံရသူတွေကို “ကုလား” ဆိုတဲ့ အသုံးအနှုန်း သုံးနေတာ တွေ့ရတယ်။ ပြည်ပ အခြေစိုက်၊ အထူးသဖြင့် အနောက်နိုင်ငံ ရောက် မြန်မာ ဗီဒီယာ တွေက မူဆလင် လူမျိုးလို့ ခေါ်ဝေါ်သုံးစွဲတယ်။ ဒါကို တချို့က သိပ်မကျေနပ်တဲ့ သဘောနဲ့ ခနဲ့တဲ့တဲ့ ပြောတာတွေလည်း ဖတ်ရတယ်။ ခနဲ့ သူတွေထဲမှာ အတန်းပညာတတ်လို့ ခေါ်ဆိုနိုင်သူတွေ ပါတာတွေ့ရတော့ လက်ရှိ ဗမာ့လူ့အဖွဲ့အစည်းရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာအားနည်းနေမှုက ပိုမို သိသာထင်ရှားစေပါတယ်။
“ကုလား” ဆိုတဲ့ ဝေါဟာရဟာ မည့်သည့် ဝေါဟာရမှ ဆင်းသက်လို့ဖြစ်စေ၊ ရှေးယခင် မည်ကဲ့သို့ အဓိပ္ပာယ်နဲ့ သုံစွဲခဲ့သည် ဖြစ်စေ လက်ရှိ ခေတ်ယဉ်ကျေးတဲ့ လူ့အသိုင်းအဝန်းနဲ့ မသင့်လျော်တဲ့အတွက် လူအများကို သက်ရောက်မှုရှိတဲ့ သတင်းရေးတာ၊ ဖတ်တာ၊ ကြေညာတာလို နေရာမျိုးမှာ ကျင့်ဝတ်ပိုင်းဆိုင်ရာ ထိန်းသိမ်းခြင်းအားဖြင့် မသုံးရပါ။ သုံးလို့ရှိရင် Pejorative (ရင့်သီးသလို) ဖြစ်လို့ပါ။ ဒါမျိုး လူမျိုးစု (သို့) လူအုပ်စု တစုကို ထိခိုက် နေနိုင်စေတဲ့ အသုံးအနှုန်းတွေကို ရှောင်ကြည်သုံးစွဲခြင်းကို အင်္ဂလိပ်လို Political Correctness (PR) ဖြစ်အောင် သုံးခြင်းလို့ ခေါ်ဆိုပါတယ်။
သတင်းဌာန တွေသာမက လူ့ကျင့်ဝတ် သိတဲ့၊ ရှိတဲ့ တဦးချင်း လူပုဂ္ဂိုလ်တွေလည်း လူအများကို သက်ရောက်စေတဲ့ နေရာမျိုးတွေမှာ ပြောဆို ပြုမူရင် PR ဖြစ်အောင် သုံးစွဲရပါတယ်။ ဒါဟာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းက လူပီသတဲ့ လူတွေရဲ့ အပြုအမူပါ။ PR ဖြစ်အောင် ပြောဆို ပြုမူခြင်းဆိုတာ လူမျိုး၊ ဘာသာ ကိစ္စတခုတည်း မဟုတ်ပါ။ အတွေးအခေါ်၊ ယုံကြည်မှု၊ ယဉ်ကျေးမှု၊ ကျား/မ လိင်ကွဲပြားမှု၊ အလုပ်အကိုင်၊ ကိုယ်အင်္ဂါ ချို့ယွင်းမှု စတဲ့ သီးခြားသဘောဆောင်တဲ့ ကွဲပြားမှုတွေကို နင်းပြီး ပြောဆို၊ သုံးစွဲခြင်း မပြုတာအားလုံးကို ဆိုလိုတာပါ။
ဥပမာပေးရရင် “အသိဉာဏ်ဖွံ့ဖြိုးမှု နှေးကွေးသူ၊ ချို့ယွင်းသူ” “Intellectually disabled” လို့ သုံးစွဲမှ PR ဖြစ်မှာပါ။ အဲ့လို မဟုတ်ပဲ “ငပေါ” “သောက်ရှုး” “Retard” လို့ သုံးစွဲရင် ရိုင်းစိုင်းလို့ပါ။ မျက်စိမမြင်သူကို “အမြင်အာရုံ ချို့တဲ့ နေသူ” “Visually Impaired”၊ နားမကြားသူကို “အကြားအာရုံချို့တဲ့နေသူ””Hearing Impaired” လို့သာ သုံးစွဲရပြီး “မျက်ကန်း” “Blind”၊ “နားပင်း” “Deaf” လို့ သုံးစွဲရင် သူတပါးရဲ့ ချို့ယွင်းမှုကို နှိမ်ပြီး ခေါ်သလိုဖြစ်လို့ ရှောင်ကြဉ် ရပါမယ်။ အလားတူပဲ လူမျိုးစု ကွဲပြားမှု နဲ့ ပတ်သက်ရင် အာဖရိက အနွယ်ဝင် အမေရိကန်တွေကို “အာဖရိကန် အမေရိကန်” “African American” လို့ပဲ သုံးစွဲရပြီး “ငမည်း..၊ နီဂရို” “Black (or) Negro” လို့ မသုံးစွဲရပါ။ လူဖြူ ကိုလည်း “ဥရောပ အနွယ်” “Caucasian” လို့သုံးစွဲမှ ယဉ်ကျေးပါတယ်။
ကျား/မ ခွဲခြားမှု သဘော မဖြစ်ပေါ်စေဖို့အတွက်လည်း “ဥက္ကဌ” ကို “Chairperson” လို့သာ ယေဘုယျ သဘော သုံးနှုန်းရပြီး ကျားဗဟိုပြု “Chairman” လို့ မသုံးရပါ။ အလုပ်အကိုင်တွေမှာ ကျား/မ ခွဲခြားမှု မရှိအောင် “မီးသတ်သမား” “Firefighter”၊ ရဲအရာရှိ “Police Officer” စသည်ဖြင့် လိင်ခွဲခြားမှု မရှိ သုံးစွဲရပြီး “Fireman”၊ “Policeman” လို့ မသုံးစွဲရပါ။ လိင်တူခြင်း ကာမ တိမ်းညွတ်သူတွေကို “အခြောက်” လို့ လူသိရှင်ကြား မသုံးစွဲသင့်ပါ။ “လိင်တူချစ်သူများ” လို့သာ ယဉ်ယဉ်ကျေးကျေး၊ လူတဦးချင်းရဲ့ လွတ်လပ်တဲ့ အခွင့်အရေး ကို စာနာနားလည်စိတ်ရှိရှိနဲ့ သုံးစွဲရမှာပါ။
ဒီလို အသေးစိတ် သတိထားပြောဆိုနေမှုတွေကို နေရာတိုင်းမှာ လုပ်နေရမယ်လို့ မဆိုလိုပါ။ ဒါပေမယ့် ယဉ်ကျေးတဲ့ လူတယောက် အနေနဲ့ နားလည် သဘောပေါက်ထားဖို့လိုပြီး သင့်တော်သလို အသုံးပြုတတ်ရပါမယ်။ အထူးသဖြင့် လူအများ မြင်နိုင်၊ ကြားနိုင်၊ သိနိုင်တဲ့ နေရာတွေမှာ မတူကွဲပြားခြားနားတဲ့ အုပ်စု တစုကို မထိခိုက်စေအောင် သုံးနှုန်းတတ်ရပါမယ်။
အထူးသဖြင့် ယဉ်ကျေးမှုပေါင်းစုံ၊ လူမျိုးစုံ ဒွေးရောယှက်တင် နေထိုင်ဆက်ဆံလာနေတဲ့ မျက်မှောက်ခေတ် ခေတ်သစ် ကမ္ဘာမှာ မတူညီတဲ့ လူမျိုးစု အချင်းချင်း အထင်အမြင်လွဲမှားစရာ၊ ခွဲခြားမှု သဘော ဆောင်တဲ့ အသုံးအနှုန်း၊ အပြောအဆို၊ အပြုအမူတွေကို ရှောင်ရပါမယ်။ မြန်မာတွေ အမေရိကန် နိုင်ငံသား ဖြစ်သွားရင် မြန်မာ-အမေရိကန် (Burmese-American) လို့ပဲ ခေါ်ဆိုကြပါတယ်။ အလားတူပဲ လက်ရှိ ဗမာနိုင်ငံမှာ မှီတင်းနေထိုင်နေတဲ့ လူနည်းစု လူမျိုးခြား၊ ဘာသာခြားတွေကို အဆင့်တန်းရှိရှိ ခေါ်ဝေါ်ပြောဆို သုံးနှုန်းမှ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းဖြစ်လာမှာပါ။
မြန်မာ-ခရစ်ယာန်၊ မြန်မာ-မွတ်ဆလင်၊ မြန်မာ-ဟိန္ဒူ၊ မြန်မာ-တရုတ် (တရုတ်လူမျိုးအနွယ် မြန်မာနိုင်ငံသား)၊ မြန်မာ-အိန္ဒိယ (အိန္ဒိယလူမျိုးအနွယ် မြန်မာနိုင်ငံသား) စသည်ဖြင့် ယဉ်ကျေးစွာ တဦးချင်း စံနမူပြု သုံးစွဲခြင်းဖြင့် မတူကွဲပြားခြားနားမှုတွေ ရှိနေလို့ အတွေးအခေါ်၊ ဓလေ့ ထုံးစံ၊ အနေအထိုင် ကွဲပြားနေတဲ့၊ တနည်းအားဖြင့် သဘာဝ အပိုင်းအခြားတွေ ရှိနေလို့ စိတ်နှလုံးချင်း နီးစပ်၊ ထိစပ်ဖို့ ခက်ခဲနေသယောင်ရှိနေတဲ့ လူသားအချင်းချင်း တဦးအပေါ်တဦး စာနာနားလည်စိတ် ပိုလာပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လာနိုင်မှာ ဖြစ်ပါတယ်။ လူသားအားလုံးမှာ ဘုံအဖြစ်တည်ရှိနေတဲ့ လူသားအချင်းချင်း ချစ်ခင်လေးစား စာနာထောက်ထားမှု၊ ချစ်ခြင်း မေတ္တာ တွေနဲ့သာ ယဉ်ကျေးတဲ့ လူအဖွဲ့အစည်းကို တည်ထောင်နိုင်ပြီး နိုင်ငံလည်း ကာယ၊ စိတ္တ သုခချမ်းသာ ရရှိနိုင်မှာဖြစ်ပါတယ်။
ငြိမ်းချမ်းအေးသည် ဩစတြေးလျနိုင်ငံ ဘရစ်စဘိန်းမြို့တွင် နေထိုင်လျက်ရှိသည့် အိုင်တီနည်းပညာရှင် တဦးဖြစ်သည်။